Saturday, September 17, 2011

လှေခါး နှင့် လူ

by သစ္စာနီ on Friday, September 2, 2011 at 8:42pm

စက္ကူပန်းရောင်စုံများ မှန်ဘီရိုထဲတွင် ပွင့်ဝေနေကြသည်။ သတ္တုဖလား၏ ကိုယ်ထည်ပေါ်မှာ တောက်ပြောင်သော မဟော်သဓာဇာတ်၊ အရည်ဖြစ်သွားသော စပျစ်သီးများ (ပုလင်းထဲတွင်)၊ ပြည်တွင်းဖြစ် အထည်ကြမ်းများ နှင့် ကောင်တာနောက်မှ ကော်ပတ်ရုပ်တချို့၊ ခပ်ဖျော့ဖျော့ မီးချောင်းအလင်းရောင်တို့ဖြင့် ကုန်တိုက်ခန်းမသည် ခါတိုင်းလိုပင် အေးစက် မှိုင်းညိုနေ၏။


ခန်းမ တစ်ဖက်စွန်းတွင်ရှိသော စာအုပ်ရောင်းသည့် ကောင်တာသို့ ဦးတည်လျှောက်သွားလိုက်သည်။ ထိုအရောင်ဌာနမှာ လူသိနည်းသလို၊ ဝယ်ယူသူလည်း နည်းသော်လည်း အထူးသဖြင့် သာသနာရေး ဦးစီးဌာနမှ ထုတ်ဝေသော စာအုပ်ကောင်းတချို့ကို အမှတ်မထင် ဝယ်ယူရရှိတတ်သည်။ ထို့ကြောင့် လမ်းကြုံလျှင် ကျွန်တော်သည်  ဤကုန်တိုက် ထိုအထပ်သို့ တက်ကာ လိုချင်သော စာအုပ် ရှိလိုရှိငြား ရှာကြည့်တတ်သည်။ ယခုလည်း တောင်မြို့ဆရာတော်၏ “ကိုယ်ကျင့် အဘိဓမ္မာ” စာအုပ်ကို တွေ့ရသဖြင့် ဝယ်လိုက်မိသည်။ ဤစာအုပ်မှာ ယခင်က ကျွန်တော့်တွင် ရှိသော်လည်း ကိုယ်ကျင့်မကောင်းသော မိတ်ဆွေတစ်ယောက်က ငှားရမ်းကာ ပြန်မပေးပဲ ထားခဲ့၏။ စာအုပ်ကို ကိုင်ကာ ပြန်လှည့်ထွက်အလာ…

“ဟေ့ကောင်… ဘုန်းဝေ”

ဟူသော ရင်းရင်းနှီးနှီး နှုတ်ဆက်သံကို ကြားလိုက်ရသည်။ ကြည့်လိုက်တော့ အထက်တန်းကျောင်းတွင် အတူနေခဲ့ဖူးသော ကျောင်းနေဖက် သူငယ်ချင်းဟု ဆိုနိုင်သည့် အောင်မြင့် ဖြစ်နေလေသည်။ ယခုတော့ သူ့နာမည်ကို ထွန်းအောင်မြင့် ဆိုလား အောင်ထွန်းမြင့် ဆိုလား ပြောင်းထားသည်ဟု တစ်ကြိမ်ဆုံစဉ်က ပြောဖူးသည်။ ကျောင်းနေစဉ်ကတော့ သူ့အမေ မုဆိုးမရောင်းသော ဘိန်းမုန့်ကို အစွဲပြုကာ ဘိန်းမုန့်ဟုသာ ခေါ်ခဲ့ကြသည်။ သူနှင့် ကျွန်တော်သည် ငါးတန်းမှစ၍ ဆယ်တန်းရောက်သည့်တိုင် အထက်တန်းကျောင်းတစ်ကျောင်းတည်းတွင် အတူတကွ စာသင်ခဲ့ကြရသည်။

ယခင်က မည်းမည်း ပိန်ခြောက်ခြောက် အောင်မြင့်သည် နတ်ရေကန်ထဲ ကန်ချခံ လိုက်ရသလို ထူးခြားပြောင်းလဲစွာ စိုပြေ ဝဖြိုးနေ၏။

“မင်း ဘယ်လာတာလဲ”

သူ့မေးခွန်းကို ကျွန်တော်က လက်ထဲက စာအုပ် ထောင်ပြခြင်းဖြင့် အဖြေပေးလိုက်သည်။ သူက စာအုပ် အမည်ကြည့်၍ မထီတရီ ပြုံးကာ…

“အေး… မင်းလည်း စာရေးနေတယ်လို့ ကြားပါတယ်… ဘယ်နာမည်နဲ့လဲ… ငါလည်း အလုပ်များလွန်းလို့ စာဖတ်ချိန်တောင် မရပါဘူးကွာ… ဘာလုပ်လုပ် ကျော်ကြားအောင်လုပ်ပေါ့… ဒါမှ ငွေကောင်းကောင်းရမှာ…”

စေတနာနှင့် အကြံပေးသလိုလို၊ အထက်စည်းနှင့် သြဝါဒ ပေးသလိုလို ကျွန်တော် နားကလောလေ့ရှိသော မီးကျိုးမောင်းပျက် ဒဿနတို့ကို စိတ်ပျက်ဖွယ် ကြားရပြန်သည်။ သူက စာမူခတစ်အုပ်လျှင် သိန်းကျော်ရသည်ဆိုသော စာရေးဆရာတချို့၏ အမည်တွေကို ရွတ်ပြနေ၏။

“စာရေးဆရာ တစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ သူရတဲ့ ငွေကြေလည်း မဟုတ်ဘူး… လူသိများတယ်ဆိုတဲ့ ကျော်ကြားမှုလည်း မဟုတ်ဘူး… သူ့ စာအုပ် စောင်ရေ ဘယ်လောက်ရောင်းရတယ်ဆိုတာလည်း မဟုတ်ဘူး… စာပေလောက အပေါ်မှာ သူ့ စာပေသြဇာ ဘယ်လောက်ရှိသလဲ ဆိုတာ ပဲကွ”

ကျွန်တော့စကားကို သူ နားမလည်ကြောင်း ပြောသည်။

“မင်းသာမဟုတ်ဘူး… လူတော်တော်များများလည်း နားမလည်ပါဘူး… ခုခေတ် လူကြီးလူငယ် အားလုံးလောက်ဟာ ကျော်ကြားမှုနဲ့ ငွေကြေးနောက်ကိုပဲ အလုအယက် လိုက်နေကြတာကိုး…”

“လောကမှာ ဒီနှစ်ခုက အရေးကြီးဆုံး မဟုတ်လားကွ”

“အေး… မင်း မသိဘူးဆိုတာ ဖြစ်နိုင်တယ်… လောကမှာ အရေးကြီးဆုံးက ပညာ နဲ့ သိက္ခာပဲကွ… သူက ပျက်စီးနိုင်တဲ့ အရာမဟုတ်ဘူး… တန်းဖိုးလည်း မဖြတ်နိုင်ဘူး… ဝိဇ္ဖာ နဲ့ စရဏ လို့ပြောရင်လည်း မင်းနားလည်မှာ မဟုတ်ဘူး… ဉာဏ်ပညာ နဲ့ အကျင့်သီလ ဆိုတာ သံသရာ ကိုပါတဲ့ ပါရမီတွေဆိုတော့ ရင့်သန်သထက် ရင့်သန်တဲ့ သဘောပဲရှိတယ်”

သူ့မျက်နှာက ကောင်းစွာ သဘော မပေါက်နိုင်ကြောင်း ဖော်ပြနေသည်။ ခဏကြုံခိုက် စိတ်သဘောချင်း မတိုက်ဆိုင်ဖွယ် စကားများကို မပြောချင်ဘဲ ပြောမိပြန်သည်။ လူဆိုတာ ကိုယ့်အယူအဆနဲ့ကိုယ်၊ ကိုယ်သွားသော လမ်းကိုသာ အမှန်ဟု ထင်တတ်လွန်းသော သတ္တဝါ ဖြစ်သည်။

အောင်မြင့် ဆယ်တန်းအောင်သောအခါ ကျောင်းဆက်တက်နိုင်သော အင်အားမရှိ။ ထို့ကြောင့် သူ့ကို ကျောင်းဆက်ထားပေးမည်ဆိုသော ရပ်ကွက်ထဲက ဖိနပ်ထောင်ဆရာ၏ သမီးကို သူလက်ထပ်ယူလိုက်သည်။

ဖိနပ်ထောင်ဆရာ၏ သမီးမှာ ခပ်ဝဝ၊ အရုပ်ဆိုးဆိုး၊ မျက်ခုံးမွှေး သေးသေး၊ ရွှေကြိုးကြီးကြီး နှင့် သူ့ထက် အသက်လည်း အနည်းငယ်ကြီးသော မိန်းမဖြစ်သည်။ အောင်မြင့် ကိစ္စ၌ အောင်မြင့် သည် အသည်းနှလုံးနှင့် ဘွဲ့တစ်ခုကို လဲလှယ်ယူခဲ့၏ဟု စကားလှလှ ဆိုရန်ပင်ခက်၏။ အဘယ့်ကြောင့်ဆိုသော် အောင်မြင့် ရင်ထဲတွင် အသည်းနှလုံး ရှိမရှိ မသေချာသောကြောင့် ဖြစ်သည်။ သေချာတာကတော့ သူသည် မိုးထိအောင် လှေခါးတောင်ချင်သူ ဆိုသော အချက်ဖြစ်သည်။

သူသည် အဆက်အသွယ်ကောင်းရကာ အစိုးရဌာနတစ်ခု၏ အရာရှိပေါက်စ ဘဝမှ နှုတ်ထွက်ပြီး ကုန်သည်လုပ်နေသလို ကန်ထရိုက် လုပ်နေသလို ကြားရသည်။ တိုက်နှင့် ကားနှင့် ဖြစ်နေသည် ဟုလည်း သိရသည်။ သူ့ ပထမ အိမ်ထောင်နှင့်လည်း ကွဲကာ ညွှန်ကြားရေးမှူး တစ်ဦး၏ သမီးနှင့် ယူပြန်သည်။ အင်းယားလိပ်တွင် ကျင်းပသော သူ့မင်္ဂလာဆောင်ဖိတ်စာ ကျွန်တော့်ထံ ရောက်သော်လည်း ကျွန်တော် မသွားဖြစ်။ လက်ဖွဲ့ပင် မပို့ဖြစ်ဟု ထင်ပါသည်။

“မင်းရော ဘာလာလုပ်တာလဲ” ကျွန်တော်က မေးလိုက်သည်။

“ဒီ အပေါ်ထပ်ကို လာတာလေ… ငါ့ဆရာ တစ်ယောက် အိမ်သစ်ဆောက်တယ်… အဲဒီမှာ ခင်းဖို့ ကော်ဇော လက်ဆောင်ပေးချင်လို့ လာဝယ်တာ…”

ဒီတစ်ခါ ကျွန်တော် ပြုံးမိသည်။ သူက လိပ်စာ တစ်ခုရေရွတ်ရင်း “ငါ ကုမ္ပဏီ တစ်ခု ဖွင့်ထားတယ်... ရွှေလှေကားတဲ့... အင်ပို့ အိတ်စပို့ပေါ့... ကြုံရင် ဝင်လည်ပေါ့ကွာ”

သူ့ကုမ္ပဏီ  နာမည်ကို ကြားရသောအခါ သူ့ကွယ်ရာတွင် သူငယ်ချင်း တစ်ဦးက သူ့ကို ဝေဖန်ဖူးသော စကားကို ပြန်အမှတ်ရလာ၏။

“ဒီ အောင်မြင့် ဆိုတဲ့ကောင်က လူတစ်ယောက်ကို ကြည့်ရင် ဒီလူ့ ကျောကုန်းပေါ်မှာ လှေကား ဘယ်နှစ်ထစ် ပါတယ်ဆိုတာ အရင်ကြည့်တဲ့ ကောင်ကွ”

ကျွန်တော်တို့ နှစ်ယောက် နှုတ်ဆက်ကာ ခွဲခွာလိုက်ကြသည်။ အလိုလျောက် ရွေ့လျားသော စက်လှေခါးပေါ်တွင် ရပ်ကာ အပေါ်သို့ တက်သွားသော သူ့ကို ကြည့်ပြီး အောက်သို့ဆင်းရန် ရိုးရိုးလှေကား ဆီသို့ ကျွန်တော့ခြေထောက်များ ဦးတည် ရွေ့လျားလိုက်လေသည်။


သစ္စာနီ  (သရဖူ၊ ဇူလိုင် - ၁၉၉၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...