Friday, September 16, 2011

ဘ၀၀ိဥာဉ်ရဲ့ အရိပ်

ဒီ ဇာတ်လမ်း လေး ဟာ ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ ဘ၀ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဇာတ်ကောင်နာမည်ရင်းကိုတော့ ဖော်ပြမထားပါဘူး။ သူ့ရဲ့ခွင့်ပြုချက်နဲ့ အတူ သူ့ဘ၀ကို ကျွန်တော့်ရဲ့ အနုပညာနဲ့ ပေါင်းစပ်လိုက်သောအခါ....


ဘ၀၀ိဥာဉ်ရဲ့ အရိပ်

ကျွန်တော့် နာမည် မိုးမြင့်ဇင်ပါ၊ ဖေဖေနာမည်က ဦးမိုးမြင့်၊ မေမေ့နာမည်က ဒေါ်သဇင်နှင်း ဖြစ်ပါတယ်။ ကျွန်တော် ဟာ တစ်ဦးတည်းသော သားဖြစ်ပါတယ်။ ကျွန်တော်မွေးဖွားပြီး ၁ နှစ်လောက်မှာပဲ မိခင်ဖြစ်သူ ဒေါ်သဇင်နှင်း တိမ်းပါးသွားခဲ့ပါတယ်။ ကျွန်တော့်ကို မြန်မာပြည်ရဲ့ ဆန်စပါးတင်ပို့ရာနေရာဖြစ်တဲ့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ မွေးခဲ့တယ်။ ကျွန်တော့်ကို မွေးတော့ ခက်ခက်ခဲခဲ မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ပြီးတော့ ကျွန်တော်ဟာ မွေးကတည်းက အလွန်ချူချာလိုက်တာလဲ လွန်ရော၊ မွေးမွေးချင်းမှာပဲ ဆေးရုံတက်ခဲ့ရတယ်။ လမစေ့ပဲ မွေးဖွားခဲ့လို့ ကျွန်တော်ရဲ့ အစာအိမ်တွေ အလုပ်မလုပ်ခဲ့ဘူး။ ရန်ကုန်တိုင်း ကလေးဆေးရုံအထိ သွားရောက်ကုသခဲ့ရတယ်။

ဖေဖေက အရင်က ကုန်သည်အလုပ် ကို လုပ်ပါတယ်။ ပြီးတော့ မြို့ရွာ အနှံ့ ခရီးသွားခဲ့သူ ဖြစ်ပါတယ်။ မန္တလေး၊ မော်လမြိုင်၊ သာစည် မြို့တွေ အစုံပါပဲ။ ကျွန်တော့် အဖိုးဟာလဲ အဖေ့လိုပဲ ကုန်သည်ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော့် အမေဆုံးတော့ ဖေဖေဟာ အဲဒီမြို့လေးမှာ ဆက်မနေချင်တော့တာကြောင့် ဦးလေးတွေရှိတဲ့ ရန်ကုန်မြို့မှာ စတင်အခြေချခဲ့တယ်။ ဖေဖေဟာ အလုပ်ကြိုးစားသူ၊ အလုပ်ရဲ့တန်ဖိုးကို နားလည်သူတစ်ဦးဖြစ်ပါတယ်။ ပြီးတော့ မေတ္တာတရားထားတတ်သူ၊ စေတနာအပြည့်နဲ့ လူတစ်ဖက်သားကို ကူညီတတ်သူ၊ အားနာတတ်သူဆိုလဲမမှားပါဘူး။ ကျွန်တော့်ရန်ကုန်က ဦးလေးက အဲဒီတုန်းက သစ်စက်ပိုင်ရှင် သူငှေးတွေပေါ့။ ဖေဖေဟာ နောက်အိမ်ထောင် ဆက်မပြုပဲ၊ ကျွန်တော့်ရဲ့ ဘ၀အတွက် အလုပ်ကြိုးစားခဲ့ပါတယ်။

ကျွန်တော်က ဦးလေးရဲ့အိမ်မှာ နေပြီး ဖေဖေက ပထမတော့သစ်စက်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နောက်တော့ သစ်စက်လုပ်ငန်းတွေ အခြေမဟန်တော့တာကြောင့် ဖေဖေဟာ လုပ်ငန်းပြောင်းလုပ်ဖို့ ကြိုးစားခဲ့ပြန်တယ်။ ဖေဖေဟာ စက်မှု ပညာကို ငယ်ငယ်တည်းက ၀ါသနာပါသူဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ကဆို သူ့ညီ ဖျက်သမျှ နာရီ၊ စက် အားလုံးကို တာဝန်ယူပြီး ပြန်တပ်ပေးတယ်လို့ သိရပါတယ်။ သစ်စက် အခြေအနေမဟန်တော့တာကြောင့် ဖေဖေဟာ ရန်ကုန်မြို့မှာ အခန်းတစ်ခန်းငှားပြီး နာရီပြင်၊ အကျီင်္ချုပ်၊ စက်ပြင်အလုပ်နဲ့ အသက်မွေးခဲ့ပါတယ်။

ဖေဖေဟာ စက်ပညာဝါသနာပါသလို ကျွန်တော်ကလဲ ငယ်ငယ်တည်းက စက်ပစ္စည်းဆိုရင် အရမ်းဆော့ချင်ခဲ့တာပါပဲ။ ဖေဖေကစားစရာတွေ ၀ယ်လာတိုင်း ဆော့ရရင်တစ်ရက်ပါပဲ ။ ဘာလို့လဲ ဆိုတော့ နောက်နေ့ဆိုရင် တစ်စစီ ဖြစ်နေပြီလေ။ ကျွန်တော်ပြန်တပ်တိုင်း စက်ပစ္စည်းတစ်ခု နှစ်ခုလောက်တော့ အပိုထွက်လာတတ်တယ်ဗျ။ ဖေဖေက ပြောတယ် "မင်းက တော်တယ်၊ ငါဝယ်လာတာထက် မင်းက ပိုထွက်အောင်လုပ်နိုင်တယ် " လို့ သူက ပြောလေ့၇ှိပါတယ်။

ဖေဖေဟာ ချမ်းသာတဲ့ မိသားစု အသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ အတွက်၊ ပညာကို တန်ဖိုးထားသူ၊ အနုပညာကို လေးစားသူ၊ ခုံမင်သူ တစ်ဦးလဲဖြစ်ပါတယ်။ ဖေဖေဟာ ကျွန်တော့်ကို သူ့ရဲ့ အမွေတွေဖြစ်တဲ့ စက်ပညာ၊ အနုပညာကို လက်ဆင့်ကမ်းခဲ့ပါတယ်။

အနုပညာမှာဆိုရင် ကျွန်တော်မှတ်မှတ်ရရ ပထမဆုံး ကျွန်တော့်ကို ဖေဖေက ကျွန်တော့်မွေးနေ့တစ်ခုမှာ....အော်ဂင်တစ်ခုဝယ်လာတယ်ဗျ... အော်ဂင်ဆိုလို့ ကြီးကြီးမားမားမဟုတ်ပါဘူး။ ခလုတ်လေး ရှစ်ခုလောက်ပါတဲ့ ဟာ လေးပါ။ အဲဒီတုန်းက ကျွန်တော့်အသက် ၃ နှစ်ပဲ ရှိပါဦးမယ် ။ ကျွန်တော်က ဓာတ်ခဲထည့်တယ်။ ပြီးတော့ လျှောက်နှိပ်ကြည့်တယ်။ အသံတွေက တစ်လုံးချင်း ဘာတွေမှန်းကိုမသိဘူး။ နားထောင်လို့လဲ မရပါဘူး။ ဒါနဲ့ ဖေဖေက အော်ဂင်လေးကို ယူလိုက်ပြီး မြနန္ဒာ သီချင်းကို တီးပြီး ဆိုပြပါတယ်။ သူတီးပြတော့ လဲ နားထောင်လို့ အကောင်းသားဗျ။ "ချိုပြုံးရွှင်သော နှမပျိုရယ်.... တကိုယ်လုံးပင်ချော အလှပိုတယ်... တူးဒန့်ဒန့်" ။ပြီးတော့ အဖေက ပြောတယ်။ "ဂီတဆိုတာ စည်းကမ်းရှိရတယ်သား.... စည်းနဲ့ ၀ါးနဲ့ သံစဉ်ညီညီ ရွတ်ဆို တီးမှုတ်မှ သာယာနာပျော်ဖွယ်ရှိတယ်..ဒါမှ ဂီတတန်ဖိုးဖြစ်တာ... နို့မို့ဆို ဆူညံသံဖြစ်သွားရော သားရဲ့။ ဒီလိုပဲ လူတစ်ယောက်ဟာလဲ စည်းကမ်းရှိမှ တန်ဖိုးရှိတာသားရဲ့ " လို့ပြောပါတယ်။ သုံးနှစ်အရွယ် ကလေး တစ်ယောက်အနေနဲ့ ဖေဖေ့စကားကို သိပ်တော့ နားမလည်ခဲ့ပါဘူး ။ဒါပေမဲ့ ဖေဖေဟာ ကျွန်တော့်ကို ဂီတ အနုပညာရဲ့ အခြေခံကို ချပြနိုင်ခဲ့ပါတယ်။ ဂီတကို မြတ်နိုးတတ်အောင်၊ လေးစားခုံမင် တတ်အောင် သင်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဂီတချစ်စိတ်ကြီးမားခဲ့သူလဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ ၄ နှစ်အရွယ်လောက်မှာ ၁၂၃၄ ကြည့်ပြီး ဒိုရေမီဖာ ဖတ်နေတတ်ပြီ၊ အဖြတ်အတောက်ကိုတော့ နားနဲ့သင်ယူနားလည်နေခဲ့ပြီ။ အနောက်တိုင်းသင်္ကေတတွေတော့ နားမလည်သေးပါဘူး။ ကျွန်တော် ၉နှစ်လောက် အရွယ်မှာ ဂစ်တာ စတီးတတ်ခဲ့ပါပြီ။ ဖေဖေက ပြောတယ် "မင်းလက်ချောင်းလေးတွေက သေးတယ်၊ ဂစ်တာတီးလို့ မရနိုင်သေးဘူး "။ ကျွန်တော်က ရအောင်တီးတယ်။ ကော့ဒ် တစ်ခုချင်းကို ကိုင်တွယ်နည်းသင်ခိုင်းတယ်။ ကျွန်တော်ဟာ ဖေဖေရဲ့ အမွေကြောင့် ပညာလောဘကြီးသူလဲဖြစ်ပါတယ်။ ကော့ဒ်တောင် သေချာ မကိုင်တတ်သေးခင်၊ သီချင်းကို ပါးစပ်က ဆိုခဲ့သူဖြစ်ပါတယ်။ အဖေက ကျွန်တော့်ကို "မင်းဟာ ပန်းထိမ်မတတ်ခင် ရွှေခိုးချင်တဲ့ကောင်ပဲ " လို့ပြောပါတယ်။ ကျွန်တော်ဟာ အဲဒီစကားအဆုံးမှာ ပညာတစ်ခုဆိုတာ ဖြတ်လမ်းနည်းမရှိဘူးဆိုတာ နားလည်ခဲ့ရပါတယ်။ ဖေဖေဟာ ပညာတစ်ခုကို လွယ်လွယ်ကူကူ ပြောပြတတ်သူမဟုတ်ခဲ့ပါဘူး။ သိချင်ရင် ကိုယ့်ဘာသာအရင်စူးစမ်းရပါတယ်။ ပြီးမှ ဖေဖေ့ကို သွားပြောရပါတယ်။ ဖေဖေအနုပညာ ၀ါသနာကြီးခဲ့သူဆိုတာ သူသင်ပေးမှ သိခဲ့ရတာပါ။ ဖေဖေ့ရဲ့ အရိပ်က ကျွန်တော့်နှလုံးသားထဲမှာ ငယ်ငယ်တည်းက ကြီးစိုးခဲ့ပါတယ်။

ကျွန်တော် ၅ နှစ် ကျောင်းနေချိန်ရောက်တော့ အဖေက သဘောင်္လိုက်ပါတယ်။ အဲဒီတုန်းက သဘောင်္သားခေတ်အချိန် စတင်တဲ့အချိန် လည်းဖြစ်ပါတယ်။ သဘောင်္မှာ ဖေဖေက စားဖိုမှူးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဟင်းချက် တော်သူလဲ ဖြစ်ပါတယ်။  ဖေဖေဟာ ကျွန်တော့်ကို ဦးလေးအိမ်မှာပဲ ဆက်ထားခဲ့ပြီး၊ သူက သဘောင်္ထွက်သွားပါတယ်။ တစ်ခါထွက်ရင် တစ်နှစ်လောက်ကြာပါတယ်။ ပြန်လာရင်ဖေဖေဟာ ဆံပင်ရှည်ကြီးနဲ့ ရောက်လာတတ်ပါတယ်။ ကျွန်တော်မမှတ်မိပါဘူး။

ဖေဖေသဘောင်္ထွက်စဉ်တုန်းက ကျွန်တော်က ၅ နှစ်သား ကျောင်းစနေတဲ့ အရွယ်ဖြစ်ပါတယ်။ ကျွန်တော် ကျောင်းစနေတော့ ဦးလေးရဲ့ ဇနီးကပဲ ကျောင်းကိုလိုက်ပို့ပါတယ်။ ဒီမှာ တစ်ခုပြောချင်တာက ကျောင်းစနေတဲ့ အခါမှာ ကလေးဟာ မိဘတွေ  အနားမှာ မရှိတာ အလွန်အားငယ်ဖွယ်ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် သိမ်ငယ်ခဲ့၇ပါတယ်။ ငယ်ငယ်တည်းက မိခင်မေတ္တာနဲ့ ဝေးခဲ့သူ၊ ဖခင်နဲ့  နီးကပ်စွာအတူမနေထိုင်ခဲ့ရပါသူဖြစ်တဲ့အတွက်၊  သူများသားသမီးတွေကို မိဘတွေက ကျောင်းလိုက်ပို့တာကို အားကျ ပြီးကိုယ်တိုင်သိမ်ငယ်စိတ်အကြီးကြီး ၀င်ခဲ့ပါတယ်။ "သြော်...အမေမရှိတဲ့ ငါ့ဘ၀...ဖေဖေမရှိတဲ့ ငါ့ဘ၀" လို့လဲ စုပ်တသပ်သပ်ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့်လဲ ကျွန်တော်ဟာ ကျောင်းစနေစဉ်မှာ ကျောင်းစာကို စိတ်မ၀င်စားခဲ့ပါဘူး။ မှတ်မိပါတယ်... သူငယ်တန်းမှာ လပတ်စာမေးပွဲကို အမှတ်အနည်းဆုံးစာရင်းက ပါခဲ့ပါတယ်။ အေ ဘီ စီ ဒီ ကို သေချာမသင်ခဲ့ရပါဘူး။ တစ်ခါကမှတ်မိပါတယ်။ အဒေါ်က မူကြိုတက်စဉ်တုန်းက  အေ ဘီ စီ ဒီ ရေးတတ်မှ ကစားရမယ်လို့ပြောပါတယ်။ ကျွန်တော်က အော်ဂင်တီးချင်နေပြီလေ။ အေဘီစီဒီက လဲခက်လိုက်တာလွန်ပါရော။ စာစိတ်မ၀င်စားခဲ့လို့ပဲ ထင်ပါတယ်။ အဲဒါနဲ့ ရေးတော့ စားပွဲခုံချပေးတယ်.... အဲဒီပေါ်မှာရေးပေါ့။ ကံကောင်းချင်တော့ စားပွဲပေါ်မှာ A=Apple, B=Book,.... တွေက အဆင်သင့် ရေးထားတာတွေ့တယ်။ ကျွန်တော် ၀မ်းသာလိုက်တာလွန်ရော.... အဆင်သင့်လိုက်လေခြင်းပေါ့။ ဒါနဲ့ ကျွန်တော်လဲ အဒေါ့်ကို တစ်ချက်ကြည့် ... အဒေါ်ဟိုဘက်လှည့်တာနဲ့ တစ်လုံးရေး ၊ အစဉ်လိုက်ကူးရေးတော့တာပေါ့။ ကူးတာများ ဘာခက်တာမှတ်လို့။ ပြီးတော့ အဒေါ်ကို ကျွန်တော်ရေးထားတာ ပြပါတယ် ။ အဒေါ်က မသင်္ကာပါဘူး။ အရင်က တစ်လုံးမှ မရတဲ့ ကောင်က အခုရေးထားတာ ဖျက်ရာတောင် မရှိဘူး။ ဒါကြောင့် သင်ခန်းစာ တစ်ခုရပါတယ်။ ကူးရင် ကြည့်ကူး ရေနစ်တတ်တယ်။ ခိုးရင်ကြည့်ခိုး အမှုပတ်တတ်တယ် ဆိုတဲ့ အတွေးပါ။ တကယ်တော့ ခိုးချ ချင်စိတ်ရှိခဲ့လို့ မဟုတ်ပါဘူး။ ဆော့ချင်တဲ့စိတ်ကြောင့် ဖြစ်ခဲ့ရတာပါ။

အဲဒါနဲ့ အဒေါ်က ကျွန်တော့်ကို အေဘီစီဒီ အလွတ်ဆိုခိုင်းတော့ စပြီး ပြသနာတက်တော့တာပဲ။ မှန်အောင်မဆိုနိုင်တော့ လူတွေရှေ့မှာ အရိုက်ခံခဲ့ရပါတယ်။ ပြီးတော့ ခိုးတယ်ဆိုတာ ရှက်စရာ ကောင်းတယ်ဆိုတဲ့ သင်ခန်းစာ ကိုလဲ ရရှိခဲ့ရပါတယ်။

အဖေပြန်လာတော့ ... ကျွန်တော် သူငယ်တန်းမှာ စာမလိုက်နိုင်တာကိုသိတော့ အကြီးအကျယ် ဒေါသထွက်ပါတယ်။ သူက ပညာထူးချွန်ခဲ့သူ မဟုတ်ခဲ့ပေမဲ့ ပညာကို တန်ဖိုးထားခဲ့သူဖြစ်ပါတယ်။ ပညာတတ်မှ လူရာဝင်မယ်ဆိုတာ နားလည်သူလည်းဖြစ်ပါတယ်။ ကျွန်တော် အဓိက က အင်္ဂလိပ်စာ ညံ့တာပါ....မြန်မာစာဆို အရမ်းတော်ပါတယ်။ ကကြီး ခခွေးကျ ရေးတတ်ပြီး အေဘီစီဒီ ပြသနာတက်ခဲ့တဲ့ သူဖြစ်ပါတယ်။ အဖေက သဘောင်္သားဖြစ်တော့ အင်္ဂလိပ်စာကို လေ့လာရင် အကျိုးရှိတယ်ဆိုတာ သိပါတယ်။ ဒါကြောင့် သူက ကျွန်တော် အင်္ဂလိပ်စာ ညံ့တာကို မနှစ်မြို့ခဲ့ပါဘူး။ ဒါနဲ့ သူကိုယ်တိုင် ကျွန်တော့်ကို သင်ပေးပါတော့တယ်။ ကျွန်တော်က အဖေ့ကို ချစ်လဲချစ်၊ ကြောက်လဲကြောက်ပါတယ်။ ဘာလို့လဲ ဆိုရင် အဖေက ထက်မြက်တာကို သဘောကျတယ်။ တုံးအ တာမျိုးဆို မကြိုက်ဘူး။ အဲဒီလို လူဆို စိတ်မရှည်ပါဘူး။ ကျွန်တော့်ကို အင်္ဂလိပ်စာ စသင်တော့ အေဘီစီဒီကို အလွတ်ဆိုရပါတယ်။ မှားဆိုမိ၇င် တစ်ချက် ရိုက်ပါတယ်။ မမှန်မချင်း ဆိုခိုင်းပါတယ်။ အေဘီစီဒီ အလွတ်ရတဲ့ အချိန်မှာ အရှိုးရာ တွေ အပြည့်ပါပဲ။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် အရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဖေဖေပြောနေကျဖြစ်တဲ့ "ပညာဆိုတာ အလကားမရဘူး ဖြတ်လမ်းမရှိဘူး" ဆိုတာ နားထဲ ကြားယောင်နေမိပါတယ်။ ပညာလိုချင်ရင် ဇွဲရှိရမယ်ဆိုတာလဲ သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်ကို ပြီးတော့မှ ဖေဖေက တစ်လုံးချင်း ရေးပြလိုက် မေးလိုက် လုပ်ပါတယ်။ အကုန်လုံးရတော့ ကျွန်တော့်ကို အိုင်မီ မိုင်မိုင်း (I, Me, My, Mine ) စသင်ပါတယ်။ pronoun(နာမ်စား) တွေလို့လဲ ပြောပါတယ်။ နားမလည်ပါဘူး။ ဒါနဲ့ ဖေဖေက ကျွန်တော့်ကို I= ကျွန်ုပ်သည်.... Me=ကျွန်ုပ်ကို....My=ကျွန်ုပ်၏... Mine= ကျွန်ုပ်ပိုင်ဆိုင်သည့်အရာ...ဆိုပြီးသင်ပေးပါတယ်။ အဲဒါ ပိုရှုပ်တာပါပဲ။ ကျွန်ုပ်သည် နဲ့ ကျွန်ုပ်ကို ဆိုတာ မကွဲပြားပါဘူး။ အလွတ်ကျက်ရတာပါပဲ။ ဘယ်မှာ သုံးမှန်းလဲ မသိပါဘူး။ ၅ နှစ်သားကိုးဗျ။ မှားဆိုမိတော့ ထပ်အရိုက်ခံခဲ့ရပါတယ။် ဒီလိုနဲ့ အဲဒီနေ့ ထမင်း ညစာ ငတ်ခဲ့ရပါတယ်။ စာရတော့ ညအိပ်ချိန်ရှိနေပြီ။  ညသန်းခေါင်အိပ်ချိန်ရောက်တော့ ကိုယ်လက်တွေ နာကျင်ပြီး ကောင်းကောင်းမအိပ်နိုင်ခဲ့ပါဘူး။ ဖေဖေကိုတော့ မမုန်းနိုင်ခဲ့ပါဘူး။ ဖေဖေက ဆေးလိမ်းပေးပါတယ် ပြီးတော့ "သား... ငယ်ရွယ်စဉ်မှာ.. ကိုယ့်ကိုယ်ကို ခိုင်းထားရတယ်။ အလျော့မပေးရဘူး... ခက်ခက်ခဲခဲ ရယူမှ ပညာစစ်လို့ ခေါ်နိုင်တယ်ကွ ပညာစစ်မှ ကြာရှည်ခံပြီး တန်ဖိုးရှိတာ " လို့ပြောပါတယ်။


ကျွန်တော် အဲဒီအချိန်က စပြီး အင်္ဂလိပ်စာ ကို သူမတူအောင်လေ့လာခဲ့ပါတယ်။ နှစ်သက်ခဲ့ပါတယ်။ စာလုံးပေါင်းတွေ ကျက်တယ်။ မှတ်တယ် ။ ပြန်အလွတ်ရေးတယ်။ တစ်လုံးကို မှတ်မိအောင် ၁၀ ခေါက် ရေးကျက်ပါတယ်။ စာလုံးပေါင်း မမှားအောင်လို့ပါ။ အခုထိ ကျက်ပြီးသား စာအုပ်ပေါင်း ၅၈၉ အုပ်ရှိပါတယ်။ အခုထိလဲ အရမ်းခက်တဲ့ စာလုံးတွေကို အဲလို ပဲ ကျက်မှတ်ခဲ့ပါတယ်။ ဘာသာစကားဆိုလဲ စိတ်ဝင်စားခဲ့ပါတယ်။ တရုတ်စာနှင့် ဂျပန်စာကိုလဲ ထို နည်းအတိုင်း သင်ယူတတ်မြောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကျွန်တော်ဟာ အတန်းထဲမှာ အတော်ဆုံးစာရင်း ၀င်ခဲ့ပါတယ်။ တော်ရုံတန်ရုံ စာမလုပ်ဖြစ်တဲ့ နှစ်တွေမှာဆိုရင်...အဆင့်က ၅ လောက် ရှိပြီး၊ စာလုပ်တဲ့ နှစ်ဆို အဆင့်၁ ၊ ၂ ၊ ၃ ၀င်ခဲ့ပါတယ်။ အဲလို ဖြစ်လာလိုက်တာ ကျွန်တော် ကျောင်းပြီးတဲ့ အထိပါပဲ။ ဒါဟာလဲဖေဖေ့ဟာ ကျွန်တော့် နှလုံးသား ၀ိဥာဉ် အရိပ်ဖြစ်ခဲ့လို့ပါပဲ။

ကျွန်တော့် အသက်မွေးတဲ့ ပညာနဲ့  ပတ်သက်ရင် အဖေဟာ ကျွန်တော့်ကို လေ့လာခိုင်းပါတယ်။ သူက ပြောပါတယ် "ငယ်ငယ်က ငါတို့ဆိုလဲ သင်ခဲ့ရလို့ တတ်တာမဟုတ်ဘူး။ ကိုယ့်ဘာသာ လေ့လာခဲ့ရတာ..ငါတို့ အဖေဆိုလဲ တချိန်လုံး ခရီးသွားနေတာကွ" လို့ပြောလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က အဖေ့လောက်တော့ စွယ်စုံမရပေမဲ့၊ စက်ပစ္စည်းအကြောင်းကို တော်တော်များများ နားလည်ခဲ့ပါတယ်။ စာအုပ်တွေ အများအပြားလဲ ဖတ်ရှုလေ့လာခဲ့ပါတယ်။  ကျွန်တော်နားမလည်ရင် အဖေက ဆူပါတယ်။ ပြီးတော့ လေ့လာခိုင်းပြီး တတ်အောင်လုပ်ခိုင်းပါတယ်။ ဒါကြောင့်လဲ ကျွန်တော်ဟာ ၁၀ တန်းနှစ်လောက်မှာ အိမ်က လျှပ်စစ်ပစ္စည်း အကုန်ပြင်တတ်နေပါပြီ။ ပြီးတော့ အသက်မွေးပညာ အနေနဲ့ စက်မှုနဲ့ လျှပ်စစ်ပညာ(Mechatronics) ဘွဲ့ ကိုလဲ အမှတ်ကောင်းကောင်းနဲ့ ရရှိခဲ့ပါတယ်။ ကျောင်းပြီးတော့ ကျွန်တော်ဟာ နိုင်ငံခြားမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ လူပေါင်းစုံနဲ့ အလုပ်လုပ်ခဲ့ပြီး အတွေ့အကြုံတွေထပ်မံရရှိခဲ့ပါတယ်။ ပညာမြတ်နိုးသူဖြစ်တာနဲ့ အညီ အလုပ်တစ်ဖက်နဲ့ နိုင်ငံခြား ကျောင်းသားတွေကိုလဲစာသင်ပေးနိုင်ခဲ့ပါတယ်။ဒါဟာလဲ အဖေ့ရဲ့ နှလုံးသား ၀ိဥာဉ်ကြောင့်ပဲ ထင်ပါတယ်။

တကယ်တော့ ဖေဖေဟာ ကျွန်တော့် ဘ၀မှာ မရှိမဖြစ် ကျေးဇူးကြီးမားတဲ့ မေတ္တာ၇ှင်တစ်ဦးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့် နှလုံးသားဝိဥာဉ်ကို ထိန်းသိမ်းပေးခဲ့တဲ့ ပဲ့ကိုင်ရှင် တစ်ဦးလဲဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေဟာ ကျွန်တော့်ဘ၀၀ိဥာဉ်ရဲ့ အရိပ်လဲဖြစ်ပါတယ်။ အဖေမရှိရင် ကျွန်တော့် ဘ၀ဆိုတာ မရှိနိုင်ပါဘူး။ ဖေဖေ့ရဲ့ မေတ္တာတွေ၊ ကျေးဇူးတရားတွေကို ရင်ထဲမှာ အမြဲ တွေးမိပြီး၊ ဒီဇာတ်လမ်းလေးနဲ့ အတူ ဦးခိုက် ရှိခိုးမိပါတော့တယ်....

ကျေနပ်နိုင်ကြပါစေ...
စာချစ်သူများကိုကျေးဇူးတင်ပါသည်။
(ဇေယျာ) 17/Sep/2011, Saturday, 9:00 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...