Monday, November 7, 2011

ဒေါက်တာမောင်သင်းနှင့် တွေ့ဆုံခြင်း

by Wai Maw on Monday, November 7, 2011 at 8:59pm
မေး။   ကျွန်တော်တို့ဆီက ကျောင်းသားတွေရဲ့ အရည်အချင်းကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်း၊စင်္ကာပူ၊ မလေးရှားက ကျောင်းသားတွေနဲ့ နှိုင်းယှဉ်ရင် အရည်အချင်းနိမ့်နေတယ်လို့ ဝေဖန်ကြတယ်။ ဒါက ဘယ်အချက်တွေကို ကြည့်ပြီးပြောတာလည်း ။
ဖြေ။    ဝေဖန်ကြတဲ့အကြောင်းအရင်းကတော့ curriculum အနေနဲ့ကတော့ ကျွန်တော်တို့ တက္ကသိုလ်တွေက ဘယ်လိုမှမနိမ့်ပါဘူး။ ဒါပေမယ့် ဒီ curriculum ကို implementation လုပ်တဲ့ဆရာတွေ၊ ဒါကိုခံယူတဲ့ပုံစံပေါ့။ သူတို့နိုင်ငံတွေက student centre approach နဲ့သွားတယ်။ ကျွန်တော်တို့ကျတော့ teacher centre approach နဲ့သွားတယ်။ အဲလို ဆရာကိုဗဟိုပြုတဲ့ စနစ်နဲ့ သွားတော့ ကျောင်းသူကျောင်းသားမှာ စဉ်းစားတွေး ခေါ်တာတွေ မရှိတော့ဘူး။ reproduces (အလွတ်ကျက်) ပြုလုပ်တယ်။ အဲဒါကို ဆရာတွေက အမှတ်ပေး တယ်။ စာရွက်ပေါ်မှာတော့ အမှတ်တွေအများကြီးနဲ့ပေါ့။ ဒါပေမယ့် တကယ့်လက်တွေ့ အသုံးချဖို့နဲ့ ဟိုဘက်ကစနစ် (နိုင်ငံခြားမှာသင်တဲ့စနစ်နဲ့) နဲ့ သွားချိတ်ဆက်လိုက်တော့ match (မချိတ်နမိဘူး) မဖြစ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူတို့က critical thinking နဲ့ student centre approach ကိုသွားတယ်။ ကျွန်တော်တို့ က teacher centre approach ကိုသွားတယ်။ အဲဒါက အဓိကပဲ။ အဲဒါကြောင့်ကျွန်တော်တို့ကျောင်းသားတွေ ဟာ အလွတ်ကျက်တဲ့အကျင့်ပဲရှိတယ်။ ဒါကို ဆရာကသင်ပေးလိုက်တာရယ် အချက်အလက်တွေရယ်ကို ဆင့်ပွားအခြေခံပြီးတော့ သူတို့ဘာသာသူတို့ တွေးတောတယ်။ ဆင်ခြင်တယ် ၊ သုံးသပ်တယ်၊ နောက်အသုံးချ တယ်ဆိုတဲ့ အဆင့်ကိုမရောက်တော့ဘူး။ မရောက်ကြတော့ အခုကျွန်တော်တို့လုပ်နေတယ်။ နွေတုန်းကဆိုရင် စိုက်ပျိုးရေးတက္ကသိုလ်မှာ လုပ်တဲ့ နှစ်သုံးဆယ် စီမံကိန်းမှာဆိုရင် ကျွန်တော်က ဒီနေ့သင်နေတဲ့ module တွေကို conceptual teaching learning approach (စဉ်းစားတွေးခေါ်တဲ့ သင်ကြားနည်းစနစ်) သွားဖို့စာတမ်း တင်ထားပြီးပြီ။ အဲဒီနောက် follow up လည်းလုပ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဗဟိုသင်တန်းတွေ လုပ်တယ်။ အရေးကြီးဆုံးအချက်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ကျောင်းသားတွေ ခုလို ပညာရေးနိမ့်ကျနေတဲ့ အခြေအနေ ကိုတော့ ငြင်းလို့မရဘူး။

မေး။   ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဆိုရင် ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်ကတော့ အမြစ်ကစ ပြောင်းလဲသင့်တယ်လို့ ပြောတယ်။ အဲဒီလောက် မလုပ်နိုင်သေးရင်တောင် စဉ်းစားတွေးခေါ်ပြီး ဖြေဆိုထားတာ ကို အမှတ်ပေးတဲ့ စာမေးပွဲစနစ်ပြောင်းလိုက်ရင်လည်း အကျိုးရှိမယ်လို့ အကြံပြုတယ်။ ဆရာ တစ်ဦးချင်းအနေ နဲ့ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။    ပထမဦးဆုံး staff development (သင်ကြားသူတွေကို တိုးတက်အောင်) လုပ်မယ်။ course ကတော့ ပြောင်းလဲဖို့မရှိဘူး။ ဒီဥစ္စာကို သင်ကြားတဲ့ဆရာ၊ ဆရာမတွေ conceptual teaching  နဲ့သွားဖို့ ပြောရမယ်။ အခုက ဆရာ၊ ဆရာမတွေက Factual teaching (အချက်အလက်ကို အခြေခံတဲ့ သင်ကြားနည်းစနစ်) နဲ့ သွားနေတာ ကလေးတွေ အလွတ်ကျက်လိုက်၊ ဒါကို ပြန်ဖြေလိုက်၊ ဒါကိုပဲ အမှတ်ပေးနေတာ။ အထူးသဖြင့် ကလေးတွေ အရည်အချင်းရှိဖို့အတွက် သင်ကြားတဲ့ဟာ လုပ်ရမှာပေါ့။ ဘယ်လိုလုပ်မလဲဆိုတာ လုပ်နေတယ်။ အခုလည်းပဲ အစီအစဉ်ကတော့ ဆွဲထားပြီးပါပြီ၊ ပညာရေးတက္ကသိုလ်မှာလုပ်တဲ့ ဦးစီးကော်မတီ အစည်းအဝေး မှာ နိုဝင်ဘာလထဲမှာ လက်ရှိ ရှိနေတဲ့ course တွေကို တွေးခေါ်မြော်မြင်တာတွေနဲ့ ကလေးတွေဆီရောက် အောင် ဘယ်လိုနည်းနဲ့ သင်ပေးမလဲဆိုတာကို ဆရာ၊ ဆရာမတွေကို ပြောင်းလဲပေးဖို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု နိုဝင်ဘာလထဲမှာ ထပ်လုပ်ဖို့ ရှိတယ်။ ဒုတိယတစ်ချက်က ပညာရေးကို အကောင်အထည်ဖော်တာက ကျောင်း၊ ကျောင်းဆိုတဲ့စာပဲ သတ်သတ်သင်နေတယ်။ ဆရာမပေးလိုက်တဲ့ဟာကို အလွတ်ကျက်၊ ဒါပဲလုပ်နေ တာကိုး။ ကလေးတွေရဲ့ပျော်ဖို့ရွှင်ဖို့နဲ့ လေးပါးသော စာရိတ္တတွေကို အကုန်ရဖို့၊ ဒါတွေက ဘောဂဗလကို အခြေခံတာ ဘောဂဗလအတွက် ကြိုတင်ပြင်ဆင်တာပေါ့။ ဘောဂဗလကနောက်မှ ရမှာ။ ဒီဥစ္စာကို ကြိုက်တင် ပြင်ဆင်ဖို့အတွက် ကလေးတွေရဲ့ ကာယ၊ ဥာဏ၊ မိတ္တဗလ ဖွံ့ဖြိုးစေမဲ့ ဖွံ့ဖြိုးရေးအခြေခံကို ဦးစားပေးရမယ်။ ဖွံ့ဖြိုးရေးအခြေခံဆိုတာ အားကစား၊ ကျောင်းကောင်စီ၊ ကြက်ခြေနီ စတာတွေပေါ့။ အဲဒါတွေမှာ ကလေးတွေ ကို ပါဝင်လှုပ်ရှားစေရမယ်။ ကိုယ်စီကိုယ်င တာဝန်ယူတတ်ရမယ်။ အဲဒီလိုတာဝန်ယူတတ်မှလည်းပဲ ကလေးတွေက တွေးတတ်လာမယ်။ နောက်ပြီး ကျောင်းသင်ခန်းစာဆိုတာ ကျောင်းသင်ခန်းစာထဲမှာပဲ အဆုံး သတ်တာမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေရတယ်ဆိုတာ  ဥပမာပေးရမယ်။ ဥပမာ သတ္တုအ၀တ် ကြိုးတန်းလေးတစ်ခု တားတယ်ဆိုပါစို့၊ ဆောင်းတွင်းမှာ အ၀တ်ကြိုးတန်းတားရင် ခပ်လျော့လျော့လေး တားပေးရမယ်။ ဘာဖြစ်လို့လဲဆိုရင် ဆောင်းတွင်းမှာ ကျုံ့သွားလိမ့်မယ်။ နွေရာသီမှာ ခပ်တန်းတန်းတားလို့ရှိ ရင် ဆောင်းတွင်းမှာ ကျုံမှာနဲ့ဆိုရင် အဆင်မပြေဘူး။ နောက်ရထားသံလမ်းတွေမှာ နည်းနည်းလေးဟထား ရတာ ဘာကြောင့်လဲ၊ သတ္တုတွေက ပူရင်ပွတယ်ဆိုတဲ့ အကြောင်းအရာလေးကို သင်တာတောင်မှ “သတ္တုတွေ ပူရင်ပွသည်” ဆိုတဲ့ ဖတ်စာထဲကအတိုင်းမဟုတ်ဘဲ အပြင်ကိုထုတ်ပြရမယ်။ အဲလိုဖြစ်နိုင်ဖို့ ကလေးတွေကို လေ့လာရေးလည်း အပြင်ကိုဆင်းပေးရမယ်။ ကျွမ်းကျင်တဲ့ သူတွေနဲ့လည်း လက်ပွန်းတတီး နေပြီးတော့ စာပေဟောပြောပွဲတွေ လာရောက်ပို့ချစေရမယ်။ စာပေဟောပြောပွဲဆိုတာလည်း တတ္တုအကြောင်း ဘာကြောင်း၊ ညာကြောင်းတွေပဲ ပြောနေကြတယ်။ တကယ်တော့ မဟုတ်ဘူး။ ပတ်ဝန်းကျင်ကို ကြည့်တတ်တဲ့ မြင်တတ်တဲ့ အကြောင်းအရာအပေါင်းစုံ ပါဝင်တဲ့ ဟောပြောပွဲတွေကို ဆိုလိုတာ။ အဲဒီတော့ ဖွံ့ဖြိုးရေးအချိန် တွေရော course ကို conceptual teaching နဲ့ ပြောင်းရမယ်။ အကုန်လုံး ပြောင်းတယ်ဆိုတာကတော့ မဖြစ် ကောင်းပါဘူး။ အဲဒါကြောင့် course နဲ့ thinking နည်းစနစ်ကို ပြောင်းပေးရမယ်။ အရင်တုန်းကတော့ parrot learning (ကြက်တူရွေးနှုတ်တိုက် စာကျက်နည်း) စနစ်က ကြာလှပြီ ၁၉၉၀ လောက်ကတည်းက ကမ္ဘာ့သင်ကြားရေးစနစ်ကို ကြည့်လို့ရှိရင် conceptual learning ကိုအခြေခံတယ်။ ဒါကြောင့် နှစ်ဆယ့် တစ်ရာစုမှာ conceptual teaching learning မပါတဲ့ သင်ရိုးစနစ်က blue plan မရှိဘဲ ဆောက်ထားတဲ့ အိမ်တစ်လုံးလိုပဲတဲ့။ အဆင်ပြေသလို ဆောက်ကြတာပေါ့ ။ မုန်တိုင်းဒဏ်ခံနိုင်အောင်၊ ငလျင်ဒဏ်ခံနိုင်အောင် အစရှိသဖြင့် ဘာတွက်ချက်မှုမှ မပါဘဲ ဆောက်တာမျိုးပေါ့။ ဒီလိုမျိုးအဆင်ပြေသလို လုပ်ကြတဲ့အခါမှာ လူသားကိုလေ့ကျင့်တဲ့ လုပ်ငန်းကြီးမှာတော့ ခိုင်မာတဲ့ဟာတစ်ခု ဖြစ်မလာတော့ဘူး။

မေး။   ဆိုတော့ ဆရာစဉ်းစားတဲ့ဆီမှာ မေးခွန်းပုံစံပြောင်းရမယ့်ဟာရော ပါသလား။
ဖြေ။    ပါတယ်။ conceptual teaching မှာပါတယ်။ တက္ကသိုလ်အဆင့်မှာဆိုရင် ဟိုးအရင် ၀န်ကြီးတစ် ယောက်က ပြောသွားတယ်။ သူ့လက်ထဲမှာ ဆရာမတစ်ယောက်ကို အရေးယူဖူးတယ်။ မူလတန်းအဆင့်မှာပေါ့။ ပန်း ၅ မျိုးရေးပါဆိုတော့ ကလေးက သူရေးပေးတဲ့ ပန်း ၅ မျိုးကို မေ့သွားတော့ နှစ်မျိုးလောက်ကို သူသိတဲ့ ပန်း၂မျိုးရေးပေးလိုက်တော့ အမှတ်လျော့လိုက်တယ်။ ဒါမျိုးမလုပ်ရဘူးလေ။ conceptual မှာ အခန်းထဲမှာ လူ ၂၀ ရှိရင် တစ်ယောက်က စံပယ်ပန်း၊ တစ်ယောက်က နှင်းဆီပန်းဖြစ်ရင် ဖြစ်မယ်။ ကြိုက်သလိုပြော ပန်းငါးမျိုး ဖြစ်ရင်ပြီးပြီပဲ။ ထို့အတူပဲ တိရစ္ဆာန်ငါးကောင်ဆိုရင်လည်း ဆရာ၊ ဆရာမပြောတဲ့ အကောင်တွေပဲ မဖြစ်ရဘူး။ ဖတ်စာအုပ်ကလွဲပြီး အပြင်ကို မကြည့်တတ်တာမျိုးကို this is called close school အဲဒီတော့ critical thinking ဖြစ်စေမယ့် မေးခွန်းမျိုးကို မေးရမယ်။ ဥပမာ တက္ကသိုလ်အဆင့် ဥပဒေဘာသာရပ်မှာ၊ ဥပမာဆိုတာ တော့ ခိုးမှုဖြစ်တယ်ဆိုရင် ပိုင်ရှင်မသိရဘူး။ ရွှေ့ပြောင်းလိုက်တဲ့ သဘောရှိရမယ်။ ပစ္စည်းဆိုတဲ့ဟာမျိုး အတိအကျ ရှိရမယ်။ စာမေးပွဲမှာလည်း မေးတယ်။ ခိုးမှုမြောက်စေနိင်တဲ့ အကြောင်းဆိုရင် ဟိုက ငါးချက်ပေးရင် ငါးချက်ပဲရေးတယ်။ အဲဒီလိုရေးမှလည်း အမှတ်ရတယ်။ အစောကပြောတဲ့ critical thinking မှာဆိုရင် ခိုးမှုနဲ့ မြန်မာမှုမှာ ရှိနေတဲ့ အဒိန္နဒါနာနဲ့ ဘာကွာလဲ။ ခိုးမှုမြောက် မမြောက် ရှင်းပြပါ။ ဒီခက်ဆက်ပြီး မြင့်မယ်ဆိုရင် idea ခိုးတယ်၊ စာခိုးတယ်။ သူပြောတဲ့ အတိုင်းလောက်ပဲဆိုရင် အဲဒါမျိုးမမြင်တတ်ဘူးလေ။ သူကပစ္စည်းကို ရွှေ့နိုင်ရမယ်ပြောတယ်။ ကျွန်တော်က ဟိုဘက်ကတစ်ယောက်ဆီက စာခိုးကြည့်တယ်၊ ဒါခိုးမှု မမြောက်ဘူးလား။ ဒါမျိုးရှင်းပြရမယ်။ ရှင်းပြရင် ကျောင်းသားက သူသိထားတာတွေနဲ့ နှိုင်းယှဉ်စဉ်းစားမယ်။ ဆိုလိုတာက ကျောင်းသားရဲ့ အသိဥာဏ်ကို ဖွင့်ပေးလိုက်တာ။ ပညာရေးရဲ့ အလုပ်ဆိုတာ ကျောင်းသားဦး နှောက်ထဲကို ကိုယ်သိထားတဲ့ ဗဟုသုတတွေ အကုန်လောင်းထည့်တာ မဟုတ်ဘူး။ သူသိတဲ့ ဗဟုသုတတွေကို အခြေခံပြီးတော့ သူဘယ်လောက်အသုံးချနိုင်လဲဆိုတာ ကြည့်တာ။ အဲဒါကြောင့်မို့လို့ မေးခွန်းတွေကလည်း critical thinking ဖြစ်တဲ့ open-minded question ဖြစ်နေရမယ်။ ဆိုလိုတာကတော့ သိနေတဲ့အကြောင်းအရာ လေးတစ်ခုကနေ ကမ္ဘာကြီးကို လှမ်းကြည့်နိုင်တဲ့ အမြင်မျိုး ရှိရမယ်။ နောက်ဆုံး ကျွန်တော်တို့ ရည်မှန်းချက်က အဲဒါပဲ။ နောက်ဥပမာ တစ်ခုက Botany (ရုက္ခဗေဒ) မှာ ဆိုရင် ကမ္ဘာကြီးပူနွေးလာမှုနဲ့ အရွက်တွေ စိမ်းလာတာ ကို ဆက်စပ်ပြပါ။ ဆိုတာမျိုး course တွေထဲမှာ ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး။

          နောက်တစ်ခုက photosynthesis နဲ့အပင်တွေ မရွေ့တာ ဘာဆိုင်လဲ ဆက်စပ်ခိုင်းတာမျိုး။ ကျွန်တော် တို့နဲ့ အပင်တွေ သက်ရှိချင်းအတူတူ လူတွေ၊ တိရစ္ဆာန်တွေက ရွေ့လျားပြီး အပင်က ဘာလို့မရွေ့တာလဲ။ အဒါကို လောကဓမ္မတာနဲ့ပြန်ရှင်းရင် အိမ်မှာ ဆန်အိုးပြည့်နေတဲ့သူက တည်ငြိမ်တယ်။ စိတ်လှုပ်ရှားဖို့မလိုဘူး။ ဆိုတော့ ကျွန်တော်တို့က ဆန်အိုးမရှိဘူးလေ။ အပင်တွေက နေရောင်နဲ့ အစာချက်လုပ်ပြီး သူတို့အသက် ရှင်သန်ရေးမှာ အရေးကြီးတဲ့ ဂလူးကို့စ် ရတယ်။ ကျွန်တော်တို့က အဲလိုမလုပ်နိုင်တော့ အနိမ့်ဆုံး အပင် (စားစ ရာ) ရှိတဲ့နေရာ သွားစားရတယ်။ အဲဒီမှာ locomotion (ရွေ့လျားမှု) စတာပဲ။ ဆိုလိုတာကတော့ ဒါလည်း conceptual tcaching ပဲ။ ဟိုတစ်ဖက်မှာဆိုရင် ရွေ့လျားမှုအကြောင်းသင်တယ်။ ဒီတစ်ဖက်မှာ နေရောင်ခြည် စွမ်းအင်သုံး အစာချက်လုပ်နည်းသင်တယ်။ အဲဒီနှစ်ခုကို ဆက်စပ်ပြတဲ့ မေးခွန်းထုတ်ပေးလိုက်တာ။ အခုတော့ ကျွန်တော်တို့က အဲလိုမဖြေဘူး။ photosynthesis အကြောင်း ဖြေပါဆိုတော့ ဘာမှမလိုတော့ဘူး။ အချက်အလက် လောက်ပဲလိုတာ။ ကျွန်တော်တို့မေးခွန်းကလည်း ဒီအပေါ်မှာ မူတည်ပြီးတော့ အေ ဆို အေပဲ ဖြစ်တာ။ တကယ်တမ်းကျတော့ ဆက်စပ်တွေးတောနိုင်တဲ့ မေးခွန်းမျိုးမေးရမယ်။ ဥပမာတစ်ခုက ကျောင်းသား တစ်ယောက်ပင်လယ်ရေမှော်းအကြောင်း ရေးထားတာ။ သူဖြေထားတာ အားလုံးအိုကေပဲ တစ်လုံးမှ အပြစ်ပြောစရာ မရှိဘူး။ ဒါနဲ့ “ မင်းကိုတစ်ခု မေးချင်တယ်။ မင်းအပင်မှာ DNA ပါလား” ဆိုတော့ ကျောင်းသာ က မပါဘူးတဲ့။ DNA ဆိုတာ သက်ရှိတိုင်းမှာ ရှိတာလေ။ ဆိုတော့ ဘာကြောင့်လဲဆိုတော့ ကျောင်းသားက သူ့မှတ်စုကိုယူတယ် ချပြတယ်။ အဲဒီမှာ ဆရာကြီးတဲ့ တစ်လုံးမှ DNA ဆိုတဲ့ စကားလုံးတွေ မပါဘူးတဲ့။ ဆိုတော့ ဆရာကြီးက မင်းအပင်တွေက သက်ရှိလား၊ သက်မဲ့လား၊ ကျောက်တုံးတွေလားဆိုတော့ သက်ရှိတွေ ပါတဲ့။ သက်ရှိတိုင်းမှာ DNA  မပါရင် ဘယ်လိုလုပ်မလဲဆိုတော့မှ ဟုတ်ကဲ့ပါ ဆိုပြီးသွားတာ။ ဆိုလိုတာက ဆက်စပ်တွေးတောမှု အားနည်းတာ။ ကျွန်တော်တို့ မေးခွန်းမေးတဲ့ ဓလေ့ကိုက အချက်အလက်တွေ အကုန်ပြန် ရေးချနိုင်ရင် အမှတ်ပေးတာ။ တစ်နှစ်တည်းမှာ သင်တဲ့ဟာပဲ၊ ဒီတစ်ဖက်မှာ DNA အကြောင်းကို စုံနေအောင် ပြောထားတယ်။ ဟိုတစ်ဖက်မှာက စီးပွားဖြစ်အသုံးဝင်တာ ဘာတွေထုတ်မလဲ၊ ဘယ်လိုလုပ်မလဲ သင်တယ်။ ဒီဘက်က အကြောင်းအရာနဲ့ ဟိုဘက်က အကြောင်းအရာ တစ်ချက်လေး ဆက်စပ်ခိုင်းလိုက်တာ မဖြေနိုင် တော့ဘူး။
          ကျွန်တော်တို့ကိုယ်တိုင်ရော ကျွန်တော်တို့ Ph.D တန်းတွေမှာ အမှတ်ပေးတဲ့ စနစ်တစ်ခုရှိတယ်။ impression marks အဲဒါက ဒီစာတွေကို ကြည့်ပြီးတော့ ဒီကျောင်းသားဘယ်လောက်တတ်တယ်ဆိုတာ ကျွန်တော်တို့ကြည့်ရတာ။ ဖက်စာအုပ်မှာ ၁၀မျက်နှာလောက်ရှိပေမယ့် ကျောင်းသားက စာကြောင်း ငါးကြောင်း လောက်ပဲထုတ်ရေးရင်လည်း သူရေးတာ အကုန်လုံးကို ခြုံငုံသွားတယ်ဆိုရင် impression စနစ်နဲ့ အဲလိုပေးခဲ့ ကြတာ။ ကျွန်တော်တို့ဆရာကြီးတွေလည်း အဲလိုပေးခဲ့ကြတာ ရှိတယ်။ ကျွန်တော်တို့လည်း တချို့အတန်းတွေ မှာ ဟိုးတုန်းကပေးခဲ့ကြတာ ရှိတယ်။

မေး။   ကျွန်တော်တို့ အခြေခံပညာရေးက ၁၁ နှစ် စနစ် ဖြစ်နေတယ်။ ကျွန်တော်လေ့လာမိသလောက် အိမ်းနီးချင်းအပါအ၀င် နိုင်ငံတကာမှာ အနည်းဆုံး ၁၂ နှစ်ဆိုတော့ ဒီကအခြေခံအောင်ပြီး ဟုက တက္ကသိုလ် သွားတက်ဖို့မှာ ချိတ်ဆက်မမိနိုင် ဖြစ်တာတွေ့ရတယ်။ အဲဒီကိစ္စ ဆရာဘယ်လိုမြင်လဲ ပြောပြပါဦး။
ဖြေ။    ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ လာအို နိုင်ငံတွေ အကုန်လုံးမှာ စစချင်းမှာ ၆ နှစ်သားက ကျောင်းစတက်ရတယ်။ အခြေခံပညာကတော့ ၁၂ နှစ်ပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ၁၂ နှစ်ပဲလေ။ သူငယ်တန်းကြီး သူငယ်တန်းလေး ရှိတယ်။ အခုကျတော့ အခြေခံမူလ တန်း ငါးနှစ်ရှိတာ အရင်တုန်းက ၆ နှစ်ရှိတယ်လေ။ ဒီစနစ်က ဆက်လက်ရှင်သန်ဖွံ့ဖြိုးဖို့လိုတယ်။ သူတို့ဆီမှာ ၆နှစ်မှ ကျောင်းစလက်ခံတဲ့အတွက် တက္ကသိုလ်ဝင်တန်း အောင်တဲ့သူက ၁၈ နှစ်လောက်ရှိသွားပြီ။ တချို့တွေ ကျတော့လည်း တက္ကသိုလ်ဝင်တန်းအဆင့်ကျမှ တစ်တန်းတိုးတာတွေလည်း ရှိတယ်။ အမျိုးမျိုးပေါ့ ဒါကတော့ ကျွန်တော်တို့ နိုင်ငံတကာ အဆင့်တွေနဲ့ ကျွန်တော်တို့စနစ်နဲ့ ညှိနှိုင်းပြီးတော့ လုပ်ရမှာပေါ့။
မေး။   လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီးက ဘတ်ဂျက်အဆင်ပြေတာနဲ့ တက္ကသိုလ်တွေကို လက်ရှိ ၃ နှစ်သင်နေရာကနေ ၄ နှစ်ပြောင်းမယ်ပြောတယ် အဲဒါ ဆရာ့အမြင် ဘယ်လိုရှိလဲ။
ဖြေ။    ကျွန်တော်က ဂျာမနီမှာ ကျောင်းတက်ခဲ့တော့ အဲဒီက အခြေအနေပြောပြမယ်။ အဲဒီမှာ လူတစ်ယောက် က ဘယ်လိုပဲကြိုးစားကြိုးစား မစတာဒီဂရီပြီးဖို့ဆိုရင် အနည်းဆုံးလေးနှစ်ကြာတယ်။ ဒါက နှစ်နဲ့ တွက်တာနော်။ semester နဲ့ တွက်မယ်ဆိုရင် တစ်နစ်အတွင်းမှာ သူဖြေနိုင်ရင် ဖြေနိုင်သလောက် ဖြေမှာပေါ့။ average သမားတွေကတော့ ၅နှစ် ၆နှစ် လောက်ကြာတယ်။ တော်တဲ့သူတွေကတော့ လေးနှစ် လေးနှစ်ခွဲလောက်ရှိ တယ်။ အဲတော့ ကျွန်တော်တို့က နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ သူများနဲ့ credit system transfer လုပ်ကြရမယ်။ လုပ်ကိုလုပ်ရမယ်။ ဘတ်ဂျက်အခြေအနေနဲ့ဆိုတော့ ကျွန်တော်တို့ ဆက်လက်ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပေါ့။

မေး။   ဆရာ့အနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပြည်သူ့ခေတ်စာဖတ်ပရိသတ်ကို ဘာများပြောချင်ပါသေးလဲ။
ဖြေ။    စာဖတ်ပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်တော်တို့တတွေရော၊ မိဘရော၊ ဆရာရော၊ သားသမီးရော ပညာရေးနဲ့ပတ်သက်ရင် အယူအဆ ပြောင်းလဲစေချင်တယ်။ ဒီအတွက် မိဘဟာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတ ရှိရမယ်။ မိဘက သားသမီးကို ကျောင်းထားတယ်ဆိုတာ မိမိတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ခိုင်းတာလား၊ ဒါမှမဟုတ် သူတို့သားသမီးတွေ နောင်တစ်ချိန်မှာ တန်ဖိုးမြင့်ခေါင်းဆောင် တွေဖြစ်လာဖို့ လေ့ကျင့်စေတာလားဆိုတာ စေတနာနဲ့ ဆန္ဒကိုခွဲဖို့ပဲ။ အခုကျွန်တော်တို့ ဖြစ်နေတဲ့ ပုံစံက အမှတ်ကောင်းကောင်းရရင် ဒီဟာတက်မယ်၊ ဟိုဟာ တက်မယ်ဆိုတော့ ကျွန်တော်တို့ကလေးတွေက မနက် အပ်ရာထ ကျူရှင်တက်၊ ကျောင်းသွား ပြန်လာရင်ကျူရှင်တက် ပြန်လာရင် ဂိုက်နဲ့လေ့ကျင့်ဆိုတော့ အားလုံးချုံ့ လိုက်ရင် စာသက်သက်သင်နေတာပဲရှိတယ်။ စာသက်သက်သင်နေတဲ့သူဟာ တန်ဖိုးမြင့်လူသားမဟုတ်သေး ဘူး။ တစ်နည်းအားဖြင့် မိဘတွေဟာ မိမိဆန္ဒကို အကောင်အထည်ဖော်နေတာဆိုရင် ကျွန်တော်တို့ကလေးတွေ ကို ပတ်ဝန်းကျင်နဲ့ ကမ္ဘာနဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့ လုပ်ရမယ့်အစား စာထောင်ချောက်ထဲ တွန်းချနေ သလိုဖြစ်နေတယ်။ ကျွန်တော်တို့ဆရာတွေကလည်း ကလေးတွေရဲ့ အရည်အသွေးကို ဖွင့်ပေးတဲ့ ဆရာဖြစ် အောင် ကြိုးစားရမယ်။ မိဘကလည်း ပညာရေးလေ့ကျင့်တယ်ဆိုတာ အမှတ်ကောင်းကောင်း ရဖို့မဟုတ်ဘဲ အနာဂတ်မှာ ကိုယ့်သား၊ ကိုယ့်သမီးက လူမှုဆက်ဆံရေး တော်မယ်၊ ကာယ၊ ဥာဏ၊ စာရိတ္တမှာ စံပြဖြစ်စေရ မယ်ဆိုရင် စာတစ်ခုတည်းနဲ့ပဲ အားလုံးကို လှောင်ပိတ်မထားပါနဲ့ အဲလိုအဖြစ်မျိုးမရောက်အောင်လည်း ပညာရေးမှာ ဂရုစိုက်ပြီး ပြောင်းလဲပေးပါလို့ ပြောချင်ပါတယ်။

စည်သူအောင်၊ ထက်ထက်ခိုင်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၇
၃-နိုဝင်ဘာ-၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...