Thursday, September 15, 2011

အပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by Tharchit Zaw on Thursday, September 15, 2011 at 6:08pm
 
လင်းသန့် Thursday, 15 September 2011 14:04

မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟု ယုံကြည်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြား ပြောပြီးသားလည်း ဖြစ်နေပါတယ်။ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေရောက်နေပြီလို့ ကျမ ယုံကြည်တယ်” ဟု ပြောသည်။


NLD ရုံးချုပ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တခြားစိတ်ဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်သည်ဟု NLD ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် “အစိုးရများဆိုတာ သူ့အချိန်နဲ့သူ ပြောင်းလဲကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ ဒီလူတွေပဲ အုပ်စိုးနေတယ်ဆိုတော့ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုလို့ရှိရင် အစိုးရ အပြောင်းအလဲတွေကိုလည်း လက်ခံတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲတွေဆိုတာ ညင်သာရမယ်။ ငြိမ်းချမ်းရမယ်။ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး။ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး။ တက်သွားတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးဟာ မျှတတဲ့အခြေခံပေါ်မှာ တည်ရှိရမယ်” ဟု ထည့်သွင်းပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟုဆိုလျှင် အပြောင်းအလဲများသည် ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ရန် မည်သို့မည်ပုံ လုပ်မည်ဆိုသည်ကို လူတိုင်းက တာဝန်သိသိနှင့် လေးလေးနက်နက် စဉ်းစားရမည်ဖြစ်ကြောင်း၊ တချို့က ပုံစံမပြောင်းနိုင်သေးကြောင်း၊ အခြေအနေပေါ်မူတည်ပြီး ပုံစံပြောင်းရန် လိုအပ်ကြောင်း၊ ပုံစံမပြောင်းလဲနိုင်လျှင် အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်သည့် အရည်အချင်း အားနည်းသည်ဟု ပြောလိုကြောင်း ဆိုသည်။

“ကျမက စဉ်းစားကြည့်တယ်။ ကျမတို့အတွက် တကယ်တော့ တနှစ်မှတခါ ကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့မျိုးဟာ တကယ်တော့ လိုတာမဟုတ်ဘူး။ ကျမတို့ဟာ နေ့တိုင်းနေ့တိုင်းကို ဒီမိုကရေစီနေ့အဖြစ်နဲ့ သတ်မှတ်ပြီး အလုပ်လုပ်ရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း မြန်မာအစိုးရ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ ကြိမ်တွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် မြန်မာနိုင်ငံသားများ အကျိုးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မတူသည်များကို ရှောင်ရှားပြီး တူညီမှုများမှ အစပြုကာ ပူးပေါင်း လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်စလုံးက အားရကျေနပ်ကြောင်း ပြောဆိုကြသည်။

အပြုသဘောဆောင်သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးများ ဆက်လက်ဖြစ်ထွန်းလာစေရန် မျှော်လင့်နေကြောင်း နိုင်ငံရေးလေ့လာသူတချို့က ဆိုသည်။

“အခုလို ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေရှိတာကို ယုံကြည်တယ်လို့ ဒီနေ့ ထုတ်ပြောလိုက်တော့ အကောင်းဘက်ကို ကျနော်တို့ မျှော်လင့်ချက် ပိုလာတာပေါ့ဗျာ” ဟု ယနေ့အခမ်းအနား တက်ရောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ပူးပေါင်းလျက် လွှတ်တော် အဆောက်အအုံသဘင်ဆောင်၌ ယနေ့နံနက်တွင် ကျင်းပသည်။ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ ဖိတ်ကြားထားပြီး ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းထောက်များ၊ ပြည်တွင်းသတင်းထောက်များအပြင် ပြည်ပအခြေစိုက် သတင်းဌာနတချို့မှ သတင်းထောက်များ သတင်းယူခွင့်ပြုကြောင်း အစိုးရ၏ ကြိုတင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...