မားဒေါ့၏ ဝါးတားဂိတ်
by Moenge Aung on Monday, November 7, 2011 at 11:26am
By Popular News
လတ်တလော မီဒီယာ ဖောက်ထွင်းမှုကြီးကြောင့် အင်္ဂလိပ် ဘာသာ စကားသုံး မီဒီယာ လောကကို ကြီးစိုး လွှမ်းမိုးနေတဲ့ “ရူပတ်မားဒေါ့ရဲ့ မီဒီယာ အင်ပါရာကြီး” (Rupert Murdoch Me-dia Empire) ယိမ်းထိုး၊ ငလျင် လှုပ်ခါသွားခြင်းအပေါ် အနောက်တိုင်း ဂျာနယ်လောကမှာ အတော်ကျေနပ် အားရနေကြပါတယ်။ အတ္တလန်တိတ် သမုဒ္ဒရာကြီးရဲ့ ကမ်းခြေ နှစ်ဖက်ပေါ်မှာ မားမားမတ်မတ် ခွရပ်ပြီး မီဒီယာလောကနဲ့ နိုင်ငံရေးလောက နှစ်ခုစလုံးကို ထင်သလို “မွှေနှောက်၊ ငါး-ခြောက်” နေတဲ့ မားဒေါ့ရဲ့ မီဒီယာ အင်ပါရာကြီးအပေါ် အနောက်တိုင်း ဂျာနယ်လောကမှ စက်ဆုပ် ရွံရှာနေခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ မီဒီယာ ကျင့်ဝတ်တွေအပေါ် အကြိမ်ကြိမ် ချိုးဖောက်ခဲ့မှု တွေအပေါ် သက်သေသက္ကာရနဲ့ လက်ဆုပ် လက်ကိုင် မပြနိုင်သေးတော့ အားလုံး ငြိမ်ခံနေကြရတာပေါ့။
အခုတော့ မားဒေါ့မီဒီယာ အင်ပါရာရဲ့ မသမာမှုတွေက ဘွားဘွားကြီး ပွင့်ကျလာခဲ့ရပါပြီ။ အခုအခါ မားဒေါ့ အင်ပါယာကြီးရဲ့ အဓိက မီဒီယာ လက်ရုံးကြီးဖြစ်တဲ့ “ကမ္ဘာ့ သတင်းစုံ” (News of The World) သတင်းစာကြီးဟာ သူနဲ့ ဆက်စပ်မှု ရှိနေတဲ့ ပုဂ္ဂလိက ကိုယ်ပိုင် တယ်လီဖုန်းပေါင်း ထောင်သောင်း ချီပြီး သတင်း ဆက်သွယ်ပြောဆိုမှု အလုံးစုံကို ကြားဖြတ်ခိုးဝင် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီလို ကြားဖြတ်ခိုးဝင် မှတ်တမ်းတင်ရာမှာ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်လ်တန်တို့ရဲ့ နှစ်ကိုယ်ကြား စကားတွေကနေပြီး အာဖဂန်ရောက် စစ်သားတွေရဲ့ မိသားစုနဲ့ ဆက်သွယ် စကားပြောမှုတွေအထိ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စတွေ ဗူးပေါ်သလို ပေါ်သွားချိန်မှာ အရင်ဆုံး အဖမ်းခံရတဲ့သူက ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းရဲ့ သတင်းထုတ်ပြန်ရေးမှူးဟောင်း တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး အခုအခါ “ကမ္ဘာ့သတင်းစုံ” အယ်ဒီတာချုပ် ဖြစ်နေတဲ့ အင်ဒီကော်လ်ဆန် (ANDY COULSON) ပဲ ဖြစ်ပါတယ်။ သူ့နောက်မှာ အဖမ်းခံရတဲ့ သတင်းစာရဲ့ အယ်ဒီတာကတော့ “တော်ဝင်နန်းတွင်း သတင်းကဏ္ဍ” မှာ တာဝန်ယူရသူ ကလိုက်ဖ်ဂွတ်မင်း (CLIVE GOODMAN) ပဲ ဖြစ်နေပါတယ်။
ဒီလောက်ဆိုရင် မားဒေါ့မီဒီယာ အင်ပါယာကြီးရဲ့ ခြေလှမ်းဟာ ဘယ်လောက်ကျယ်ပြီး ဘယ်လောက် လက်ပေါက်စိတ်တယ်ဆိုတာ သိသာ မြင်သာနိုင်ပါတယ်။ တစ်ဆက်တည်း ဆိုသလို “ကမ္ဘာ့သတင်းစုံ” သတင်းစာကြီးကို နောက် ၃ ရက်အကြာ ပိတ်ပင်တော့မယ်လို့ ကြေညာချက် ထွက်ပေါ်လာချိန်မှာတော့ ထောင်နဲ့ချီပြီး ရှိနေခဲ့ကြတဲ့ ဝန်ထမ်းတွေခမျာ ဘဝပျက်ကုန်ကြ ရတော့မှာပါ။ “ကမ္ဘာ့သတင်းစုံ” ဒီလို ကြမ္မာဆိုးမျိုး ကြုံလာချိန်မှာ မားဒေါ့မီဒီယာ အင်ပါယာက ချုပ်ကိုင် ထုတ်လွှင့်နေတဲ့ B-Sky B နာမည်ကျော် ရုပ်သံလိုင်း အစီအစဉ်တွေလည်း မီဒီယာ ဆူနာမီလှိုင်းဒဏ် ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါပြီ။ မားဒေါ့ မီဒီယာ အင်ပါယာအပေါ် တင်ထားတဲ့ စွဲချက်ပေါင်း များစွာထဲမှာ လာဘ်ပေးလာဘ်ယူမှု၊ ဖုန်းလိုင်းများမှာ ခိုးဝင်ကြားဖြတ် သတင်းရယူမှုစတဲ့ ပုဒ်ထီးပုဒ်မ မျိုးစုံပါဝင်ပါတယ်။ ဒီထဲမှာ စကော့တလန်ယာ့ဒ် စုံထောက် အဖွဲ့ကြီးက ခြေရာခံလို့ မရအောင် အီးမေးလ် သန်းပေါင်း များစွာကို ဖျက်ဆီးပစ်တဲ့ အမှုတွေ မပါသေးပါဘူး။ တကယ်တော့ ရူးပတ်မားဒေါ့ဆိုတာ မီဒီယာလုပ်ငန်းရှင် တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ အတ္ထုပ္ပတ္တိ ရေးသူများရဲ့ အဆိုအရတော့ သူ့မှာ မီဒီယာ အရှိန်အဝါသုံးပြီး အာဏာပါဝါကို နဖားကြိုး ထိုးချင်တဲ့ ရည်မှန်းချက် ကြီးကြီးမားမား ရှိထားတယ်လို့ မှတ်ချက် ချထားခဲ့ကြပါတယ်။ ဒီမှတ်ချက်ကလည်း တကယ် မှန်လောက်ပါတယ်။ ၁၉၆၀-၇၀ ခုနှစ် ဝန်းကျင်၊ ဗြိတိန်ဝန်ကြီးချုပ် ဟားရိုးဝီလ်ဆင် လက်ထက်လောက် ကတည်းက ဗြိတိသျှ နိုင်ငံရေးလောကကို မားဒေါ့ရဲ့ မီဒီယာအင်ပါယာက သြဇာကြီးစိုး လွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကင်ဆင်တန် ဥယျာဉ်ထဲမှာ ကျင်းပခဲ့တဲ့ မားဒေါ့အင်ပါယာရဲ့ နှစ်ပတ်လည် နွေဦးပွဲတော်ကို လက်ရှိ ဝန်ကြီးချုပ် ကင်မရွန်းတို့ ဇနီးမောင်နှံသာမက အတိုက်အခံ ခေါင်းဆောင် ဗီလီဘန်းနဲ့ လန်ဒန်မြို့တော်ရဲ့ နိုင်ငံရေး အီလစ်မှန်သမျှ တက်ရောက် ခဲ့ကြရပါတယ်။
ဒါအင်္ဂလန်နိုင်ငံမှာ တင်လား ဆိုတော့၊ မဟုတ်ပါဘူး၊ အမေရိကန် နိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ တကယ်တော့ အမေရိကန်နိုင်ငံမှာ မားဒေါ့ ထုတ်ဝေခဲ့တဲ့ New York Post သတင်းစာဟာ အကျိုးအမြတ်အတွက် သက်သက် မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံရေးလောကကို မီဒီယာနဲ့ လွှမ်းမိုးနိုင်ဖို့ ကောလာဟလ သတင်းမျိုးစုံ ထုတ်လုပ်ပေးနေတဲ့ နာမည်ကြီး သတင်းစာကြီး တစ်စောင်ပါ။ ဒါ့အပြင် ၁၉၉၀ ခုနှစ်ကစပြီး Hard Copy ရုပ်မြင်သံကြား အစီအစဉ် ထုတ်လွှင့်ပြီး နိုင်ငံရေး အကြံအဖန် လုပ်ကြံသတင်းမျိုးစုံနဲ့ အနောက်တိုင်း မီဒီယာလောကကို လွှမ်းမိုးသြဇာ ထူထောင်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ သူ့ရဲ့ Fox News အစီအစဉ်တွေကို လေ့လာကြည့်ရင်ပဲ မားဒေါ့ဟာ နိုင်ငံရေး ကောလာဟလတွေ လုပ်ကြံ ထုတ်ပြန်ရာမှာ ဘယ်လောက် ကျွမ်းကျင်တဲ့ ပါရမီရှင် ဖြစ်တယ်ဆိုတာကို ကောင်းစွာ မြင်ရနိုင်ပါတယ်။ မားဒေါ့ဟာ မြင့်မြတ်တဲ့ စာနယ်ဇင်း ကျင့်ဝတ် အစဉ်အလာတွေကို ကောလာဟလတွေ၊ လန်ကြုတ် သတင်းတွေနဲ့ ချိုးဖောက်ပြီး စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို စည်းရုံးဆွဲဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ဝက် တစ်ခုလုံး မားဒေါ့ဟာ သူ့ရဲ့ Fox News, Post, News of The World၊ အခြား ဂျာနယ်များစွာနဲ့ အတ္တလန်တိတ် သမုဒ္ဒရာရဲ့ ကမ်းခြေနှစ်ဖက်မှာရှိတဲ့ နိုင်ငံရေးလောကကို ခွစီး လွှမ်းမိုးထားခဲ့တဲ့ Media Collossus အင်ပါယာကြီး ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအထဲမှာ News of The World မီဒီယာကတော့ မားဒေါ့ တယုတယ မြေတောင်မြှောက် မွေးမြူလာတဲ့ အသည်းကျော်လေးပါပဲ။ ဒီသတင်းစာကို အင်္ဂလိပ်စာဖတ် ပရိသတ် ၂ ဒသမ ၆ သန်းကျော်က နေ့စဉ် ဝယ်ယူ ဖတ်ရှုအားပေးကြလို့ အနောက်တိုင်း စာနယ်ဇင်းလောကမှာတော့ အအောင်မြင်ဆုံး သတင်းစာလို့ ဆိုရမှာ ပါပဲ။
ဒီလို အောင်မြင်လာဖို့ လူအများ စိတ်ဝင်စားစရာ သတင်းပလင်း၊ အတင်းအဖျင်းမျိုးစုံကို သတင်းတို၊ ရှည်၊ မျက်နှာဖုံးသတင်း၊ ဆောင်းပါး၊ အင်တာဗျူးစတဲ့ သဏ္ဌာန်မျိုးစုံနဲ့ ဖော်ပြမြဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသတင်းမျိုးစုံတွေကို အယ်ဒီတာအဖွဲ့တွေက လိုက်လံ ရှာဖွေစုဆောင်းရတာ မဟုတ်ပါဘူး။ သူတို့တာဝန်က “မားဒေါ့ သတင်းတပ်ဖွဲ့” က ချပေးတဲ့ သတင်းတွေကို ပုံဖော် ထုတ်လုပ် ပေးကြရုံပါပဲ။ ရူးပတ်မားဒေါ့ရဲ့ အနီးကပ် လက်ထောက် အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်ရဲ့ အဆိုအရတော့ သူဟာ အထူးသတင်းခန်းမ (Special News Room) ဆိုတဲ့ စနစ် တစ်ရပ်ကို ထူထောင်ထားခဲ့ပါတယ်။ News of The World မှာ ထည့်သွင်းရမယ့် သတင်းမှန်သမျှ ဒီခန်းမထဲက ထွက်ပေါ် လာတာချည်းပါပဲ။ On Line က တစ်ဆင့် ဖောက်ထွင်း ရယူလာတဲ့ သတင်းမှန်သမျှကို မားဒေါ့ဦးစီးတဲ့ သတင်းတပ်ဖွဲ့က အသေအချာ သုံးသပ် စိစစ်ထုတ်ပြန်ပါတယ်။ မားဒေါ့ရဲ့ အထူးသတင်း တပ်ဖွဲ့ထဲမှာ မားဒေါ့နဲ့အတူ အထူး ယုံကြည်စိတ်ချရတဲ့ လက်ထောက် ဒါဇင်ဝက်လောက် ပါဝင်လေ့ ရှိပါတယ်။ ဒီအထူးသတင်း ခန်းမက ချပေးလိုက်တဲ့ သတင်းတွေကို အယ်ဒီတာအဖွဲ့နဲ့ ပုံနှိပ်ထုတ်ဝေရေး အဖွဲ့တွေက News of The World နေ့စဉ် သတင်းစာအဖြစ် ပုံဖော်ကြရတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ စကော့တလန်ယာ့ဒ်က ထောက်လှမ်းရေးမှူးတွေရဲ့ လက်ထဲမှာ မားဒေါ့ရဲ့သတင်းခန်းမက ထွက်ပေါ်လာတဲ့ ဖောက်ထွင်း ခိုးယူထားတဲ့ သတင်းတိပ်ခွေ ထောင်ပေါင်းများစွာ ရောက်ရှိနေပါပြီ။ ခိုးယူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကလည်း သန်းနဲ့ချီပြီး ရှိနေပါတယ်။
ဒါ့အပြင် သတင်းပေးသူ တစ်ယောက်ကို ဒေါ်လာ ထောင်နဲ့ချီ ပြီးပေးထားတဲ့ ဘဏ်ချက်လက်မှတ် ဖြတ်ပိုင်းတွေကလည်း တပုံတပင်ပါပဲ။ ဒီလို အထူးသတင်း ခန်းမထဲက ထွက်လာတဲ့သတင်း ဖောက်ထွင်းခိုးယူမှု အထောက်အထား များစွာဟာ သူနဲ့ မဆိုင်ပါဘူးလို့ မားဒေါ့ အနေနဲ့ငြင်းဖို့ ခက်ပါလိမ့်မယ်။ ဂလိုဘယ်မီဒီယာ အင်ပါယာကြီးရဲ့ အရှင်သခင် မားဒေါ့ရဲ့ သတင်းကို ကြားရတဲ့အခါ ၇၀ ခုနှစ် နှောင်းပိုင်းက အိမ်ဖြူတော် အရှင်သခင် သမ္မတနစ်ဆင်ရဲ့ ဝါးတားဂိတ် (Water Gate) အရေးအခင်းကြီးကို ပြန်လည် သတိရမိစရာ ဖြစ်လာခဲ့ရပါတယ်။ စစ်ပြီးခေတ် နောက်ပိုင်း သမ္မတတွေထဲမှာ နစ်ဆင်လောက် သံတမန် ရေးရာ နည်းပရိယာယ် ကျွမ်းကျင်နိုင်နင်းသူ ရှားပါးသလို၊ မီဒီယာလောကမှာလည်း ရူးပတ်မားဒေါ့လို သတင်း ပရိယာယ် ကြွယ်ဝသူ ရှားပါး လှပါတယ်။ ဒါကြောင့်လည်း နစ်ဆင်ဟာ သူ့ခေတ် ကာလမှာ အတော်ဆုံး သမ္မတဖြစ်ခဲ့သလို၊ ရူးပတ်မား ဒေါ့ဟာလည်း မီဒီယာလောကမှာတော့ အကျွမ်းကျင်ဆုံး အင်ပါယာ အရှင်သခင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီရဲ့ “ဝါးတားဂိတ်” အဆောက်အအုံထဲကို သမ္မတရဲ့ လက်ထောက်တွေ ခိုးဖောက် ဝင်ရောက် သတင်း ရယူခဲ့မှုကြောင့် သမ္မတနစ်ဆင်ခမျာ အိမ်ဖြူတော်ကနေ ဂုဏ်သိက္ခာ ညှိုးနွမ်းစွာ ထွက်တော်မူ နန်းက ခွာခဲ့ရရှာပါတယ်။ အမှန်တော့ အခု News of The World သတင်းစာရဲ့ မီဒီယာ ဖောက်ထွင်း ဝင်ရောက် ခိုးယူမှု ဆိုတာ “ရူးပတ်မားဒေါ့ရဲ့ ဝါးတားဂိတ်” အရေးအခင်းကြီးပါပဲ။ ဒါပေမဲ့ မားဒေါ့တစ်ယောက် ထွက်တော်မူနန်းက ခွာပြီး အချုပ်ခန်းမှာ စံမြန်းရမှာလား ဆိုတာတော့ စောင့်ကြည့်ရဦးမယ့် မေးခွန်း တစ်ပုဒ်ပါပဲ။
သန်းစိုးနိုင်
0 comments:
Post a Comment