ဘဝချင်း ကွာဟပ်သည်နှင့် . . .
“အပူအပင်
ကင်းတဲ့ ကလေးလေး ဘဝကို၊ တစ်ခါပြန်ပြီး ရချင် သေးတယ်” ဆိုတဲ့ မေဆွိ
သီချင်းကို ဆိုရင်း ကိုယ်ပါ တကယ့်ကို ကလေးဘဝ ရောက်ချင်တော့သည်။ အရွယ်ရောက်
လာပြီ ဆိုလျှင် ပူလောင်သော လောဘ၊ ဒေါသ၊ မောဟ အကြောင်းနားလည်လာသည်။
နားလည် တော့ပူရသည်၊ စိတ်ရှုပ်ရသည်၊ ပင်ပန်းရသည်။ ထိုပြင်
အဖွဲ့အစည်းတစ်ခုဖြစ်သော မိသားစုဆိုတဲ့ အဖွဲ့အစည်းထဲက အဖွဲ့ဝင် တစ်ယောကမို့
စား၊ဝတ်၊နေရေးကလည်း ကိုယ်နှင့်တစ်စိတ် တစ်ဒေသသက်ဆိုင် နေသည်။ ကလေးဘဝ၌
အိပ်လိုက်၊ ဆော့လိုက်၊ စားလိုက်နဲ့ မိဘမျက်နှာ နွမ်းနေလား၊ ကြည်သာရဲ့လား
ဂရုမစိုက်မိ။ စိုက်ရ ကောင်းမှန်းလည်း မသိချေ။ ကိုယ်လိုချင်တာရှိလျှင် မရမက
ခြေစုံကန် ပူဆာသည်။ အဆင်ပြေလို့ ဝယ်ပေးတာလားမသိ။ အကြွေးယူ ပေးလိုက်ရတာလား
မသိ။ ကိုယ် လိုချင်တာရလျှင် ကျေနပ်သွားသည်။
အမေပြန်ပြောပြလို့သူမရဲ့ ကလေးဘဝတစ်ချို့ကို မှတ်မိသိရှိရသည်။ ငယ်ငယ်တုန်းက သေလူအဖြစ် သတ်မှတ်ရလောက်အောင် ချူချာသူဖြစ်ပြီးနေမကောင်းသည့် အချိန်က များသည်။ တစ်ခါက လူကသာ နေမကောင်းတာ မျက်လုံးပင် မဖွင့်နိုင်ဘဲ ပြောင်းဖူးပြုတ် စားချင်တယ်ဟု ပူဆာသည်။ အချိန်က နွေခေါင်ခေါင်ရာသီကြီး၊ မရနိုင်သည့် အစား အစာကိုမှ ပူဆာသည်။ အမေခမျာရောဂါသည် ကလေးကိုလည်း ကျောပိုးရသေး။ တစ်ရပ်ကွက်လုံး၊ တစ်ဈေးလုံးနှံ့အောင် ပြောင်းဖူးပြုတ်သည်ကို ရှာရသည်။ ရာသီစာမဟုတ်တော့ ပြောင်းဖူး၊ ပြုတ်ကားမရချေ။ တစ်ခြားမုန့်ဘယ်လို ဝယ်ကျွေးကျွေး မရချေ။ ထို့ပြင်လိုချင်သည့် ပစ္စည်းတစ်ခုမရလျှင် ကြမ်းပြင်နှင့် ခြေဖနောင့်ပွတ်၍ ငိုတတ်သဖြင့် ခြေဖနောင့်တွေပင် သွေးထွက်သည်။ အိမ်နီးချင်း အဘွားကတော့ “ဒီကလေး တော်တော် စိတ်ကြီးတာပဲ” ဟုဆိုခဲ့သည်။ အခုချိန်ကျတော့ အမေ့သောကကို စာနာနားလည် နိုင်ပြီမို့ “ငါငယ်ငယ်က တော်တော်ဆိုးခဲ့ ပါလား”ဟု တွေးမိသည်။
လူကြီးတွေရဲ့ ပရိယာယ်ကြားမှာ တစ်ခါတစ်ရံလူငယ်တွေ အမှားလမ်း လိုက်ကြသည်။ငယ်စဉ်ကတည်းက ဖြူစင်ခဲ့ရသောစိတ်၊ အရောင်ဆိုးခံရသည်။ ကလေးဘဝက ရွတ်ဆိုခဲ့ရ သော (၃၈)ဖြာ မင်္ဂလာကဗျာ၊ ငါးပါးသီလတို့သည် ပါးစပ်၌သာ ရှိပြီး၊ စိတ်နှလုံးထဲထိ ရောက်မလာခဲ့ချေ။ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲ သွားရသည့် လူငယ်တွေရဲ့စိတ်ကို နား လည်မပေးနိုင်ဘဲ “လူကြီး၊ လူကြီးမှန်းမသိ ရိုင်းလိုက်တာ” ငယ်ငယ်ရွယ်ရွယ်နဲ့ အတတ်ကောင်းတွေ တတ်နေလိုက်တာ” စသဖြင့် ဆုံးမ ပဲ့ပြင်သင့်သည်ကို မဆုံးမဘဲ ဝေဖန်ကဲ့ရဲ့ကြ သည်မို့၊ သူ့ပြဿနာ၊ ကိုယ့်ပြဿနာ ဖြစ်ရသည်။ ချို့တဲ့သော ကလေးတွေ၏ဘဝ၌ အရွယ်နှင့် မမျှအောင် အလိုက်သိပေးရသည်။ အမေက “ဟဲ့”တစ်ချက်ငေါက် လိုက်သည်နှင့် ကိုယ်ဖြစ်ချင်သည့်ဆန္ဒ တွေမျိုချ ပစ်လိုက်ရသည်။ ဒီအရွယ် ရောက်နေပြီ၊ အခုထက်ထိနားမလည် သေးဘူးလား”ဆိုသည့်စကားထက်ပို၍ နားလည်၊ ပို၍အလိုက်သိပေးနေရသည်။ သူတို့အလိုက် အတင်း သိခိုင်းနေ၍၊ မဖြစ်သင့်ဘဲဖြစ်နေရသည့် လူငယ်လူရွယ် တွေ၏ဘဝ၊ လမ်းမှားထက်ရောက်နေတာ တစ်ပုံကြီးပင်။
“ဪ ငါတို့မိသားစုအတွက် အပြောခံ၊ အငြိုငြင်ခံနေရတာဆိုသော စိတ်တော့မရှိ၊ “ကောင်းရင်တော့ ငါ့သား မကောင်းရင် ကျား” ဆိုလျှင်တော့ ဘယ် တရားနည်းလမ်း ကျနိုင်မည်နည်း။ လူတိုင်း၌ ငွေရေး၊ကြေးရေး၊ စားဝတ်နေရေး ပြဿနာကို ကိုယ်စီရှိကြ သည်။ သာမန်လက်လုပ်လက်စား၊ဆင်းရဲ သားဘဝ၌ အရွယ် မရောက်သော်လည်း အရွယ် ရောက်သူ အဖြစ် သတ်မှတ်ကာ ဤမိသားစု၏ ဝန်ကိုထမ်းပေးရသည်။ ကျောင်းနေအရွယ်မှာ ကျောင်းမနေရဘဲ (၁၂)(၁၃)နှစ်အရွယ် ကလေးအကြီးဆုံးက ဘုစုခရု(၄)(၅)ယောက်ရဲ့ စစ်သူကြီး ဖြစ်ပေးရသည်။ မိသားစု၏ စားအိုးကကြီးလွန်း လှသဖြင့် ထိုအကြီးလေးခမျာမနိုင်သော် လည်း ဝင်၍ထမ်းပေးရသည်။ သမ္မာအာဇီဝဖြင့် နေပူစပ်ခါး၊ ရေခဲချောင်း လှည့်ရောင်းနေရတာ၊ ပန်းရံ လုပ်နေရတာ၊ အိမ်ကြိုအိမ်ကြားဝင် ရောက်၍ ခွက်စုတ်ကလေးတွေ ကောက် နေရတာ၊ ဒါတွေကို ကလေးတွေရဲ့ သိတတ်မှုဟု မုဒိတာ မပွားပေးနိုင်၊ ဂရုဏာ မသက်ပေးနိုင်ဘဲ၊
“ရွံ့စရာကောင်းလိုက်တာ၊ လုပ်စရာအလုပ်ရှားလို့ လမ်းဘေးကအမှိုက်ကောက်နေရတယ်” ဆိုပြီး၊ တံတွေးနဲ့ ထွေးသွားမတတ်၊ လူတစ်ကာရဲ့ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက် နေတာ ပျော်တယ်များ ထင်နေလား။ သူ့ဝမ်းရေးအတွက် သူဖြေရှင်းနေတာပဲလေ။ အလုပ် မလုပ်ဘဲ မိဘပိုက်ဆုံထိုင်ဖြုန်းနေသော လူဘော်ကြော့ သူဌေးသား၊သမီးတွေထက် အလုပ်ရှိသော အမှိုက်ကောက်သမား ကလေးကမှ မြတ်သေးသည်။ ခြေကောင်း၊ လက်ကောင်းနဲ့ ဘုရားပွဲတကာ၌ လှည့် လည်တောင်းစားနေသူတွေ၊ ကိုယ်မှာ ငွေကြေးရှိပါလျက်နှင့် လိမ်စား၊ ညာစားနေတဲ့သူတွေ စဉ်းစားကြည့်လိုက်တော့ မကောင်းသည့်လူတွေ ကောင်းစားနေပါ လားဟုတွေးမိသည်။ ဘဝအနေအထားကြောင့် သူတို့ အပြောအဆိုတွေဟာ ရိုင်းစိုင်းခြင်း၊ ကြမ်း တမ်းခြင်းဖြစ်သည်။ တကယ်တမ်း အဆင့် အတန်းရှိသော မိသားစု၌ မွေးဖွားခဲ့လျှင် ထိုကလေးကြမ်းတမ်း၊ ရိုင်းစိုင်းနိုင်ပါမည် လား။
“ဘဝအနေအထားခြင်း၊ ကွာဟပ် လျှင် စိတ်ဓာတ်ရော စရိုက်ပါ မညီမညွတ် ဖြစ်တတ်သည်”ဆိုသော စကားအတိုင်း ဘဝချင်း မတူသည်ကို အောက်တန်းစား၊ အထက် တန်းစားဟူ၍ ခွဲခြား၍မရနိုင်ပါချေ။ လူတကာ ခိုင်းဖတ်ဖြစ်နေသော ကလေး များကြားမှ ကလေးအချို့သည် နောင်တစ် ချိန်အောင်မြင်သောသူ၊ ကျော်ကြားသော သူမဖြစ်နိုင်ဟု မည်သူမျှ အာမမခံနိုင်ချေ။
Tags;mandalaydawn
မန္တလေးအာရုဏ်ဦး

0 comments:
Post a Comment