Saturday, September 3, 2011

နိုင်ငံရေးပညာမိတ်ဆက် [ ၃ ]

by The River Club on Saturday, September 3, 2011 at 3:31pm


လူငယ်နှင့် နိုင်ငံရေး အစိုးရနှင့် ဒီမိုကရေစီ -  ဘုန်းသက်ပိုင်


ဥရောပမှာ မြေရှင်ခေတ် ချုပ်ငြိမ်းသွားရာမှာ အကြောင်းအချက်ပေါင်းများစွာ ပေါင်းဆံဖြစ်ပျက်ခဲ့ရတာပါ။ မြေရှင်ပဒေသရာဇ်တွေထဲက လုပ်ရည်ကိုင်ရည်းလည်းရှိ၊ ကျူးကျော်ရန်လိုတဲ့ စိတ်လည်းရှိတဲ့ မင်းတွေဟာ ကျယ်ပြန့်လှတဲ့ နယ်မြေတွေကို ပိုင်ဆိုင်လာခဲ့ကြပြီး ဒီမြေတွေရဲ့ အကြွင်းမဲ့အရှင်သခင်တွေအဖြစ် သူတို့ကိုယ်သူတို့ မှတ်ယူခဲ့ကြတယ်။ ဒါယာနိုင်ငံတော်၊ အင်ပါယာဆိုတဲ့ အသိအမြင်၊ အဓိပ္ပာယ်မျိုးဆိုတာထက်၊ နယ်မြေပိုင်ဆိုင်မှုအပေါ်မှာ အခြေခံဖြစ်ပေါ်လာတဲ့ မြေရှင်ပဒေသရာဇ်ခေတ်ရဲ့ အသိအမြင်၊ အဓိပ္ပာယ်မျိုးနဲ့ပါပဲ။
သူတို့ဟာ သူတို့နဲ့ အပြိုင် တခြားမြေရှင်ပဒေသရာဇ်တွေကို အောင်နိုင်ခဲ့ကြတယ်။ ပြီးတော့ မြေရှင်အရှင်သခင်ရဲ့ လုပ်ပိုင်ခွင့်တွေကို လက်ခံခဲ့ကြတယ်။ မိခင်၊ ဖခင်ဘက်က ပိုင်ဆိုင်မှုတွေ၊ မြေရှင်အရိုက်အရာတွေကို အမွေဆက်ခံခဲ့ကြတယ်။ ကျယ်ပြန့်လာတဲ့ နယ်မြေပိုင်နက်တွေအတွက် ဝန်ဆောင်ဖြည့်ဆည်းမှုတွေ၊ ကူးသန်းရောင်းဝယ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြတယ်။ တခြားက မြေရှင်မျိုးရိုးတွေနဲ့ လက်ဆက်တာမျိုးတွေကိုလဲ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့ထဲက အနည်းစုလေးကတော့ သူတို့ကိုယ်သူတို့ ဘုရင်တွေအဖြစ် ခံယူနိုင်လောက်အောင် အရည်အချင်းရှိသူတွေ ဖြစ်ကြတယ်။ ဒါပေမယ့် အစပိုင်းမှာတော့ သူတို့ဟာနိုင်ငံရေးအရ အုပ်စိုးသူဆိုတဲ့ အသိမျိုးထက် မြေရှင်ခေတ်ရာတူးအဆင့်ဆင့်ထဲက ထိပ်ဆုံးမှာရှိနေတယ်ဆိုတဲ့ အသိမျိုးနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း အဲဒီမြေရှင်ပဒေသရာဇ်တွေ၊ နယ်စားပယ်စားတွေဆီ ခိုလှုံလာခဲ့ကြတဲ့ တိုင်းသူပြည်သားတွေအတွင်းမှာ ဘုံဘာသာစကားတစ်ရပ်၊ ဘုံယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်မှုနဲ့ ကုန်ထုတ်လုပ်မှုတွေကနေ ဘုံအကျိုးစီးပွားတွေဟာ ပေါ်ထွန်းလာခဲ့တယ်။ ဒီလိုနဲ့ ‘ဘုံအစိုးရ’ ဆိုတဲ့ လိုအင်ဆန္ဒတစ်ရပ်ဟာလည်း စတင်ပေါ်ထွန်းလာခဲ့တယ်။

အဲဒီလို တိုင်းသူပြည်သားတွေ နေထိုင်ကြတဲ့ နယ်မြေအသီးသီးက မြေရှင်ပဒေသရာဇ်တွေဟာ သူတို့ရဲ့ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အမှီခိုကင်းလွတ်လပ်လိုမှုကို တွေ့မြင်ခဲ့ကြတယ်။ ပြီးတော့ ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ဟလည်း မြေရှင်စနစ်မူဘောင်၊ မြေရှင်အသိမျိုးလောက်နဲ့ လုပ်လို့မရတဲ့ အခြေအနေမျိုး၊ မြေရှင်အခေါင်အချုပ်လောက်နဲ့ မလုံလောက်တော့တဲ့ အခြေအနေမျိုးကို ကြုံတွေ့လာကြပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံရေးအရ အုပ်ချုပ်သူ ဘုရင်အဖြစ် အုပ်ချုပ်စေမယ့် လူမှုအရိပ်အမြုံအဖြစ်ကို သူတို့ရဲ့ တိုင်းသူပြည်သားတေါ လိုချင်နေကြတယ်ဆိုတာကိုလည်း သိမြင်ခဲ့ကြတယ်။ အဲဒီနယ်မြေတွေမှာ နေထိုင်ကြတဲ့ တိုင်းသူပြည်သားတေါက သူတို့ဟာ ပြည်သူတစ်ရပ်၊ အမျိုးတူအနွယ်တူ သွေးရင်းသားရင်း ညီအစ်ကိုပြည်သူတစ်ရပ်ဖြစ်တယ်။ သူတို့နေထိုင်ကြတဲ့ နယ်မြေဒေသဟာလည်း သူတို့ရဲ့ အမိမြေဖြစ်တယ်ဆိုတဲ့ အသိတွေဝင်လာခဲ့ကြပါတယ်။ မြေနဲ့တိုင်းသူပြည်သားတွေ (အဲဒီမြေမှာ နေထိုင်ကြသူတွေ) ဟာ နိုင်ငံတစ်နိုင်ငံအဖြစ် အတူတကွ ပေါင်းစည်းခဲ့ကြပါတယ်။ ဒါဟာ တိကျခိုင်မာတဲ့ ဇာတိမြေ၊ တူညီတဲ့ဘဝနေဟန်တွေ၊ အကျိုးစီးပွားတူ လူမှုအရိပ်အမြုံတစ်ခု၊ ပြီးတော့ တခြားနယ်မြေတွေ၊ ဒေသတွေက လူတွေနဲ့ ငါတို့ကွဲပြားတယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ ဘုံလက်ခံယုံကြည်မှုတွေ၊ တန်ဖိုးတွေ၊ မျှော်လင့်ချက်တွေ၊ ကံကြမ္မာကို မျှဝေခံစားမှုတွေ စတဲ့အရာတွေ ဆက်စပ်ဖွဲ့တည်လိုက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

အဲဒီလို လူမှုအဖွဲ့အစည်းထဲမှာ ဘုံအစိုးရတစ်ရပ်၊ အုပ်ချုပ်မှုတစ်ရပ် တည်ထောင်မှုနဲ့ တခြားပြင်ပလွှမ်းမိုးသက်ရောက်မှုတွေကနေ လွတ်ကင်း လွတ်လပ်မှုဟာ ကနေ့ခေါ်ဝေါ်သုံးစွဲနေကြတဲ့ အမျိုးသားနိုင်ငံတော်နဲ့ အမျိုးသားရေးဝါဒဆိုတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့ပါတယ်။
ရှေ့မှာပြဆိုခဲ့တဲ့ လူသားရဲ့ နိုင်ငံရေးဖွဲ့စည်းမှုဖြစ်စဉ်တွေမှာ ဒီလိုအမျိုးသားနိုင်ငံပုံစံလိုမျိုး လုံးဝမပေါ်ထွန်းဖူးခဲ့သေးဘူးလို့ ဆိုရမှာပါ။ ရှေးခေတ်မြို့ပြနိုင်ငံတွေဟာ ဒီအမျိုးသားနိုင်ငံတော်ရဲ့ အရည်အသွေးတချို့တဝက်ကို ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ မြို့ပြနိုင်ငံဆိုတာ အခြေခံအားဖြင့် ဒေသန္တရနိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ တချို့မြို့ပြနိုင်ငံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်နိမိတ်တွေကို ကျော်လွန်ပြီး ကြီးမားတဲ့ အင်ပါယာကြီးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကျယ်ဝန်းတဲ့နယ်မြေဧရိယာတွေနဲ့ တိုင်းသူပြည်သားတွေအတွက် စည်းလုံးညီညွတ်တဲ့ နိုင်ငံရေးဖွဲ့စည်းမှုတွေ ဖွဲ့စည်းတာမျိုးမရှိပါဘူး။ ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့တစ်ခုထဲရဲ့ အောက်မှာတစ်ခုတည်းသော အဆောက်အဦးအဖြစ် အမျိုးမျိုးထွေထွေရှိတဲ့ ပြည်သူတွေအများကြီးကို အတူတကွပေါင်းစည်းထားတာမျိုး မဟုတ်ပါဘူး။ ဒီအတွက် နမူနာထုတ်ပြဖို့ အကောင်းဆုံးကတော့ ရောမအင်ပါယာပါပဲ။ ရောမအစိုးရဟာ ရောမမှာပဲ အခြေစိုက်ပါတယ်။ တခြားနေရာတွေမှာတော့ ရောမကို နာခံရတဲ့ မင်းအစိုးရ(လက်အောက်ခံ အုပ်ချုပ်ရေး) တွေရှိပြီး ရောမက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီဒေသအလိုက် လက်အောက်ခံ မင်းတွေ၊ အုပ်ချုပ်သူတွေဟာ ရောမမြို့က ရောမအစိုးရရဲ့ တစိတ်တပိုင်း မဖြစ်ခဲ့ကြပါဘူး။ ပြီးတော့ အင်ပါယာကြီးရဲ့ လက်အောက်ခံအစိတ်အပိုင်းတွေအတွက် ဘုံအုပ်ချုပ်သူ တစ်ဦးလည်း မရှိခဲ့ပါဘူး။

အမျိုးသားနိုင်ငံတွေမှာတော့ အရွယ်အစားကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူဦးရေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပြည်သူတစ်ရပ်၊ အားလုံးအတွက် အစိုးရ(အုပ်ချုပ်သူ) တစ်ဖွဲ့တည်းပဲ ရှိပါတယ်။ ဒါတင်မက အမျိုးသားနိုင်ငံရဲ့ နိုင်ငံသားတွေဟာ သူတို့ရဲ့ လူမှုရေးနဲ့ နိုင်ငံရေး စည်းလုံးညီညွတ်မှုနဲ့ ပတ်သတ်တဲ့ အသိစိတ်တွေလည်း မြင့်မြင့်မားမားရှိခဲ့ကြပါတယ်။ ပြီးတော့ ဒီကနေ့ မျိုးချစ်စိတ်လို့ ခေါ်ဝေါ်ကြတဲ့ ပြင်းထန်တဲ့ သစ္စာစောင့်သိမှု စိတ်ဓာတ်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေဟာ တစ်သားတည်းဖြစ်နေကြပါတယ်။ ဒီလိုနိုင်ငံရေး လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းရေးအတွက် အထူးတလည် ဇောကပ်ပြင်းထန်မှုမျိုးဟာ အမျိုးသားနိုင်ငံတော်တွေ မပေါ်ထွန်းမီအရင်က မရှိခဲ့ဖူးဘူးလို့ပဲ ဆိုရမှာပါ။
ဥရောပမှာ ပထမဆုံးပေါ်ထွန်းလာတဲ့ အမျိုးသားနိုင်ငံတွေကတော့ အင်္ဂလန်၊ ပြင်သစ်နဲ့ စပိန်ဘုရင့်နိုင်ငံတော်တွေပါပဲ။ တခြားနိုင်ငံတော်တွေဟာလည်း အလျင်အမြန်ပဲ ဆက်တိုက်ပေါ်ထွန်းလာခဲ့ကြတယ်။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်ငါးရာအတွင်း ကမ္ဘာ့နိုင်ငံရေး သမိုင်းဟာ အမျိုးသားနိုင်ငံတွေ ပေါ်ထွန်းလာကြတာနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပဲလို့ ပြောရင်ရပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမျိုးသားနိုင်ငံတွေ ပေါ်ထွန်းလာမှုတို့အပြင် ဒီနေ့အထိလည်း ဒေသအလိုက် အမျိုးသားနိုင်ငံပေါ်ထွန်းရေး ကြိုးပမ်းမှုတွေ တွေ့မြင်နေရဆဲပါ။ အဲဒီနှစ်ငါးရာ ဇာတ်လမ်းရှည်ကြီးထဲ အမျိုးသားနိုင်ငံတွေကို ချဲ့ထွင်မှုတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ ပုံစံအမျိုးမျိုးနဲ့ အသွင်ပြောင်းလဲမှုတွေ အတောမသတ် ပါဝင်ခဲ့ကြပါတယ်။ ပထမဆုံး ပေါ်ထွန်းလာတဲ့ အမျိုးသားနိုင်ငံတွေရဲ့ အုပ်ချုပ်ရေးပုံစံကတော့ သက်ဦးဆံပိုင် ဘုရင်စနစ်ပါ။ အဲဒီဘုရင်ဟာ မြေရှင်ခေတ်ရဲ့ သင်္ကေတမြေအားလုံး ပိုင်ဆိုင်သူရဲ့ နိုင်ငံရေးအရ အထွက်အထိပ်အဖြစ်ဆုံး အခွင့်အာဏာကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အကြွင်းမဲ့ အာဏာအရပ်ရပ်ကို ချုပ်ကိုင်နိုင်လောက်အောင် ဘုရင်တွေဟာ သူတို့ရဲ့ သြဇာအာဏာနဲ့ အုပ်ချုပ်မှုကို ခိုင်မာတောင့်တင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ သူပိုင်ဆိုင်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာကိုလည်း ဘုရားပေးတဲ့အာဏာ (divine right) လို့ အမြဲလိုလို ဆိုလေ့ရှိကြပါတယ်။ ဒါပေမယ့် ၁၈ ရာစုနဲ့ ၁၉ ရာစုအတွင်းမှာတော့ မကြုံစဖူးကြီးမားလှတဲ့ တော်လှန်ရေးအောင်ပွဲတွေ ပေါ်ထွန်းလာခဲ့ကြပါတယ်။ ဒါကြောင့် အမျိုးသားနိုင်ငံတော် အများစုမှာ ဘုရင်တွေဟာ သူတို့ရဲ့ အကြွင်းမဲ့ အာဏာပိုင်ဆိုင်မှုကို လက်လွှတ်ဆုံးရှုံးခဲ့ကြပါတယ်။ တချို့ဖြစ်ရပ်တွေမှာတော့ သူတို့ဟာ ပလ္လင်ပေါ်က ပြုတ်ကျခဲ့ကြပါတယ်။ ဒီလိုနဲ့ အမျိုးသားနိုင်ငံတော်တွေဟာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးတဲ့နိုင်ငံ ဒါမှမဟုတ် သမ္မတနိုင်ငံတော်တွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်။ ဒီလိုအုပ်ချုပ်ရေးပုံစံပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ ကြုံတွေ့ခဲ့ကြရပေမယ့် အားလုံးဟာ အမျိုးသားနိုင်ငံတော်တွေ အဖြစ်ဆက်လက်တည်ရှိနေခဲ့ကြပါတယ်။ အမျိုးသားရေးဝါဒဟာ အခါအားလျော်စွာ ပေါ်ပေါက်လာတက်တဲ့ တော်လှန်ရေးကာလတွေအတွင်း နစ်မြုပ်ပျောက်ဆုံးမသွားခဲ့တော့ပါဘူး။

အခုတင်ပြခဲ့တဲ့ အမျိုးသားရေးဝါဒအရ ပြည်သူတစ်ရပ်လုံးဟာ သီးခြားကွဲပြားတဲ့ လူမှုရေးဥပဓိရုပ်ကို ပိုင်ဆိုင်လိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာစေပါတယ်။ ပြီးတော့ လွတ်လပ်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ် တည်ထောင်ပြီး အဲဒီဆန္ဒကို လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ ကြိုးပမ်းလိုစိတ်တွေကို စေ့ဆော်ပေးခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်ရာအတွင်း (ဒီကနေ့ ဂလိုဘယ်ခေတ်အထိ) အမျိုးသားရေးဝါဒဟာ တကယ်လက်ရှိတည်ရှိနေတဲ့ အမျိုးသားနိုင်ငံတွေထက်ကို ကျော်လွန်ပြီး ပျံ့နှံ့ခဲ့ပါတယ်။ အမျိုးသားရေး လှုပ်ရှားမှုတွေဟာလည်း ဖြစ်ပေါ်လာခဲ့ကြပြီး တချို့ကတော့ လွတ်လပ်တဲ့ အမျိုးသားနိုင်ငံတော်တွေအဖြစ် ပေါ်ထွန်းလာခဲ့ကြပါတယ်။

နိုင်ငံတော်ရဲ့ အခြေခံ လက္ခဏာရပ်များ

ဒီနေ့အထိ အမျိုးသားနိုင်ငံတော်တွေ ပေါ်ထွန်းလာပုံကို သဘောပေါ်ရုံလောက် အကျဉ်းချုပ်တင်ပြခဲ့ပါတယ်။ ဒီအတွက် သမိုင်းဖြစ်စဉ်တွေ အခြားလိုအပ်တဲ့ အချက်အလက်အသေးစိတ်ကို ခြုံငုံပြီး ယေဘုယျသဘောပဲ ပြောခဲ့ရပါတယ်။ ဥရောပမှာ ခရစ်ယာန်ဘာသာစိမ့်ဝင်ပျံနှံ့တာနဲ့ တပြိုင်နယ်ထဲ မြေထဲပင်လယ်တစ်လျှောက်မှာ အစ္စလာမ်ဘာသာယဉ်ကျေးမှုဟာ အေဒီ ၇ ရာစုမှာ ထွန်းကားလာတာ နောက်သီးခြားပြောရမယ့် အရှေ့တိုင်းကတရုတ်၊ အိန္ဒိယအင်ပါယာကြီးတွေဟာ သီးခြားပုံစံတွေနဲ့ (အတွင်းပိုင်း ပဋိပက္ခတွေများစွာ ရှိခဲ့ပေမယ့်) အခိုင်အခန့်တည်ရှိခဲ့ကြတာ၊ တရုတ်ဆိုလျှင်၂၀ ရာစုဆန်းတဲ့အထိ နှစ် ၄၀၀၀ လောက် ရပ်တည်ခဲ့တာ၊ နောက် ဥရောပမှာဆိုရင် နှစ် ၂၀၀ လောက်ဖြစ်ခဲ့ကြတဲ့ ခရူးဆိတ်စစ်ပွဲတွေ နှစ်တစ်ရာနှင်းဆီစစ်ပွဲ၊ နောက်နှစ်သုံးဆယ်စစ်ပွဲနဲ့ ဒီကနေ့အထိ နိုင်ငံတကာဆက်ဆံရေးမှာ သြဇာကြီးနေဆဲ ဝက်စဖေးလီးယား ငြိမ်းချမ်းရေးစာချုပ်၊ ပြီးတော့ နိုင်ငံရေးဖြစ်ပေါ်မှုမှာ အရေးကြီးတဲ့ ကျောင်းတော်နဲ့ ဘုရင်ရဲ့ အာဏာလွန်ဆွဲမှု၊ လောကီရေးသက်သက်အမြင်တွေ သြဇာကြီလာတာ၊ ပရိုတက်စတင်းဘာသာပေါ်ထွန်းလာတာ၊ နည်းပညာတိုးတက်မှုနဲ့အတူ ကုန်ထုတ်အတတ်တွေ၊ ကူးသန်းရောင်းဝယ်မှုတွေ၊ ကူးလူးဆက်ဆံမှုတွေ ပြောင်းလဲကုန်ကြတာ၊ နောက်စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတက်တွေလည်း လိုက်ပါ ပြောင်းလဲလာကြတာ စတာတွေကို ယေဘုယျသဘောပဲ ခြုံငုံပြောနိုင်ခဲ့ပါတယ်။

အခုတော့ အဲဒီလို ပေါ်ထွန်းလာတဲ့ ခေတ်သစ်နိုင်ငံတော်တွေရဲ့ အခြေခံလက္ခဏာရပ်တွေကို တင်ပြလိုပါတယ်။ နိုင်ငံတော်တစ်ရပ်ဟာ ပိုက်နက်နယ်မြေ၊ တိုင်းသူပြည်သားတွေ၊ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း (အစိုးရ)နဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုတွေနဲ့ ပြည့်စုံရပါမယ်။ နိုင်ငံတော်ဆိုတာ နိုင်ငံရေးအရ စနစ်တကျဖွဲ့စည်းထားတဲ့ ယူနစ်တစ်ခုပါပဲ။ ဒါကြောင့် နိုင်ငံတော်တစ်ရပ်ဟာ တခြားနိုင်ငံတစ်ခုခုရဲ့ အစိတ်အပိုင်းမဖြစ်ရ၊ မဖြစ်နိုင်သလို၊ မိမိနိုင်ငံရဲ့ တစ်စိတ်တပိုင်းဟာလည်း တစ်ခြားနိုင်ငံတစ်ခုခုရဲ့ သြဇာလွှမ်းမိုးမှုမရှိရ၊ မရှိနိုင်ပါဘူး။ ဒီနိုင်ငံတော်ရဲ့ အခြေခံလက္ခဏာရပ်တွေဟာ ဘယ်လိုမတူကွဲပြားတဲ့ နိုင်ငံရေးစနစ်တွေကိုပဲ ကျင့်သုံးကျင့်သုံး ယေဘုယျရှိရမယ့် လက္ခဏာရပ်တွေပါပဲ။ ဒါကြောင့် နိုင်ငံတော်ရဲ့ လက္ခဏာရပ်တွေကို အနည်းငယ် အကျယ်ချဲ့ရှင်းပြလိုပါတယ်။ ပထမဆုံးလက္ခဏာရပ်က ပိုင်နက်နယ်မြေပါ။ ပြောရရင် နယ်နိမိတ်ပေါ့။

နိုင်ငံတစ်နိုင်ငံဟာ တိကျခိုင်မာတဲ့ တည်နေရာရှိရပါမယ်။ ခေတ်သစ်နိုင်ငံတော်တွေရဲ့ နယ်နိမိတ်တွေဟာ စတုရန်းမိုင် နည်းနည်းလေးကနေ မိုင်သန်းချီတဲ့အထိ အမျိုးမျိုးရှိနိုင်ပါတယ်။ ရှေးခေတ်နဲ့ အလယ်ခေတ်ကာလတွေမှာလည်း သေးငယ်တဲ့ မြို့ပြနိုင်ငံတွေဟာ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံတွေ၊ အင်ပါယာတွေနဲ့ အတူယှဉ်တွဲနေထိုင်ရပ်တည်ခဲ့ကြတာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေဆိုရာမှာ မြေမျက်နှာသွင်ပြင်တင်မက ပင်လယ်ရေပိုင်နက်နဲ့ ဝေဟင်ပိုင်နက်တွေပါ ခြုံငုံအကျုံးဝင်ပါတယ်။
နောက်လက္ခဏာတစ်ခုကတော့ အဲဒီနယ်မြေပိုင်နက်မှာ အခြေချနေထိုင်ကြတဲ့ နိုင်ငံသား (တိုင်းသူပြည်သား)တွေရှိရမယ်ဆိုတာပါပဲ။ နိုင်ငံသားဆိုတာ မရှိရင် နိုင်ငံတော်ဆိုတာလည်း မရှိနိုင်တာ သေချာပါတယ်။ နယ်မြေပိုင်နက်တစ်ခုမှာ လူတစ်စုလောက်လေး အတူတူ စုဝေးနေထိုင်တာမျိုးကိုလည်း နိုင်ငံတော်လို့ မဆိုလောက်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ လူအများအတူတူ စုပေါင်းနေထိုင် နိုင်လောက်အောင် အဲဒီလူတေါကြား လူမှုဆက်ဆံရေး အရည်အသွေးတွေ ဖွံ့ဖြိုးတည်ရှိရပါမယ်။ ဒါဆိုနိုင်ငံတစ်နိုင်ငံလို့ သတ်မှတ်ခံရဖို့ လူဦးရေဘယ်လောက်များများနေထိုင်ရမှာလဲလို့ မေးစရာရှိပါတယ်။

နိုင်ငံတစ်နိုင်ငံတည်ထောင်ဖို့ လိုအပ်တဲ့ နိုင်ငံသား(တိုင်းသူပြည်သား) အရွယ်အစားရဲ့ အမြင့်ဆုံး၊ အနိမ့်ဆုံး အကန့်အသတ်ကို သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ အိန္ဒိယ၊ တရုတ်လို လူဦးရေ ဘီလျံချီပြီးရှိတဲ့ နိုင်ငံတွေရှိသလို၊ နိုင်ငံသား ထောင်ဂဏန်း၊ သောင်းဂဏန်းလောက်သာရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းဆောင်ရည်ကို လူဦးရေ အနည်းအများအရေအတွက် သက်သက်ကိုပဲ ကြည့်ရှုလေ့ မရှိကြပါဘူး။ အဲဒီနိုင်ငံရဲ့ နိုင်ငံသားရဲ့စိတ်ပိုင်း၊ အကျင့်စာရိတ္တပိုင်း၊ ရုပ်ပိုင်းလက္ခဏာရပ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းဆောင်ရည်ကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြဌာန်းနေပါတယ်။
တတိယအချက်ကတော့ အဲဒီပိုင်နက်နယ်မြေရဲ့ ပြည်သူပြည်သားတွေ ကိုယ်စားနိုင်ငံတော်ရဲ့ အရေးကိစ္စကို ဆောင်ရွက်မယ့် စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိရပါမယ်။ ဒါဟာနိုင်ငံတစ်ရပ်အတွက် အရေးကြီးတဲ့ မရှိမဖြစ်အရာတစ်ခုပါ။ ဒါကို အစိုးရလို့ သတ်မှတ်ခေါ်ဝေါ်လေ့ ရှိကြပါတယ်။ အစိုးရဟာ သူ့ရဲ့ညွှန်ကြားချက်တွေကို လေးစားလိုက်နာကြဖို့ အမိန့်ပေးနိုင်တာမျိုး လုပ်ပိုင်ခွင့်ရှိရပါမယ်။ အစိုးရဆိုတာ နိုင်ငံတော်က အကျိုးတစုံတရာရှိစေလိုတဲ့ ပေါ်လစီတွေကို ကိုယ်စားဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတဲ့ ယန္တရားတစ်ခုပါ။ ဒါကြောင့် အစိုးရရဲ့ လုပ်ပိုင်ခွင့်ဟာ နိုင်ငံတော်ကနေ ဆင်းသက်လာတာပါ။ တကယ်တော့ အစိုးရကို လူမှုရိပ်မြုံရဲ့ သာယာဝပြောရေးကို အာမခံချက်ရှိစေဖို့ တည်ထောင်ပြီး လုပ်ပိုင်ခွင့်တွေကို အပ်နှင်းထားတာပါ။ အစိုးရတစ်ခုဟာ သူ့သဘာဝအရ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေရဲ့ ရလာဒ်အဖြစ် ဒါမှမဟုတ် တော်လှန်ရေးတစ်ရပ်ရဲ့ ရလာဒ်အဖြစ်နဲ့ တခြားတစ်ခုနဲ့ အစားထိုးပစ်နိုင်ပါတယ်။ နိုင်ငံတော်က တည်မြဲပေမယ့် အစိုးရကတော့ ပြောင်းလဲနေလေ့ ရှိပါတယ်။

နောက်ဆုံးအချက်ကတော့ အချုပ်အခြာအာဏာပိုင်စိုးမှုပါ။ ဒါဟာ နိုင်ငံတစ်ခုရဲ့ အထူးခြားဆုံး အရည်အသွေးလို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတော်တစ်ရပ်ဟာ သူ့နယ်နိမိတ်အတွင်း နေထိုင်ကြသူတွေ အားလုံးအပေါ် ညွှန်းကြားချက်တွေ ထုတ်ပြန်နိုင်ပြီး လိုက်နာကျင့်သုံးစေနိုင်တာပါ။ ဒါကိုအချုပ်အခြာ အာဏာပိုင်စိုးမှုလို့ ခေါ်ပါတယ်။ လူသားတွေရဲ့ အမျိုးမျိုးထွေထွေသော လုပ်ဆောင်မှုတွေကို ထိန်းကြောင်းပေးနိုင်ဖို့ အခွင့်အာဏာတစ်ရပ် လိုအပ်ပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး အပြုအမှုတွေနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းဥပဒေတွေကို ပြဌာန်းတဲ့ လိုက်နာကျင့်သုံးစေတဲ့ အခွင့်အာဏာဟာ နိုင်ငံတစ်ရပ်ရဲ့ အသက်သွေးကြောပဲ ဖြစ်ပါတယ်။
တခြားနိုင်ငံတွေနဲ့ ဆက်ဆံရာမှာတော့ အချုပ်အခြာအာဏာဆိုတဲ့ အယူအဆဟာ ပြင်ပက ဘယ်လိုပုံစံမျိုးနဲ့မဆို ထိန်းချုပ်မှုကနေ လွတ်ကင်းတာကို ရည်ညွန်းပါတယ်။ ပြင်ပထိန်းချုပ်မှု တစ်ခုခုကနေ လွတ်လပ်မှုအရသာ ဒီနိုင်ငံ၊ ဒီလူ့အဖွဲ့အစည်းဟာ တကယ့်လွတ်လပ်တဲ့ နိုင်ငံတော်တစ်ရပ်ဖြစ်နေသလား၊ မဖြစ်နေဘူးလားဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ ဒီနေ့အထိ အလေးထားပြောနေကြဆဲရှိတဲ့ အချက်တစ်ခုပါ။
ဒါပေမယ့် ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာတော့ ဒီအချုပ်အခြာအာဏာပိုင်မှုအပေါ် အမြင်သစ်တွေနဲ့ ချဉ်းကပ်မှုတွေ ရှိလာကြပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအပေါ် ဘယ်အတိုင်းအတာအထိ လေးစားရမယ်၊ ဘယ်အတိုင်းအတာမှာတော့ လေးစားစရာမလိုဘူးဆိုတာတွေအပေါ် ပညာရှင်တွေ အငြင်းအခုန်ဖြစ်နေကြရပါတယ်။ သေချာတာကတော့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဟာ ယဉ်ကျေးတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ သဟဇာတဖြစ်စွာ နေထိုင်ရမယ်ဆိုတဲ့ အပေါ်မှာတော့ ကွဲပြားမှုရှိမနေကြပါဘူး။ ဒီအပိုင်းဟာ နိုင်ငံရေးသိပ္ပံပညာရပ်မှာ အရေးကြီးလို့ အခြေအနေပေးရင် သီးခြားအကျယ် ဆွေးနွေးပါဦးမယ်။


Ref: - Political Evolution P-21-38, from The American Prblem of Government by Chester C. Maxey
-       Politic by Peter Joyee
-       Introduction of Politics by Benogendra Nath Banerjea

[The River Club ]
http://www.facebook.com/pages/The-River-Club/147259038667129?sk=app_192229990808929

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...