Friday, September 16, 2011

ဌေးကြွယ်


http://www.naytthit.net/?p=19640
 

အခုတလော နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုသံတွေက ကျယ်ကျယ်လောင်လောင် မြည်ဟီးလာ နေပါတယ်။ အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အချိန်တခု စောင့်ရမယ်လို့ ပြောနေပြန်ပါတယ်။ ဒီလို ၂ ဘက် အငြင်းပွားနေရတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာဟာ ကိုယ်ရဲ့ကောင်းကျိုးတွေကို စွန့်လွှတ်ပြီး အများအ တွက် အနစ်နာခံနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ အဲဒီလို ကျမသိတဲ့လူတွေအကြောင်းထဲက ကိုဌေးကြွယ်အကြောင်းကို ထုတ်နှုတ် တင်ပြချင်ပါတယ်။ ကိုဌေးကြွယ်ဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲက တယောက် ပါ။ ကျမတို့တွေက ကိုဌေးကြွယ်ရဲ့ အသားအရောင်ကို အနက်နုလေးလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကိုဌေးကြွယ်ရဲ့ မျက်နှာမှာ ထူးခြားတာက နူးညံ့သိမ်မွေ့ပုံပေါ်နေပါတယ်။ ပိုလို့ထူးခြားတာက ဥာဏ်ပညာထက်မြက်ပုံရတဲ့ တောက်တောက်ပပ မျက် လုံးတွေ ရှိနေတာပါပဲ။ ကိုဌေးကြွယ်ဟာ ၁၉၈၈ ခုနှစ်တုန်းက ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပါတယ်။ မတ်လတုန်းက ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ကျောင်းသားဆန္ဒပြမှုနဲ့ တံတားနီအရေးအခင်းတွေမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ မတ်လ ၁၇ ရက် နေ့မှာတော့ တိုးတက်သော တက္ကသိုလ်ကျောင်းသားများအ ဖွဲ့(တတဖ) မှာ တွဲဘက်အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့မှာ မဆလ ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၈၈ ဇူလိုင် ၇ ရက်နေ့မှာ ထောင်ထဲကနေ ပြန်လွတ်လာပြီး သူနဲ့အတူ သူ့ရဲ့အစ်ကို ကိုဝင်းကြွယ်အပါအဝင် ၁၄၁ ယောက်ထဲက ကျောင်းသား ၇ ဦးက ရန်ကင်း၊ ကျောက်ကုန်းမှာ ရှိတဲ့ မေဒိနီကျောင်းတိုက်မှာ ဘုန်းကြီးဝတ်ခဲ့ကြပါ တယ်။ ဆွမ်းခံတဲ့ သပိတ်ထဲမှာ ဝါဒဖြန့်စာရွက်တွေကိုထည့်ပြီး ရန်ကင်းမှာ ဆွမ်းလိုက်ခံတော့ ကျမတို့လို လှုပ်ရှားတက် ကြွတဲ့ ကျောင်းသားတွေ သူတို့နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါသေးတယ်။ အဲဒီ့ အချိန်မှာစပြီး သူတို့က ရှစ်လေးလုံးကို တိုင် ပင် စခေါ်ခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့ ဝါဆိုလပြည့်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာလေးတခု ရှိပါတယ်။ ဗိုလ်နေဝင်းချုပ်ကိုင် ချယ်လှယ်နေသော ဗမာလူမျိုး ကောင်းစားရေးဝါဒ၊ တိုင်းရင်းသားများကို အမြစ်ဖြုတ်ရေးဝါဒကို သဘောမကျတဲ့အတွက် ဆန့်ကျင်တဲ့ အနေ နဲ့ မြန်မာဆိုတဲ့ စကားလုံးကို သုံးခဲ့ခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၊ အလွှာပေါင်းစုံမှ ဒီမိုကရေစီ လိုလား သူတွေအားလုံးပါဝင်နိုင်ရန် ဒီနာမည်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ မကဒ မှာလည်း ဥက္ကဋ္ဌအဖြစ် မွန်အမျိုးသား ကိုမင်း ဇေယျကို တင်မြှောက်ခဲ့ပါတယ်။ ကိုဌေးကြွယ်ကတော့ ဒု-ဥက္ကဋ္ဌအဖြစ် ရှစ်လေးလုံးအရေးတော်ပုံအတွက် တိုင်းပြည်အ ဝှမ်းမှာ လှုံဆော်စည်းရုံးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဘီဘီစီသတင်းထောက် ခရစ်စတိုဗာဂါးနက်(စ်) ရဲ့ သမိုင်းမှာ တွင်ကျန် ရစ်တဲ့ အင်တာဗျူးတခုကို ပြည်သူတွေ နားထောင်ခဲ့ရပါတယ်။ 

အဲဒီအင်တာဗျူးကြောင့် မြန်မာပြည်သူတွေ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသထွက်ခဲ့ကြရပါတယ်။ အဲဒီအင်တာဗျူးဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို သေသေချာချာဖော်ပြနိုင်ခဲ့တာကြောင့်ပါ။ အဲဒီအင်တာဗျူးမှာ ကိုဌေးကြွယ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အင်တာ ဗျူးကစပြီး ၈၈၈၈ နေ့မှာ တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အင်တာဗျူးဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ လောင်ကျွမ်းရန် တာစူနေတဲ့ ဒေါသအမုန်း၊ အမျက်ဆူးတွေကို စတင်ဖွင့် လှစ်ပေးလိုက်တဲ့ အမှန်တရားရဲ့ လေပြင်းမုန်တိုင်း ပင်ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးက အရှိန်ပြင်းပြင်းနဲ့ တိုက်ခတ်လာခဲ့ပါတယ်။ အဲဒီကာလဟာ ရဲရင့်တက်ကြွတဲ့ ကျောင်းသားလူငယ်တွေရဲ့ နေ့မအား၊ ညမနား အလုပ်များခဲ့ချိန်ပေါ့။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံ လေပြင်းတွေ တိုက်ခိုက်ခဲ့အပြီး ၁၉၈၈ စက်တင်ဘာ လဆန်းပိုင်းမှာ ကျောင်းသားထုညီညွတ်ရေးနဲ့ အရေးတော်ပုံကို အ ရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂပြန်လည်ဖွဲ့စည်းရေးကော်မတီ (၁၁၉)ဦး ကော်မတီ၌ဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တာဝန်ယူခဲ့ပြီး အမျိုးသားကြားဖြတ်အစိုးရဖွဲ့စည်းရေး ဆောင်ရွက်မှုများတွင် ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံးရဲ့ အောင်မြင်မှုတွေကို ကြောက်ရွံလာတဲ့ အာဏာရှင်တွေက တကြော့ပြန် စစ်တပ်အာဏာသိမ်းခြင်းနဲ့ ရပ် တန့်ပစ်ခဲ့ပြီးနောက် ကိုဌေးကြွယ်နဲ့ ကျောင်းသားလူငယ်တွေက Pressure And Compromise ဖိအားပေးမယ်၊ စေ့စပ်ညှိ နှိုင်းမယ်ဆိုတဲ့ လမ်းစဉ်ကို ချမှတ်ခဲ့ပါတယ်။ ဖိအားပေးဖို့အတွက် မကဒ ကို ရွေးချယ်ခဲ့ ပြီး၊ တွေ့ဆုံဆွေးနွေးဖို့အတွက် ကျောင်းသားသမဂ္ဂ(မကသဖ) ကိုဖွဲ့စည်း လုပ်ဆောင်ခဲ့ပါတယ်။ မကဒ ကို စီမံအုပ်ချုပ်ဖို့ ကိုဝင်းကြွယ်က တာဝန်ယူပါ တယ်။ ကိုဌေးကြွယ်က မကသဖ ကို တာဝန်ယူခဲ့တာပါ။ 

ကိုဌေးကြွယ်ဟာ ထောက်လှမ်းရေးရဲ့ အလိုရှိတဲ့ စာရင်းထဲမှာအမြဲပါနေပါတယ်။ တရက်တော့ ကိုဌေးကြွယ်နဲ့ ကိုလှမျိုး နောင်တို့ ကိုဌေးကြွယ်တို့ အိမ်ဖြစ်တဲ့ စမ်းချောင်းမြို့နယ်၊ ဂန္ဓမာလမ်းနေအိမ်ကို ဝင်ပြီး ထမင်းစားနေချိန် ဖြစ်ပါတယ်။ သူတို့ ထမင်းစားနေကြတုန်းမှာပဲ အိမ်ရှေ့ကနေ ထောက်လှမ်းရေးတွေ ဝင်လာပါတယ်။ နားပါးတဲ့ ကိုဌေးကြွယ်က လှမျိုး နောင်ကို ပြေးဖို့သတိပေးရင်း သူကိုယ်တိုင်က စတိုခန်းထဲကနေ အပြင်ကိုထွက်ပြေးခဲ့ရပါတယ်။ ကိုလှမျိုးနောင်က သူ့ကို ဖမ်းတာမဟုတ်ဘူးဆိုပြီး အတည်ပေါက်နဲ့ ထမင်းဆက်စားနေတာကို ထောက်လှမ်းရေးကတွေ့သွားတော့ ကိုလှမျိုးနောင် ကို မ သွားလေရဲ့။ တကယ်က ကိုလှမျိုးနောင်ကလည်း အလိုရှိနေတဲ့စာရင်းထဲမှာ ပါနေတာကိုး။ဒီလိုနဲ့ ကိုဌေးကြွယ်ဟာ အကြိမ်ကြိမ်ပြေးလို့ လွတ်နေခဲ့ပါတယ်။ အဲဒီတချိန်တည်းမှာပဲ ကိုဝင်းကြွယ်လည်း ပြေးနေရပါတယ်။ ကိုဝင်းကြွယ်က လည်း ထောက်လှမ်းရေးမှာ အလိုရှိနေသူပါ။ ကိုဝင်းကြွယ်နဲ့ လုပ်ဖော်ကိုင်ဖက် ကိုလေးလွင်လည်း မန္တလေးမှာ ဗုံးခွဲတဲ့အ မှုနဲ့ ဖမ်းခံနေရချိန်လည်းဖြစ်ပါတယ်။ စမ်းချောင်းမှာလည်း မကဒ အဖွဲ့ဝင် ကိုစိုးထိုက်အိမ်မှာ ဗုံးတလုံး ပေါက်သွားခဲ့ပါ သေးတယ်။ ကိုလေးလွင်တို့ မန္တလေးမှာ ဗုံးပေါက်တာနဲ့ မရှေးမနှောင်းမှာ ပေါက်ကွဲခဲ့တာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ကို ဌေးကြွယ်၊ ကိုစည်သူ၊ ကိုစိုးထိုက်တို့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်တော့ ကိုဌေးကြွယ် စဉ်းစားမိတာက ဒီလိုပြေးနေလို့တော့ သိပ်မလွယ်တော့ဘူး။ အဖမ်းခံမလား၊ တဖက်နိုင်ငံကို ထွက်ပြေးမလား။ လမ်းတလမ်းကိုတော့ ရွေးချယ်ရတော့မယ်။ အဲဒီအချိန်မှာ ကိုဌေးကြွယ်က တဖက်နိုင်ငံကို ထွက်ပြေး တာမျိုးမလုပ်ဘဲနဲ့ အဖမ်းခံဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာက မကဒ၊ မကသ က အဖွဲ့ဝင်တွေလည်း အထဲ ရောက်သူက ရောက်၊ တောခိုသူက တောခိုနဲ့ အပြင်မှာခေါင်းဆောင်ပိုင်းက လူနည်းနည်းလေးပဲ ကျန်နေတော့တာကိုး။ မကဒ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုအောင်မျိုးတင့်၊ ကိုဘိုဘိုဦး တို့တွေ ဦးဆောင်တဲ့ Phoenix နဲ့ ကိုအောင်ဆွေဦးတို့ ဦးဆောင် တဲ့ Hawk အဖွဲ့တွေ urban guerrillas လို့ခေါ်တဲ့ မြို့ပြတိုက်ပွဲတွေဖော်ဆောင်ဖို့ နယ်စပ် KNU က တာဝန်ရှိသူ ဗိုလ်ကြီး ဖီးလစ်ဆီမှာ သင်တန်းလာတက်ပြီးအပြန် ဘာမှမလုပ်ရသေးခင် အဖမ်းခံနေကြရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ကိုမင်း ဇေယျလည်း တောခိုဖို့လာရင်း အဖမ်းခံနေရပါတယ်။ မကသ အဖွဲ့မှာပါတဲ့ ကိုဌေးအောင် (ဒု-ဥက္ကဋ္ဌ) လည်း ကိုဘုန်းမော် နှစ်ပတ်လည်စီစဉ်ဆောင်ရွက်တဲ့ ကိစ္စနဲ့ ထောင်ထဲကိုရောက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ထောက်လှမ်းရေးရဲ့ မျက်စိ အောက်မှာ ရှိနေရက်နဲ့ သူလုပ်ရမဲ့ အလုပ်တွေကို ဆက်တိုက်လုပ်နေခဲ့တာပါ။ ကိုဌေးကြွယ် အိမ်မှာပဲနေပြီး ထောက်လှမ်းရေးလာခေါ်မယ့်နေ့ကို စောင့်နေခဲ့တာပါ။ ၁၉၉၁ ဇွန်လထဲမှာပဲ ကိုဌေးကြွယ် ကို ထောက်လှမ်းရေးက လာရောက်ဖမ်းဆီးခဲ့ပါတယ်။ ကိုဌေးကြွယ်တို့အမှုမှာ အမှုတွဲ ၃ ယောက်ရှိပါတယ်။ သူတို့ကို အင်းစိန်ထောင်မှာ ၆ လကြာအောင်ချုပ်နှောင်ထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့်၊ အချုပ်ထောင်ဝင်စာဘာမှ မပေးဘဲ ထားခဲ့ပါ တယ်။ ဒါပေမဲ့ ကိုဌေးကြွယ် ရဲ့ မိသားစုက လမ်းကြောင်းကနေတဆင့် စားစရာ၊ ဆေးဝါး အားလုံးရအောင် သွင်းပေးနိုင်ခဲ့ ပါတယ်။ ကိုဌေးကြွယ်တို့ ၃ ယောက်ကို ၅(ည)၊ ၁၉(က)နဲ့ တရားစွဲဆိုထားပါတယ်။ ၅(ည)ကိုတော့ လူတိုင်းသိနေကြပါတယ်။ ၁၉ (က)ဆိုတာက နိုင်ငံတော်ကို ပုန်ကန်ရန်အလို့ငှာ တရားမဝင်လက်နက် များလက်ဝယ်ထားရှိမှုလို့ ဆိုပါတယ်။ သူတို့ကို ၁၉၉၁ နိုဝင်ဘာလ ထဲမှာ ပထမ ၂ ကြိမ်ကို ဗူးကြီးမှာ ရုံးထုတ်ပါတယ်။ ရုံးထုတ်စမှာပဲ ကိုဌေးကြွယ်က ရှေ့နေငှားရမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ တရားရေးဝန်ထမ်းတွေက ရှေ့နေငှားခွင့်မရှိဘူးလို့ ပြန်ပြောခဲ့ပါတယ်။ တတိယအကြိမ်ရုံးထုတ် တော့ စစ်ခုံရုံးမှာပဲ ရုံးတင်စစ်ဆေးပါတော့တယ်။ 

နောက်ဆုံးအမိန့်ချမဲ့နေ့မှာတော့ တာဝန်ရှိသူတွေ Special Branch (SB) က သူတို့ ၃ ယောက်ကို “မင်းတို့ ဘာမှ ပြန် ပြောမနေနဲ့၊ ပြန်ပြောနေရင် ကြာသွားလိမ့်မယ်” ဆိုပြီး ချော့သလို၊ ခြောက်သလို လာပြောသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ မကြောက်တတ်တဲ့ ကိုဌေးကြွယ် တို့ကတော့ တရားသူကြီးကို “ခင်ဗျားတို့က ဒီအမှုနဲ့ မဖမ်းလည်း နောက်တမှုနဲ့ လုပ်ကြံ ပြီး ဖမ်းအုံးမှာပဲ မဟုတ်လား၊ ခင်ဗျားတို့သုံးတော့ စကားလုံးက တရားရုံးလို့ သုံးတယ်။ ဒါပေမဲ့ ခင်ဗျားတို့လုပ်နေတာတွေ က ဘာတခုမှ တရားမျှတတာ မပါလို့ ကျနော်တို့ကတော့ တရားရုံးလို့ လက်မခံဘူး။ ဒါမတရားရုံး ပဲ။ မတရားရုံးမှာ ကျနော် အနေနဲ့ ဘာမှပြောဖို့ မရှိဘူး” လို့ပဲ ခြေပသွားခဲ့ပါတယ်။ အဲဒီနေ့က တရားရုံးမှာ သူတို့အမှုတွဲသုံးယောက်လုံးက တပုံစံထဲ ချေပခဲ့တာကြောင့် စစ်ခုံရုံးတခုလုံး အလုပ်ရှုပ်သွားခဲ့ပါတယ်။ ကိုဌေးကြွယ်က ထောင်ဒဏ် ၁၅ နှစ်၊ ကိုစည်သူ က ထောင်ဒဏ် ၁၂ နှစ်၊ ကိုစိုးထိုက်က ထောင်ဒဏ် ၁ဝ နှစ်အသီးသီးကြခံခဲ့ရပါတယ်။ ကိုဌေးကြွယ်ရဲ့ ချစ်ခင်စရာကောင်းတဲ့အချက်က ခေါင်းဆောင်ပီသတဲ့ စိတ်ပဲ ဖြစ်ပါတယ်။ တကြိမ်မှာတော့ ကိုဌေးကြွယ် တို့နေတဲ့ ၅ တိုက် အခန်း ၁၅ မှာ အပြင်ကိုထုတ်ဖို့ရေးထားတဲ့ စာတစောင်ကို တလာစီတော့ မိသွားပါတယ်။ သေချာတာ က ကိုဌေးကြွယ် ရေးတာမဟုတ်ပါဘူး သူတို့အဖွဲ့ထဲက တယောက်ရေးထားခဲ့တာပါ။ အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ကိစ္စတွေဖြစ် လို့ ကိုဌေးကြွယ်က သူဖြေရှင်းသင့်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ထောင်ပိုင်ရုံးမှာ သူရေးတာလို့ ဝန်ခံခဲ့ ပါ တယ်။ ထောင်ထဲမှာ စာမိတဲ့ အပြစ်ဒဏ်ဟာ ကြီးလေးတဲ့ အပြစ်ဖြစ်လို့ ကံမကောင်းရင် နောက်မှုတိုးနိုင်ပါတယ်။ အနိမ့် ဆုံးပြစ်ဒဏ်က ဒေါက်ခတ်ပြီး စစ်ခွေးတိုက်မှာ တိုက်ပိတ်တာပါ။ ကိုဌေးကြွယ် စစ်ခွေးတိုက်မှာ ၂ ပတ် တိုက်ပိတ်ခံခဲ့ရပါ တယ်။ ပြစ်ဒဏ်ပြည့်လို့ ၅ တိုက်ကို ပြန်ရောက်လာတော့ ဝဲတွေတောင်ပေါက်လာပါတယ်။ 

စစ်ခွေးတိုက်ဆိုတာ ထောင် ထဲမှာ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး ပြစ်ဒဏ်များပေးတဲ့ တိုက်ပဲဖြစ်ပါတယ်။ ကိုဌေးကြွယ်ကို ဝန်ထမ်းတွေရော၊ ကိုယ့်အချင်းချင်းကပါ ချစ်ခင်ကြပါတယ်။ ကိုဌေးကြွယ်က ဘယ်တော့မှ ငါချမ်းသာ တယ်ဆိုပြီး ဘယ်သူ့ကိုမှ အထက်စီးနဲ့ မဆက်ဆံပါ။ ဘယ်ဝန်ထမ်းကိုမှ အောက်စီးကလည်း မဆက်ဆံပါဘူး။ သူက လူ တိုင်းကို တန်းတူထားပြီး ဆက်ဆံတတ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေက ကိုဌေးကြွယ် အတွက် မငြီးမငြူလုပ်ပေး တတ်ပါတယ်။ သူ့ကြောင့် အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတွေကို အလုပ်ခေါ်ခန့်တာမျိုးတွေအထိ စောင့်ရှောက်တတ်ပါ တယ်။ ကိုဌေးကြွယ်ရဲ့ နေ့စဉ်လုပ်ငန်းထဲမှာ သတင်းဖြန့်ချိတာတွေ ပါ ပါတယ်။ ကိုဌေးကြွယ်ဆီမှာ သတင်းရင်းမြစ်ရတဲ့ ရေဒီယို ရှိပါတယ်။ သူရသမျှသတင်းတွေကို နေ့တိုင်းစာရေးပြီး သတင်းမပြတ်ရလေအောင် အခြားနိုင်ငံရေးအကျဉ်းသားတွေထံ ပို့လေ့ရှိပါတယ်။ ဘယ်လောက်ပဲ နေမကောင်တာမျိုးဖြစ်ပါစေ၊ သူ့ရဲ့အလုပ်ကိုတော့ သူက မပျက်မကွက်လုပ်နေကြပါ။ ကိုဌေးကြွယ်အိမ်က ၂ပတ် ၁ ကြိမ်ထောင်ဝင်စာမှာ ကျန်ချောင်းအိတ် ၃ အိတ်လောက်က အနည်းဆုံးပို့တာပါ။ ဒါတောင် ဖလိုက်နဲ့ ပိုက်ဆံက အမြဲရှိနေပါတယ်။ ကြားထဲမှာလည်း ပါဆယ်ပို့တာက ရှိပါသေးတယ်။ ဒါတောင်မှ စနေနေ့ ထောင် ဝင် စာလာပြီးရင် ဗုဒ္ဓဟူးနေ့လောက်ဆိုရင် ကိုဌေးကြွယ်တို့အခန်းမှာ ထောင်ဝင်စာ ကုန်သွားပါပြီ။ တိုက်ထဲက လူတွေ အားလုံးကို လိုက်လံဝေငှတတ်တဲ့ သူပါ။ 

အေးအတူပူအမျှ ဆိုတဲ့စကားက ကိုဌေးကြွယ် တို့ရဲ့ လက်ကိုင်သဘောထားပါ။ သူဟာ လူသားတဦးပဲဖြစ်လို့ ချစ်ချင်း၊ ဝမ်းနည်းချင်းတွေရှိပါတယ်။ သူသာယာဝတီထောင်ထဲမှာပဲ ရှိနေစဉ်မှာ သူ့ရဲ့ဖခင် ဆုံးပါးသွားပါတယ်။ သူ ၁ဝ (က)နဲ့ ဆက်လက် ထိမ်းသိမ်းခံနေရစဉ် ၂ဝဝ၂ မှာ ထပ်မံပြီး သူ့ရဲ့ အစ်ကို( ရဲဘော်၊ တိုင်ပင် ဖော်တိုင်ပင်ဘက်) ကိုဝင်းကြွယ်သေဆုံးသွားခဲ့ပါတယ်။ အဲဒီနှစ်ယောက်စလုံးကို သူတွေ့ခွင့် မရလိုက်ပါဘူး။ သူ့ရဲ့ ရင် ထဲမှာ အဲဒီအကြောင်းတွေကို တိုးတိတ်စွာခံစားနေခဲ့ရကြောင်းကို သူနဲ့ အတူနေနေတဲ့လူတွေက ရိပ်မိပေမဲ့ သူဟာ တ ခြားသူတွေကို အပူမကူးစေချင်လို့ အရယ်မောမပျက်နေခဲ့တယ်လို့ ကျမသိခဲ့ဖူးပါတယ်။ နောက်တကြိမ် ၂ဝဝ၇ ခုနှစ်မှာ အဖမ်းခံရတော့ သူ့ကို နားလည်ပေးခဲ့တဲ့ ၊သူ့ရဲ့ သူငယ်ချင်းတွေအပေါ်မှာ သူနဲ့ မခြားချစ်ခြင်းမေတ္တာတွေပေးခဲ့တဲ့ သူ့ရဲ့ မိခင်ကြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီတကြိမ်မှာတော့ မိခင်ကြီးကို ကန်တော့ခွင့်ရခဲ့ပေမဲ့ နာမကျန်းချိန်မှာ ပြုစုစောင့် ရှောက်ခွင့်ကိုတော့ လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ကိုဌေးကြွယ်က မှတ်ဥာဏ်လည်း အရမ်းကောင်းပါတယ်။ လေရူးသုန်သုန်လို ဝတ္တုအထူကြီးကို ဇာတ်လမ်း တင်မကဘဲ စကားပြောခန်းတွေ၊ ဘယ်သူက ဘာတွေဝတ်ထားတယ်ဆိုတာကစပြီး မှတ်မိပါတယ်။ လေရူးသုန်သုန်ဝတ္တုအကြောင်း သူ ပြောပြတာကို မန္တလေး NLD ဥက္ကဋ္ဌ ဦးသိန်းတန်ကတောင်မှ တကယ့်ရုပ်ရှင်ကို ကြည့်နေရသလိုပဲလို့ ချီးကျူးခဲ့တာပါ။ (ထောင်ထဲမှာက ညဆိုရင် ကိုယ်နေတဲ့ အခန်းရဲ့ အဝမှာ ထွက်ထိုင်ကြပြီး ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုတွေအကြောင်း၊ ကိုယ် ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တွေအကြောင်းကို ပြောပြကြ၊ တခါတလေ အခမ်းအနားတွေရှိရင်တော့ သီချင်းတွေဆိုကြ၊ ဝမ်း နည်းစရာရှိရင်လည်း တိတ်ဆိတ်ငြိမ်သက် (silence) လုပ်နေကြတာမျိုးနဲ့ စည်းလုံးညီညွတ်မှုတွေကို တည်ဆောက်ကြရ တာပါ။ အဲဒီလိုနည်းလမ်းတွေနဲ့ ဘဝနောက်ခံမတူသူတွေ၊ အဖွဲ့အစည်းမတူသူတွေ တဦးကိုတဦး နားလည်နိုင်လာကြတဲ့ ချစ်စရာဓလေ့လေး ဖြစ်ပါတယ်)။ သာယာဝတီထောင်တွင်းမှာတုန်းက ကျမတို့ ကိုယ်တိုင်လည်း ကိုဌေးကြွယ်ရေးပို့ခဲ့တဲ့ တရုတ်ပြည်သမိုင်းကို ဖတ်ရတော့ သူ့ကို သက်ရှိ ကျမ်းစာလို့တောင် ကျမတို့ ပြောခဲ့ကြပါသေးတယ်။ သူက တိတိကျကျ မှတ်ထားတတ်တဲ့ လူတယောက် ဖြစ်ပါတယ်။ 

သူက သီချင်းဆိုလည်းကောင်းတဲ့ လူတယောက်ပါ။ အသံလည်းကောင်းတယ်လို့ ပြောကြပါတယ်။ နတ်ရှင်နောင် စစ်ချီရ တုကိုတော့ သူ မကြာခဏ ဆိုတတ်သလို၊ ကြိုက်လည်းကြိုက်တယ်လို့ ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက စိတ်ဓါတ် ကြံခိုင်သူ တဦးပါ။ ထောင်ဆရာဝန်က သန်ကောင်တွေ ပိတ်ဆို့နေတာကြောင့် ဗိုက်အောင့်နေတာကို အူအတက်ပေါက် တယ်ဆိုပြီး မှားယွင်းစွာ ဗိုက်ခွဲလိုက်လို့ ကိုဌေးကြွယ် ဗိုက်ကို အချက်ပေါင်း ၈ဝ ကျော်ချုပ်ရတာတောင်မှ အင်းစိန်ဂါတ် ဝါဒ့်ကို လာကြည့်ကျတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အပြုံးမပျက် နှုတ်ဆက်နေတဲ့သူ ဖြစ်ပါတယ်။ ကိုဌေးကြွယ် ထောင်ကလွတ်လာတော့ ကျမတို့နဲ့ တွေ့ဖြစ်ပါတယ်။ 
ကိုဌေးကြွယ်ဟာ သူ့ရဲ့နိုင်ငံရေးလုပ်ငန်းစဉ် တွေအ ပေါ်မှာ သူ့မိသားစုထက် ပိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အမေမိက သူ့သားကိုဘာမှ မတားမြစ်တဲ့အပြင် သူ့သားလို သမျှငွေကို အမေမိ က ထုတ်ပေးတတ်တဲ့ အမေမျိုး ဖြစ်ပါတယ်။ ကိုဌေးကြွယ်က သူ့အိမ်ကတောင်းလို့ ရသမျှငွေကို သူ့ ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနဲ့ အတူတူသုံးစွဲတာကို တွေ့ရပါတယ်။ ကားတစီးပေါ်မှာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုတင်ပြီး သူတို့ရဲ့ နိုင်ငံရေးခရီးကို နေ့တိုင်းဆက်လေ့ရှိသူပါ။ ကိုဌေးကြွယ်က ဇော်ထက်ကိုကို လို လူငယ်တွေကိုလည်း မျိုးဆက်သစ်အဖြစ် ပျိုးထောင်တတ်သူပါ။ ဇော်ထက်ကိုကို ကို သူက စာတွေပေးဖတ်တယ်။ သူ့အတွေ့အကြုံတွေကို မျှဝေတယ်။

သူနဲ့အတူတူ ဘယ်ကိုသွားသွား ခေါ်သွားတတ်ပါ တယ်။ နောက်ဆုံး ၂ဝဝ၇ သြဂုတ်လ မှာ ပြေးလွှားပုန်းအောင်းနေရချိန်မှာတောင် ဇော်ထက်ကိုကို ကို ရအောင်ဆွဲထုတ် သွားခဲ့တာပါ။ ကိုဌေးကြွယ်က မီးမီး သမီးလေးကိုလည်း အမြဲဆုံးမတတ်တဲ့အကြောင်း မီးမီး သမီးက ကျမကို ပြောပြခဲ့ပါတယ်။ သူက ကလေးကိုပြောပြခဲ့တာက “သမီး၊ သမီးက ၁ဝ တန်းကို အောင်အောင်ကျိုးစားမှ သမီးတို့ ဒီထက်ပိုအဆင့်မြင့်တဲ့ ပညာ တွေ သင်ယူရမယ်။ ဒါမှ နောင်ကို ဒီမိုကရေစီစနစ်ကိုပြောင်းရင် လိုအပ်နေတဲ့ ပညာရှင်တွေနေရာကို သမီးတို့ ဝင်နိုင်မှာ။ သမီးမှာ အရည်အချင်းပြည့်မှ ပိုအဆင့်မြင့်တဲ့ ပညာသင်ယူခွင့်အတွက် ရွေးချယ်ခံရမှာ။ အဲဒါကို သမီးအမြဲမှတ်ထား” လို့ ဆုံးမတတ်တဲ့သူပါ။ သူက မီးမီး ရဲ့သမီး ပညာရေးအတွက် အထောက်အပံ့ ပေးတတ်ပါသေးတယ်။ ၂ဝဝ၆ ခုနှစ်မှာလည်း ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို တို့ကို ထပ်မံထိမ်းသိမ်း ထားခဲ့ပါသေးတယ်။ ၂ဝဝ၇ သြဂုတ်လမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အတော်များများကို ဖမ်းလိုက်တဲ့အချိန်မှာ ကံကောင်း ထောက်မစွာပဲ ကိုဌေးကြွယ် လွတ်သွားပါတယ်။ ကိုဌေးကြွယ်က ရှောင်ပုန်းနေတဲ့ နေရာကနေ ပထမဦးဆုံး မီးမီး ဆီ ဖုန်းဆက်ပြီး လူထုကြားထဲ ဆင်းဖို့အချိန်ရောက်နေပြီဆိုတဲ့ အကြောင်းကို တိုင်ပင်ဆွေးနွးခဲ့ပါတယ်။ အဲဒီနောက်တော့ မီးမီးနဲ့ နီလာသိန်းတို့ ညှိနှိုင်းတိုင်ပင်ပြီး လှည်းတန်းဆန္ဒပြပွဲတွေကို စီစဉ်ဆောင်ရွက်ခဲ့တာပါ။ 

၂ဝဝ၇ အရေးတော်ပုံရဲ့ အ စိတ်အပိုင်း တော်တော်များများမှာ ကိုဌေးကြွယ်ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ပါဝင်ခဲ့ပါတယ်။ ၈၈ မျိုးဆက်တွေ လမ်း တွေပေါ်မှာ သံဃာတော်တွေနဲ့ အတူတူချီတက်ဆန္ဒပြနေချိန်မှာ ကိုဌေးကြွယ်က တယ်လီဖုန်းကနေတဆင့် ပြောဆိုတာ တွေ၊ ဆွေးနွေးပေးတာမျိုးတွေ လုပ်ခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ သံဃာအဖွဲ့အတွင်း သူချိတ်ဆက်ပေးခဲ့တာတွေလည်း ရှိပါ တယ်။ အဖမ်းမခံရခင် အချိန်အထိ သူဟာ ပြည်တွင်းက အခြေအနေကို ပြည်ပက မီဒီယာတွေသိအောင်၊ ပြည်တွင်းက ပြည်သူတွေသိအောင် ကြေညာနိုင်ခဲ့တဲ့ သူတဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျမ မှတ်မိသလောက်တော့ ကိုဌေးကြွယ်ဟာ နောက်မွေးလာတဲ့ လူငယ်တွေကို တော်စေတတ်စေချင်တဲ့ သူပါ။ သူတို့ ပေးဆပ်ခဲ့တဲ့ အရင်းအနှီးတွေဟာ နောင်မျိုးဆက်တွေ ကောင်းစားဖို့ဆိုတဲ့ စိတ်မျိုးအမြဲရှိနေသူပါ။ တိုင်းပြည်ကို တိုးတက် စေချင်သူတယောက်လည်းပဲ ဖြစ်ပါတယ်။ အဲဒီလိုလူတယောက်ကို သံတိုင်နောက်က နံရံလေးဘက်ထဲမှာ အချိန်တွေ ကုန်ဆုံးစေတာက တိုင်းပြည်ရဲ့ အကျိုးကို ဆုတ်ယုတ်စေပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုသူတွေက မိမိကိုယ်ကျိုး ထက်၊ တိုင်းပြည်ကောင်းကျိုးကို ပိုမိုလိုလားသူတွေဖြစ်တယ်ဆိုတာကို အစိုးရသစ်အနေနဲ့ ယုံကြည်လက်ခံပေးနိုင်မယ် ဆိုရင် အားလုံးပူးပေါင်းဆောင်ရွက်တဲ့ ဖြစ်စဉ်ကောင်းတခု ပေါ်ပေါက်လာမယ်ဆိုတာကို ကျမတို့ စူးစူးနစ်နစ် ယုံကြည်မိ ပါတယ်။ 

ခင်ငြိမ်းသစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...