Tuesday, September 20, 2011

နိုင်ငံရေး ကကြီးခကွေး

by cherrymyodaw on Tuesday, September 20, 2011 at 6:19pm
 
(၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ လွှတ်တော် အကြောင်း သိကောင်းစရာများ ဖြစ်ပါတယ်။)

Assemblies

တစ်ခါတစ်လေ ပါလီမန်လို့လည်း ခေါ်တယ်။ ဥပဒေပြု ညီလာခံလို့လည်း ခေါ်တယ်။ အစိုးရ အဖွဲ့ထက်စာရင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ ပြည်သူကို တကယ်ကိုယ်စား ပြုသူတွေပါ။ အဲဒီ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ဟာ ပြည်သူတွေရဲ့ ‘လေးစားမှု’ ကိုရမှာ အမှန်ပါပဲ၊ ဒါပေမဲ့ လွှတ်တော်တွေရဲ့ ကဏ္ဍဟာ လျော့ကျလာလို့ ‘စကားပြောဆိုင်’ talking shops တွေလို့တောင် အခေါ်ခံနေရသလို ‘တံဆိပ်တုံး ရိုက်ဖို့ ဆုံးဖြတ်ချက် ချနေကြတာ’ Rubber stamp decision လို့တောင် ပြောခံနေရပါပြီ။


Role of assemblies
လွှတ်တော်အခန်းကဏ္ဍ

(၁) ဥပဒေတွေကို ရေးဆွဲပါတယ်။
(၂) အုပ်ချုပ်ရေး သမားတွေက ဥပဒေနဲ့အညီ အုပ်ချုပ်မှု ပြုကြတယ်။
(၃) တရားစီရင်ရေး သမားတွေက တရားဥပဒေနဲ့ အညီ ကျင့်ကြံဖို့ အားထုတ်တယ်။
အဓိကတော့ အုပ်ချုပ်ရေး တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ဆိုတဲ့ မဏ္ဍိုင် ၃ ရပ်ပါပဲ။ ပါလီမန်ဆိုတာ ပြင်သစ်စကားပါ။ ‘စကားပြောရန်’လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ assemblies ဆိုတာ စကားပြောဖို့ သက်သက် မဟုတ်ပါ။ ဥပဒေပြုဖို့ စကားပြောတဲ့ နေရာပါ။ ဒီတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပေါ်လစီရေးရာတွေကို ဆွေးနွေးဖို့ စိစစ်ဖို့ ဖိုရမ် တစ်ခုဟာ Assembly ပါလို့ ပြောရပါ့မယ်။

Parlimentary systems and Presidential systems.
ပါလီမန်စနစ်နဲ့ သမ္မတစနစ်

နိုင်ငံရေး စနစ်တစ်ခုရဲ့ အဓိက လက္ခဏာဟာ Assembly နဲ့ အစိုးရကြားက ဆက်သွယ်မှုပါ (တစ်နည်း) အုပ်ချုပ်မှု အာဏာနဲ့ ဥပဒေပြုမှု အာဏာ နှစ်ရပ်ကြားက အဆက်အသွယ် လို့လည်း ပြောနိုင်ပါတယ်။ ရှားပါးတဲ့ ကိစ္စတစ်ခု ကတော့ ‘Assembly government’ ခေါ် ‘လွှတ်တော် အစိုးရ’ပါပဲ။ အုပ်ချုပ်ရေး ဥပဒေပြုရေး၊ အာဏာနှစ်ရပ်ကို တစ်နေရာတည်းမှာ စုထားတာပါ။ Robespierre နဲ့ the Jacobins အချိန်တုန်းက (ပြင်သစ် တော်လှန်ရေး ကာလကပေါ့) ဒီလိုစနစ်မျိုး ရှိခဲ့ဖူးပါတယ်။ တကယ်ကတော့ ပါလီမန်စနစ်နဲ့ သမ္မတစနစ် နှစ်မျိုးကိုပဲ ပီပီပြင်ပြင် သာဓက ပြရမှာပါ။
ပါလီမန်အစိုးရ ဆိုတာကတော့ UK ပါလီမန်ပါပဲ။ ဝက်စ်မင်စတာ ပါလီမန်လို့လည်း ခေါ်ပါတယ်။ ဂျာမနီ၊ ဆွီဒင်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျ တို့မှာလည်း ပါလီမန်စနစ်ပါပဲ။ ဒီစနစ်ဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အာဏာနှစ်ရပ်ကို ပေါင်းစပ် ကျင့်သုံးတာပါ။ အစိုးရကို ပါလီမန်က ဖွဲ့စည်းပေးပြီး အဲဒီ အစိုးရက ပါလီမန်ကို တာဝန်ခံ ရပါတယ်။ Responsible government (ပါလီမန်က ပေးအပ်တဲ့ တာဝန်ကို ယူရတဲ့ အစိုးရ) လို့ခေါ်ကြပါတယ်။ ပါလီမန်မှာ အစိုးရကို ဖြုတ်ချနိုင်တဲ့ အာဏာ ရှိပါတယ်။
ပါလီမန်စနစ်မှာ အားနည်းပြီး မတည်မငြိမ် အစိုးရတွေ ပေါ်ပေါက်တတ်ပါတယ်။ ဥပမာ- ပြင်သစ်မှာ(၁၉၄၅-၅၈) ၁၂ နှစ် အတွင်း အစိုးရ ၂၅ ဆက် ပြောင်းခဲ့ဖူးပါတယ်။ အီတလီမှာ (၁၉၄၅-၂၀၀၁) ၅၆ နှစ်အတွင်း အစိုးရ ၅၉ ဆက် ပြောင်းခဲ့ ဖူးပါတယ်။
သမ္မတစနစ်မှာတော့ အာဏာကို ခွဲဝေသုံးပါတယ်။ အစိုးရနဲ့ လွှတ်တော်ကို သတ်သတ်စီ ရွေးကောက် တင်မြှောက် ပါတယ်။ ဥပမာ- USA၊ Checks and balances ရှိတယ်လို့ ဆိုတယ်။ ကွန်ဂရက်(လွှတ်တော်)ရယ် တရားစီရင်ရေးရယ် သမ္မတရယ် အာဏာ ၃ ရပ် သတ်သတ်စီ ခွဲထားပါသတဲ့။ ကွန်ဂရက်က ဥပဒေတစ်ခုကို ပြဋ္ဌာန်းရင် အစိုးရက ဗီတို အာဏာနဲ့ ပယ်ချနိုင်တယ်။ ဒါပေမဲ့ ကွန်ဂရက်ရဲ့ (အောက်နဲ့ အထက်လွှတ်တော် ၂ရပ်က) စုစုပေါင်း မဲ ၃ ပုံ ၂ ပုံနဲ့ သမ္မတရဲ့ ပယ်ချမှုကို ပြန်ပြီး ဖျက်သိမ်းနိုင်တယ်။ သမ္မတက တရားစီရင်ရေး ဆိုင်ရာအဆင့်မြင့် တရားသူကြီးတွေကို ခန့်ပိုင်ခွင့် ရှိတာ မှန်ပေမယ့် လွှတ်တော် ၂ရပ်က ထောက်ခံမှ ဖြစ်မှာပါ။ လက်တင် အမေရိက နိုင်ငံတွေ ပြင်သစ်နဲ့ ဖင်လန်မှာ ဒီစနစ်ကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ဒီသမ္မတစနစ်ဟာ ‘ရုန်းကန်မှုတွေကို ဖိတ်ခေါ်တယ်’တဲ့။ သမ္မတက ‘အဆိုပြုတယ်’ လွှတ်တော်က ‘ပယ်ချတယ်’။ ဒါနဲ့တင် ညှိနှိုင်းရတာ အလုပ်မဖြစ်ဖူးတဲ့။ သမ္မတက တစ်ပါတီ လွှတ်တော်ကို အများစု ကြီးစိုးထားတာက တခြားပါတီဆိုရင် ပြဿနာ ပိုဆိုးတယ်။ ကာတာ လက်ထက်တုန်းက သမ္မတရော လွှတ်တော် အများစုရော တစ်ပါတီတည်း ဖြစ်ပြန်တော့ ‘checks and balances’ အားနည်း သွားပြန်ရောတဲ့။

Function of Assemblies
လွှတ်တော်တာဝန်များ
(1) Legislation
ဥပဒေပြုခြင်း

Assemblies တွေရဲ့ သော့ချက်ကတော့ ဥပဒေပြုရေးပါပဲ။
(၁) Assembly မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးငြင်းခုံပြီးမှ သဘောတူညီမှု ရတဲ့အခါ ဥပဒေပြု ကြရပါတယ်။
(၂) Assembly က တစ်ဆင့်သာ ပြည်သူတွေဟာ ကိုယ့် ဥပဒေ ကိုယ် ရေးဆွဲခွင့် ရှိတယ်။
Assemblies တွေဟာ ဖွဲ့/ဥပဒေ( ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုပါသည်။ ပိတောက်မြေ) က ခွင့်ပြုသလောက်သာ ပြိုင်ဆိုင်ခွင့် ဥပဒေ ပြင်ခွင့်ရှိတာပါ။ အိုင်ယာလန်မှာ ဆန္ဒခံယူပွဲ လုပ်ပြီးမှသာ ဖွဲ့/ဥပဒေကို ပြင်ခွင့် ရှိပါတယ်။ ပြင်သစ် သမ္မတဟာ သူ့ရဲ့ ဒီဂရီနဲ့ ဥပဒေ ပြဋ္ဌာန်းနိုင်တယ်။ US သမ္မတက ဗီတို သုံးနိုင်တယ်။ UK ပါလီမန်ဟာ ဝန်ကြီးအဖွဲ့က တင်ပြတဲ့ ဥပဒေကို ဝင်ပြီး စိစစ်တာ နည်းပါတယ်။ ဒါတွေ အားလုံးကို ဖွဲ့/ဥပဒေက သတ်မှတ်ပေးတာပါ။
လွှတ်တော်တွေမှာ Positive legislative power ခေါ်တဲ့ အပေါင်း လက္ခဏာဆောင်တဲ့ ဥပဒေပြု အာဏာဆိုတာ (ဥပဒေကြမ်း တင်ပြမယ်၊ ဆွေးနွေးမယ်၊ ပေါ်လစီ ချမှတ်ဖို့ ပညာရှင်တွေကို ခေါ်ယူ တိုင်ပင်မယ်၊ အားလုံး/ အများစု သဘောတူမှ အတည်ဖြစ်တယ်) Negative legislative power ခေါ်တဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ ဥပဒေပြု အာဏာဆိုတာ (ဥပဒေကြမ်းကို ပြင်ချင်ရင် ပယ်ချင်ရင် လုပ်ပိုင်ခွင့် ကန့်သတ်မှုရှိတယ်။ ဥပမာ- နယ်သာလန်မှာ ဥပဒေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းဟာ ပါလီမန် ဝင်စွက်ဖက်ပြီး ပြင်ရတာတွေဖြစ်တယ်)စတဲ့ ဥပဒေပြုမှု ပုံစံနှစ်မျိုးက ရှိနေပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ‘ဥပဒေ မှန်သမျှ လွှတ်တော်ကို ဖြတ်သန်းသွားရမှာပါ’

(2) Representation
ကိုယ်စားပြုခြင်း

Assemblies ဆိုတာ ပြည်သူ့ ကိုယ်စားပြုမှု အတွက် အရေးအကြီးဆုံး အညွှန်းပါပဲ။ တကယ်ကတော့ ကိုယ်စားပြုခြင်း ဆိုတာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ပါ။ UK မှာ ပါလီမန် ကိုယ်စားလှယ်တွေဟာ ပြည်သူ့ကိုယ်စား (အရေးအရာကိစ္စတွေကို) သူတို့ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ Mandate စနစ်ဟာလည်း ကိုယ်စားလှယ်ပါပဲ။ US မှာ အောက်လွှတ်တော်ကို ‘Pork barre’ politics လို့တောင် ပြောတယ်။ (ဝက်စည်ပိုင်း နိုင်ငံရေး ဆိုတာ သက်သက် ပိုက်ဆံ ဖြုန်းနေတာ ဆိုတဲ့ သဘောပါပဲ။ USSR မှာ ကျတော့ ကိုယ်စားလှယ် ဆိုတာ ‘လူ့အဖွဲ့ အစည်းကြီး တစ်ခုလုံး’ရဲ့ ‘အလွန်သေးတဲ့ အဖွဲ့ လေးတစ်ခု’ ဖြစ်သွားပြန်ရော။
သတိပြုစရာ ဥပမာကတော့ ၁၉၉၉-၂၀၀၀ US လွှတ်တော် ရွေးကောက်ပွဲ အတွက် အသုံးစရိတ် ဒေါ်လာ ၁.၂ ဘီလီယံ တောင် ရှိပါတယ်။

(3) Scrutiny and oversight
စိစစ်ခြင်းနဲ့ သုံးသပ်ခြင်း

လွှတ်တော်တွေဟာ အစိုးရအဖွဲ့တွေ လုပ်ပုံလုပ်နည်း ပုံမကျတဲ့ အခါမှာ ဝင်ရောက် စိစစ် သုံးသပ် ရတာတွေ ရှိပါတယ်။ UK မှာဆိုရင် ဝန်ကြီးချုပ်ဟာ တစ်ပတ်တစ်ခါ လွှတ်တော်ရဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဂျာမနီ ဖင်လန်တို့မှာလည်း ဒီလိုပဲ မေးခံရတယ်။ ပြီးမှ ကိုယ်စားလှယ်တွေက ဒီဝန်ကြီး(သို့) ဝန်ကြီးချုပ်ကို ဆက်ပြီး တာဝန်ပေးသင့် မပေးသင့် မဲပေး ဆုံးဖြတ်ကြရပါတယ်။
အဓိက တာဝန်ကတော့ အစိုးရအဖွဲ့ရဲ့ အတွင်းသတင်းကို လွှတ်တော်က ‘အစ်အောက်’ ပြီး အရယူတာပါပဲ။ အစိုးရ အဖွဲ့အနေနဲ့လည်း လွှတ်တော် ကိုယ်စားလှယ်တွေ ဆီကနေ ‘ပြည့်စုံကျွမ်းကျင်’တဲ့ အကြံဉာဏ် ပေးမှုကို အရယူတာပါပဲ။

(4) Recruitment and training
စုစည်းခြင်း၊ လေ့ကျင့်ခြင်း

လွှတ်တော်ဆိုတာ အရည်အသွေး ရှိသူတွေကို စုဝေးတဲ့ နေရာပဲ။ ဆုံးဖြတ်ချက် ချနိုင်သူတွေကို စုပေးတဲ့ နေရာပဲ။ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေး အုပ်ချုပ်ရေး အရည်အသွေးတွေ ရှိလာအောင် လေ့ကျင့်ရပါတယ်။ ဒီသင်ခန်းစာတွေကို လွှတ်တော်ထဲ ကနေ ရပါတယ်။ UK သမ္မတတွေဟာ ကိုယ်စားလှယ် အရင်ဖြစ်ပြီးမှ အုပ်ချုပ်ရေး ပိုင်းကို ရောက်ရတာပါ။

(5) Legitimacy
တရားဝင်ခြင်း

အစိုးရရဲ့ ‘system of rule’ ဟာ မှန်ကန် တရားမျှတတယ် ဆိုတာ သာဓကပြတဲ့ အနေနဲ့ လွှတ်တော်က လုပ်ဆောင်ပေး ရပါတယ်။ ပြည်သူ့အကျိုး ပြည်သူ့ဆန္ဒ အရ လိုအပ်မယ့် ပေါ်လစီတွေ ချမှတ်ဖို့ လွှတ်တော်က လုပ်ရပါမယ်။ ပြီးတော့ ပြည်သူတွေ လိုက်နာဖို့ အသိပညာပေး ရပါမယ်၊ တစ်ခါ ‘လူထု ဆက်သွယ်ရေး mass media မှ တစ်ဆင့် ပြည်သူကို အသိပေးသလို ဝါဒဖြန့်တာလည်း လုပ်ရပါမယ်။
လွှတ်တော်တွေ ဆွေးနေတာ အခြေအတင် ပြောနေတာတွေကို TV ကနေ ပြသခြင်းဖြင့် ပြည်သူတွေပါ ရောပေါင်း ပါဝင် လာစေပါတယ်။ UK ပါလီမန်မှာဆို 1989 ထိ TV ရိုက်ခွင့် မပြုပေမယ့် ခုတော့ ခွင့်ပေးလိုက်ပါပြီ။

(လေ့လာသူတစ်ဦး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...