Thursday, September 1, 2011

နိုင်ငံရေးပညာမိတ်ဆက် ၂

by The River Club on Friday, September 2, 2011 at 1:20pm

လူငယ်နှင့် နိုင်ငံရေး အစိုးရနှင့် ဒီမိုကရေစီ -  ဘုန်းသက်ပိုင် 

နိုင်ငံတော်ဆင့်ကဲဖြစ်စဉ်

ရှေ့မှာနိုင်ငံတော်နဲ့ အစိုးရကြားကွဲပြားမှုကို တင်ပြခဲ့ပါတယ်။ အခုနိုင်ငံတော်ရဲ့ အခန်းကဏ္ဍ၊ တာဝန်စတာတွေကို တင်ပြဖို့ရှိပေမယ့်၊ လူ့သမိုင်းမှာ အခုခေတ်နိုင်ငံတော်တွေအထိ ဘယ်လိုအဆင့်ဆင့်ဖြတ်သန်းခဲ့ရတယ်ဆိုတာကို အရင်သိထားဖို့ လိုတာကြောင့် နိုင်ငံတော်ဆင့်ကဲဖြစ်စဉ်ကို အရင်တင်ပြလိုက်ပါတယ်။
လူဆိုတာ အစုအဝေးနဲ့ နေထိုင်တဲ့ အမျိုးအစားပါ။ ဒါဟာ ဗီဇကြောင့်လား၊
လိုအပ်ချက်ကြောင့်လားဆိုတာကတော့ ပညာရှင်တွေ အငြင်းပွားနေဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် လူဆိုတာ မွေးဖွားလာစဉ်ကတည်းက လူမှုရိပ်မြုံတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊ မနုဿဗေဒပညာရှင်တွေနဲ့ တခြားပညာရှင်အများက လူမှုဖွဲ့စည်းမှုရဲ့ အခြေခံအကျဆုံး ယူနစ်ဟာ သွေးသားတော်စပ်မှုအရ ဖွဲ့စည်းထားတဲ့ အုပ်စုတစ်စုဆိုတာကို သဘောတူကြပါတယ်။ ဒီအုပ်စုကို မိသားစုအဖြစ် ယေဘုယရည်ညွှန်းလေ့ရှိကြပါတယ်။ အဲဒီမိသားစုတွေဟာ ကြီးထွားလာခဲ့ပြီး၊ အတွင်းပိုင်းတည်ငြိမ်ဖို့၊ ပြင်ပတိုက်ခိုက်မှုကိုကာကွယ်ဖို့နဲ့ စီးပွားရေးလိုအပ်ချက်တွေကို ပိုမိပြည့်ဝမှုရှိလာစေဖို့အတွက် ဆွေမျိုးအုပ်စုတွေအဖြစ် စုဖွဲ့ခဲ့ကြတယ်။ နောက်ဆွေမျိုးစုတွေကနေ မျိုးနွယ်စု၊ မျိုးနွယ်စုကနေ လူမှုအဖွဲ့အစည်းအဖြစ် ကြီးထွားလာခဲ့ကြတယ်။
ဒီလိုမိသားစုတွေကနေ ဆန့်ထွက်လာမှုတွေဟာ မိသားစုတွေအပေါ်မှာ အကြီးမားဆုံးလုပ်ပိုင်ခွင့် အခွင့်အာဏာပိုင်မှုတစ်ရပ်ကို သတ်မှတ်ပြဌာန်းမှုဟာလည်း အလိုအလျောက်ပေါ်ထွန်းလာစေပါတယ်။ အဲဒီနေရာကို မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ချို့ လူမှုရိပ်မြုံများ ကောင်စီတစ်ရပ်ကနေ ရယူလေ့ရှိကြပါတယ်။ အဲဒီမျိုးနွယ်စု အကြီးအကဲဟာ အစိုးရရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အပ်နှင်းခံထားရသူပါ။ အဲဒီနောက်မှာတော့ မျိုးနွယ်စုအကြီးအကဲဟာ သူရဲ့အနေအထားကို ပိုမိုအားကောင်းလာစေရုံသာမက တစ်ခြားမျိုးနွယ်စုတွေအပေါ်မှာပါ အားကောင်းလွှမ်းမိုးလာနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးနွယ်စုရဲ့ အကြီးအကဲတွေဟာ တိုက်ရေးခိုက်ရေးကျွမ်းကျင်တဲ့ လက်ရုံးရည် အားကောင်းတဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။ အကြမ်းအားဖြင့် ဒါကို လူမှုရေးနဲ့ နိုင်ငံရေးဖွဲ့စည်းမှု စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ အခြေခံအကြောင်းအရင်းအဖြစ် မှတ်ယူကြပါတယ်။ သွေးသားတော်စပ်မှုဟာ မိမိရဲ့ မိသားစု၊ ဒါမှမဟုတ် မျိုးနွယ်စုကို သစ္စာစောင့်သိတဲ့စိတ်ကို ဖြစ်ပေါ်လာစေခဲ့တယ်။ အုပ်စုတစ်စုက၊ တစ်ခြားအုပ်စုတစ်စုကို အောင်နိုင်မှု၊ ဒါမှမဟုတ် အုပ်စုချင်း ပေါင်းစည်းမှုတို့ဟာ အစောပိုင်း နိုင်ငံတော်တည်ထောင်မှုဆီ ဦးတည်စေခဲ့ပါတယ်။   

အစောပိုင်းအင်ပါယာများ

လူသားမျိုးနွယ်စုတွေဟာ မူလက ရေကြည်ရာမြက်နုရာ လှည့်လည်ရင်း မြေသြဇာကောင်းတဲ့နေရာတွေမှာ အခြေချနေထိုင်ခဲ့ကြတယ်။ အများအားဖြင့် မြစ်ဝှမ်းဒေသတွေမှာ အခြေချခဲ့ကြတယ်။ ဒါကြောင့် မြစ်ဝှမ်းဒေသကို အခြေခံတဲ့ ယဉ်ကျေးမှုကြီးတွေဟာ ထွန်းကားလာခဲ့တယ်။
ဒါ့ကြောင့် နိုင်းမြစ်ဝှမ်း၊ ယူဖရေးတီးမြစ်ဝှမ်း၊ ဂင်္ဂါမြစ်ဝှမ်း၊ မြစ်ဝါမြစ်ဝှမ်း၊ ယန်ဇီမြစ်ဝှမ်းစတဲ့ နေရာတွေမှာ အခြေချသူတွေ များပြားလာသလို အဲဒီနေရာဒေသတွေဟာလည်း တိုးတက်စည်ပင်လာခဲ့တယ်။ စစ်ရေးအောင်မြင်မှုတွေ၊ မဟာမိတ်ဖွဲ့မှုတွေ၊ ကုန်သွယ်မှုတွေနဲ့ ပေါင်းစည်းမှုတွေဟာ လူမျိုးစုတွေ အခြေချနေထိုင်ကြတဲ့ ကျေးရွာပေါင်းများစွာကို ဘုံအာဏာပိုင်တစ်ခုရဲ့အောက်မှာ စုစည်းသွားစေပြီး ရှေးဟောင်း အီဂျစ်၊ ဘေဘီလုံ၊ အဆီးနီးယား၊ ပါရှား၊ တရုတ်နဲ့ အန္ဒိယတို့လို အင်အားကြီးမားတဲ့ ရှေးဦးအင်ပါယာကြီးတွေဟာ ပေါ်ထွန်းလာခဲ့တယ်။­­­­­­­­­­­­­ အဲဒီလို အင်ပါယာတွေ တည်ထောင်ရာမှာ အဓိကကျတာကတော့ စစ်ရေးအောင်နိုင်မှုပါ။ ဒါကြောင့် ဒီအင်ပါယာတွေကို ထိန်းသိမ်းဖို့ ချဲ့ထွင်ဖို့အတွက်လည်း စစ်အင်အားကိုပဲ အဓိကထားခဲ့ကြပါတယ်။ စစ်ရေးရှုံးနိမ့်သူတွေဟာ ကျွန်အဖြစ်သတ်မှတ်ခံခဲ့ရတယ်။ အဲဒီရှေးဦးအင်ပါယာကြီးတွေမှာ အဓိကကျင့်သုံးတဲ့ အုပ်ချုပ်ရေးပုံစံက သက်ဦးဆံပိုင် ဘုရင်အုပ်စိုးတဲ့ ပုံစံပါပဲ။ ဒါပေမယ့် ဘာသာရေးအုပ်စုတွေလို၊ ချမ်းသာကြွယ်ဝတဲ့ မူးမတ်တွေလိုမျိုး လူတန်းစားအလွှာတွေဟာလည်း ပေါ်ထွန်းလာခဲ့တယ်။ ဒီအင်ပါယာကြီးတွေထဲက တချို့ဟာ ရာစုနှစ်ပေါင်းများစွာ ရှည်ကြာတည်တံ့ခဲ့ပေမယ့် အများအပြားကတော့ အင်ပါယာ အချင်းချင်းစစ်ပွဲတွေ၊ အင်ပါယာတွေရဲ့ အဆောက်အဦးအတွင်း ချိနဲ့မှုတွေနဲ့၊ အင်ပါယာကို စုစည်းပေးထားတဲ့ မျိုးနွယ်စုတွေ အချင်းချင်းစစ်ပွဲကြောင့် အလျင်အမြန်ပဲ ပျက်စီးပြိုလဲခဲ့ရတယ်။

မြို့ပြနိုင်ငံ

မြေထဲပင်လယ်ဒေသမှာ အီဂျစ်၊ ဘေဘီလုံနဲ့ ပါးရှားအင်ပါယာကြီးတွေ လွှမ်းမိုးနေတဲ့အချိန်မှာတောင် တစ်ခြားနိုင်ငံတော်ပုံစံသစ်တစ်ရပ်ဟာ ပင်လယ်ကမ်းခြေဒေသတွေတလျှောက်မှာ ဖွံ့ဖြိုးလာနေခဲ့ပါတယ်။ အဲဒီဒေသတွေဟာ ကုန်းတွင်းပိုင်းမှာလို အင်ပါယာကြီးတွေက ခိုင်ခိုင်မာမာ မချုပ်ကိုင်နိုင်တဲ့ နေရာတွေပါ။ ပြီးတော့ အဲဒီပင်လယ်ကမ်းခြေဒေသတွေရဲ့ ပထဝီအနေအထားတွေက မြို့ပြနိုင်ငံတွေ တည်ထောင်မှုကို ပိုအားပေးနေပါတယ်။ ပြီးတော့လည်း အဲဒီနေရာတွေဟာ မဟာအင်ပါယာကြီးတွေ သိမ်းယူထိန်းချုပ်ထားဖို့ ခက်ခဲတဲ့နေရာတွေပါ။ မျိုးနွယ်စုတွေဆိုတာက ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာကြပြီး မြစ်ဝှမ်းလွင်ပြင်တွေမှာ အခြေချခဲ့ကြသလိုမျိုးပါပဲ။ မြို့ပြနိုင်ငံတွေဟာ ဒီပုံစံမျိုးပဲ ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဒေသတွေအနေနဲ့ကတော့ အင်ပါယာကြီးတစ်ခုဖြစ်အောင် ထူထောင်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ အဓိက အခက်အခဲ အတားအဆီးကတော့ ပထဝီမြေမျက်နှာသွင်ပြင်ပါပဲ။ မြေထဲပင်လယ်ကမ်းခြေတွေဟာ တောင်တန်းတွေ၊ ဖြတ်သန်းသွားလာဖို့မလွယ်ကူလှတဲ့ သဲကန္တာရတွေနဲ့ ပိုင်းခြားခံထားရပါတယ်။ ပြီးတော့ ပင်လယ်ပြင်တလျှောက် ထောင်နဲ့ချီတဲ့ကျွန်တွေ၊ နက်ရှိုင်းတဲ့ ပင်လယ်ကွေ့၊ ပင်လယ်အော်တွေဟာ အဲဒီဒေသတွေကို ကမ္ဘာ့ကျန်တဲ့နေရာတွေနဲ့ တစ်သီးတစ်ခြား ဖြစ်နေစေခဲ့ပါတယ်။ အဲဒီလို ပထဝီမြေမျက်နှာပြင် အကန့်အသတ်တွေကြောင့် မြို့ပြနိုင်ငံတွေလုပ်နိုင်ခဲ့တာ၊ လုပ်ဆောင်ခဲ့တာက အင်အားတောင့်တင်းပြီး လွတ်လပ်တဲ့ မြို့ပြနိုင်ငံတွေ တည်ထောင်ခဲ့တာပါပဲ။ အဲဒီပင်လယ်ကမ်းခြေဒေသတွေမှာ အခြေချခဲ့ကြတဲ့ မျိုးနွယ်စုတွေ စုစည်းတည်ထောင်ထားတဲ့ မြို့ပြနိုင်ငံအများအပြားဟာ ကုန်သွယ်စီးပွားနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အင်အားကြီးမားတဲ့ နိုင်ငံတွေဖြစ်လာခဲ့ပါတယ်။ အေသင်၊ စပါတာ၊ ကိုရစ်၊ ဆိုင်ရာကျူ၊ တိုင်ယီ၊ ကာသေ့နဲ့ အစောပိုင်း ရောမတို့လို မြို့ပြနိုင်ငံတွေသာ၊ သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး၊ ထင်ရှားတဲ့ နိုင်ငံရေးဖွဲ့စည်းမှုတွေ ဖွံ့ဖြိုးတိုးတက်ပါတယ်။

ဒီမြို့ပြနိုင်ငံတွေအများစုဟာ သက်ဦးဆံပိုင်ဘုရင်အုပ်စိုးမှု ပုံစံနဲ့ အစပြုခဲ့ပြီး အများအပြားက နောက်ဆုံးအချိန်အထိ ဒီစနစ်ကိုပဲ ကျင့်သုံးသွားခဲ့တာပါ။ ဒါပေမယ့် တစ်ချို့မြို့ပြနိုင်ငံတွေကတော့ သမ္မတနိုင်ငံတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ လက်တစ်ဆုပ်စာလောက်ကတော့ ဒီမိုကရေစီကျင့်သုံးတဲ့ မြို့ပြနိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။
ဒီမြို့ပြနိုင်ငံခေတ်အတွင်း အထူးမှတ်သားစရာတွေကတော့ အဲဒီခေတ်မှာ လူသားတွေဟာ ပထမဆုံးနိုင်ငံရေးအသိစိတ် အမြင့်မားဆုံး ရှိလာတယ်ဆိုတာနဲ့ မတူကွဲပြားတဲ့ နိုင်ငံရေးစနစ်တွေရှိတဲ့ အတွေ့အကြုံကို စတင်ရရှိခဲ့ကြတယ်ဆိုတာပါပဲ။ အင်ပါယာဟောင်းတွေဟာ တစ်စတစ်စချိနဲ့လာခဲ့ပြီး၊ မြို့ပြနိုင်ငံတွေကတော့ မြေထဲပင်လယ်ဒေသတစ်လျှောက် ကာလရှည်ကြာ ပျံ့နှံ့တည်ရှိတဲ့ နိုင်ငံရေး စည်းရုံဖွဲ့စည်းမှုပုံစံ ဖြစ်ခဲ့ပါတယ်။

မက်ဆီဒိုးနီးယန်းနဲ့ ရောမအင်ပါယာ

မက်ဆီဒိုးနီးယန်းဘုရင်ဖိလစ်နဲ့ သူ့သား အလက်ဇန်းဒါးတို့ရဲ့ စစ်ရေးအောင်မြင်မှုတွေဟာ မြေထဲပင်လက်အရှေ့ပိုင်းမှာ မြို့ပြနိုင်ငံခေတ်ကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အလက်ဇန်းဒါးရဲ့ အင်ပါယာဟာလည်း သူသေဆုံးသွားတဲ့အခါမှာ ပြိုကွဲသွားခဲ့ရပြန်ပါတယ်။ ပြီးတော့ အနောက်ဘက်ခြမ်းမှာ ရောမအင်ပါယာပေါ်ထွန်းလာတာကလည်း အဲဒိမက်ဆီဒိုးနီးယန်းအင်ပါယာရဲ့ အဆုံးသတ်မှုကို ပိုမြန်ဆန်သွားစေခဲ့ပါတယ်။ သမိုင်းမှာ အရေးကြီးလှတဲ့ ရောမအင်ပါယာကြီးဟာ တိုင်ဘာမြစ်ကမ်းပေါ်က မြို့ပြနိုင်ငံတစ်ခုအဖြစ်နဲ့ အစပြုခဲ့တာပါ။ ရောမမြို့ပြနိုင်ငံလေးဟာ မြေထဲပင်လယ်တစ်ခွင်လုံးမှာကော အာရှ၊ အာဖရိကနဲ့ ဥရောပရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေမှာပါ အချိန်ကာလရှည်လျားစွာ လွှမ်းမိုးမင်းမူနိုင်ခဲ့ပါတယ်။ ရောမလက်အောက်ခံအဖြစ်ကျရောက်ခဲ့ရတဲ့ အဲဒီဒေသတွေက ဘယ်သူမှတော့ ရောမနဲ့နိုင်ငံရေးအရ ပါဝင်ပတ်သတ်ခွင့်မရခဲ့ကြပါဘူး။ သူတို့ဟာ ရောမလက်အောက်ခံဖြစ်ပေမယ့်၊ ရောမရဲ့ နိုင်ငံရေးအစိတ်အပိုင်းတစ်ရပ်တော့ လုံးဝမဖြစ်ခဲ့ကြပါဘူး။ အင်ပါယာကြီးရဲ့ အချုပ်အခြာအာဏာမှန်သမျှကို ရောမကပဲ ချုပ်ကိုင်ထားတာပါ။ ရောမအင်ပါယာရဲ့ အစောပိုင်း အုပ်ချုပ်ရေးပုံစံကတော့ ဘုရင်အုပ်စိုးတဲ့ စနစ်ပါ။ နောက်တော့သမ္မတနိုင်ငံဖြစ်ခဲ့တယ်။ အဲဒီနောက် သမ္မတနိုင်ငံကနေ အင်ပါယာပြည့်ရှင်(Imperator) လို့ခေါ်တဲ့ သက်ဦးဆံပိုင် စစ်ဘုရင်ကြီးအုပ်ချုပ်တဲ့ စနစ်ဆီတစ်စတစ်စ ပြောင်းလဲသွားပါတော့တယ်။

မြေရှင်ခေတ် ဥရောပ
အေဒီ ၃၆၃ မှာ ရောမအင်ပါယာဟာ ဘိုင်ဇန်တင်(အခုအစ္စတန်ဘူလ်)မှာ အခြေပြုတဲ့ အရှေ့ပိုင်းအင်ပါယာနဲ့ ရောမကို ဗဟိုပြုတဲ့ အနောက်ပိုင်းအင်ပါယာ ဆိုပြီး ၂-ပိုင်းကွဲသွားခဲ့သည်။ အရှေ့ပိုင်းအင်ပါယာဟာ အေဒီ ၁၄၅၃ ခုနှစ်အထိ တည်တဲ့ခဲ့ပေမယ့် အနောက်ပိုင်းအင်ပါယာကတော့ အေဒီ ၄၇၆မှာ ဘာဘာရီးယန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့ရပါတယ်။ ဒီအရှေ့ရောမအင်ပါယာကာလ (အေဒီ ၅၀၀-၁၅၀၀)ကို အလယ်ခေတ်လို့လည်း သမိုင်းဆရာတွေက သတ်မှတ်ကြပါတယ်။ အဲဒီခေတ်မှာ အဓိကပြောရမှာက ခရစ်ယာန်ဘာသာ ထွန်းကားပြန့်ပွားလာတာနဲ့ အုပ်ချုပ်သူတွေနဲ့ လူအများရဲ့အပေါ် သြဇာလွှမ်းမိုးလာခဲ့တာပါပဲ။ အဲဒီကာလမှာ Pope ပုဒ်ဆိုတဲ့ ဘာသာရေးအကြီးအကဲဟာ တစ်ဘက်မျာ အင်ပါယာပြည့်ရှင်နဲ့ အပြိုင်သြဇာကြီးမားလာခဲ့တယ်။ အရှေ့ပိုင်းအင်ပါယာဟာ သက်တမ်းရှည်ကြာခဲ့ပြီး ကြီးမားကျယ်ပြန့်တဲ့ သြဇာလွှမ်းမိုးမှုတွေကို ရရှိပေမယ့်လည်း ရောမရဲ့ စည်းလုံးမှုနဲ့ စီမံအုပ်ချုပ်မှုတွေရဲ့ တကယ့်အားကောင်းမှုကို ထိန်းသိမ်းထားနိုင်စွမ်းမရှိခဲ့ပါဘူး။ လက်အောက်ခံ နယ်ပယ်ဒေသအသီးသီးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံတွေဟာ ကြီးမားလာခဲ့ပါတော့တယ်။ အနောက်အင်ပါယာ ပြိုကွဲပျက်စီးသွားပြီးတဲ့နောက် ဒေသန္တရအုပ်ချုပ်ရေးဟာ အဲဒီနေရာကို ဝင်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မြေရှင်ခေတ်လို့ အများသီကြတဲ့ သမိုင်းကာလအပိုင်းအခြားတစ်ရပ်ဟာ ရောက်ရှိလာခဲ့ပါတယ်။ ရောမပြိုလဲပျက်စီးသွားပြီးတဲ့နောက်မှာ ဥရောပတစ်ခွင်ဟာ ကသောင်းကနင်းမင်းမဲ့အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအချိန်မှာ မြေပိုင်ဆိုင်သူလေးတွေဟာ တောကြောင်တွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပြီး ကူရာကယ်ရာမဲ့ဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်သူတို့ မြင်တွေ့လာခဲ့ကြပါတယ်။ သူတို့ကို ကာကွယ်စောင့်ရှောက်ပေမယ့် သူတို့အတွက်တရားမျှတမှုရှိစေမယ့် အင်အားတောင့်တင်းတဲ့ အစိုးရ(အုပ်စိုးသူ) ဆိုတာ မရှိပါဘူး။ အဲဒီအချိန်မှာ တစ်ခုတည်းသောနည်းက သူတို့ဟာ သူတို့ထက်ပိုကြွယ်ဝတဲ့ သူတို့ကို ခိုင်မာတဲ့ရဲတိုက်တွေ ဆောက်လုပ်ပေးနိုင်တဲ့၊ အဲဒီရဲတိုက်ကြီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လူသူလက်နက်ဖြည့်တင်းပေးနိုင်တဲ့ အနီးအပါးက မြေပိုင်ရှင်ကြီးတစ်ဦးဦးဆီမှာ ခိုလှုံလိုက်ဖို့ပဲဆိုတာ သိမြင်လာခဲ့ကြပါတယ်။

မြေယာပိုင်ဆိုင်သူလေးတွေဟာ အင်အားကြီးမားတဲ့ မြေပိုင်ရှင်တွေဆီမှာ သူတို့ရဲ့မြေတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီအခါမှာ သူတို့အတွက် ဘေးကင်းလုံခြုံမှုနဲ့ အဆင့်အတန်းတစ်ခုကို ပြန်ရရှိစေပါတယ်။ ဒီလိုနဲ့ မြေပိုင်ရှင်ကြီးတေဟာ အရှင်သခင်အကြီးအကဲတေါ ဖြစ်လာခဲ့ပြီး မြေပိုင်သူအငယ်စားလေးတွေကတော့ လက်အောက်ခံကံကျွေးချ၊ မြေကျွန်တွေ ဖြစ်လာခဲ့ရပါတယ်။ အရှင်သခင်တွေက သူတို့ဆီ ခိုလှုံကြတဲ့သူတွေကို အထောက်အပံ့ပေးတယ်။ ကာကွယ်စောင့်ရှောက်ပေးတယ်။ မြေကျွန်တွေက အပြန်အလှန်အနေနဲ့ သခင်ရဲ့အမှုတော်ကို ထမ်းရတယ်။ မြေရှင်တွေပိုင်တဲ့ မြေတွေမှာ အလုပ်လုပ်ကြရတယ်။ အခွန်အတုတ်တွေ ဆက်သရတယ်။ ဒီပုံစံဟာ ဆက်လက်ကြီးထွားလာရာကနေ ရှေးဦးအင်ပါယာတွေလို အချုပ်အခြာအရပ်ရပ်ကို ပိုင်ဆိုင်သူဆိုတာ မရှိတော့တဲ့ အတိုင်းအတာအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပဲ နီးစပ်ရာအဝန်းအဝိုင်းမှာပဲ စုဖွဲ့လိုက်ကြတဲ့ အခြားမြေရှင်တွေနဲ့ အင်အားဟာလည်း အပြိုင်တောင့်တင်းလာခဲ့ကြလို့ပါပဲ။ မြန်မာ့သမိုင်းက တောင်ငူ၊ အင်းဝ၊ ပင်းယတို့လိုမျိုးပါပဲ။ မြေကျွန်အများအပြားဟာ မြေရှင်အများအပြားဆီမှာ သစ္စာခံကြပါတယ်။ ဒါကြောင့် မြေရှင်တွေဟာ တစ်ဦးအပေါ်တစ်ဦး လွှမ်းမိုးနိုင်တဲ့ အခေါင်အချုပ်ဆိုတာမျိုး၊ နိုင်ငံရေးအရ အာဏာပိုင်တဲ့ ဗဟိုချက်ဆိုတာမျိုး ဆိုတာတွေဟာ လုံးဝ မရှိခဲ့ပါဘူး။ အဲဒီကာလ ဥရောပမှာ ရောမကတ်သလစ် ဘုရားကျောင်းက နာမ်ဝိညာဉ်ပိုင်းဆိုင်ရာတွေမှာ လောကတစ်ဝှမ်းလုံးဆိုင်ရာ အာဏာပိုင်ဆိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီနာမ်ဝိညာဉ်ပိုင်းဆိုင်ရာ အာဏာပိုင်ဆိုင်မှုရဲ့ အကျိုးဆက်အဖြစ်၊ တစ်ချို့အစိတ်အပိုင်းတွေမှာ မြေရှင်အုပ်စိုးသူတွေအပေါ် ကျောင်းတော်ရဲ့ တရားစီရင်ပိုင်ဆိုင်ခဲ့ဟာ ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းဟာလည်း လောကီရေးအစိုးရတွေရဲ့ နေရာကို ကိုယ်တိုင်အစားထိုးနိုင်ခြင်းလည်းမရှိ၊ ရောမခေတ်ကာလတွေတုန်းက လောကတစ်ဝှမ်းလုံးဆိုင်ရာ စိုးမိုးချုပ်ကိုင်ထားနိုင်မှုကို ပြန်လည်ဖော်ထုတ်ရာမှာလည်း လုံးဝမတက်သာ ဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့ မြေရှင်တွေအုပ်စိုးတဲ့ ခေတ်ဟာလည်း နိုင်ငံရေးအရ စုစည်းခိုင်မာမှုရှိတဲ့ နိုင်ငံတော်အမျိုးအစားတစ်ရပ် ပေါ်ထွန်းရေးဖြစ်စဉ်တစ်ရပ်ကြောင့် အဆုံးသတ်သွားခဲ့ရပါတော့တယ်။

Ref: Introduction to Polotics by Benoyendra Nath Banerjea Political evolution from American ploblem of government

မောင်ကြည်သစ်၊ လူနှင့်နိုင်ငံတော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...