Wednesday, September 7, 2011

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း(၁)


အခန်း(၁)
လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ
Human Society and Democracy


ဒီမိုကရေစီသည် နိုင်ငံရေးအတွေးအခေါ် တရပ်မဟုတ်ပါ။ ၀ါဒ တရပ်မဟုတ်ပါ။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကို အုပ်ချုပ်ရာတွင်ကျင့်သုံးသော အုပ်ချူပ်ရေးစနစ် တရပ်သာဖြစ်သည်။ Aristocracy, Autocracy, Bureaucracy စသောဝေါဟာရများ၏ အဆုံးသတ် “cracy” ဟူသော ဝေါဟာရသည် အုပ်ချုပ်ရေးဟု အဓိပ္ပါယ်ရသည်။ ဒီမိုကရေစီစနစ် သို့မဟုတ် ဒီမိုကရေစီနိုင်ငံရေးစနစ်ဟု ပြောဆိုသုံးစွဲရာတွင်လည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အခြေခံသော နိုင်ငံရေးစနစ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
ဒီမိုကရေစီကို နိုင်ငံရေးစနစ် တစ်ရပ်အဖြစ် ရှုမြင်ရန်မဟုတ်ဘဲ နိုင်ငံရေးစနစ်ကြီး တခုလုံးထဲမှ ပြည်သူများ အများသဘောတူညီ လက်ခံသည့် နိုင်ငံရေးသီအိုရီဖြစ်သော အုပ်ချုပ်ရေးစနစ်အဖြစ်သာ ရှုမြင်ရန် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီသည် အုပ်ချုပ်ရေးစနစ် တရပ်သာဖြစ်သည်။

          Democracy ဟူသော ဝေါဟာရသည် ဂရိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး demos နှင့် kratia (kratia မှတဆင့် cracy) ကို ပေါင်းစပ်ခြင်းဖြစ်သည်။ demos ၏ အဓိပ္ပါယ်မှာ ပြည်သူများဖြစ်ပြီး kratia ၏ အဓိပ္ပါယ်မှာ အုပ်ချုပ်ခြင်း သို့မဟုတ် အာဏာဟု၍ အဓိပ္ပါယ်ရသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုက အုပ်ချုပ်ခြင်းစနစ်ဟု အဓိပ္ပါယ်ရသည်။ ယင်း အဓိပ္ပါယ်မှာ ဒီမိုကရေစီ၏ အရိုးအရှင်းဆုံးနှင့် ရှေးအကျဆုံး အဓိပ္ပါယ်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ဒီမိုကရေစီကျင့်သုံးခြင်းနှင့် အဓိပ္ပါယ်ကောက်ယူရာတွင် ကွဲပြားခြားနားမှုများ ရှိလာပါသည်။ ပြည်သူများဆိုသည်မှာ မည်သူတို့နည်း။ ၄င်းတို့ကို မည်သူတို့က ကိုယ်စားပြုသနည်း။ အာဏာသို့မဟုတ်အုပ်ချုပ်ရေးဆိုသည်ကို မည်သူတို့က မည်သို့ ကျင့်သုံးကြသနည်း။ စသည့် အဓိပ္ပါယ်ကောက်ယူမှု ကွဲပြားခြင်းအပေါ် ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို အကွဲကွဲပြားပြား ကျင့်သုံးနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီကို အထူးပြုနာမ၀ိသေသန တလုံးလုံးနှင့် တွဲဖက်အသုံးပြုကြခြင်းဖြစ်သည်။ မည်သို့ပင် ကွဲပြားခြားနားသော နာမ၀ိသေသနှင့် တွဲဖက်ထားသည့် ဒီမိုကရေစီဟူသော ဝေါဟာရပါရှိသရွေ့ ရေဘုယျတူညီမည့် သဘောတရား (Basic Concept) ကား အတူတူသာ ဖြစ်ရပေမည်။

          ဒီမိုကရေစီကို BC ငါးရာစုခန့်တွင် ဂရိမြို့ပြနိုင်ငံငယ်လေးများ (City States) တွင် စတင်ကျင့်သုံး ခဲ့သည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အောက်တွင် အေသင်မြို့သားများ (Athenians) အတွက် ဥပဒေရှေ့မှောက်တွင် အခွင့်အရေးတူညီမှု၊ လွှတ်တော်အတွင်း၌ ပြောရေးဆိုခွင့် ညီတူညီမျှ ရှိမှု တို့ကို ဖော်ဆောင်ထားကြသည်။ ပြည်သူများဟု အဓိပ္ပါယ်ရသော demos သည် ပြည်သူလူထုအား အုပ်ချုပ်မည့် ဥပဒေများ ရေးဆွဲပြဌာန်းသူများ ဖြစ်သဖြင့် ပြည်သူများသည် အချုပ်အခြာ အာဏာရှိသော အုပ်ချုပ်သူများ ဖြစ်လာသည်။ ထို့ကြောင့် ဒီမိုကရေစီသည် လူအနည်းစု ကလေးကသာ အုပ်ချုပ်သော စနစ်များဖြစ်သည့် အရစ္စတိုကရေစီ (Aristocracy) အော်လီဂါခီ (Oligarchy) တို့နှင့်လည်းကောင်း၊ လူတဦးတယောက်တည်းက အုပ်ချုပ်သော စနစ်များဖြစ်သည့် သက်ဦးဆံပိုင်ဘုရင်စနစ် (Monarchy) အော်တိုကရေစီ (Autocracy) တို့နှင့် လည်းကောင်း ခြားနားသည့် ပြည်သူတို့ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်များဖြစ်စေ ပါဝင်နေသည်။ ထို့ကြောင့် ဒီမိုကရေစီသည် အာဏာရှိသူတို့ကသာ အုပ်ချုပ်ရေးယန္တယား အားလုံးကို ထိန်ချုပ်ထားသည့် စနစ်များဖြစ်သည့် အာဏာပိုင် အာဏာရှင်ဝါဒ (Authoritarianism) တပါတီအာဏာရှင် စနစ် (Totallitarianism) တို့အတွင်း၌ ဖြစ်ပေါ်၍ မရနိုင်သည့် အုပ်ချုပ်ရေး စနစ်မျိုးဖြစ်သည်။

          Demos ဟူသော ပြည်သူများတွင် မည်သူတို့ပါဝင်သည်ဟူသော အချက်နှင့်ပတ်သက်၍ ဒီမိုကရေစီ သမိုင်းတလျှောက် ကွဲပြားမှု၊ ပြောင်းလဲမှုများရှိခဲ့သည်။ BC ခြောက်ရာစုနှင့် ခုနှစ်ရာစုတွင် ပြည်သူများစူသော ဝေါဟာရ၏ ပရ၀ုဏ်အတွင်း ပါဝင်သော လူစုသည် ဒီမိုကရေစီ စတင်ထွန်းကားသော BC ငါးရာစုတွင် ပြည်သူများဟု ရည်ညွှန်းသော ဝေါဟာရ၏ ဘောင်အတွင်းရှိ လူစုထက် ကျဉ်းမြောင်းသည်။ နိုင်ငံရေးတွင်းပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အရေး၊ မဲပေးနိုင်သော အခွင့်အရေးများသည် မျက်မှောက်ခေတ် အနေအထားတွင်ရှိသော အခြေအနေသို့အဆင့်ဆင့် ကျော်ဖြတ်ပြောင်းလဲခဲ့ရသည်။ ထိုပြောင်းလဲမှု ဖြစ်စဉ်တလျှောက်တွင် မည်သူတို့သည် ပြည်သူများဖြစ်သည်ဆိုသည့် မေးခွန်းကို ရှုထောင့်ပေါင်းစုံမှ မချေအတင် ဆွေးနွေးခြင်း၏ အကျိုးဆက်များအဖြစ် မြင်တွေ့ခဲ့ရသည်။ ယနေ့အချိန်အထိ အသက် (၁၈) နှစ်မပြည့်သေးသူများသည် မဲပေးခွင့်၊ နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်ခွင့် မရကြသေးပေ။ ထိုသူများသည် နိုင်ငံတခု သို့မဟုတ် လူ့အဖွဲ့အစည်းတခု၏ ပြည်သူများဖြစ်သော်လည်း ဒီမိုကရေစီ ဝေါဟာရက ရည်ညွှန်းသော မဲပေးခွင့်ရ ပြည်သူများကား မဟုတ်သေးပေ။

တိုက်ရိုက်ဒီမိုကရေစီ
(Direct Democracy)
          ပြည်သူအုပ်ချုပ်ရေး လုပ်ငန်းများ ချမှတ်ရာတွင် နိုင်ငံရေးပါတီ အစရှိသော ကြားခံအဆင့်မရှိဘဲ ပြည်သူလူထုကြီး တရပ်လုံးအာဏာပိုင်းစိုးကာ ၀င်ရောက်လုပ်ဆောင်ခြင်းကို တိုက်ရိုက် ဒီမိုကရေစီဟု ခေါ်သည်။ ဒီမိုကရေစီ စတင်ထွန်းကားခဲ့သော ဂရိမြို့နိုင်ငံငယ်လေးများတွင် BC ငါးရာစုက ကျင့်သုံးခဲ့သော ဒီမိုကရေစီသည် တိုက်ရိုက်ဒီမိုကရေစီဖြစ်သည်။ လူဦးရေနည်းပြီး အချင်းချင်းဆက်ဆံရေးပြုလုပ်ရန် လွယ်ကူသော လူ့အဖွဲ့အစည်းအတွင်း၌သာ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနိုင်ကြသည်။ အမေရိကန်တွင် ၁၇-၁၈ ရာစုနှစ်များအတွင်းက မြို့ပြအစည်းအဝေးများ ပြုလုပ်ကြရာတွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခဲ့သည်။ လူ့အဖွဲ့အစည်းသည် သေးငယ်ပြီး ဆက်ဆံရေးလွယ်ကူသော ကမ္ဘာအချို့ အရပ်ဒေသများတွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနေဆဲဖြစ်သည်ကို တွေ့ရသည်။ အင်္ဂလန်အချို့ဒေသများနှင့် ဝေလနယ်တွင်းလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု အချို့ ပြည်နယ်များတွင် လည်းကောင်း၊ ဆွစ်ဇာလန်ပြည်ထောင်စု၏ အချို့ကန်တွန် (Canton- ဆွစ်ဇာလန် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်) များတွင်လည်းကောင်း ကျင့်သုံးဆဲဖြစ်သည်။

          လူဦးရေများပြားသော နိုင်ငံကြီးများအားလုံးလိုလို ကိုယ်စားပြုဒီမိုကရေစီကို ကျင့်သုံးကြသည်။ သို့သော် အချို့နိုင်ငံများတွင် အချို့သော ကိစ္စများ ပြည်သူလူထုက တိုက်ရိုက်ပါဝင် ပတ်သက်နိုင်သော ဒီမိုကရေလုပ်ဟန်များကို ကျင့်သုံးနေကြသည်။ ထိုလုပ်ဟန်ကား လူထုဆန္ဒခံယူပွဲ (Referendum)  ပင်ဖြစ်သည်။ ဆွစ်ဇာလန်၊ ပြင်သစ် ၊ ဒိန်းမတ်၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စု၏ အချို့ပြည်နယ်များတွင် ကျင့်သုံးလတက်ရှိကြသည်။ ထိုလူထုဆန္ဒခံယူပွဲများသည် သက်ဆိုင်ရာ နိုင်ငံရေးကိစ္စရပ်များအတွက် တိုက်ရိုက်ဒီမိုကရေစီဖြင့် ဆုံးဖြတ်ချက်ခံယူခြင်း ဖြစ်သည်။

ကိုယ်စားပြု ဒီမိုကရေစီ
(Representative Democracy)
လူဦးရေများပြားသော နိုင်ငံများတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးရာတွင် ပြည်သူများအားလုံး တိုက်ရိုက်ပါဝင်ကျင့်သုံးရန် အခက်အခဲ များစွာရှိသဖြင့် စစ်မှန်သော ကိုယ်စားလှယ် များမှတဆင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးခြင်းကို ကိုယ်စားပြု ဒီမိုကရေစီဟု ခေါ်သည်။
          ကိုယ်စားပြု ဒီမိုကရေစိအုပ်ချုပ်ရေးစနစ် ထွန်းကားလာရခြင်း၏ အဓိကအကြောင်းအရင်းသည် လူဦးရေး များပြားလာခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရေစီကို ကိုယ်စားလှယ်များမှတဆင့် ကျင့်သုံးခြင်းဖြစ်ရာ ဒီမိုကရေစီကို မထိခိုက်စေနိုင်သော ကိုယ်စားပြုစေနိုင်သည့် ယန္တယားများကို ဖော်ဆောင်ရေးမှာ အထူးအရေးကြီးသော ကိစ္စဖြစ်လာသည်။

ကိုယ်စားပြုအုပ်ချုပ်ရေး ယန္တယား အဆင့်ဆင့်တွင် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေရန် လိုအပ်သည်။ ထိုယန္တယား အဆင့်ဆင့်၌ ပါဝင်သူများမှ ပြည်သူ့ကိုယ်စားလှယ်မဟုတ်ဘဲ အာဏာပိုင်များကိုယ်တိုင်  သို့မဟုတ် အာဏာပိုင်များ၏ ကိုယ်စားလှယ်များသာ ဖြစ်ပါက အာဏာရှင်စနစ်သို့ ဦးတည်သွားပေလိမ့်မည်။ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနေသေးကြောင်း အထက်တွင် တင်ပြခဲ့သည်မှတပါး ကမ္ဘာ့အရပ်ဒေသ အားလုံးတွင် ကိုယ်စားပြု ဒီမိုကရေစီကို ကျင့်သုံးလျက်ရှိကြသည်။ ထိုကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အကြောင်း လေ့လာပါက လေ့လာမှု အများစုသည် ကိုယ်စားပြုဒီမိုကရေစီအတွင်း၌ ရှိသည်။ တနည်းအားဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အကြောင်းလေ့လာရာတွင် စစ်မှန်သောကိုယ်စားပြုခြင်း ဟုတ် မဟုတ်၊ ထိုသို့ ကိုယ်စားပြုနိုင်ရန် ရုပ်ပတ်ဝန်းကျင် ရှိ မရှိ တို့အပေါ် အခြေတည်လေ့လားခြင်းဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ စစ်မှန်မှု မရှိကို ခန့်မှန်းကြရသည်။ ထိုကြောင့် စစ်မှန်သော ကိုယ်စားပြုခြင်း၊ ထိုသို့ ကိုယ်စားပြုနိုင်ရန် ရုပ်ပတ်ဝန်းကျင် ရှိခြင်းတို့နှင့် ဒီမိုကရေစီကို ဆက်စပ်ရုပ်လုံးဖော်သွားနိုင်ပေမည်။

ဆက်လက်ဖေါ်ပြသွားပါမည်။

ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...