အလွဲမြင်နေကြတဲ့ အပြုသဘောအမြင်
by Sithu Win on Sunday, September 11, 2011 at 10:59am
အခုတလော အပြုသဘောအမြင်(Positive Thinking) တို့ ၊အကောင်းမြင်ဝါဒသမား (Optimist)တို့ ဆိုတဲ့စကားတွေ ခဏခဏ ကြားနေရတယ်ဗျာ။ကျွန်တော်လည်းခေတ်မီအောင် ကျွန်တော်ဖတ်ထား တာလေး ပြန်ရေးပြပါမယ်။ မကောင်းတာကို ကောင်းအောင်မြင်တာ အပြုသဘောအမြင်မဟုတ်ပါဘူး။ အရှိကိုအရှိအတိုင်း(ခံစားချက်တွေ၊အထင်အမြင်တွေထပ်မထည့်ပဲ) မြင်တာသာ အပြုသဘော အမြင်ပါတဲ့။ အပြုသဘောဆောင်တဲ့အမြင်ဆိုတာ ဘာမဆိုအကောင်းလို့မြင်တာ မဟုတ်ပါဘူး။ ဟုတ်မှန်တာကို လက်ခံ၊မဟုတ်မှန်တာကိုငြင်းပယ်တာပါပဲ။
ဥပမာ။ လူတစ်ယောက် ရန်ကုန်ကနေမန္တလေးကို ရထားနဲ့သွားတယ်။လမ်းမှာရထားပျက်တယ်။အဲဒါကို
လူတစ်ချို့က ရထားပျက်တော့ ငါအနားရတယ်။ပတ်ဝန်းကျင်ကိုလေ့လာနိုင်တယ်။ရထားသာမပျက်ရင်
ဒီလိုနေရာမျိုးမှာ မနေရဘူးဆိုပြီးအကောင်းမြင်ဝါဒနဲ့တွေးကြတယ်။တကယ်ကမမှန်ပါဘူး
သူ့ရဲခရီးက မန္တလေးကိုသွားဖို့ပါ။လမ်းမှာရပ်ဖို့မဟုတ်ဘူး။ဒါပေမဲ့သူ့အနေနဲ့ ရထားပျက်တာဘယ်တတ်နိုင်ပါ့မလဲ။ ရထားဆိုတာပျက်တတ်တဲ့အမျိုးပဲ လို့တွေးရင် အကောင်းမြင်ဝါဒနဲ့
နီးစပ်ပါတယ်။ရထားပျက်တာကောင်းတာပဲ ဆိုရင်တော့ စဉ်းစားတဲ့ဘောင်ချော်တာပါပဲ။
လက်တွေ့ဘ၀မှာ မေတ္တာရှင်မလေးပေါ်လီယာနာလို နေရာတကာအကောင်းမြင်ဖို့မဖြစ်နိုင်ပါဘူး။
မကောင်းတာကိုလည်း အတင်းအကြပ် အကောင်းမြင်စိတ်နဲ့ ကြည့်လို့မရနိုင်ပါဘူး။ထပ်ပြောပါဦးမယ်။
ဘာမဆို အကောင်းမြင်စိတ်နဲ့ကြည့်တတ်တဲ့ ဆရာတော်တစ်ပါးရှိတယ်တဲ့။ သူ့ကိုဆားငန်တဲ့ ဟင်းကျွေး လည်းကောင်းသကွာ ၊လေကြေတယ်လို့ပြောတယ်။ဆားပေါ့တဲ့ဟင်းကျွေးလည်း ကောင်းသကွာသွေးမတက်ဘူး လို့ပြောသတဲ့။ ဒါပေမဲ့ ဆရာတော်ရှေ့မှာ အရှင်ဘုရား ဒီကြက်လေးကို သတ်ပြီးဆွမ်းကျွေးမယ်လို့ပြောရင်ဆရာတော်က အေး.. ကောင်းသကွာ။ ဒီကြက်လည်းတိရစ္ဆာန်ဘ၀ကလွတ်သွားတာပေါ့လို့ ပြောမှာ မဟုတ်တာသေချာသလို ဒီလိုဆွမ်းမျိုးကိုလည်း ရသာခဲဖွယ်စုံလင်စွာနဲ့ ဘယ်လို ကပ်ကပ် ဘုန်းပေးမှာမဟုတ်တာသေချာပါတယ်။
အပြုသဘောဆောင်တဲ့အမြင်ဆိုတာ ဘာမဆိုအကောင်းလို့ မြင်တာမဟုတ်ပါဘူး။
နောက်တစ်ခုရှိပါသေးတယ်။ လူတစ်ယောက်ကိုရဲဖမ်းသွားပြီဆိုပါတော့။ တရားသူကြီးက အပြစ်ရှိတယ်လို့ မသတ်မှတ်မချင်း အပြစ်ရှိသူလို့မမြင်ရဘူး။ သက်ာမကင်းဖြစ်ခံရသူ အဖြစ်သာမြင်သင့်ပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်မယ်။ သူ့လုပ်ရပ်က မမှန်မမှန်ဘူးဆိုတာသိတယ်ဆိုပါစို့။ဒါနဲ့ပဲ သူ့ကိုမုန်းသွားစရာအကြောင်းမရှိဘူး ။မိမိအနေနဲ့သာ အမှား၊အမှန်ခွဲခြားတတ်တဲ့ ဥာဏ်နဲ့ ခရီးဆက်ရမှာဖြစ်ပါတယ်။ မကောင်းတဲ့သူကို ကောင်းလာအောင်မကြည့်ဘူး။ သူ့ကို မကောင်းမြင်ဖို့လည်းအကြေင်းမရှိဘူး။ အရှိကို အရှိအတိုင်းမြင်လိုက်ယုံပဲ။ သူ့ကိုလူမိုက်လို့သတ်မှတ်ရင်
လည်း သူ့ကို မင်္ဂလာတရားနဲ့ အညီ သူ့ကို မပေါင်းဖို့ပဲရှိတယ်။အပြစ်မတင်ရဘူး။ အပြစ်မမြင်ရဘူး။သူများရဲ့
မကောင်းတာတွေ ကိုယ့်ခေါင်းထဲ၊ ကိုယ့်ရင်ထဲထည့်ထားရင် ကိုယ်ပါညစ်နွမ်းသွားမယ်။
နောင်ဥပမာတစ်ခုရှိသေးတယ်။ တစ်ခါက ရဟန်းနှစ်ပါး ခရီးတစ်ခုသွားကြတယ်။ ချောင်းတစ်ခုအရောက်မှာ
ချောင်းကိုမဖြတ်ရဲတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့တယ်။မိန်းကလေးက အကူအညီတောင်းလို့ ရဟန်းတစ်ပါး က မိန်းကလေးကို ပွေ့ချီပြီး တစ်ဖက်ကမ်းကို ပို့ပေးလိုက်တယ်။ပြီးတော့ ရဟန်းနှစ်ပါး ခရီးဆက်သွားကြရော။ ခရီးဆုံးရောက်တော့ ရဟန်းတစ်ပါးက သင်နဲ့ကျုပ်လမ်းခွဲရတော့မယ်။ဘာကြေင့်လဲ
ဆိုတော့ သင်ဟာ မာတုဂါမကို ဖက်ပွေ့ခဲ့လို့ပဲလို ပြောတယ်။ ဒီတော့ ကျန်တဲ့ ရဟန်းက သြော် …ဒီမာတုဂါမကို ကျွန်ုပ် မြစ်ကမ်းမှာ ချထားခဲ့ပြီး ဖြစ်တယ်။ သင်က ဒီနေရာအထိယူလာတာကိုးလို့ ပြောတယ်။
ကျွန်တော်တို့တွေကအဖြစ်အပျက်တွေကိုကြည့်မယ်။ အကောင်းအဆိုးတွေကိုတွေ့မယ်။ ဒါပေမဲ့ ကောင်းမွေ ဆိုးမွေကို ပြုလုပ်တဲ့သူပဲခံရမှာ။သူ့အလုပ်သူလုပ်မယ်။သူ့သမိုင်းသူရေးလိမ့်မယ်။ ကိုယ်ကတော့ သင်ခန်းစာယူပြီးရှေ့ဆက်ဖို့ပါပဲ။ မကောင်းတာကို အတင်းကောင်းအောင်မြင်ကြည့်ဖို့ မလိုပါဘူး။ ကောင်းတာတွေတွေ့လာတော့လည်း အသိအမှတ်ပြုလိုက်ယုံပါပဲ။ တကယ်က ကိုယ့်ဘ၀ကိုယ် အပြစ်ကင်းကင်း တဲ့ နေနိုင်ဖို့ပဲစဉ်းစားရမှာ။ သူတစ်ပါးရဲ့ အကောင်းအဆိုးကို ၀င်ပြီးစဉ်းစား ၊ ခံစားနေဖို့မလိုပါဘူး။ ဒါအပြုသဘောအမြင် (Positive Thinking)ပါပဲ။ ကျွန်တော်တို့ တွေ ဒီအတိုင်းတွေးမြင်
ဖို့တော့ သိပ်ခက်မှာပါပဲ။ ဒါပေမဲ့ ဒါက အကောင်းဆုံးပါပဲ။
(စကားလုံး အများစုကို ဆရာဒေါက်တာခင်မောင်ညို ဧ။် ညစ်နေတဲ့အတွေးများနဲ့ အပြုသဘောအမြင်စာအုပ်မှကူးချထားပါသည်။)
0 comments:
Post a Comment