Monday, September 12, 2011

ကုသိုလ်ဆိုတာ အခွင့်အလမ်းလား? စိန်ခေါ်မှုလား?

by Khin Maung Nyo on Monday, September 12, 2011 at 2:53pm


          လွန်ခဲ့တဲ့ နှစ်နှစ်လောက်က၊ နိုင်ငံခြားရေးဝန်ကြီးဌာန အခြေခံ သံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းမှာ ဆုံခဲ့ဘူးတဲ့ မိတ်ဆွေတစုနဲ့၊ ကျိုက်ထီးရိုးဘုရား သွားကြတယ်။ ရည်ရွယ်ချက်က၊ မိုးတွင်းကာလ၊ ၀ါတွင်းကာလမှာ၊ ဆွမ်းကွမ်းရှားပါးနိုင်တဲ့ ကျိုက်ထီးရိုးတောင်တော်ဝန်းကျင် တ၀ိုက်က ဘုန်းတော်ကြီး ကျောင်းတွေကို၊ ဆွမ်းဆန်တွေ၊ ဆီတွေ သွားလှူကြဖို့ပါ။ မိုးတွင်းကြီး ဘာသွားလုပ်ကြလဲဆိုတဲ့ မေးခွန်းကို အတော်အမေးခံရတော့၊ မိုးတွင်းမို့ သွားတာပဲလို့၊ အတိုဆုံးဖြေရပါတယ်။ စိန်ခေါ်မှုလား၊ အခွင့်အလမ်းလားလို့ မေးရင် ဒါပဲလေ။ မိုးတွင်းမှာသွားရလို့၊ စိန်ခေါ်မှုဖြစ်သလို၊ ရှားပါးနေတဲ့အချိန် လှူဒါန်းဖို့ အခွင့်အလမ်းတစ်ခုလဲ ဖြစ်ပါတယ်။

          ပထမဆုံးအကြိမ် သွားတဲ့ခရီးက၊ ဟိုက၀ိုင်း၊ ဒီက၀ိုင်းနဲ့ ပထမဆုံး အကြိမ်ဆိုတော့၊ တချို့ဘုန်းတော်ကြီးကျောင်းတွေမှာ၊ ဆန်အိတ်တွေ၊ ကိုယ့်ဖာသာ ထမ်းတင်ရတဲ့အထိ လုပ်ခဲ့ကြတာ မှတ်မိနေတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ၊ ညဘက် (၁၂)နာရီ ကားထွက်တော့၊ တညလုံးအိပ်ရေးပျက်၊ တနေ့လုံး ပင်ပန်းတော့မှာပဲလို့ တွက်ထားတယ်။ တကယ်တမ်းကျတော့၊ ညဘက် ကားပေါ်မအိပ်တတ်လို့ အိပ်ရေးပျက်တာ မှန်ပေမယ့်၊ နေ့ဘက်မှာ နားနားနေနေ နေခွင့်ရပါတယ်။

          အသွားကတည်းက၊ ကားတစီး သပ်သပ်ငှါးထားတယ်။ ကားခကို သွားတဲ့သူတွေက စုထည့်ကြတယ်။ သွားလာရေး၊ စားရေးသောက်ရေး၊ တည်းခိုရေး၊ လှူဒါန်းရေးကိစ္စတွေအားလုံး သေသေချာချာ စီစဉ်ပြီးသား။ ကျိုက်ထိုရောက်တော့ နံနက် (၅) နာရီတောင် မထိုးသေး။ ကိုယ်လက်သုတ်သင်ပြီး၊ နံနက်စာစား။ ဆန်အတော်များများကိုလဲ ဒေသခံမိတ်ဆွေတွေက ၀ယ်ခြမ်းပြီး၊ ကားပေါ်အရောက်တင်ပေးထားတယ်။ ကိုယ်ကငွေချေရုံပဲ။
          ကားတစ်စီးဆန်အိတ် (၄၀)နှုန်းနဲ့ ကား (၃)စီး၊ ဆီ၊ ဆား၊ ကြက်သွန်ကအစ လက်နှိပ်ဓါတ်မီး၊ အပ်နဲ့အပ်ချည်အဆုံး၊ စုစုပေါင်း သိန်း (၅၀)ကျော်ဖိုး။ တကျောင်းတကျောင်းကို၊ ဆွမ်းဆန်စိမ်းအပြင်၊ န၀ကမ္မချည်းကိုက (၂) သောင်းကျော်။
          ခရီးသည်တွေက၊ ဈေးဝယ်တဲ့သူတွေ ဈေးဝယ်နေချိန်မှာ၊ ရေမိုးချိုးအနားယူ၊ နေ့လည်စာစားကြ။ ကားတစီးကရှေ့ပြေးတက်သွားပြီး၊ ရင်ပြင်ကျောင်းက ဆရာတော်ကို လျှောက်လိုက်တော့ ကိုယ်ကလုပ်အားခ ထုတ်ပေးရုံပဲ။ သူ့အစီအစဉ်နဲ့သူ သယ်ကြတယ်။ မိုးစိုမှာစိုးလို့၊ တာလပတ်တွေ ကြိုတင်ပြင်ဆင်ထားပေမယ့် လှူဘွယ်ပစ္စည်းတွေအားလုံး၊ မိုးလွတ်တယ်။ ဘုရားတန်ခိုးတော်ပေပဲ။

          ကျိုက်ထီးရိုးဘုရားကို ဖူးချင်တဲ့စိတ်က စောနေလေတော့၊ ရှေ့ဆုံးကထွက်တဲ့ကားနဲ့ လိုက်သွားတယ်။ တောတွေ တောင်တွေ ရှုခင်းတွေက တကယ့်ရင်သတ်မဆုံး၊ ရှုမဆုံးပဲ။ ကားပေါ်မှာ အထိုင်ကျအောင် ကြိုးစားရင်း၊ ရသမျှ လိုက်ဓါတ်ပုံရိုက်တယ်။ တောင်ထိပ်ရောက်တော့ မြူတွေဆိုင်းနေလို့၊ ချက်ချင်း ဘုရားကို မတွေ့ရဘူး။ ပါလာတဲ့ ပရိသတ်တွေကလဲ၊ လှူဘွယ်တွေအများကြီးပဲ။ စာသင်နေကြတဲ့ ကိုရင်လေးတွေအတွက် ဗလာစာအုပ်တွေ၊ စာရေးကိရိယာတွေ၊ ၀ါဆိုသင်္ကန်းတွေ၊ န၀ကမ္မတွေကိုက နည်းနည်းနောနောမဟုတ်။ လက်ချည်းလာ၊ လက်ချည်းပြန်တာဆိုလို့၊ ကိုယ်လောက်ပဲ ရှိပုံရပါတယ်။
          မိုးတွေစဲသွားတော့၊ တိမ်တွေက၊ ကိုယ့်အောက်ရောက်။ တခါတခါတော့လဲ မိုးရွာရင် မြူတွေတိမ်တွေက ဆင်းလာ၊ ကိုယ်ကမြူတွေ တိမ်တွေကြားရောက်လို့။ ကိုယ့်ထက်နိမ့်တဲ့ နေရာရောက်နေတဲ့ တိမ်တွေ၊ အဝေးမှာတွေ့ရတဲ့ တိမ်တွေ၊ ရှုခင်းတွေကလဲ ရှုလို့မဆုံး။ ဘုရားရင်ပြင်တော်ပေါ် ငြိမ်ငြိမ်မနေနိုင်။ ကိုယ့်ပါလာတဲ့ကင်မရာ အစုတ်လေးနဲ့ လိုက်ပြီး ဓါတ်ပုံရိုက်နေမိတယ်။

          အိမ်ပြန်ရောက်တော့၊ သမီးက အဖေအရင်တ ခေါက်တုံးကလဲ၊ တိမ်တွေပါလိုက်ပြီး ဓါတ်ပုံရိုက်နေတာပဲလို့ ဝေဖန်ပါတယ်။ ဟုတ်မှာပေါ့ သမီးရယ်။ ပုဂံတို့၊ ကျိုက်ထီးရိုးတို့ဆိုတာ၊ ဓါတ်ပုံအလွန်ရိုက်ကောင်းတာ၊ ဘယ်နှစ်ခေါက်ရောက်ရောက်၊ ဘယ်နှစ်ခါသွားသွား၊ မရိုက်ပဲ မနေနိုင်အောင်၊ ဆွဲဆောင်မှုကြီးမားတယ်။ ပြည်ပခရီးက တောတွေ တောင်တွေ သွားရင်တောင် ကျိုက်ထီးရိုးလမ်းကို လွမ်းတယ်။
          ငယ်ငယ်က ဖတ်ဘူးတဲ့ ဦးဖိုးကျားရဲ့ ၀တ္ထုတိုတွေထဲက “ဘုရားဖူးသွားခြင်း” ဆိုတဲ့ ၀တ္ထုတိုလေးထဲက၊ ဘုရားနဲ့ တွေ့ခဲ့သလား? လို့ ပြန်မေးတာလေး မှတ်မိတယ်။ ဒီအချိန်မှာ၊ ကိုယ်သာဒီမေးခွန်းကို ဖြေရမယ်ဆိုရင်၊ ဘုရားတွေ့ချင်တဲ့သူက ဘုရားနဲ့တွေ့တယ်။ တရားတွေ့ချင်တဲ့သူက တရား၊ သံဃာတွေ့ချင်တဲ့သူက သံဃာ။ သစ်ပင်တောတောင်တွေ့ချင်ရင် သစ်ပင်တောတောင်၊ အုန်းသီးစား၊ အုန်းရည်သောက်ချင်ရင်၊ အုန်းပင်၊ တိမ်တွေတွေ့ချင်ရင်၊ တိမ်၊ ကိုယ်တွေ့ချင်တာ တွေ့နိုင်တယ်။ တွေ့ချင်တာတွေ့ဖို့ဆိုတာ၊ စိန်ခေါ်မှုတခုလဲဖြစ်တယ်၊ အခွင့်အလမ်းတစ်ခုလဲဖြစ်တယ်လို့ ဖြေချင်တာပါပဲ။


ခင်မောင်ညို
(ဘောဂဗေဒ)
(၁၂-၉-၂၀၁၁)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...