Sunday, November 6, 2011

နိုဝင်ဘာလအတွက် ရသအလင်းမှ စာရေးဆရာ ကဗျာဆရာ အေးမင်းစောကို ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခြင်း

by ရသ အလင်း on Sunday, November 6, 2011 at 11:07pm
 
ဆရာအေးမင်းစော အတွက် ရသအလင်းရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ

 နိုဝင်ဘာလအတွက်ကိုတော့ ရသအလင်းက စာရေးဆရာ ကဗျာဆရာ အေးမင်းစောကို ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်နိုင်ခဲ့ကြပါတယ်။ ဆရာအေးမင်းစောဟာ့  အိပ်ရာပေါ်မှာ ၁၉၉၂ ကတည်းက မလှုပ်ရှားနိုင်ပဲ ရောဂါဝေဒနာ ခံစားနေခဲ့ရသူဖြစ်ပြီး ၀တ္တုတို ၊ ဆောင်းပါးနဲ့ ကဗျာတွေကို အစဉ်မပြတ် ရေးသားခဲ့တဲ့ စာရေးဆရာ ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။

ဆရာအေးမင်းစော အတွက် ဂုဏ်ပြုငွေကို ပိတောက်ပွင့်သစ်အယ်ဒီတာ ကဗျာဆရာမောင်စိမ်းနီတို့ အိမ်မှာ ဆရာမောင်စိမ်းနီက ရသအလင်းကိုယ်စားပေးအပ်ပေးခဲ့ပြီး ဆရာမောင်လင်းရိပ်က ဆရာအေးမင်းစော ကိုယ်စား လက်ခံပေးခဲ့ပါတယ်။ ဆရာအေးမင်းစောကတော့ စကုမှာနေတဲ့ အတွက် ဆရာ့လက်ခံရရှိ ကြောင်းကိုတော့ ထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်။

ဆရာအေးမင်းစော၏ ကိုယ်ရေး အကျဉ်း

ကလောင်အမည်-အေးမင်းစော
အမည်ရင်း-မိုးအောင်ဇော်
အဖအမည်-ဦးအောင်ဇော် အမိအမည်-ဒေါ်ခင်စိုးဝင့်
ပညာအရည်အချင်း-တတိယနှစ်(ရူပဗေဒ)
မွေးသကရဇ်-၁၇.၁၀.၁၉၆၈  
ကျမ်းမာရေးကြောင့်၁၉၉၂တွင်အိပ်ယာထဲမှာပင်နေ့နေ့ ညညနေထိုင်လာသည်မှာယနေ့တိုင်အောင်ဖြစ်ပါသည်။
ခါးရိုးကျည်းပေါင်းရောဂါဟုလည်း(တဆင့်စကားဖြင့်)သိရသည်။

၁၉၉၆ခုဇန်န၀ါရီလထုတ်ရုပ်ရှင်တေးကဗျာမဂဇင်းအတွဲ၁၂အမှတ်၁တွင်ဖေါ်ပြပါရှိသည့်  ဘော့စနီးယားကဗျာဖြင့်စာပေလောကသို့
စတင်ဝင်ရောက်ပါသည်။

ယခုအချိန်အထိ ကဗျာ၃၉ပုဒ်။ အက်ဆေး၁၄ပုဒ်။ ၀တ္ထုတို၃၁ပုဒ်ဝတ္ထုရှည်၁၃ပုဒ်ဖေါ်ပြပါရှိပြီးဖြစ်ပါသည်။

ဆရာအေးမင်းစောသည်အမျတ်၁၂၀၊ဖောင်းတန်းရပ်၊စကုမြို့၊ မကွေးတိုင်းဒေသကြီးနေအိမ်တွင်ဆွေမျိုးသားချင်းများနှင့် အတူနေထိုင်လျှက်စာပေအနုပညာများကို ဆက်လက်ဖန်တီးစွမ်းဆောင်လျှက်ရှိပါသည်။

ဆရာ့အနေနှင့်ရေးခဲ့သမျှကဗျာများထဲမှအနှစ်သက်ဆုံးနှင့်ကျေနပ်အားရဆုံးကဗျာမှာ၂၀၁၀ဇူလိုင်လပိတောက်ပွင့်သစ်မဂဇင်းတွင်
ပါဝင်သော(ဖာစီယာ)ကဗျာဖြစ်ပြီးအကြောင်းမှာနိုင်ငံခြားအသံလွင့်ဌာနတစ်ခုမှသတင်းတစ်ပုဒ်ကို ကြားပြီးအစပြုခံစားမိရာမှထို ကဗျာကို၂လခန့်အချိန်ယူပြီးရေးဖွဲ့ခဲ့ရသောကြောင့်အခြားကဗျာများထက်အားထုတ်မှု့ပြုခဲရသောကြောင့် အားရကျေနပ်မိပါကြောင်း ဆရာအေးမင်းစောမှပြောပါသည်။


ပိတောက်ပွင့်သစ်အယ်ဒီတာ ကဗျာဆရာ မောင်စိမ်းနီအိမ်မှာ လက်ခံရရှိကြောင်း ကိုယ်စားလက်မှတ်ရေးထိုးပေးကြပြီး

ဆရာမောင်လင်းရိပ်၊ဆရာမောင်စိမ်းနီ၊ ဆရာရင်နီနဲ့ ကိုမောင်မောင်ဇော်

+++++++++++++++++++
ရသအလင်းအကြောင်း အထွေထွေ

ရသအလင်းရဲ့ အချက်အလက် အသေးစိတ်လေးတွေကို ဖတ်ချင်ရင် (၁)

ရသအလင်းရဲ့ အချက်အလက် အသေးစိတ်လေးတွေကို ဖတ်ချင်ရင် (၂)

++++++++++++++

ရသအလင်းကို စိတ်ပါဝင်စားတဲ့ အနုပညာချစ်မက်သူများအနေနဲ့ အထက်မှာဖေါ်ပြထားတဲ့ လက်ကမ်းစာဆောင်မှ လိပ်စာများအတိုင်း ဖုန်းနံပါတ်များ အတိုင်းသော်လည်းကောင်း aestheticlightfoundation@gmail.com (သို့) yathaalin@gmail.com ကိုသော်လည်းကောင်း e-mail ပို့ပြီး ဆက်သွယ်နိုင်ကြပါတယ်။

ယခု Face Book ရဲ့ Message မှာဖြစ်ဖြစ်၊ မိမိတို့ Mail လိပ်စာများကို ၀င်ရောက်ရေးသားပေးခဲ့နိုင်ပါတယ်။
ရသအလင်းမှ လိုအပ်တဲ့ အချက်အလက်များကို ကျေးဇူးတင်စွာ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

ရသအလင်းမိတ်ဆွေသစ်များကို ဖိတ်ခေါ်ကြိုဆိုလျက်


ရသအလင်း အမှုဆောင်အဖွဲ့


++++++++++++++++++++++++++++

ဆရာကိုယ်တိုင်သူ့ဖန်တီးမှုတွေထဲမှာအကျေနပ်ဆုံးလို့ ပြောတဲ့ဖာစီယာကဗျာကရှည်ကိုရသအလင်းပရိတ်သတ်များအတွက်
မျှဝေပေးလိုက်ပါတယ်။
၂၀၁၀ ခုနှစ် ဂျူလိုင်လထုတ် ပိတောက်ပွင့်သစ်မှာ ပါဝင်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။၂၀၁၀အတွက် ထန်းရိပ်ညိုကဗျာဆု ရပါတယ်။
( ဒီကဗျာကို ရသအလင်း(၆)လပြည့် ပွဲမှာ Blogger မိုးမြင့်တိမ်ကလည်း ဆရာအေးမင်းစောရဲ့ အနုပညာကို ဂုဏ်ပြုလေးစားသောအားဖြင့် ရွတ်ဆိုခဲ့ပါတယ်။)


ဖာစီယာ  


ညနေစောင်းမှာ
ငှက်တွေ အိမ်ပြန်ကြတယ်
အဲဒီအချိန်မှာ
လေလှိုင်းက ငါ့ကို ဖြတ်ပိုင်း ပြန်ပို့တယ်
ထွက်ခွာသွားတဲ့ ဘ၀ခြားတစ်နေရာမှာ
နေသာထိုင်သာ ရှိပါရဲ့လား ဖာစီယာ။

ဒီကမ္ဘာမြေပေါ်
ပိုက်ဆံဝါလားတွေ
ကမ်းခြေမှာ အပန်းဖြေရေလှိုင်းစီးနေချိန်
ဒီကမ္ဘာမြေပေါ်
ကန္တာရဆိုတော့
လေရိုင်းရှိမယ်
အစိုးမရတဲ့ သဲမုန်တိုင်း ရှိမယ်
ဟိုး ရှေးအစဉ်အဆက်
သဲကန္တာရကို အိမ်လုပ်နေသူတွေ ရှိမယ်
အခု အဲဒီ “ဘေဒိုအင်း”တွေရဲ့ အသွေးအသားတွေဟာ
သဲမုန်တိုင်းကြားမှာ ပန်းတစ်ပွင့်အဖြစ် မွေးဖွားခဲ့ပေါ့
ဖာစီယာ။

မင်းမွေးဖွားလာချိန်မှာ
ကောင်းကင် အဇဋာဟာ ပြာလဲ့နေခဲ့လိမ့်
လေရိုင်းတွေ အရှိန်တန့်
သဲမုန်တိုင်းတွေ ရပ်တန့်
မကြုံစဖူး
သဲတောင်ကုန်းများ အလွန်
အနောက်ဖက် ကောင်းကင်ယံမှာ
အထွန်းလင်းဆုံး ကြယ်နက္ခတ်တစ်စင်း
ကမ္ဘာမြေပေါ် ၀င်းပနေလိမ့်။

ငိုသံတွေထဲမှာ
လူ့လောက ၀င်ခါစ ကလေးတစ်ယောက်ရဲ့ ငိုသံလောက်
အဓိပ္ပာယ်ရှိတာ မရှိဘူး
လေရိုင်းတွေ
ဟူးဟူးရားရား တိုက်စမ်းပါ
မင်းမိဘတွေရဲ့ လက်ပေါ်မှာ
မင်းမျက်လုံးတွေဟာ
အဖိုးထိုက်တဲ့ တွင်းထွက်ရတနာတစ်ပါး
မင်းအသံက
ဘုရားသခင်ရဲ့ အနူးညံ့ဆုံး ကောင်းခြီးပေးသံ
မင်းခန္ဓာကိုယ် သေးသေးလေးက
လောကမှာ အလေးလံဆုံး မေတ္တာတရား
မင်းပါးပြင်ကို နမ်းတဲ့အခါ
သူတို့ဟာ
ကမ္ဘာသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့သလား။

ဒါပေမဲ့ ဖာစီယာ
ဒါပေမဲ့တွေ သိပ်များတဲ့ ကမ္ဘာမှာ
ဘုရားသခင်ဟာ
ကောင်းခြီးပေးသံတစ်ခုအဖြစ်
မင်းကို မွေးဖွားခြင်း မဟုတ်ခဲ့တာ သေချာတယ်

သစ်ပင်တွေ
စိမ်းလန်းပြီးရင် ညှိုးခြောက်
ကမ္ဘာဟာ ပွင့်လန်းပြီး ဆုတ်ယုတ်
အဲဒီ အရှုပ်ထုတ်ထဲမှာ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမဲ့
လက်ညှိုးညွှန်ရာ သေဖြစ်တယ်

တကယ်ဆို
နို့နံ့မစင်သေးတဲ့ ကလေးငယ်တစ်ယောက်ဟာ
ကစားကွင်းထဲမှာ
သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားလို့ ကောင်းနေတုန်း
စာသင်ခန်းထဲမှာ
ထိတွေ့သမျှ စုပ်ယူလို့ ကောင်းတုန်း
မျှော်လင့်ခြင်းဟာ
နင်းထားတဲ့ သဲမှုန်တွေလို
မရေမတွက်နိုင်အောင် များပြားတုန်း
မနက်ခင်းရဲ့ ပူနွေးတဲ့နေရောင်ခြည်အောက်
ကျောပိုးအိတ်ထဲ
ကမ္ဘာကြီးတစ်ခုလုံး ပစ်ထည့်ပြီး
ကျောင်းကားဆီ ပြေးလွှားနေတဲ့ ခြေထောက်တွေက
အိမ်တိုင်တွေလို သန်မာလို့
တိုးဝှေ့လာတဲ့ လေပြည်ဆီ
ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်ထည့်လိုက်တော့
မျက်စိတစ်ဆုံး မင်းအနာဂတ်က
ပွင့်ချင်တိုင်း ပွင့်မယ်။

မင်းစာကြည့်စားပွဲပေါ်က ပုံဆွဲစာအုပ်မှာ
တအားလှတဲ့ ပန်းတွေ
အပူအပင်မဲ့ ပျံသန်းနေတဲ့ ငှက်တွေ
ပတ်ဝန်းကျင်ကို အလှခြယ်ဖို့ ခဲတံချွန်နေချိန်
မင်းဟာ
သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းလိမ့်။
အိပ်ရာဝင်ချိန်
ပိကျလာတဲ့ မျက်ခွံပေါ်မှာ
အနာဂတ်ဟာ
ရွှေအဆင်းနဲ့ အိပ်မက်မှာ ကိုယ်ထင်ပြလိမ့်။

ဒါပေမဲ့ ဖာစီယာ
တကယ်တမ်းကျတော့
အဲဒီကျောပိုးအိတ်ထဲမှာ
မင်းကမ္ဘာက အနားတွေ ဖွာထွက်နေ
မင်းတည်မှီ်ရာ အခန်းလေးက
ပိန်းပိတ်မှောင်မည်းနေ
ဒီလို မင်းအနာဂတ်က
လူမမြင်ကွယ်ရာမှာ တတိတိ ပိုးကျနေ
ဘယ်လိုပဲ လေသလပ်ခံပေမဲ့
မခြောက်တဲ့ အဲဒီကမ္ဘာလေးဟာ နံစော်လို့
မျက်နျာပေါ်က အမွှေးအမျှင်တွေလို
ခေါင်းပေါ်မှာ ဆံပင်ဘုတ်သိုက်နဲ့ မင်းအဖေ သတ္တိခဲက
ကြွက်သားတွေ သန်မာပေမဲ့ အဝေးမှုန်သူ
သူ့ကိုယ်ပေါ်က အမွှေးအမျှင်တွေ ရှည်လျားသလောက်
သူ့အတွေ့အခေါ်က စပါးလုံးတစ်ထောက်လောက် မနက်သူ
အဲဒီလို လူတစ်ယောက်
မင်းအဖေ ဖြစ်ခဲ့တာ
ကမ္ဘာမြေရဲ့ ကျီစယ်မှုတစ်ခုလား။

မင်းရဲ့ အဖေက
မင်းရဲ့ ရယ်မောသံကို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားခဲ့သူ
မင်း မျက်လုံးတွေရဲ့ အရောင်ကို
ဖမ်းယူဆုပ်ကိုင်ဖို့ မကြိုးစားခဲ့သူ
တတိယအရွယ်ရောက်တဲ့အခါ
သမီးဖြစ်သူရဲ့ လက်ကိုတွဲလို့
ဆည်းဆာချိန်မှာ လေညင်းခံရတဲ့အရသာကို
သိနိုင်မစွမ်းသူ
အဲဒီလူတစ်ယောက် မင်းအဖေ ဖြစ်ခဲ့တာ
ဘုရားသခင်ရဲ့ ဖန်ဆင်းမှုလား။

ဒါပေမဲ့ ဖာစီယာ
လက်တွေ့ဟာ
သွေးကြောကိုလွန်ပြီး
အရိုးထိအောင် စိုက်တဲ့ဓား
အချိန်တန်လို့
အခန်းတံခါးကို ဖွင့်တဲ့အခါ
အခန်းထဲမှာ မြွေတစ်ကောင်က ခွေလို့

ဖာစီယာ
အနားကို ဖြည်းဖြည်း တိုးစမ်းပါ
နားကို အံကြိတ်ရင်း ကြိုးစား ပိတ်လိုက်ပါ
နို့နံ့မစင်သူရဲ့ ဘေး
မွှေးပွ ၀က်ဝံရုပ်ကလေး ရှိရမယ့်အချိန်
တစ်ရေးနိုးချိန် သူမ စမ်းမိတာက
အေးစက်နေတဲ့ မြွေတစ်ကောင်တဲ့။

မေတ္တာတရားဆိုတာ
အခါတစ်ပါးမှာ ခါးတတ်သလား

မင်းအဖေရဲ့
ဆင်းရဲမွဲတေမှု ကုန်တိုက်ပေါ်မှာ
မင်းဟာ အနုပျိုဆုံး
ဈေးခေါ်လို့ကောင်းတဲ့ အရောင်းသွက် ပစ္စည်း

မင်းအဖေရဲ့
ချိနဲ့တဲ့ ဦးနှောက်စက်ရုံအတွက်
မင်းဟာ အကောင်းဆုံးနဲ့ တစ်ခုတည်းသော ထုတ်ကုန်

အဲဒီညက
အသက်ပြင်းပြင်းရှူရင်း
အသက်ဆယ့်တစ်နှစ်သမီးဟာ
အခန်းမီးကို ဘယ်လို ပိတ်ခဲ့သလဲ။

ကိုယ်ပေါ် ဖြတ်ကြိတ်သွားတဲ့
မီးရထားသံအောက်မှာ
မင်းဟာ ဘယ်အရာကို ဆွဲယူ ဆုပ်ကိုင်ခဲ့သလဲ

ခုတော့ မွေးခန်းထဲ
နှစ်ထပ်သင်္ဘောမြုပ်သလို
အလဟဿ
ပျက်ကျသွားတဲ့ သားအိမ်တစ်လုံးရယ်
ငါတို့ရဲ့ ဆွံ့အမျက်လုံးတွေရယ်

အဲဒီညနေထဲ
လွင့်လာတဲ့ လေလှိုင်းဟာ အညိုအမည်းစွဲလို့
ငါတို့ဟာ အပြိုပြိုအလဲလဲနဲ့ ကွဲပြဲလို့။

မိသားစုဆိုတာ
တစ်ယောက်နာရင် တစ်ယောက် လျှာနဲ့ သပ်လို့
တစ်ယောက်ဆာရင် တစ်ယောက် ဖဲ့လို့
တစ်ယောက်လဲရင် တစ်ယောက် ထူရင်း
တစ်ယောက်လောင်ရင် တစ်ယောက် ငြှိမ်းရင်း
ခုတော့ ငါတို့ဟာ
ဆင်းရဲတွင်းကို လုံးလုံး ပုံချလိုက်မယ်။

အဲဒီတောင်ကြောဟာ မတ်စောက်တဲ့ တောင်ကြော
အဲဒီဒဏ်ရာက ကမ္ဘာပတ်တဲ့အနာ
အဲဒီခရီးဟာလည်း
သမိုင်းဦးအစ အသက်ရှည်ကြာခဲ့လေတော့
ငါတို့ဟာ လုံးလုံး ပုံချလိုက်ကြမယ်။

ဖာစီယာ
ငါတို့ဟာ သိပ်တိုးတက် ယဉ်ကျေး
ငါတို့ဟာ ကြောက်ခမန်းလိလိ အောင်မြင်
ငါတို့ဟာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာ
ငါတို့ဟာ ဒီလိုနဲ့ မင်းကို ထားစရာ ရှာမရ ဖြစ်ခဲ့ပေါ့။

ငါတို့ကမ္ဘာက
ကလေးတစ်ယောက်ကို
သူဆွဲနေတဲ့ ပုံတွေ
ပြီးမြောက်အောင် ဆေးရောင်ခြယ်ခွင့် မရှိတဲ့ ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အိတ်ကိုယ်ဖိရင်း
မျက်လုံးမှေးစင်းနေတတ်တဲ့ ကမ္ဘာ
ငါတို့ကမ္ဘာက
ကိုယ့်အနာ ကိုယ်ဖိရင်း
ဘယ်ကိုမှ မကြည့်နိုင်တဲ့ ကမ္ဘာ

အဲဒီကမ္ဘာမှာ
သမိုင်းဝင် အောင်မြင်မှုအဖြစ်
ငါတို့ မင်းကို အခု အလံစိုက်မယ်

ဖာစီယာ။
သံသရာအဆက်ဆက်
နောက်တစ်ခါ လူပြန်ဖြစ်ရင်
ဒီကမ္ဘာကို မလာနဲ့
မင်းဟာ လူသားအဖြစ် အပြစ်ရှိလို့
နောက်တစ်ခါ ဒီကမ္ဘာကို မလာနဲ့
လွတ်ရာ ကျွတ်ရာ
တခြားကမ္ဘာတစ်ခုမှာ
အဆုံးမသတ်ရသေးတဲ့ ပုံတွေကို
ဆက်ပြီး ဆေးရောင်ခြယ်ပါ
ကစားကွင်းထဲက စိမ်းလန်းမြက်ခင်းတွေပေါ်
ရယ်မောပြေးလွှားပါ

ညရောက်တဲ့အခါ
ကြယ်တွေကို လွယ်လို့
လရောင်ကို သီချင်းလုပ်ဆိုရင်း
လေညင်းကို နားစွင့်နိုင်စေကြောင်း
တိမ်တွေပြိုဆင်းနေတဲ့
ရာစုသစ်အ၀င် ညနေစောင်းမှာ

မင်းကိုငါ ခေါင်းလောင်းထိုးလိုက်တယ်

ဖာစီယာ

အလ္လာကောင်းခြီးပေးပါစေ။

[ဖာစီယာ - အသက် ၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူ၏ ရောင်းစားမှုဖြင့် မိမိထက် အသက် ၂၄ နှစ်ကြီးသူနှင့် လက်ထပ်ခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်တွင် မီးဖွားရင်း သွေးလွန်သေဆုံးခဲ့ရသည့် ယီမင်နိုင်ငံသူ။]

အေးမင်းစော

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...