Sunday, September 4, 2011

နိုင်ငံရေးပညာမိတ်ဆက် [ ၄ ]

by The River Club on Sunday, September 4, 2011 at 2:18pm
လူငယ်နှင့် နိုင်ငံရေး အစိုးရနှင့် ဒီမိုကရေစီ -  ဘုန်းသက်ပိုင်

နိုင်ငံရေးပညာမိတ်ဆက် ၎
The River Club

နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ
လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ နေ့စဉ်ဘဝလက္ခဏာရပ်တိုင်းဟာ နိုင်ငံတော်ရဲ့ လွှမ်းခြုံမှုအောင်မှာရှိနေတာ အထင်အရှားပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်ဆိုတာ လူရေးလူရာ သဗ္ဗရနံပေါင်းတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အလိုဆန္ဒတွေ၊ တစ်စတစ်စကြီးထွားလာတဲ့ အကျင့်စရိုက်တွေဆီကနေ ထွက်ပေါ်လာတဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ပေါင်းစည်းမှုတစ်ခုဖြစ်လို့ပါပဲ။
ဒါကြောင့် နိုင်ငံတော်ဟာ လူမှုဆက်ဆံရေးတွေရဲ့ အဓိက စည်းရုံးရေးမှူး နေရာကနေ ပါဝင်ဆောင်နေတယ်လို့ ဆိုရမှာပါ။ ပထမဆုံး နိုင်ငံတော်ဟာ အစိုးရကို ဖွဲ့စည်းတည်ထောင်တယ်။ ပြီးတော့ အစိုးရကနေတစ်ဆင့် နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါတယ်။ နိုင်ငံတော်ဟာ တခြားလှုမှုဆက်ဆံမှုတွေ အားလုံးရဲ့ ဖွဲ့စည်းမှုကို ကန့်သတ်တယ်။ တစ်ခါတစ်ရံ တက်တက်ကြွကြွ ပုံဖော်ပေးပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေက နိုင်ငံတော်နဲ့ ပတ်သတ်ပြီး ရှင်းပြရာမှာ ရှင်းလင်းအောင် အစိုးရနဲ့ နှိုင်းယှဉ်ပြလေ့ရှိကြပါတယ်။ ပြီးတော့ လူစီ ၁၆ လို I am the State လို့ သမိုင်းမှာ ဟစ်ကြွေးခဲ့ဖူးသူလည်းရှိလို့ အုပ်စိုးသူနဲ့ နိုင်ငံတော်ဟာ တစ်ခုတည်းလိုလို မှတ်ယူပြောဆိုတာတွေ ရှိပါတယ်။ နောက်သမိုင်းမှာ ကာလရှည်ကြာ အုပ်စိုးခဲ့သူတွေဟာ မိမိကိုယ်မိမိ State နဲ့ တစ်သားတည်းလိုလို ထင်မှတ်မှားမှုတွေကလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ပညာရှင်တွေက State နဲ့ Government ကိုရှင်းလင်းကွဲပြားအောင် နှိုင်းယှဉ်ပြောနေကြတာပါ။ တကယ်တော့ စနစ်တကျ စုစည်းပုံဖော်ထားတဲ့ လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်က တည်ရှိဖို့ ခွင့်လဲခွင့်ပြုပုံလည်း ဖော်ပေးတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ ဖြစ်ပါတယ်။ အဲဒီမှာ အစိုးရနဲ့ မိသားစု၊ ဘုရားကျောင်း ဒါမှမဟုတ် တခြားဆက်ဆံရေးအုပ်စုဖွဲ့မှုတွေကြား ပဋိမက္ခတွေရှိနိုင်ပါတယ်။ ပြီးတော့ အဲဒီပဋိပက္ခတွေဟာ အစိုးရက အရေးသာတာ၊ ဒါမှမဟုတ် ပြုတ်ကျတာမျိုးနဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အစိုးရဆိုတာ နိုင်ငံတော်မဟုတ်ပါဘူး။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ ယာယီမျှသာ ဖြစ်တဲ့ ကိရိယာတစ်ခုပဲဖြစ်ပါတယ်။ အစိုးရတစ်ဖွဲ့ ပြုတ်ကျသွားတာနဲ့ နိုင်ငံတော် တစ်ရပ်ပြိုကွဲသွားတာဟာ လုံးဝကွဲပြားခြားနားပါတယ်။ အစိုးရတစ်ဖွဲ့ ပြုတ်ကျသွားပေမယ့် တစ်စုံတစ်ရာသော နိုင်ငံရေး လူ့အဖွဲ့အစည်းကတော့ ဆက်လက်တည်ရှိနေပြီး နောက်အစိုးရအသစ်က အစားထိုးဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ပြိုလဲသွားရင်တော့ နိုင်ငံတော်ကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေးလူ့အဖွဲ့အစည်းကလည်း ပြိုလဲပျက်စီးသွားရပါတယ်။ ထင်သာအောင်ပြောရရင် ၁၉၃၈ ခုနှစ်မှာ ဂျာမနီက ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ဝင်ရောက်သိမ်းပိုက်လိုက်တယ်။ ချက်ကိုစလိုဗက်ကီးယားရဲ့ အစိုးရကို တင်မက နိုင်ငံလုံးကို ဖြိုဖျက်ပစ်လိုက်တယ်။ အဲဒီအခါမှာ ချက်ကိုစလိုဗက်ဆိုတဲ့ နိုင်ငံတော်ဟာ မရှိတော့ပါဘူး။ ဒါကြောင့် ချက်ကိုစလိုဗက်နိုင်ငံသားတွေဟာလည်း ချက်ကိုစလိုဗက်နိုင်ငံသားတွေအဖြစ် ဆက်လက်မတည်ရှိတော့ပါဘူး။ ဂျာမနီလက်အောင်ခံနိုင်ငံသားတွေအဖြစ် ဆက်လက်မတည်ရှိတော့ပါဘူး။ ဂျာမနီလက်အောက်ခံနိုင်ငံသားတွေ ဖြစ်သွားကြပါတယ်။ ချက်ကိုစလိုဗက်ဆိုတာ ပျောက်ဆုံးသွားခဲ့ပြီး ချက်ကိုစလိုဗက်ရဲ့ အနှစ်သာရတွေဖြစ်ကြတဲ့ ရပိုင်ခွင့်၊ တာဝန်၊ ပူးပေါင်းဆောင်ရွက်မှု၊ အာဏာပိုင်မှုစတာတွေ အားလုံးပျက်စီးဆုံးရှုံးသွားပါတယ်။ နောက်တစ်ခါ ၁၉၄၀ မှာ ဂျာမနီဟာ ပြင်သစ်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ပြင်သစ်အစိုးရကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံတော်ကိုတော့ မဖြိုခွဲမဖျက်ဆီးပါဘူး။ ဂျာမန်စစ်တပ်တွေဟာ ပြင်သစ်နိုင်ငံ နေရာအနှံ့အပြားမှာ တပ်စွဲထားတာတောင်မှ ပြင်သစ်လူမျိုးတွေဟာ ပြင်သစ်နိုင်ငံသားတွေနဲ့ ပြင်သစ်နိုင်ငံတော်ရဲ့ လက်အောက်ခံတွေ ဖြစ်မြဲ ဖြစ်နေကြပါတယ်။ ပြင်သစ်မှာ ဖယ်ရှားခံရတဲ့ အစိုးရနေရာမှာ နောက်အစိုးရသစ် အစားထိုးဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံရေး အဖွဲ့အစည်းကတော့ ဖျက်ဆီးမခံခဲ့ရပါဘူး။ အဲဒီကာလက ဂျာမန်တွေဟာ ပြင်သစ်နိုင်ငံတော်ကို အပြီးတိုင် ဖြိုလဲပစ်နိုင်တာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ဂျာမန်တွေဟာ အဲဒီတုန်းက အဲဒီလိုလုပ်ဖို့ မရွေးချယ်ခဲ့ပါဘူး။
ဒီအချက်တွေအရ နိုင်ငံတော်ဟာ လက်ရှိတည်ရှိနေတဲ့ စည်းရုံးဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ဗဟိုချက်ဖြစ်တယ်။ အဓိကဒေါက်တိုင်ဖြစ်တယ်ဆိုတာ အထင်အရှားပါ။ အဲဒီအဓိက ဒေါက်တိုင်ပြိုပျက်သွားရင် အမိုးဆိုတာလည်း ပြိုလဲပျက်စီးသွားမယ်။ အဲဒီအဓိက ဒေါက်တိုင်ရှိနေသမျှ ပေါင်းကူးအမိုးဆိုတာ ပုံသဏ္ဌာန်ပြောင်းကောင်း ပြောင်းနိုင်ပေမယ့် ဆက်လက်တည်ရှိမြဲ တည်ရှိနေပါတယ်။ ပြီးတော့ အဲဒီအဓိကဒေါက်တိုင်ဟာ ပေါင်းကူးအမိုးရဲ့ အရွယ်အစား အတိုင်းအတာ၊ ပုံသဏ္ဌာန်စတာတွေကို ပိုင်းဖြတ်ပေးနေပါတယ်။ ဒီနေ့ခေတ်သစ်မှာတော့ လူမှုဆက်ဆံရေးတွေပါဝင်တဲ့ လူ့အဖွဲ့အစည်းထဲမှာ နိုင်ငံတော်ဟာ လူမှုဆက်ဆံရေးတွေရဲ့ အဓိကစည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။ အဓိကစည်းရုံးရေးမှူးအဖြစ်နဲ့ နိုင်ငံတော်ဟာ အစိုးရကတစ်ဆင့် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပါတယ်။ အစိုးရကိုယ်တိုင်က နိုင်ငံတော်ကြောင့် ဖြစ်ပေါ်လာရတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဘယ်သူ၊ သယ်သူတွေ ပါဝင်တဲ့အုပ်စုက နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ကိုင်တွယ်ကျင့်သုံးဆောင်ရွက်မယ်။ လုပ်ပိုင်ခွင့် ဘယ်လောက်များများ အပ်နှင်းထားမယ်။ အဲဒါကို ဘယ်လိုအသုံးပြုမယ်။ ပြီးတော့ နောက်တက်လာမယ့်သူတွေကို လက်ရှိတာဝန်ထမ်းဆောင်နေသူတွေက ဘယ်လိုလွှဲပြောင်းပေးမယ်၊ စတာတွေကို သတ်မှတ်ပြဌာန်းထားတဲ့ အစီအစဉ်တစ်ရပ်ပါ။ အများစုအမြင်မှာတော့ အစိုးရဆိုတာကို နိုင်ငံတော်နဲ့ တစ်ထပ်တည်းလိုလို ရှုမြင်လေ့ရှိကြပါတယ်။ သာမာန်ပြည်သူတွေကတော့ - ဥပမာ အစိုးရဌာနတစ်ရပ်ရပ်မှာ လုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်ကို မကြိုက်တဲ့၊ အဲဒီလူပုဂ္ဂိုလ်လုပ်ရပ်တွေကို ကန့်ကွက်တဲ့အခါမှာတောင်မှပဲ အဲဒီပုဂ္ဂိုလ်ရဲ့ တရားဝင်အပ်နှင်းခံထားရတဲ့ အနေအထားကို လေးစားမှုရှိကြပါတယ်။ လိုအပ်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကို နာခံကြရပါတယ်။ တချို့နေရာတွေမှာတော့ အစိုးရဌာနတွေမှာ လုပ်ကိုင်ကြတဲ့သူတွေဟာ အလေးအမြတ်ပြုခံရတဲ့ အခြေအနေနီးပါးကို ဆိုက်ရောက်သွားကြပါတယ်။ ဒီလိုနဲ့အစိုးရဆိုတာ တန်ခိုးထွားလာခဲ့ပြီး ပြည်သူပြည်သားတွေရဲ့ အရေးကိစ္စတွေကို စီမံပြဌာန်းရာမှာ လုပ်ပိုင်ခွင့် ကြီးကြီးမားမား ရရှိလာခဲ့ပါတယ်။
အစိုးရကိုယ်တိုင်ကတော့ မိသားစု၊ ဘုရားကျောင်းနဲ့ တခြားအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စည်းရုံးဖွဲ့စည်းမှုကို စည်းမျဉ်းတစ်ရပ်အနေနဲ့ မပြဌန်းပေးပါဘူး။ ဒါပေမယ့် လုံးဝမပတ်သတ်ဘူးလို့တော့ ပြောလို့မရပါဘူး။ အစိုးရက လုပ်လေ့ရှိတာက နိုင်ငံတော်က တခြားအုပ်စုတွေကို သူတို့ဘာသာဖွဲ့စည်းဖို့ခွင့်ပြုတာနဲ့ တစ်ချိန်ထဲမှာပဲ ထိန်းသိမ်းပေးဖို့ စနစ်တကျဖြစ်စေဖို့ စနစ်တကျဖြစ်စေဖို့ လိုအပ်တယ်လို့ ယူဆတဲ့သူတို့ရဲ့ စည်းရုံးဖွဲ့စည်းမှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေမျိုးကို သတ်မှတ်ပြဌာန်းပေးတာ၊ ထိန်းချုပ်ပေးတာမျိုး လုပ်ဆောင်ပါတယ်။ ဥပမာပြောရရင် သားသမီးဘယ်လောက်ပဲ ယူရမယ်လို့ လူဦးရေကို ထိန်းချုပ်တဲ့ ဥပဒေ၊ အမိန့်တွေ ပြဌာန်းနေပါတယ်။ ပြီးတော့ အစိုးရဟာ ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားလေ့ရှိကြပါတယ်။ ကျင့်ဝတ်နှုန်းစံတွေအရ လက်ခံနိုင်ဖွယ်မရှိတဲ့ ဝတ်ပြုကိုးကွယ်တဲ့ပုံစံတွေကို တားမြစ်လေ့ရှိပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ အလုပ်သမား၊ လယ်သမားစတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းမှုတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း အခြားဖွဲ့စည်းမှုတွေကို အစိုးရက ပုံမှန်အားဖြင့် ကမကထပြု ဆောင်ရွက်လေ့မရှိပါဘူး။ စနစ်တကျဖြစ်စေဖို့ လိုအပ်ရင် စည်းမျဉ်းသတ်မှတ် ပြဌာန်းပေးတာမျိုးကိုတော့ လုပ်ဆောင်ပေးပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် နိုင်ငံတော်ဟာ အစိုးရကတစ်ဆင့် တခြားအရာတွေထက် လူ့အဖွဲ့အစည်းရဲ့ စည်းရုံးဖွဲ့စည်းမှုတွေအပေါ် လွှမ်းမိုးမှုအရှိဆုံး ဖြစ်တာကို တွေ့ရပါမယ်။
နိုင်ငံတော်တစ်ရပ်ဟာ လူ့အဖွဲ့အစည်းရဲ့ လူမှုဖွဲ့စည်းမှုတွေအပေါ် အဓိကစည်းရုံးပေးသူ၊ ဆော်သြပေးသူဖြစ်ရုံသာမက လူမှုရေးစနစ်ကြီးရဲ့ အဓိကညှိနှိုင်းပေးသူ၊ တည်ငြိမ်မှုရှိစေသူလည်း ဖြစ်ပါတယ်။ ဒီသြဇာအာဏာဟာ ဆက်ဆံရေးအုပ်စုတွေ အချင်းချင်းကြားမှာကိုကော၊ ဆက်ဆံရေးအုပ်စု အသီးသီးရဲ့ အတွင်းက ဆက်ဆံရေးပုံစံတွေအထိ ချဲ့ထွင်လာခဲ့ပါတယ်။ နိုင်ငံတော်ဟာ ပဋိပက္ခတွေကို တားဆီးပေးတယ်။ ထိန်းညှိပေးတယ်။ မတူကွဲပြားမှုတွေကို ပြေလည်အောင် ဖြေရှင်းပေးတယ်။ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးတယ်။ ဒီနေ့ခေတ်လို ကြီးမားကျယ်ပြန့်လှတဲ့ လူ့အဖွဲ့အစည်းတွေဟာ နိုင်ငံတော်ရဲ့ ညှိနှိုင်းပေးတဲ့ သြဇာအာဏာမရှိဘဲနဲ့ မရပ်တည်နိုင်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အဓိကထည့်သွင်း စဉ်းစားရမှာက အဲဒီနိုင်ငံတော်ရဲ့ ညှိနှိုင်းပေးတဲ့ သြဇာအာဏာဆိုရာမှာ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝဆောင်ရွက်မှုတွေထဲမှာ နိုင်ငံတော်ရဲ့ ကြားဝင်ဆောင်ရွက်မှု၊ နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုစတာတွေပါ အကျုံးဝင်နေတယ် ဆိုတာပါပဲ။ အဲဒါကို ပညာရှင်တွေက တည်ငြိမ်ပြီး စနစ်ကျတဲ့ လူ့အဖွဲ့အစည်းကို ရရှိဖို့အတွက် ပေးရတဲ့ အဖိုးအခလို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီအဖိုးအခကို အနိမ့်ဆုံးပေးပြီး ဘယ်လိုရယူမလဲဆိုတာ အပေါ်မှာတော့ အမြင်အမျိုးမျိုး ကွဲကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်ကြောင့် ပြိုပျက်ခဲ့ရတဲ့ ဘဝကနေ ပြန်ထူထောင်ခဲ့ကြရာမှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားခဲ့ပါတယ်။ နောက်ပြီး ၉၁၁၊ ကုန်သွယ်ရေးမျှော်စင်ညီနောင် အတိုက်ခံရတော့ လုံခြုံရေးဟာ အဓိကပြဿနာဖြစ်ခဲ့ပြီး လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေကို လျှော့ချပေးခဲ့ရတယ်။ သမိုင်းစဉ်အရလည်း လူသားတွေဟာ လုံခြုံမှုနဲ့ တရားမျှတမှုတို့ကို ရရှိဖို့အတွက် နိုင်ငံတော်ကို အားကိုးတကြီး မျှော်လင့်ခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရတွေရဲ့ လုပ်ငန်းဆောင်တာတွေထဲက အဓိက အစိတ်အပိုင်းဟာ ဒီရည်ရွယ်ချက်တွေကို အလေးဂရုပြုထားခဲ့ရတာပဲ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းဟာ ပိုမိုကြီးမားလာလေလေ၊ လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းထားပုံနဲ့ လုပ်ငန်းစဉ်တွေဟာ ပိုမိုရှုပ်ထွေးလာလေလေ၊ အစိုးရရဲ့ ဝန်ဆောင်ပေးမှုကို လိုအပ်မှုဟာ ပိုမိုအရေးပါလာလေလေပါပဲ။ ဒီအချက်က ခေတ်သစ်လူ့အဖွဲ့အစည်းတွေထဲမှာ လူသားနဲ့ လူသားအုပ်စုတွေဟာ သူတို့ဘာသာ လုံခြုံမှုနဲ့ တရားမျှတမှုကို စီမံဆောင်ရွက်နိုင်စွမ်း လျော့နည်းနေတယ်ဆိုတာထက် ခေတ်သစ် လူ့အဖွဲ့အစည်းမှာ ရှေးခေတ်တွေကထက် မလုံခြုံမှုနဲ့ တရားမဲ့မှု ပိုမိုကြီးမားလာတယ်ဆိုတာကို ပြသနေတာပါ။ မလုံခြုံမှုနဲ့ တရားမဲ့မှုတို့ကို ဖြစ်ပေါ်စေတဲ့ အချက်အလက်တွေဟာ တစ်ဦးချင်း နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းချုပ်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးလဲကြီးမား လက်လှမ်းလည်း မမှီပါဘူး။ ဒါကို နိုင်ငံတော်ကပဲ တက်စွမ်းနိုင်တာပါ။ ဒါကြောင့် လူသားတွေဟာ လူသားနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်တင်မက ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ အလုပ်အကိုင်နဲ့ တခြားအရေးကြီးတဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပြီးတော့ လူသားအချင်းချင်းကြား လူသားနဲ့ လူ့အဖွဲ့အစည်းကြား ပုံစံအမျိုးမျိုးနဲ့ တရားမျှတမှုတွေ ဖြစ်ပေါ်လာစေဖို့စတာတွေအတွက် နိုင်ငံတော်အပေါ်မှာ ပိုမိုတိုးပြီး အမှီပြုလာခဲ့ကြပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့ အပြောင်းအလဲတစ်ခု ရှိပါတယ်။ အဲဒါကတော့ ခေတ်သစ်ယဉ်ကျေးမှု အဆောက်အဦးကြီးတွေဟာ နိုင်ငံတော်ကို လူသားရဲ့ ဘုံအစေခံအဖြစ် အလျင်အမြန် အသွင်ပြောင်းလဲပေးခဲ့ကြတယ်ဆိုတာပါ။ အရင်တုန်းက နိုင်ငံတော်ကို စီးပွားရေးလုပ်ငန်းတွေအတွက် အရင်းအနှီးတွေ ဖြည့်ဆည်းပေးဖို့၊ အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ၊ ထုတ်လုပ်သူတွေအတွက် ဈေးကွက်တွေ၊ အဝေးပြေးလမ်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ထောက်ပံ့ကြေးတွေနဲ့၊ လူတိုင်းအတွက် ပညာရေးစတာတွေကို ဖြည့်ဆည်းပေးဖို့ မမျှော်လင့်ခဲ့ကြပါဘူး။ ဒီနေ့မှာတော့ အဲဒါတွေဟာ ခေတ်သစ်နိုင်ငံတော်တွေ ဆောင်ရွက်ပေးရမယ်လို့ မျှော်လင့်ထားခဲ့ကြတဲ့အရာတွေထဲက တချို့ပဲ ရှိပါသေးတယ်။ ဒါဘာကြောင့်ပါလဲ။ နိုင်ငံတော်မှာ လုပ်ပိုင်ခွင့်အာဏာရှိပြီး အဲဒါတွေကို ဆောင်ရွက်ဖို့ အရင်းအမြစ်တွေကို အမိန့်ပေးနိုင်လို့ပါ။ နိုင်ငံသားတွေ လိုချင်ချင်၊ မချင်ချင် ဒီအခြေခံ လုပ်ဆောင်ပေးရမယ့် တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရပါတယ်။ ဒီကနေ့ခေတ် ဘဝနေဟန်တွေထဲ လူမှုရိပ်မြုံတစ်ခုလုံးအတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ သြဇာအာဏာရှိတဲ့ အေးဂျင့်တစ်ရပ်ကသာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့ လူမှုရိပ်မြုံရဲ့ အမှုကိစ္စတွေ အမြောက်အမြား ရှိနေပါတယ်။ ဒါကြောင့် ခေတ်သစ်လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို အတိုင်းအတာတစ်ခုအထိ ခွင့်ပြုနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဝိဝါဒကွဲပြားမှုတွေ ရှိပါတယ်။ တသီးပုဂ္ဂလသား လွတ်လပ်မှုကို အလေးပေးတဲ့ ပညာရှင်တွေက လူ့အဖွဲ့အစည်းအတွင်း နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို အတက်နိုင်ဆုံး အသေးငယ်ဆုံးပဲ ထားဖို့ရပ်ခံကြပါတယ်။ နိုင်ငံတော်ကို အခွန်ကောက်ရုံ၊ ရာဇဝတ်မှုတွေ မဖြစ်အောင် အဟန့်အတားရှိရုံလောက်ပဲ နေရာပေးကြပါတယ်။ သမိုင်းရေးအရတော့ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို သော့ချက်ကျတဲ့ နေရာအနည်းငယ်အတွင်းမှာပဲ ကန့်သတ်ထားခဲ့တာပါ။ အဲဒါတွေထဲမှာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးလိုမျိုးတွေ ပါဝင်လေ့ ရှိပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာတော့ စစ်ကြီးကြောင့် ပြိုလဲပျက်စီးမှုတွေကို ပြန်ထူမဖို့ရာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို နေရာကျယ်ကျယ် ပေးခဲ့ရပါတယ်။ ဒါကြောင့် အဲဒီကာလတွေမှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍဟာ အကြီးအကျယ် မြင့်တက်ခဲ့ပါတယ်။ ဥပမာ - ဗြိတိန်ဟာဆိုရင် အဲဒီတုန်းက ပြည်တော်သာနိုင်ငံဖြစ်ခဲ့ ရပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ပပျောက်ရေးဟာ နိုင်ငံတော်ရဲ့ အထူးတာဝန်ဝတ္တရားဖြစ်ခဲ့ရပြီး အရေးကြီးတဲ့ လုပ်ငန်းအများအပြားကို နိုင်ငံတော်ရဲ့ ထိန်းချုပ်လမ်းညွှန်မှုအောက်မှာ ထားရှိခဲ့တယ်။ ဒါပေမဲ့လည်း ၁၉၈၀ နှစ်ကာလအတွင်း ဗြိတိန်မှာ မာဂရက်သက်ချာနဲ့ အမေရိကန်မှာ ရော်နယ်ရေဂင်တို့ရဲ့ လက်ထက်မှာ လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေအတွင်း နိုင်ငံတော်ရဲ့ လက်တံကို လျော့ချပစ်ခဲ့ပါတယ်။ စီးပွားရေးနယ်ပယ်မှာ လွတ်လပ်ရေးဈေးကွက်နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ နိုင်ငံတော်ထိန်းချုပ်မှု၊ ပါဝင်ဆောင်ရွက်မှုထက် ပိုမိုကောင်းမွန်တယ်လို့ ရှုမြင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်တော်သာနိုင်ငံတွေမှာ လူတွေရဲ့ဘဝထဲ နိုင်ငံတော်ပါဝင်စွက်ဖက်ဆောင်ရွက်မှုဟာ အကျိုးမဲ့စေတယ်။ ထိခိုက်နစ်နာမှုတွေ ဖြစ်စေတယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။ ဥပမာပြောရရင် ပြည်တော်သာနိုင်ငံတွေရဲ့ ထောက်ပံ့ကြေးပေးတဲ့စနစ်အရ နိုင်ငံသားတွေဟာ နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးကို ရယူကြတယ်။ ဒီတော့ နိုင်ငံသားတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝပြုမှု ဆောင်ရွက်မှုတွေကို ဆုံးဖြတ်လုပ်ကိုင်ကြရာမှာ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို လျော့ချသွားစေပြီး အစစအရာရာ နိုင်ငံတော်ကို မှီခိုနေရတဲ့ အခြေကိုဆိုက်သွားစေပါတယ်။ တစ်ဘက်ကကြည့်ရင်လည်း အဲဒီလိုနိုင်ငံသားတွေကို ထောက်ပံ့နိုင်ဖို့၊ နိုင်ငံတော်ရဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ရာမှာ လိုအပ်တဲ့ရန်ပုံငွေရရှိဖို့ အလုပ်ရှိတဲ့သူတွေ အလုပ်လုပ်နေတဲ့ သူတွေဆီက အခွန်အတုပ်တွေကို တိုးမြှင့်ကောက်ခံကြရပါတယ်။ ဒါကြောင့် ဒီစနစ်ဟာ ငွေကြေးပြုန်းတီးမှုကို ဖြစ်စေပြီး လူတွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ဆုံးရှုံးသွားစေတဲ့စနစ်လို့လည်း ထောက်ပြကြပါတယ်။ ဒီစနစ်အရ စဉ်းစားတွေးခေါ်နိုင်တဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ နိုင်ငံသားတွေဟာ နိုင်ငံတော်ရဲ့ ပေးစာကမ်းစာကို စောင့်မျှော်လက်ခံရတဲ့ အပြုခံတွေအဖြစ် ကူးပြောင်းသွားစေတယ်လို့ ဝေဖန်ကြပါတယ်။
ဒါပေမယ့် အခုလက်ရှိ ကမ္ဘာလုံးစီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရတော့ တိုင်းပြည်အများဟာ မိမိပြည်တွင်း စီးပွားရေးပြိုလဲမသွားစေဖို့ အစိုးရရဲ့ ပါဝင်ဆောင်ရွက်မှုကို တက်တက်ကြွကြွ တောင်းခံလာနေကြပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ရဲ့ ကိုယ်ပျောက်လက်နဲ့ မလုံလောက်တော့တဲ့ အခြေအနေမို့ အစိုးရရဲ့ ဝင်ရောက်ထိန်းသိမ်းမှုတွေ လိုအပ်လာရပါတယ်။ အမြော်အမြင်ကြီးမားတဲ့ တိုင်းပြည်အတွက်ကတော့ ကမ္ဘာလုံးစီးပွားရေး အကျပ်အတည်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ကို သက်သာရာရအောင် နိုင်ငံတော်က ကမကထပြုတဲ့ အစီအစဉ်တွေနဲ့ ကြိုတင်ပြင်ဆင်နေကြပါတယ်။ ဒါကြောင့် ၁၉၈၀ ခုနှစ်တွေက လှုပ်ရှားမှုတစ်ရပ်အနေနဲ့ လျော့ချခဲ့တဲ့ စီးပွားရေးမှာ နိုင်ငံတော်ရဲ့ လက်တံဟာ အခုအခါ ပြန်လည်ဆန့်ထုတ်ခွင့်ရတဲ့ အနေမျိုးရောက်ရှိနေပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့ အခန်းကဏ္ဍဆိုတာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ သမိုင်းရေးဖြစ်စဉ်တွေအပေါ် အခြေခံလို့ အမျိုးမျိုး ပြောင်းလဲနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ပြီးတော့ လူ့အဖွဲ့အစည်းအလိုက် ထူးခြားတဲ့ ယဉ်ကျေးမှုဘဝတွေ၊ လိုအပ်ချက်တွေအရလည်း နိုင်ငံတော်ရဲ့ အခန်းကဏ္ဍဟာ ပြောင်းလဲနေတက်တာကို တွေ့မြင်ကြရမှာပါ။


Ref: - The American Problem of Government by Chester & Marcy
-       Modern Political Gonstitutions by C.F.Strong
-       Politics by Petor Joyee
-       A New Dictionary of Political Analysis

[The River Club]
http://www.facebook.com/pages/The-River-Club/147259038667129?sk=app_192229990808929

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...