ယောချောင်း ကျိန်စာ
“သြော်
လူလှ၊လူလှ”…..
ဘိုးတင်က ယောချောင်းနဘေးက ကမူကလေးမှာထိုင်ရင်း သူ့သားနာမည်ကို တီးတိုးရေရွတ်နေပါတယ်။ ဘိုးတင်ရဲ့ မှုန်ဝါးဝေသီနေတဲ့ မျက်ဝန်းမှာ မျက်ရည်ခိုးတွေနဲ့ ပိုလို့မှိုင်းမှုန်နေတယ်။ သူ့မိန်းမ ဒေါ်ရွှေမ ကတော့ တခြမ်းပြိုပျက်နေတဲ့ အိမ်ကလေးရဲ့အိမ်ရှေ့ကြမ်းပြင်မှာ တုံးလုံးပက်လက်မှိန်းလို့၊ အိပ်ပျော်နေတာ မဖြစ်နိုင်၊ ဘာကြောင့်လဲဆိုတော့ မိန်းမရဲ့ မျက်လုံးဒေါင့်မှာ စီးကျနေတဲ့ မျက်ရည်စတွေကို သူမြင်နေရသည်။ ဒီအချိန်မှာ လူလှအကြောင်းတွေးနေတာဘဲဆိုတာ သူအတပ်သိသည်။
ကျောပိုးအိပ်ကိုလွယ်လို့ လူရွယ်လေးတယောက် ဒီဘက်ကိုလျောက်လာတာမြင်ရသည်။ မသစ်လွင်လှပေမဲ့ သေသပ်တဲ့အ၀တ်အစားကြောင့် ဒီရွာက မဟုတ်မှန်းတော့ သူသိသည်။ ပြုံးပြရင်း ”အဘက ဒီရွာကလား” လို့နှုတ်ဆက်သည်။ ”အေး” လို့သာ ဖြေလိုက်ရသည်။ ”ကျွန်တော်က ရေဘေးကူညီရေးအဖွဲ့ကပါ၊ အဘတို့ လွန်ခဲ့တဲ့ သုံးရက်ကဖြစ်ခဲ့တဲ့အကြောင်းလေးနဲ့ အခုလက်ရှိအခြေအနေလေး ပြောပြပါလားအဘ”။
တကယ်ဆို သူအဲဒီအကြောင်း ပြန်မတွေးချင်၊ ချောက်အိမ်မက်ကြီးလိုဖြစ်နေသည်။ ဒါပေမဲ့ လူရွယ်လေးရဲ့ ရည်မွန်တဲ့ တောင်းဆိုချက်ကို သူမငြင်းနိုင်။ ချောင်းတချက်ဟန့်ရင်း သူ့ရင်ထဲက တစ်ဆို့နေတဲ့ နာကျင်မှုတွေကို အရင်ရှင်းလိုက်သည်။ ” အိမ်း၊ အဘတို့တသက် အဖေတို့တသက် မကြားဖူးပါဘူး လူကလေးရယ်၊ ဒီယောချောင်းကြီးကိုမှီပြီး အဘတို့ ကြက်သွန်စိုက်၊ ပဲစိုက် အသက်မွေးခဲ့တာပါ။ နှစ်စဉ် ရေတက်ရေကျတော့ ရှိစမြဲပေါ့။ တခါတလေလဲ ဒူးလောက်ပေါင်လောက် ရှိပါရဲ့။ အခုလို ကြောက်ခမန်းလိလိ တက်တာမျိုးကတော့ …….” နောက်တကြိမ် ချောင်းဟန့်ရပြန်သည်။
လူရွယ်လေးက သူရှေ့မှာ အသာအယာထိုင်သည်။ နားလည်သော အားပေးသောအပြုံးဖွဖွဖြင့် သူ့စကားကို ငံ့လင့်သည်။ သူ့မျက်စေ့ထဲမှာ မြင်နေရတာက မနက်စောစောကြီး ရေတွေအိမ်အောက်ကို ဒလဟော စီးဝင်လာတာ၊ လူတွေ ပြေးကြလွှားကြတာ၊ နွားတွေအော်သံ။ ဆိတ်တွေအော်သံ၊ နောက်ပြီး ယောချောင်းရဲ့ ကြုံးဝါးသံ။ ” ဟဲ့ မယ်ရွှေ မယ်ရွှေ ထစမ်းထစမ်း၊ လူလှ၊လူလှ” မိန်းမနဲ့ အိမ်ထဲကသားကို လှမ်းနှိုးသည်။ ”ကျွန်တော် ဒီမှာပါအဖေ၊ ရေတွေအရမ်းတက်လာတာ ထကြည့်နေတာ” အိမ်ရှေ့က သားအသံ။ ဟုတ်ပါ့ ဒီကောင် ငါ့ထက်အအိပ်ဆတ်တာဘဲ။ ၀ိရိယကောင်းချက်ကတော့ ငယ်ငယ်ထဲက။ ရွာမှာ သာရေးနာရေးဆို သူအိပ်ပျက်ခံပြီး ရှေ့ဆုံးက။ ဒါကြောင့်လည်း တရွာလုံးက လူလှမပါရင် ပွဲမစည်ဘူးလို့ ဆိုကြပါရဲ့။ ရသမျှ စက္ကန့်ပိုင်းမှာ သားအကြောင်း အမွှန်းတင်ပြီး တွေးမိသေးသည်။ လူကတော့ ငုတ်ကနဲ ထထိုင်လိုက်မိသည်။ မယ်ရွှေနဲ့ ချွေးမ သန်းမေတို့လည်း သူ့အနား စုပြုံရောက်လာကြသည်။
အပြင်မှာ မိုးတွေက သွန်ချသလို တဝေါဝေါသည်းနေသည်။ မိနစ်ပိုင်းအတွင်းမှာပင် အိမ်အောက်က ရေကလည်း ကြမ်းခင်းကို တိုက်တော့မတတ် မြင့်တက်လာသည်။ ရွာထဲမှာ ကလေးသံခွေးသံ၊ နွားတွေ နှာမှုတ်သံတွေ ဆူညံနေသည်။ လူလှက အပြင်က အပြေးကလေး ပြန်ရောက်လာသည်။ “ အဖေရေ- ရေကတော့ မနည်းဘူးဗျ၊ ယောချောင်းဖက်ကလည်း ရွာထဲကို တရဟော စီးနေတာ။
တောင်ပိုင်းကလူတွေတော့ ဘုရားကုန်းပေါ်တက်ကုန်ကြပြီ။ ကျွန်တော်တို့ကတော့ ရွာလယ်က ရိုးချောက်ကြီးကို ကျော်လို့ ရမှာမဟုတ်ဘူး။ ရေက ရင်စို့ကျော်လောက်တယ်။ လိုရမယ်ရ မကျည်းပင်ပေါ် တက်နေရင်ကောင်းလိမ့်မယ်” တဲ့။ အိမ်ကြမ်းပြင်ကို ထိလုလု ရေတွေကို ကြည့်ပြီး သားပြောတာ မှန်တယ်လို့ တွေးမိသည်။ ခေါင်းရင်းက မကျည်းပင်ကြီးက နှစ်ပေါင်းရာချီနေပြီ။ ယောကျာ်း သုံးယောက် လက်ချင်းဆက်လို့ရအောင် ပင်စည်က တုတ်ခိုင်သည်။ သူ့အကိုင်းတွေက ဖြာဖြာဝေလို့။
“အေး အေး အပင်ပေါ်ဘဲ တက်ကြတာပေါ့ကွာ၊ ငါ့သား မင်းအမေနဲ့ မိန်းမကို တွဲ၊ သြော် ဟဲ့ မယ်ရွှေ၊ ဒီပစ္စည်းတွေ သယ်မနေနဲ့လေ၊ အော်- နင့်မလဲ၊ ထားခဲ့ပါဟ၊ လူအန္ကရာယ်မကျဖို့က အဓိကဘဲ” လို့ ငေါက်လိုက်သည်။ “အိမ်ထောင်ဦးပစ္စည်းလေးတွေ မို့ပါတော်” မယ်ရွှေက တုန်တုန်ချိချိ ဆိုရှာသည်။ ” ကဲအဖေ လာလာ” ၊ ဘိုးတင်က အိမ်ထဲကနေ ရေထဲကို ခုန်ချပြီး သားလက်ကိုဆွဲပြီး မကျီးပင်ပေါ် တက်လိုက်သည်။ ငယ်ငယ်ကတော့ ဒီလိုအပင်မျိုးကို တက်လိုက်ဆင်းလိုက် ဘယ်မှုလိမ့်မလဲ။ အခုတော့ အသက်က စကားပြောသည်။ သားက အပင်ခွမှာ မြဲမြဲထိုင်မိသည်အထိ တွန်းတင်ပေးသည်။
အကိုင်းကြီးကြီးတခုကို ဖက်တွယ်ထားလိုက်သည်။ ဟော- အဖွားကြီးပါလာပြီ။ သူ့ကိုတော့ သားက ချီမပိုးရုံတမယ် တွဲဖက် ခေါ်လာရသည်။ ခက်ခက်ခဲခဲ အပင်ပေါ်တင်ပေးရပြန်သည်။ အဖွားကြီးမယ်ရွှေ့လက်ကို သူလှမ်းဆွဲ ယူလိုက်သည်။ မိုးတွေရေတွေက ပိုလို့ သည်းလာပြန်သည်။ ရွှဲရွဲစိုနေတာမို့ မေးချင်းရိုက် မတတ်ဖြစ်နေသည်။ ရေစီးက ပိုသန်လာသည်။ ယောချောင်းဖက်က လှိုင်းလုံးကြီးတွေ လှိမ့်တက်လာသည်။ “ ဟဲ့- ဘာကြီးတုန်း” ရေထဲမှာ ပေါ်ချည်၊ မြူပ်ချည်နဲ့ အရာကြီးကို မကျည်းပင်ပေါ်ကနေ သေသေချာချာငုံ့ကြည့်လိုက်တော့ အိမ်နီးချင်း မယ်ချစ်တို့အိမ်က နွားကြီးရွှေနီ ဖြစ်နေသည်။ နွားကြီးက မကျည်းပင်ဘေးကနေ လျှင်လျှင်မြန်မြန် မြောပါသွားသည်။ “သားရေ သန်းမေကိုတင်ပြီးရင် မင်း မြန်မြန် တက်ဟေ့” သူစိုးရိမ်ကြောင့်ကြစွာ လှမ်းအော်သည်။ ဟုတ်တယ်လေ ရေက လူခါးလောက် မြင့်တက်နေပြီကော။ သန်းမေက တုန်ရီဖြူယော်ပြီး လူလှလက်ကို မဖြုတ်တမ်း ဆုတ်ကိုင်ထားသည်။ ”သန်းမေ - နင်အရင်တက်ဟ၊ ငါတွန်းတင်မယ် နှစ်ယောက်တွဲကြီးတက်လို့ မရဘူးလေ” လူလှက စိတ်မရှည်စွာ ပြောရင်း တွန်းတွန်းထိုးထိုး တင်ပေးလိုက်သည်။
“သား၊ သား၊ တက် တက်” သန်းမေကို လှမ်းဆွဲရင်း အဖွားကြီးက အော်ပြောသည်။ တချိန်တည်းမှာ သူတို့အိမ်ကလေးရဲ့ အဖီတခြမ်းက ရေစီးဒဏ်နဲ့ ၀ုန်းကနဲ လဲပြိုမြောပါသွားတော့သည်။ လူလှက မကျည်းပင်စည်ပေါ်ကို စ တက်လိုက်သည်။ အဲဒီအခိုက်မှာ ရေထဲမှာ ယက်ကန်ကန်နဲ့ လျှောင်ပေစူးလေး မြုပ်ချည်ပေါ်ချည်နဲ့ လူကလေးတဦး မျောလာပြန်သည်။ သူ့ လက်ကလေးတဖက်ကို လူလှလှမ်းဆွဲ လိုက်မိသည်။
“ ဟာ -မင်းမင်း လေး ပါလား” ၊ မယ်ချစ်ရဲ့ တဦးတည်းသော ဖတဆိုးသားကလေး မင်းမင်း။ လူလှက မင်းမင်းလေးကို မကျည်းပင်ပေါ် တွန်းတင်သည်။ “ဦီလေး လူလှ ၊ ကယ်ပါဦး၊ အမေ၊ အမေ၊ မြောသွားပြီ” မင်းမင်းက ကယောင်ကတန်း အော်သည်။ “ အေးအေး၊ သားလေး မင်းအရင် အပင်ပေါ်တက်” ၊ မင်းမင်းကတော့ မကျည်းသီးတက်ခူးနေကျမို့ လူလှပခုံးပေါ်ကနေတဆင့် မကျည်းပင်ခွကို မြန်မြန်တက်လာသည်။ အဲဒီအခိုက်မှာဘဲ လှိုင်းလုံးကြီးတလုံးက ၀ုန်းကနဲ ပုတ်လိုက်တော့ လူလှ ဆယ်ပေလောက်လွင့်သွားသည်။ ” အိုး -ကိုလူလှ” ” သားလေး” ” လူလှ” ” ဦးလေး”။ တပြိုင်နက်တည်း အားလုံးက စိုးရိမ်တကြီး လှမ်းအော်သည်။ လူလှ ဒီဖက်ကို ပြန်ကူးခတ်လာသည်။ ရေစီးနဲ့ မြောလာတဲ ပလပ်စတစ်ပုံးတခုကို လက်နဲ့ လှမ်းဆွဲဖို့ကြိုးစားသည်။ ပုံးကို လက်တဖက်က မီလုမီခင်မှာ နောက်ထပ် လှိုင်းတလုံးက ၀ုန်းကနဲ ပုတ်လိုက်တော့သည်။ “အမလေး” သန်းမေရဲ့ အလန့်တကြားအော်သံနဲ့အတူ လူလှလည်း ရေစီးထဲ မြောပါသွားတော့သည်။
“သား၊ သား”
အဖိုးအို အဖွားအိုနှစ်ဦးက အော်ခေါ်ဖို့ကြိုးစားပေမဲ့ အသံက လည်ချောင်းထဲမှာ ပျောက်သွားသည်။ သားကလေးကို မမြင်ရတော့ပြီ။ လူလှရဲ့ လက်ကလေးတဖက်ကိုသာ နောက်ဆုံးမြင်လိုက်ရတော့သည်။ သစ်ပင်ပေါ်မှာ လူသားသုံးဦးလုံး ငိုလို့နေကြသည်။ သန်းမေက ခုန်ချမယ်တကဲကဲမို့ ဆွဲထားရသည်။ သူမမှာ မပေါ့မပါးကြီးနဲ့မို့ တသက်ကနှစ်သက်သုံးသက် ထပ်မဆုံးရှုံးချင်တော့ပါ။ လင်းအားကြီးချိန်ကနေ စခဲ့တဲ့ဒီအိမ်မက်ဆိုးက နေ့လည်ပိုင်းလောက်မှာ ရေကျသွားလို့ သစ်ပင်ပေါ်က ကူချပေးမဲ့သူတွေ လာတဲ့အထိ အထပ်ထပ်မက်နေဆဲ။ ဖွားရွှေကတော့ တွေ့သမျှလူတွေကို လူလှကိုရှာပေးဖို့ တတွတ်တွတ် တောင်းပန်နေသည်။ လူလှနှင့်အတူ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး ကျွဲတွေနွားတွေကတော့ တရွာလုံးနီးပါး ပျက်စီးကုန်ကြသည်။ ကျောင်းထိုင်ဆရာတော်က ကျန်ရစ်သူတွေကို တရားချသည် ”ပစ္စည်းသင်္ခါရ လူသင်္ခါရပါ ဒကာကြီးတို့ရာ၊ ကိုယ်တိုင်လဲ တနေ့ဒီလမ်းလိုက်ရမှာ…” တဲ့။ ပြောမဲ့သာပြောရပေမဲ့ ဆရာတော်လည်း မျက်ရည်တွေ ၀ိုင်းလို့ပါလား။
အဖြစ်သနစ်ကို ပြန်ပြောင်းပြောရင်း ဘိုးတင် သက်ပြင်းတချက်ချသည်။ အခုဆို လူလှတယောက် ရေမှာမျောခဲ့တာ သုံးရက်တိုင်ခဲ့ပြီ။ သတင်းအစအနမရသေး။ ယောချောင်းကြီးက သူချစ်သောတဦးတည်းသား၊ အလိမ္မာသားကလေးကို ရက်ရက်စက်စက် ခွဲထုတ်သွားခဲ့သည်။ ဒီအဖေအမေ နှစ်ယောက်တည်း ဘယ်လိုရပ်တည်ရှင်သန်ရပါ့။ “ ငါ့သားအစား ငါသာ ရေထဲပါသွားခဲ့ရမှာ” လို့ တဖွဖွညည်းတွားရုံကလွဲလို့ မတတ်နိုင်။ ဆုံးရှုံးသွားတဲ့ ကြက်သွန်ပျိုးခင်းတွေ၊ နွားနဲ့ ဆိတိတွေ၊ အိမ်ထောင်ဦးပစ္စည်းတွေ ဒါတွေကို သူဝမ်းမနည်းမိ။ သူတို့ရဲ့ သုဝဏ္ကသာမလို သားရတနာကလေးကိုသာ နှမြောတသ မိသည်။ မြို့ပေါ်တက်ပြီး ကုန်ရောင်းပြန်လာတိုင်း အဖေအမေဖို့ စားစရာတခုခုမပါဘဲ မပြန်တတ်ခဲ့။ အသက်နှစ်ဆယ်ပြည့်လို့ ရဟန်းခံပေးတုန်းကတောင် နှစ်လပြည့်အောင် မနည်းနေခိုင်းရသည်။ “သားမရှိရင် အဖေနဲ့အမေ ပင်ပန်းနေမှာပေါ့” တဲ့။ သားမရှိရင် ....... သားမရှိရင်....တဲ့။
သူရော စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ အဖွားကြီးမယ်ရွှေပါ စေတနာရှင်တွေ ပေးကမ်းထားတဲ့ ထမင်းထုပ်တွေ မုန့်ထုပ်တွေကို စားချင်စိတ်လည်းမရှိ။ ယောချောင်းအစပ်က သားကိုပြန်လာတာမြင်ရနိုးနိုး မျှော်လို့သာ နေမိသည်။ ချွေးမသန်းမေကလည်း ကယောင်ကတန်းပြောလိုက်၊ ငိုင်ငိုင်တွေတွေနေလိုက်၊ တငိုငိုတရီရီလုပ်လိုက်နဲ့ ကျန်းမာရေးက စိတ်မချရတာမို့ အနီးကပ်စောင့်ရှောက်ပေးမဲ့ သူ့အစ်မ မိသားစုတွေးနဲ့ ပြန်နေခိုင်းလိုက်သည်။ အခုတော့ အဖိုးကြီးအမယ်ကြီးနှစ်ယောက်တည်း။ ဆရာတော်ကျောင်းမှာ မိသားစု တရာလောက် မှီခိုနေကြပေမဲ့ ဘိုးတင်ကတော့ ကိုယ်အိမ်ကလေးကိုဘဲ ဖြစ်သလို ထောင်မတ်ပြီး ၀ါးတိုင်နဲ့ထောက်၊ အမိုးပေါက်တွေကို တာရပတ်အုပ်ပြီး ယာယီတဲကလေး ထိုးနေလိုက်သည်။ ဒီနေရာကလေးကနေဘဲ သားကို မျှော်ချင်သည်။ သားကို လွမ်းချင်သည်။ “ သြော်- ဒီယောချောင်းကြီးကိုမှီပြီး တို့တတွေ အသက်မွေးခဲ့ကြတယ်။ ကြက်သွန်ခင်း ပဲခင်းတွေ စိမ်းလန်းစိုပြေခဲ့ရတယ်။ သားကလေးကိုလည်း အိုးစည်ဗုံမောင်းတီးလို့ ခြိမ့်ခြိမ့်သဲသဲ ရှင်ပြုခဲ့ရတယ်။ စားစရာ ၀၀လင်လင်နဲ့ မပူမပင် တို့မိသားစုတတွေ ပျော်ရွှင်ခဲ့ရတယ်။ အခုတော့ ယောချောင်းကြီးက ငြိုငြင်ရက်ပြီပေါ့နော်။ ကျူပ်တို့ ယောချောင်းကြီးကို ဘာတွေများ အပြစ်လုပ်မိလို့လဲဗျာ။ တခါမှ မမြင်ဘူးမတွေ့ဘူးခဲ့တဲ့ပုံစံနဲ့ ဒေါသတကြီးလာပြီး သားကလေးကို ကျူပ်တို့ရင်က ခွဲထုတ်သွားခဲ့တယ်။ အခုတော့လည်း သူ့ရဲ့ သဲသောင်ခုံတွေကတင်းလို့၊ ရေတွေ လှိုင်းတွေမရှိဘဲ တည်ငြိမ်နေလိုက်တာ၊ ကြမ်းခဲ့ရမ်းခဲ့တာ သူမဟုတ်ခဲ့သလိုဘဲနော် ….ဟင်း“ ဘိုးတင်က လူရွယ်လေးကို မကြည့်ဘဲ တကိုယ်တည်း လေးလေးပင်ပင်ကြီး ရေရွတ်ရင်း သက်ပြင်းအခါခါချလို့…၊ ဘိုးတင်ရဲ့ အသက်သခင် ကျေးဇူးရှင် မကျည်းပင်ကြီးကလည်း စာနာဝမ်းနည်းစွာ သူ့အရွက်ကလေးတွေ ပိတ်သိမ်းလို့ ......။
written by မိုးစက်ပွင့်
( ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရွာတရွာမှ ရေဘေး ခံစားရသူ မိသားတစု၏ ဖြစ်ရပ်မှန်ပေါ်တွင် ခံစားရေးဖွဲ့ပါသည်...)

ခံစားရပါသည်။
ReplyDelete