Tuesday, September 20, 2011

ဧရာဝတီအရေးနဲ့ ဒီမိုကရေစီ စမ်းသပ်မှု

by Lu Cifer on Tuesday, September 20, 2011 at 8:14pm
 
Myanmar President Thein Sein (R) chairs a session of the Union Parliament in Naypyidaw on August 22, 2011. Myanmar's president Thein Sein said his government was ready to work with the international community in a speech at the opening of a new session of parliament, in the latest sign the authoritarian nation is seeking to end its diplomatic isolation. AFP PHOTO/Soe Than WIN (Photo credit should read Soe Than WIN/AFP/Getty Images) 2011 AFP

သြဂုတ် ၂၂ ရက်နေ့က တွေ့ရတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - getty images)


မတ်လ ၃၀ ရက်နေ့မှာ အာဏာလွှဲပြောင်းယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန် တက်တက်ချင်း နေ့ ပြောတဲ့ မိန့်ခွန်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့၊ တာဝန်ခံတဲ့ အစိုးရအဖွဲ့ဖြစ်ဖို့ လုပ်ဆောင်မယ် လို့ တိုင်းပြည်ကို ရည်ညွှန်းပြီး ပြောဆိုသွားခဲ့ပါတယ်။

အစိုးရ ၀န်ကြီးတွေကိုလည်း အထက်က ညွှန်ကြားတာ စောင့်မနေဘဲ လုပ်စရာရှိတာ လုပ်၊ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အကောင်းအဆိုးကိုလည်း တာဝန်ခံကြရမယ် ဆိုတာကိုပါ ထည့်ပြောခဲ့ပါသေးတယ်။ အဲဒီလို ပြောဆိုပုံမျိုးဟာ မဆလ လက်ထက်မှာရော၊ န၀တ၊ နအဖ လက်ထက်မှာပါ သိပ်မရှိခဲ့လို့ ထူးခြားနေတယ်လို့ ထင်မြင်ယူဆသူတွေ ရှိခဲ့ပါတယ်။

အဲဒီလို ပြောခဲ့ပြီး ၅ လခန့်အကြာ သြဂုတ်လရောက်တော့ နေပြည်တော်မှာ လုပ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးဖိုရမ်မှာ ပြည်ပ အတိုက်အခံဟောင်း စီးပွားရေး ပညာရှင်ကို ဖိတ်ခေါ်တာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်သည်အဖြစ် ဖိတ်တာတွေနဲ့ နောက်ဆုံး သမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခဲ့တဲ့ အဖြစ်ကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆီ ဦးတည်နေပြီလားဆိုတဲ့ မှန်းဆချက်တွေ ပေါ်ထွက်လာခဲ့ပါတော့တယ်။ မြန်မာ့ နိုင်ငံရေးမှာ ရှားပါးလှတဲ့ အကောင်းမြင် အလားအလာတွေ ထွက်ပေါ်ခဲ့တာပါ။

ဦးသိန်းစိန် အစိုးရက စီးပွားရေး ဖြေလျော့မှုတွေ လုပ်ပြလာတာတွေကြောင့်လည်း တခါမှ အကောင်းမမြင်ဘူးတဲ့ လုပ်ငန်းရှင်တွေ ကုန်သည်ပွဲစားအချို့တောင် အကောင်းဘက်က ရှုမြင်လာကြတာတွေ ရှိနေပါတယ်။

ဒီအစိုးရ တကယ်ပဲ ပြောင်းလဲမှုတွေ လုပ်တော့မလား၊ စီးပွားရေး သာမက နိုင်ငံရေးဘက်မှာပါ လုပ်လာတော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အစိုးရကလည်း ဒီမိုကရေစီကို ဖေါ်ဆောင်နေပါပြီ၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လို့ အာဏာရလာတဲ့ အစိုးရအဖွဲ့ပါလို့ ပြောဆိုနေပါပြီ။

အဲဒီအချိန်မှာ အစိုးရရဲ့ ဒီမိုကရေစီကျလား မကျလားဆိုတာကို စမ်းသပ်မယ့် ကိစ္စတရပ် ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲဒီကိစ္စက မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းပဲ ဖြစ်ပါတယ်။

"---ယခင်က အစိုးရ စီမံကိန်းတွေကို ဗြောင်မဝေဖန်ရဲကြတဲ့ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေလည်း ယခု မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်သုံးသပ်ဖို့၊ ရပ်တန့်ဖို့ အတွက် ဧရာဝတီကယ်တင်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဆိုကန့်ကွက်မှုတွေ လုပ်လာကြပါတယ်---"

မြစ်ဆုံရေကာတာကို မဆောက်ဖို့ ၂၀၀၇ ခုနှစ်မှာ ကေအိုင်အိုက ပြောခဲ့ပေမယ့် နအဖ အစိုးရက အလေးမထားခဲ့ပါဘူး။ ရွာတွေ ရွှေ့ပြောင်းရချိန်မှာ ဒေသခံတွေ ကန့်ကွက်ကြပေမယ့် အဲဒီအချိန်ကလည်း ကချင်ပြည်နယ် ပြင်ပက အဖွဲ့အစည်းတွေ သတိမပြုခဲ့ကြ၊ ဂရုမမူခဲ့ကြပါဘူး။

၂၀၁၁ ခုနှစ်မှာမှ EIA လို့ခေါ်တဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာချက် စာတမ်းတွေ ပြင်ပကို ထွက်ရှိလာပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ စိုးရိမ်သူတွေက လူသိရှင်ကြား ပြောဆို ဝေဖန်လာကြတာပါ။ ဒီလိုနဲ့ မြစ်ဆုံရေကာတာ ကန့်ကွက်တဲ့ အရေးဟာ မီဒီယာ မျက်နှာပြင်ပေါ်ကို ရောက်လာခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရကလည်း သူတို့ဟာ ဒီမိုကရေစီကူးပြောင်းရေး လုပ်ဆောင်နေတာကို ပြသချင်နေတဲ့ အချိန်၊ မီဒီယာ ဖြေလျော့မှုတွေ ပေးထားတယ်လို့ ပြသချင်တဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားလာတာပါ။

ယခင်က အစိုးရ စီမံကိန်းတွေကို ဗြောင်မဝေဖန်ရဲကြတဲ့ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေလည်း ယခု မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်သုံးသပ်ဖို့၊ ရပ်တန့်ဖို့ အတွက် ဧရာဝတီကယ်တင်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဆိုကန့်ကွက်မှုတွေ လုပ်လာကြပါတယ်။

လွန်ခဲ့တဲ့ လ ၁၂ ရက်နေ့ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ခေါင်းဆောင်တွေက တိုင်းပြည်ကို မချစ်လို့ ဒီစီမံကိန်းကို လုပ်ခဲ့တာမဟုတ်ဘူးလို့ ဆို့နင့် ကြေကွဲသံနဲ့ ပြောခဲ့ပါတယ်။
အဲဒီနောက် ဧရာဝတီ မြစ်ဆုံ ရပ်တန့်ရေးကိစ္စဟာ ပိုပြီး အသံကျယ်လာပါတယ်။

ယခုလ ဒုတိယပတ် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းက ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နောက်မဆုတ်ဘူး၊ ဧရာဝတီရောဂါနဲ့ အမှီလိုက်နေကြသူများ စတဲ့ ရင့်သီးတဲ့ အသုံးအနှုန်းတွေနဲ့ စိမ်ခေါ်လိုက်တဲ့အခါ ဧရာဝတီ ကယ်တင်ရေးကြွေးကြော်သံက အကျယ်လောင်ဆုံး ရောက်ရှိလာပါတော့တယ်။

ဒီအခြေအနေမှာ ဒီမိုကရေစီကို လိုလားပါတယ်၊ ဒီမိုကရေစီ ဘက်တော်သားပါဆိုတဲ့ ဦးသိန်းစိန် အစိုးရအဖို့ ဧရာဝတီ မြစ်ဆုံစီမံကိန်း ကိစ္စကြောင့် သူတို့ အစိုးရအဖွဲ့ ဒီမိုကရေစီ ဘယ်နှရာခိုင်နှုန်းရှိသလဲ ဆိုတာ မှတ်ကျောက်တင်ခံရမယ့် ကိစ္စ ဖြစ်နေပါပြီ။

၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်ကော်မတီ စည်းဝေးပွဲမှာ အမှတ် (၁) လျှပ်စစ် ၀န်ကြီးပြောတာတွေကို လွန်တယ်ဆိုတာ အရိပ်အမြွက်ဝန်ခံခဲ့ပြီး မကြာခင်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက စီမံကိန်းကို ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်သုံးသပ်ဖို့အရေးဟာ ဦးသိန်းစိန် အစိုးရအဖို့ ဧရာဝတီ မြစ်ကယ်တင်ရေး ဆိုတာထက် ပိုလွန်ပြီး နိုင်ငံရေး စမ်းသပ်မှု မှတ်ကျောက်တင်မှု တစ်ခု ဖြစ်နေပါပြီ။

မိုးမခ
Monday, 19 September 2011

http://moemaka.com/index.php?option=com_content&task=view&id=9972&Itemid=1

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...