Saturday, November 5, 2011

စတုတ္ထမဏ္ဍိုင်ကြောက်သူ။

 [ သွန်းနေစိုး ]

by Thorn Nay Soe on Saturday, November 5, 2011 at 7:57pm
 
ခုတလော အတိုက်ခိုက်ခံရဆုံးသတင်းဌာနဟာ ဘာလဲလို့ မေးမည်ဆိုလျှင် အားလုံး မဆိုင်းမတွသော အဖြေတစ်ခုကို ပေးကြလိမ့်မည် ထင် ပါသည်။ စာသုံးလုံးသည် လူတော်များများစိတ်ထဲ၌ မလိုလားစိတ်နှင့်အတူ ပူးကပ်နှောင်ဖွဲ့၍နေ၏။ BBC။ တစ်နည်းပြောရပါလျှင် မင်းသား ဘ၀မှ ဗီလိန်ဖြစ်သွားရရှာသူဟု ပြောရလိမ့်မည် ထင်ပါသည်။

BBC အား လူအများ လန့်သွားခြင်းနှင့်အတူ မေးခွန်းတစ်ခုသည်လည်း ရစ်ဝဲံပျံ့လွင့်၍လာ၏။ မီဒီယာများ စတုတ္ထမဏ္ဍိုင်ပီသကြပါ၏လော။ ယခင်က မီဒီယာဆိုသည်မှာ တရားသောဘက်မှ ရပ်တည်ပေးတတ်သူများဟုသာ အများအမြင်ရှိခဲ့ ပါသည်။ ယခုတော့ အမြင်ပြောင်းခဲ့ရ ၏။ မီဒီယာများ ဘက်လိုက်မှုကင်းကြပါ၏လော။


ကျွန်တော်တို့ နိုင်ငံသည် မည်ကဲ့သို့ဆိုစေ ဒီမိုကရေစီဘက်သို့ ဦးတည်ပြောင်းလဲနေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ဒီမိုကရေစီဟူသော အသံ ကျယ်ပြန့်လာခြင်းနှင့်အတူ ခေါင်းထောင်ရှေ့တန်းရောက်လာကြသည်မှာလည်း မီဒီယာများပင်ဖြစ်ပါသည်။ စတုတ္ထမဏ္ဍိုင် ဆိုသော စကားလုံးကြီးက ခန့်ထည်လွန်း၏။ ပြည်တွင်းမှာ ကျွန်တော် ကြုံရသလောက်ကတော့ မထော်မနှမ်း မြင်ရတာလေးတွေ တော်တော်များပါသည်။ ပေါ့ပ်ဂျာနယ်တွေလည်း စတုတ္ထမဏ္ဍိုင်။ ကွန်ပြူတာနှင့်ပတ်သက်သော သတင်းများ ဖော်ပြသည့်ဂျာနယ်တွေလည်း စတုတ္ထမဏ္ဍိုင်။ စာနယ်ဇင်းကဆိုသည်နှင့် အော်တိုမစ်တစ် စတုတ္ထမဏ္ဍိုင်။ နာမည်တပ်ခြင်းက ကိစ္စမရှိ။ ကိုယ့်ကိုယ်ကို ဒီမိုကရေစီ၏ ရှေ့သွားခေါင်းဆောင်ကြီးများးပမာ မာန်ဝင့်နေသည်က အမြင်မတော်သလို ခံစားနေရပါသည်။

တစ်ခါက ... ကွန်ပြူတာ ပြပွဲတစ်ခုသွားကြည့်မိသည်။ ပြပွဲတစ်နေရာတွင် ဂျာနယ်တစ်စောင်က ယင်းတို့၏ ဂျာနယ်များအခမဲ့ဝေနေ၏။ ဘာရမလဲ ဇာတိကပြတော့သည်။ `ကျွန်တော့်လည်း တစ်စောင်ပေးပါပေါ့´ ခပ်တည်တည် လက်ကလေးထောင်ကာ တောင်းလိုက်မိ၏။ သို့သော် သူ့အခမဲ့က အလကား အခမဲ့မဟုတ်ပါတဲ့။ အင်တာအဗျူးခံရလိမ့်မည်တဲ့။ ကျွန်တော့်ကို သွန်းနေစိုးမို့ မေးသော အင်တာဗျူးမျိုး မဟုတ်။ ပွဲလာသူ ပြည်သူတွေကို မေးသည့်အင်တာဗျူးပါပဲ။ မေးတာတွေကတော့ ထုံးစံအတိုင်းပေါ့။ ဒီပွဲကို ဘယ်လိုမြင်လဲ၊ ဘာညာ။ ကျွန်တော့်လိုကောင်လာမေးမှတော့ ဘယ်မှာ အကောင်းစကားကြားရပါမည်နည်း။ ပျစ်ပျစ်နှစ်နှစ် ပက်ပက်စက်စက်ကြီး ကို ဝေဖန်ပစ်လိုက်၏။ ပြောမိပြီးမှ ကိုယ့်ဖာသာ လွန်သွားပြီလားဟုပင် ထင်လိုက်မိပါသေးသည်။ သို့နှင့် ထိုဂျာနယ်ထွက်လာတော့ ကျွန်တော်စောင့်ဖတ်ဖြစ်သည်ပေါ့။

ပါလာပါ၏ ကျွန်တော့်အင်တာဗျူး။ ပွဲလာသူ ပရိသတ်အနေနဲ့ ဗျူးထားတာဆိုတော့လည်း သေးသေးကလေး မထင်မရှားပေပေါ့။ ဒါကပြဿနာမဟုတ်ပါ။ ပြဿနာက အင်တာဗျူးတွင်ပါလာသည်များမှာ ကျွန်တော့် စကားလုံး တစ်လုံးမျှ မဟုတ်ခြင်းပင်တည်း။ အကောင်းတွေချည်းလျှောက်ရေးထား၏။ မသိရင် သွန်းနေစိုးကပဲ မဟာ အကောင်းမြင် သမားကြီးကျနေတာပဲ။ စိတ်ထဲ ဟီးသာ ချမိပါတော့သည်။ `သြော် သူတို့နှယ့် ဒါများ အပင်ပန်းခံ အင်တာဗျူးနေရသေးတယ်။ ငါ့ နာမည် မေး။ အလုပ် အကိုင် မေးပြီး ရေးချင်တာလျှောက်ရေးလိုက်လည်း ရသားနဲ့´ ဟု တွေးမိရပါသည်။ တကယ်တမ်းမှာလည်း ကျွန်တော့် နာမည်နှင့် အလုပ်အကိုင်သာ ပါ၍ ရေးချင်တာ လျှောက်ရေးထားခြင်းပင်။

ကျွန်တော်က အလုပ်တော်တော်စုံပါသည်။ အနုပညာနှင့်ပတ်သက်တာလေးတွေပါ။ ဆိုလိုချင်တာက လူသိနည်းနည်းလေးတော့ များသည်ပေါ့။ ကျွန်တော့်အိမ်ကလဲ မြို့လည်ခေါင်တည့်တည့်မှာဆိုတော့ စာနယ်ဇင်းတစ်ချို့က တော်တော်လာကြသည်။ စာနယ်ဇင်း တစ်ခုဆိုလျှင် အတော်ကြီးကို လာသည်ဟု ပြောနိုင်ပါသည်။ အထင်တော့ ကြီးတော်မမူလိုက်ကြပါနဲ့။ အဲဒီ စာနယ်ဇင်းက အလုပ် ၀င်စ တွေကို အလုပ်သင် သင်တန်းသားသဘော လုပ်ခိုင်း၏။ ပညာသင်ဆဲကာလများပေပေါ့။ ထိုသူများ အစုလိုက်အပြုံလိုက် ကျွန်တော့်ဆီလာခြင်းဖြစ်ပါသည်။ `ဘာကိစ္စလဲ´ မေးတော့ `အင်တာဗျူးချင်လို့´ တဲ့။ တော်တော်ကြာ လာပြန်ပြီ တစ်ယောက်။ နောက် တစ်ပတ်လောက်နေ လာပြန်ပြီတစ်ယောက်။

သို့သော် ...။ တော်တော် စိတ်မကောင်းချင်စရာကောင်းသော သို့သော် ဖြစ်ပါသည်။ ကျွန်တော့်အင်တာဗျူးတစ်ပုဒ်မျှပင် ထို ဂျာနယ်မှာ ပါမလာပါ။ ကိုယ်က အချိန်ပေးပြီး တလေးတနက်ဖြေထားမှတော့လည်း ပါလာစေ့ချင်သည်ပေါ့။ ခုတော့ ... ထိုအခါမှပင် ကိုယ့်မှာ လေ့ကျင့်ကွင်းကြီးဖြစ်နေမှန်း နားလည်လိုက်ရတော့၏။ သေစမ်း ငသွန်း။ သို့သော် ကျွန်တော့်မှာ ဘာဆို ဘာမှ၊ ဘာတစ်ခွန်းမျှ မပြောသာ ခဲ့ပါ။ ကျွန်တော်က စတုတ္ထမဏ္ဍိုင်ကြောက်သူပေပဲ။

နောက်ပိုင်းကျတော့ ဘာရမလဲ ငါကွပေါ့။ ကျွန်တော် `ဇ´ ကလေးပြလာပါသည်။ စာနယ်ဇင်းတစ်ချို့မှာ ကိုယ်တိုင် နေရာဝင်ယူလာခဲ့ ၏။ နေရာဝင်ယူသည်ဆိုသော်လည်း ကူညီလုပ်ကိုင်ပေးခြင်းသာ။ ကိုယ်စာရေးသည့် ၀င်ငွေနှင့်သာ စားနေရတာမို့ အဲဒီလို ကိုယ် လုပ်ပေးသော စာနယ်ဇင်းတွေဆီက ဘာမှ မယူခဲ့ပါ။ စာမူခတွေပင် မေ့လောက်ရှိ တစ်ခါလောက်မှ ထုတ်ဖြစ်ပါသည်။
ဒီအခါမှာ ကြုံရပြန်တာလေးက တော်တော် အသည်းယားစရာကောင်း၏။ ကိုယ်နှင့် တော်တော်ကြီးကို ရင်းတဲ့ဂျာနယ်။ အဲဒီဂျာနယ် ပိုင်ရှင်နှင့်ကိုယ်က မောင်နှမလိုဖြစ်နေသည့် ဂျာနယ်ကို အခန်းဆက်ဆောင်းပါးတစ်အုပ် ပေးဖြစ်၏။ တကယ်က ကိုယ်ရေးထားတာက စာအုပ်ထွက်ဖို့ပါ။ ဒါပေမဲ့ အမှန်တိုင်းဝန်ခံရလျှင် ဒီတိုင်း စာအုပ်အနေနဲ့ ဆင်ဆာသွားတင်လျှင် ခက်မှာမြင်လို့ သူ့ဂျာနယ်မှာ အရင် ထည့်ခြင်းဖြစ်၏။ ဂျာနယ်မှာပါပြီးမှဆို ဆင်ဆာ တင်ရတာလွယ်တယ်လေ။

ပထမ တစ်ပတ်ပါသွားသည်။ အေးဆေးပါပဲ။ ဘာပြဿနာမှ မရှိ။ နောက်တစ်ပတ်မှာတော့ ကျွန်တော့်ဆောင်းပါးမတိုင်ခင် ရှေ့၂ မျက်နှာ လောက်မှာ ဆောင်းပါးတစ်ပုဒ်ပါ၏။ ရေးသည်က ကျွန်တော်ရေးသော Subject။ ကိုယ်နှင့်အကြောင်းအရာချင်းတူတူဆိုတော့ စိတ်ဝင်တစား ဖတ်ကြည့်မိလိုက်ပါသည်။ ထိုအခါမှပင် အသည်းရော အူပါ ယားသွားရခြင်းဖြစ်၏။ သူ့ဆောင်းပါးသည် ကျွန်တော့် ဆောင်းပါးအားလုံးကို အနှစ်ချုပ်ထားသလိုဖြစ်နေခဲ့၏။

ဆိုလိုတာက ကျွန်တော်သည် စာအုပ်အဖြစ်ရေးပြီးမှသာ ဂျာနယ်မှာထည့်ဖို့ ပို့ခဲ့ခြင်းဖြစ်၍ တစ်အုပ်လုံးပို့လိုက်မိပါသည်။ သူ့ဆောင်းပါးက ထိုတစ်အုပ်လုံးအား အကျဉ်းချုပ်ရေးထားသည့်သဖွယ်ဖြစ်နေခြင်းပါ။ သူကား ထိုဂျာနယ်မှ ၀န်ထမ်းဖြစ်၍ ကြိုပေးထားသော ကျွန်တော့် စာအုပ်အား ဖတ်ခွင့်ရစရာ အကြောင်းများစွာရှိပါသည်။ ဒါပေမဲ့ ကျွန်တော်က ဘယ်လိုလုပ်ရမည်နည်း။
ဒါမျိုးက တပ်အပ်ပြောလို့လည်းရတာမဟုတ်။ စကားများပြီး ထထိုးကြဖို့သာ ရှိတော့သည်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က တစ်ပတ်လည်း စပါပြီးပြီ၊ အခန်းဆက်လည်း ရေးမှာဆိုတာ သိနေမှဖြင့် သူရှောင်သင့်တယ် ထင်ပါသည်။ ခုတော့ ... ကျွန်တော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်း။

အလျဉ်းသင့်၍ပြောရလျှင် အခုလို စာနယ်ဇင်းများ၌ စာမူခိုးသောကိစ္စမှာ စာပေနယ်တွင် ပွစိပွစိ ဖြစ်နေတာက အတော်ကြာပါပြီ။ ကျွန်တော့်လို နာမည်လည်း ကြားဖူး၍ စွာလည်းစွာသော စာရေးသူတောင် အခိုးခံရသည်ဆိုလျှင် တခြားသူတွေအဖို့ ဘာပြောကောင်း လိမ့်မလဲ။

မှတ်မှတ်ရရ ကျွန်တော်စာပေနယ်ထဲ ၀င်စက တစ်ခါအခိုးခံရဘူးပါသေးသည်။ ထိုစဉ်ကတော့ ကာတွန်းဆရာတစ်ယောက်က ခိုးခြင်းပါ။ နာမည်ရ (အတော်နာမည်ရသော) ကာတွန်းဆရာတစ်ယောက်ဖြစ်ပါသည်။ ပန်းချီလည်းဆွဲ၏။ ဖြစ်ပုံက ကျွန်တော် မဂ္ဂဇင်းတစ်စောင်ကို စာမူပို့၏။ ထိုစဉ်က ကိုယ်က ကလောင်ပေါက်စကလေး၊ စာပေနယ်တွင် လူတောမတိုးရဲသေးသည့်အချိန်ဆိုတော့ ကိုကျော်စိုး (မင်ခိုက်စိုးစန်) ဖြင့်တစ်ဆင့်ပို့ခဲ့သည်။ ကိုကျော်စိုးကလည်း ပို့ပေးရှာပါသည်။ သို့သော် ကျွန်တော့်စာမူလေးတော့ ပါမလာပါ။ ပါလာ သည်က ကျွန်တော့် ထိုဝတ္ထုတိုကလေး၏ အဓိက Concept အား ဆွဲထားသော ကာတွန်းတစ်ကွက်သာ။ ကျွန်တော့်ဝတ္ထုမှာ လူ တစ် ယောက် ကျောက်တုံးရွက်တတ်လာအောင် အချိန်ဘယ်လောက်လိုမည်နည်းဖြစ်ပါသည်။ ကာတွန်းကလည်း ထိုကျောက်တုံး ရွက်သော ကာတွန်းပါပဲ။ အဲဒီတုန်းကတော့ တကယ့်ကို ကျွန်တော် မတတ်နိုင်လို့ ဘာမှ မလုပ်ခဲ့ရတာပါ။

ဒါတွေ ခုလို ပြောအားရှိသောအချိန်မှ ပြန်ပြောနေရာတာက အတိတ်ဟောင်းကို မမေ့နိုင်ခြင်းမဟုတ်ပါ။ တခြား အားနည်းသူ ကလောင်ရှင်များ ကိုယ်စား ပြောပေးရခြင်းဖြစ်ပါသည်။ တစ်ချို့နယ်မှ မထင်မရှားကလောင်ရှင်ကလေးများဆိုလျှင် စာမူပါဖို့ အရေးသည် ဗြဟ္မာ့ပြည်မှ အပ်တစ်စင်းနှင့် လူ့ပြည်က အပ်တစ်စင်း ထိတာထက်ပိုခက်၏။ လက်သင့်ရာ စားတော်ခေါ်ကြသည်တဲ့။ နင်က ငါ့စာနယ်ဇင်းရေး၊ ငါက နင့်စာနယ်ဇင်းရေးမယ်ဟု စာမူများလဲလှယ်ကြကြောင်းကြားဖူးပါသည်။ မတော်ကံစွပ်လွန်း၍ နယ်ကလောင်ရှင်လေးများ၏ စာမူ ပါလာသည်ထားဦး။ စာမူခဆိုတာ ဝေလာဝေး။ စာအုပ်လက်ဆောင်ကလေးသော်မျှ မရကြရှာပါ။ သူတို့ခမျာ ဒါငါ့စာမူကလေးကွဟု အတော် ဂုဏ်ယူချင်ကြရှာသည်ဆိုပါ၏။ သူတို့လက်ရာကို အပျောက်ရိုက် မောင်ပိုင်စီးခံရတာလည်း မကြာခဏ (တော်တော်ကြီး မကြာခဏ) ဆိုသလို ကြုံရတတ်သည်တဲ့။

ကျွန်တော်က အားလုံးကိုတော့ မဆိုလိုပါ။ သို့သော် အသက်ကလေးက ငယ်ငယ်၊ ဒီလောကကကို ရောက်။ စတုတ္ထမဏ္ဍိုင်ကြီးတွေဟု လည်း အပင့်ခံရသည့်အခါ စောင့်စည်းစရာ မမြင်နိုင်ကြတော့သူများကို ဆိုလိုခြင်းပါ။ အထက်တစ်နေရာမှာ ဖော်ပြခဲ့သည့် ကျွန်တော့်စာမူကို အနှစ်ချုပ် ဆောင်းပါးလုပ်သူ သူငယ်ဆိုလျှင် ၂၀ကျော်ရုံလေးရှိပါသေးသည်။ ဒီလောကထထဲဝင်လာတာမှ တစ်နှစ်ကျော်လောက်ရှိသေး။ သူအကုန်သိ၊ သူအကုန်တတ်တွေ ဖြစ်ကုန်တော့ပါလေ၏။ သို့သော် သူ့ကို တစ်ခုတော့ ကျေးဇူးတင်စရာရပါသည်။ သူခိုးချထားခြင်းကြောင့် ကျွန်တော့်စာမူကို ပိုကောင်းအောင်ပြုပြင်ဖြစ်ခဲ့ပါသည်။ မကြာမီ စာအုပ်အဖြစ် ထွက်ပေါ်လာပါတော့မည်။ နို့မို့ဆို ကျွန်တော့် အပျင်းကြီးပုံနှင့် ကျွန်တော့်ထုတ်ဝေသူက သာအပျင်းကြီးပုံနှင့် ဆယ်စုနှစ် တစ်ခေတ်လောက်စွန်းသွားနိုင်ပါသည်။

ပြည်တွင်းအကြောင်း ခဏထားလို့ ပြည်ပအကြောင်းလှည့်ရရင်ရော ဘယ်လိုနည်း။ ပြဿနာဖြစ်သော BBC သတင်းထောက် Anna Jones သည် ဆရာလူထုစိန်ဝင်းဆီတွင် စာနယ်ဇင်း မွန်းမံသင်တန်းလာတတ်သင့်သည်ဟု မြင်ပါသည်။ နိုင်ငံခြားကမို့ ကမ္ဘာကျော်ကျော် နွားခြေရာခွက်ပဲကျော်ကျော် စာနယ်ဇင်းသမားများ ထားရှိရမည့်အခြေခံကျင့်ဝတ်ကို ကျေပုံမရပါ။ လှုပ်ရင်ပြီးရော လုပ်ချင်ပုံရပါသည်။ သူ့ခမျာ တခြားအရည်အချင်းကလည်း ရှိပုံမရတော့ ကျော်ဇောစရာ အင်မတန်ခက်သည့်ကြားမှာ တစ်နပ်စားကြံပုံ ပါပဲ။ ဖွတိုင်းကောင်းသလား လှုပ်တိုင်းကောင်းသလား ဟုသာ မေးချင်မိပါတော့သည်။

ရှေ့မှာ ကျွန်တော်ပြောခဲ့သည့် ခိုးချခံခဲ့ရသော မကြာမီထွက်တော့မည့် စာအုပ်ကလေး၏ နောက်ဆုံးပိုင်းပါ အခန်းငယ်ကလေး တစ်ခုကို ပြန်ထည့်သွင်းရင်းဖြင့် ယခု Note ကလေးကို အဆုံးသတ်လိုပါ၏။

(မည်သို့ပင်ဖြစ်စေ ဒီစာကို စတုတ္ထမဏ္ဍိုင်ရှင်ကြီးများ ဖတ်မိလျှင်လည်း လွန်တာရှိ ၀န္ဒာမိပါ ဆရာတို့။ ကျွန်တော်က တကယ်ကို စတုတ္ထမဏ္ဍိုင် ကြောက်လှပါသည်။)

ဒီမိုကရေစီနဲ့ မီဒီယာ
    ဒီမိုကရေစီစနစ်မှာ မီဒီယာတွေဟာ ...
    တံခါးမှုးလို၊ မှတ်တမ်းတင်သူလို၊ ပြည်စောင့်ခွေးလို တာဝန်တွေ ထမ်းဆောင်ကြရပါတယ်။
    တံခါးမှုးဆိုတာ အ၀င်အထွက်၊ အသွင်းအထုတ် အားလုံးပေါ် သြဇာသက်ရောက်သူ မဟုတ်လား။ ပြည်စောင့်ခွေးကတော့ မှားရင် မတရားရင် ဟောင်တာပါပဲ။ မှတ်တမ်းတင်သူအနေနဲ့လည်း တာဝန်ယူ ရပါတယ်။
    ဒါကြောင့် သတင်းမီဒီယာတွေမှာလဲ အာဏာရှိပါတယ်။
    လူတွေကို တစ်နည်းတစ်ဖုံလွှမ်းမိုးနိုင်ခြင်းဟာ အာဏာပါပဲ။ အဲဒီလိုအာဏာနဲ့ လူတွေကို သွေးဆောင်တာမျိုး၊ စိတ်ဓာတ်ရေးရာ အနိုင်ကျင့်တာမျိုး လုပ်လို့ရပါတယ်။
    ဒါဟာ အာဏာကို အလွဲသုံးတာပါပဲ။
    မီဒီယာပေမယ့်လဲ အာဏာကို အလွဲသုံးရင် ဆန့်ကျင်သင့်ပါ တယ်။
    မီဒီယာတွေမှာ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ပွင့်လင်း မြင်သာခြင်း ရှိရတယ်။
    ချစ်သူကိုသာစေ မုန်းသူတော့နာစေ လုပ်ခွင့်မရှိပါဘူး။
    မီဒီယာဟာ မီဒီယာကျင့်ဝတ်နဲ့ မညီရင်၊ သတင်းမှန်ကို ထိန်ချန်ပုံဖျက်တာမျိုး၊ လိုရာပုံပေါ်အောင် ဇွတ်ဖန်တီးတာမျိုး၊ မဟုတ် မတရားတဲ့ ၀ါဒတွေဖြန့်ချိဖို့ လက်နက်အဖြစ် အသုံးချနေတာမျိုးဆိုရင် အဲဒီမီဒီယာဟာ အာဏာအလွဲသုံးနေပါပြီ။
    ဒီမိုကရေစီခေတ်မှာ စတုတ္ထမဏ္ဍိုင်တွေရဲ့ အခန်းကဏ္ဍဟာလည်း သိပ်အရေးကြီးတာကြောင့် သတိပြုရမယ့်အရာတစ်ခုဖြစ် ကြောင်း တင်ပြလိုက်ရပါတယ်။

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...