Wednesday, September 7, 2011

ကျနော်၏ သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို၊ ဦးညွတ်ကန်တော့ပါသည်-

*ရေးသူ-စန္ဒရား အောင်ဝင်း*

by Ko Myoe on Tuesday, September 6, 2011 at 9:42am

       ဂီတ ညီအစ်ကို မောင်နှမများ .မင်္ဂလာ အပေါင်းနှင့်ပြည့်ဝကြပါစေဗျာ။ နေ့ ခင်း ၁၂ နာရီလောက်က၊ ဂီတညီ အစ်ကို တစ်ယောက် ဖြစ်တဲ့ ကာလီဖိုးနီးယားက ကိုခိုင်မြင့် (Dr. Khaing Myint) ဖုန်းခေါ်လာပါတယ်။ ကိုခိုင်မြင့်ကတော့ စန္ဒရားကို မြန်မာသံ အနောက်တိုင်း သံ နှစ်မျိုးလုံး တီးတဲ့သူဖြစ်သလို မြန်မာသံ ကို စန္ဒရား ဆရာကြီး ဦးစိန်သောင်း ထံမှ၊ လက်ရှိ လေ့လာနေဆဲလည်း ဖြစ်ပါတယ်။ သူ့ ဆီ ရောက် နေတဲ့ စန္ဒရား ဆရာကြီး ဦးစိန်သောင်း နဲ့  စကားပြောနိုင်အောင် ဖုန်းခေါ်ပေးလာတာဖြစ်ပါတယ်။
စန္ဒရား ဦးစိန်သောင်းဟာ၊ မြန်မာ့ ရုပ်မြင်သံကြား မပေါ်မီ ၁၉၈၂ ခု လောက်က မြန်မာ့အသံမှ အနားယူလိုက်တာကြောင့်၊ ကျနော်တို့  ရုပ်မြင်သံကြား အစီအစဉ် တွေ တီးကြတဲ့ အခါ၊ ဆရာကြီးနဲ့ မဆုံနိုင်ခဲ့ပါဘူး။ မြန်မာ့ဂီတ တူရိယာတွေကို လေ့လာမယ်ဆိုရင်၊ သင်ဆရာ မြင်ဆရာ ကြားဆရာ သုံးမျိုးအနက်၊ သင်ဆရာနဲ့  စတင်ခဲ့ပေမဲ့၊ မြင်ဆရာ ကြားဆရာ တွေနဲ့  ဆက်ပြီး လေ့လာရပါတယ်။ စန္ဒရား အတွက် မြင်ဆရာ ရဖို့ က လည်း၊ အမြဲ မဖြစ်နိုင်ပါဘူး။ ကြားဆရာ ကသာ၊ အဖြစ်နိုင်ဆုံးနဲ့  အချိန် အများဆုံး လေ့လာနိုင်တာဖြစ်ပါတယ်။

      ဆရာကြီးမှာ စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင်တီးတဲ့ ကိုတင်ဦးသောင်း နဲ့ ကိုမိုးသူသောင်း လို့ ခေါ်တဲ့ သား နှစ်ယောက်ရှိပါတယ်။ တနေ့ မှာ ကိုမိုးသူသောင်းက ကျနော်တီးထားတဲ့ ကျေးစေတမန် video ကို၊ ဆရာကြီးကို ဖွင့်ပြလိုက်တာကို ကြည့်ပြီး၊ ဆရာကြီးက၊ ကျနော့်ဆီကို ကိုခိုင်မြင့်ဆီက တဆင့် ဖုန်းခေါ်ပြီး စကားပြောပါတယ်။ ကျနော်ရဲ့ ကျေးစေတမန် တီးထားတာကို၊ မူလဟန်မပျောက်ဘဲ မြန်မာကွက်လှလှ တွေကို၊ မထင်မှတ်လောက်အောင် သုံးပြီး တီးထားတာကို၊ ချီးကြူးအားပေး စကားပြောလာတာဘဲ ဖြစ်ပါတယ်။ ဆက်ပြီး မြန်မာ့ဂီတ ကို၊ ထိမ်းသိမ်းနိုင်ဖို့ လည်း၊ ပြောတာပေါ့ဗျာ။ ဆရာကြီးဟာ မြန်မာ ဆိုင်းကို နိုင်နိုင် နင်းနင်း တီး သလို၊ စန္ဒရားကိုလည်း၊ ဒါတွေဟာ စန္ဒရား စိန်သောင်း အကွက်တွေပါလို့  ဂီတလောကမှာ ပြောစရာကျန်လောက်အောင် မြန်မာ ကာလပေါ် တေးတွေမှာ တီးခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။

      ဆရာကြီး ဦးစိန်သောင်း ဟာ၊ အသက် ၈၀ ကျော်ပါပြီ။ ကျနော်နဲ့ ဆရာကြီး ဒီနေ့ တိုင်၊ တစ်ဦးနှင့် တစ်ဦး လူတွေ့  မမြင်ဖူးကြပေမဲ့၊ ဆရာရဲ့ ချီးမြှင့် အားပေးတာကို၊ အဝေးမှ ပို့ ပေးတာမို့  ဆရာကြီးကို၊ အလွန်ကျေးဇူးတင်ပါတယ်။ တန်ဖိုးထားပါတယ်။ ဆရာကြီးဟာ ကျနော်ရဲ့ သင်ဆရာ မြင်ဆရာ ဖြစ်ဖို့  ကံ မပါသေးပေမဲ့ ကြားဆရာ ဖြစ်ခဲ့ပါတယ်ဆိုတာကတော့ ပြောစရာမလိုတော့ပါဘူး။
သားရေ . . သားတီးတာ မူလဟန်လည်းမပျောက်၊  မထင်တဲ့ လက်ကွက်တွေလည်း သုံးထားတော့ တော်တော့်ကို၊ ကောင်းတာပါဘဲ သားရေ . . ဆက်လုပ်ပါနော် . . . လို့  ကျနော်ကို ပြောပါတယ်။  ဆရာရေ . . . ကျနော်တီးတာကောင်းတယ်လို့ ပြောရင်တော့ . . . ဆရာတို့  တီးထားခဲ့တာ တော်တော့်ကို ကောင်းလွန်းလို့ ပေါ့ ဆရာ လို့  . . ကျနော် ပြောခဲ့မိပါတယ်။  ဘယ်သူတီးထားထား၊ ကောင်းတာ တွေကို ယူနေရတာကိုက၊ ကြား ဆရာတွေဘဲပေါ့။ ဆရာကြီး ဦးစိန်သောင်း အား၊ ကျနော့်ရဲ့ ကြားဆရာ တစ်ဦး အဖြစ် ပထမဆုံး စကားသံ ကြားရတဲ့နေ့ မှာ ကန်တော့ပါတယ်လို့  ဂါရ၀ပြုခဲ့ပါတယ် . . ညီ အစ်ကိုများ ခင်ဗျား . . .

      အစဉ်အလာ ၀ါ သဘာ သိမှ တတ်မြောက်နိုင်သော မြန်မာ့ အနုပညာအား လေ့လာသင်ကြားရာတွင်၊ ကြားဆရာ သည်၊ အလွယ်ဆုံး ရှာရလွယ်သော ဆရာ ဖြစ်သောကြောင့်၊ ကျနော်၏ ဂီတ ညီ အစ်ကိုများ သင်ဆရာ မြင်ဆရာ ရှာဖွေတွေ့ ရှိ ခွင့်မရနိုင်သေးပါက ၊ ကြားဆရာ ဖြင့် မိမိတို့ ၏ အနုပညာ အရည်အသွေးကို၊ နောင်လူငယ်များအတွက် ထိမ်းသိမ်းပေးနိုင်ကြပါစေဟု၊ အကြံပေး ဆန္ဒပြု လိုက်ပါရစေဗျာ။ မိမိရဲ့ ကြားဆရာ များကိုလည်း၊ ပြန်လည် အမှတ်တရ ရှိကြစေရန်၊ ဒီစာလေးကို ရေးလိုက်ပါရစေ။

-ချစ်ခင်လေးစားစွာဖြင့်
 အောင်ဝင်း

  1 comment:

  1. ကိုအောင်ဝင်း ရေ- ကျနော်တို့ကိုဝင်း(စန္ဒယားထိပ်တင်ဝင်း) ပြီးခဲ့တဲ့လက ရန်ကုန်မှာကွယ်လွန်သွားပါပြီ၊(သင့်-နာမည်တူ အောင်ဝင်း-စန္ဒယားမွန်)

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...