Tuesday, September 6, 2011

ဘ၀တစ်ခုကို နှစ်ယောက်အတူတူ တည်ဆောက်ခြင်း

 
 
အစဉ်အမြဲ အေးဆေးတည်ငြိမ်တဲ့ ဘ၀တစ်ခုကို သင့်ဘ၀လက်တွဲဖော်နဲ့ အတူ ဘယ်လို တည်ဆောက်တယ်ဆိုတာ လူတိုင်းသိချင်တဲ့ အဖြေတစ်ခုလို့ဆိုနိုင်ပါတယ်။ တကယ်တော့ မိသားစုဘ၀တစ်ခု သာယာဖို့ဆိုတာ မိမိရဲ့ ရွေးချယ်မှုပေါ်မူတည် ပြောင်းလဲတတ်ပါတယ်။ အေးဆေးပြီး ကံကောင်းခြင်းတွေပြည့်စုံတဲ့ ဘ၀တစ်ခုကို အသက်အရွယ်အလိုက် ပိုင်ဆိုင်ဖို့အတွက် စာရေးဆရာမ 不详 ရဲ့  ဇာတ်လမ်းလေးကို လေ့လာကြည့်ပါ ... တစ်စုံတစ်ခုတော့ သင့်ကို ပေးစွမ်းနိုင်မှာပါ။


စိတ်ကူးယဉ်ဆန်တဲ့ အသက် ၂၀ မှ ၃၀ အရွယ်
ဆောင်းဦးရာသီရဲ့ ညနေဘက်မှာ ပင်လယ်ဘက်ကို ဆိုင်ကယ်စီးပြီး နှစ်ယောက်အတူတူ သွားလို့ သီချင်းသီဆိုကြတယ်...ရာသီဥတုက အရမ်းအေးတော့ ကျွန်မ လက်အိတ် လေးကို ရှင့် ကို ပေးဝတ်တယ် ... ကျွန်မ ကတော့ ဆိုင်ကယ်နောက်မှာ ထိုင်စီးရင်း ရှင့် နားတွေကို အေးတာ သက်သာစေဖို့ ဖုံးအုပ်ပေးထားတတ်တယ်။

နွေ ရာသီရဲ့ ညနေဘက်တွေမှာတော့ ကျောက်ကမ်းပါးမှာ အတူတူထိုင်ပြီး ဖရဲသီး စားလေ့ရှိတယ်....ရှင်တစ်ဝက်...ကျွန်မတစ်ဝက်၊ ဒါပေမဲ့ ကျွန်မက အမြဲ လုစားတာပဲလေ...တစ်ခါတော့ လုစားရင်း ရှင့်ကိုယ်ပေါ်ကို ဖရဲသီးတွေဖိတ်ကျကုန်လို့ ရှင်စိတ်ကသိကအောင့်ဖြစ် တော့ ကျွန်မပြန်သုတ်ပေးခဲ့သေးတယ်။

နွေဦးရာသီမှာတော့  ကျွန်မတို့ အတူတူ ပန်းခြံထဲမှာ ဓာတ်ပုံသွားရိုက်ကြတယ်။ နှစ်ယောက်အတူတူရိုက်လို့မရတော့...ကျွန်မတို့ ကင်မရာကို မြေကြီးမှာ ချပြီး.... အတူတူ ထိုင်ရင်း ဓာတ်ပုံရိုက်ခဲ့ကြတယ်။

ဆောင်းဦးရာသီကိုရောက်တော့ အတူတူ အားကစားထွက်လုပ်ကြတဲ့အခါ...ကျွန်မတို့ နှစ်ယောက်အတူတူ စကားပြောရင်း မောပန်းတဲ့အခါ ကျွန်မရှင့်ကို ကုန်းပိုးစီးခဲ့တယ်။

ကျွန်မကံအကောင်းဆုံးအချိန်က .... ရှင်ပို့လိုက်တဲ့ ချောကလက်ဘူးထဲမှာ စီထဲ့ထားတဲ့ "ငါ့ကို လက်ထပ်ပါ(Marry me) " ဆိုတဲ့ ချောကလက်တုံးလေးတွေကိုတွေ့လိုက်ရတဲ့အချိန်ပါပဲ... ၀မ်းသာလွန်းလို့ မေမေ့ကိုတောင် နမ်းပြီး ဖက်ထားလိုက်သေးတယ်၊ အခု ရှင့်ရင်ခွင်ထက်မှာ ကျွန်မ မှေးစက်နိုင်တော့မယ်လေ။

အတူတူဘ၀ ၃၀ မှ ၄၀ အရွယ်
နေ့တိုင်း ရုံးတက် ရုံးဆင်း ရှင်က ကျွန်မကိုတစ်ဖက်...ပေါင်ပေါင်းလေးကို တစ်ဖက် ထားပြီး ကျွန်မကိုယ်တိုင်ချက်ထားတဲ့ စွတ်ပြုတ်လေးကို အတူတူ သောက်ခဲ့ကြတယ်။ ညဘက်တွေဆိုရင်တော့ ပေါင်ပေါင်းလေးကို ပုံပြင်ပြောပြတယ်။ သူက စကားကောင်းကောင်းတတ်နေပြီလေ။

ကျွန်မက ရှင်နဲ့အတူ ဘောလုံးပွဲ ကြည့်မယ်။ ရှင်က ကျွန်မနဲ့အတူ ကိုရီးယားဇာတ်လမ်းတွေ အဖော်လုပ်ကြည့်ပေးတယ်။ ညဘက်အိပ်တဲ့အခါ...ကျွန်မ ကိုယ်ကို လှည့်တာနဲ့ ရှင်က ချက်ချင်း နိုးလာတတ်တယ်။ ကျွန်မရဲ့စောင်ကို ဆွဲယူပြီး သေချာ ပြန်ခြုံပေးတယ်။ ပြီးတော့ ပေါင်ပေါင်းကိုလဲ သွားကြည့်ပြန်တယ်။ မနက်ရုံးတက်ချိန်မတိုင်ခင်မှာလဲ... အတူတူ နွားနို့်သောက်ကြပြန်တယ်။

မိုးရွာတော့လဲ.... ရှင်က  ရုံးကို လာကြိုပေးတတ်တယ်။ ထီးအပို တစ်လက်အပြင်... အနွေးထည်အကျီင်္တစ်ထည်လဲ ပါလာတတ်သေးတယ်။ ရှင်အလုပ်များတဲ့အချိန်ဆို...ကျွန်မက မပူဆာတတ်သလို....အလိုက်တသိ ရှင်ကြိုက်တဲ့ ကော်ဖီတိုက်တတ်သေးတယ်။ ကျွန်မရှင့်အ၀တ်တွေ မီးပူတိုက်နေတဲ့အခါ... ဘေးနားမှာ ရယ်ရယ်မောမောနဲ့ ရှင်က စကားပြောပေးတတ်တယ်။

အခါကြီးရက်ကြီးတွေမှာ နှစ်ဖက်မိဘတွေကို သွားတွေ့ကြသေးတယ်။ ရှင့်အမေရဲ့ ရှေ့မှာ ကျွန်မက အလိုက်တသိ နူးညံ့သိမ်မွေ့ခြင်းတွေကို ပြတတ်သလို...ရှင်ကလဲ ကျွန်မ အဖေရှေ့မှာ ရှင့်ရဲ့ စွမ်းဆောင်ရည်တွေကို အသိပေးတတ်ပြန်တယ်။

တည်ငြိမ်တဲ့အရွယ် ၄၀ မှ ၅၀  
ကလေးက တဖြည်းဖြည်း အရွယ်ရလာတယ်။ ကျွန်မတို့က တဖြည်းဖြည်း အသက်တွေကြီးလာကြတယ်။  အရင်တုန်းက ထားခဲ့ကြတဲ့ မာနတရားတွေလဲ မ၇ှိနိုင်တော့ပါဘူး။ အေးဆေးတည်ငြိမ်တာကို လိုလားလာတယ်။ စနေ၊ တနင်္ဂနွေ ဆိုရင် အတူတူ ဈေးသွားဝယ်တယ်။ ချက်ပြုတ်စားသောက်တယ်။  ရုံးပိတ်ရက်တွေကျတော့ ခရီးထွက်ကြတယ်။ လူများတဲ့ နေရာတွေတော့ မနှစ်သက်တော့ပါဘူး....အေးဆေးဆိတ်ငြိမ်တဲ့ နေရာတွေကို ရွေးပြီးသွားကြတယ်။ ကျွန်မက ကားစီးရင် ခေါင်းမူးတတ်သူဆိုတော့ ရှင် အလိုက်တသိ အိတ်ထဲက ဆေးထုတ်တိုက်တတ်တယ်။

ကျွန်မအခုဆို ရှင့်ကို ဆေးလိပ်မသောက် အရက်မသောက်ဖို့ ပြောတတ်လာတယ်။ ရှင်ကလဲ ကျွန်မအတွက် အလှပြင်ပစ္စည်း တွေကို ၀ယ်ပေးတာ ဘာလုပ်ဖို့လဲ လို့ မေးတတ်လာတယ်။ ရှင်လဲ မျက်စိမှုန်လာပြီလေ။ ကျွန်မတို့ ၂ယောက်အတူတူ ဆံပင်ဖြူတွေကိုယ်စီနဲ့ပေါ့။ အတိတ်နေ့ရက်တွေကို ပြန်တမ်းတမိတယ်။ အသက်ကြီးတဲ့ အဘွားကြီးကို ကြင်နာနိုင်သေးတဲ့  ခင်ပွန်းတစ်ယောက်အတွက်လဲ ကျေးဇူးတင်မိတယ်။

ကျွန်မတို့ရဲ့ ကလေးတောင် တက္ကသိုလ် တက်နေပြီလေ။ အခုဆို သူဖုန်းပြောတာကို ကျွန်မတို့ ခိုးနားထောင်တတ်နေပြီ...ကောင်လေး ရည်းစားရနေပြီလား ဆိုတာသိချင်တာကိုး။

အတူတူ အသက်ကြီးလာတဲ့ ၅၀မှ၆၀ အရွယ်
 ခါးက ကိုင်းလာတယ်။ ပင်စင်ယူရတော့မယ်။ ကျန်းမာရေးအတွက်လိုတဲ့ ပဋိဇီဝ ဆေးဝါးတွေလဲ မှီဝဲရတော့မယ်။ အခုအချိန်မှာ သမီးတစ်ယောက်လိုချင်တယ်။ ဘေးမှာ အဖော်ပြုပေးဖို့ အတွက်ပေါ့။ ကလေးကိုလဲမမြင်ရတာ ကြာပေါ့ ...ဘယ်များ ပျောက်နေသလဲ။ ရှင်ကလဲ ရှင့်ရဲ့ပန်းပင်တွေ ငါးတွေပဲ ကြည့်နေတော့တယ်။ ကျွန်မကို မကြည့်တော့ဘူး...ကျွန်မကလဲ ရှင့်ကို မကြည့်မိတော့ဘူး....စာအုပ်တစ်အုပ်ကို ဘာသာပြန်ရေးနေတတ်ပြီလေ။

ကျွန်မနေမကောင်းတော့ ရှင် ဆေးခန်းခေါ်သွားတယ်။ ဆရာဝန်က စိတ်ပူစရာမလိုဘူး ပြောမှ နှစ်ယောက်လုံးစိတ်အေးကြတယ်။ လူငယ်တွေ သွား တဲ့ စားသောက်ဆိုင်ကို အတူတူသွားကြတော့ ဈေးကြီးလိုက်တာလို့ ခံစားမိပေမဲ့... စိတ်ကူးယဉ်ဆန်တဲ့ခံစားမှုလေးကိုတော့ နှစ်သက်မိတယ်။ ဒါနဲ့ ကျွန်မက ရှင် ကျွန်မကို ချစ်တယ်ဆိုတာ မပြောတာ ဘယ်လာက်ကြာပြီလဲ ဆိုတော့...ရှင်က ကျွန်မတို့က အသက်ကြီးပြီ..ပြောစရာလိုသေးလို့လားတဲ့။ ကျွန်မနားမလည်ဘူး...အသက်အရွယ်က စကားပြောတတ်သလားဆိုတာကိုပေါ့။

ရှုပ်ထွေးမှုတွေများတဲ့ အရွယ် ၆၀ မှ ၇၀
အခုဆို ကျွန်မ မေ့တတ်လာတယ်။ ဖုန်းနံပါတ်လေးတောင်မှတ်လို့မရတော့ဘူး။ ရှင်က နေ့တိုင်းမြေးလေးကို ကျောင်းသွားကြိုတယ်။ ကျွန်မကရှင်တို့စားဖို့ နေ့တိုင်း ပြင်ဆင်ထားတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ ရှင်က အဖော်လုပ်ပေးတတ်တယ်။ ပြီးရင် ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်သွားတတ်တယ်။ မနက်တိုင်းအတူတူ အားကစားလုပ်တော့ လူတွေက ကျွန်မတို့ ဘ၀လိုက်ဖက်တယ်လို့ ပြောကြတယ်။  ကျွန်မတို့ ထမင်းစားကြတော့ ရှင်က ကျွန်မကို ကြက်ဥ ခွံ့ကျွေးခဲ့သေးတယ်လေ။

အရင်ကလို ကျွန်မရဲ့ ကိုယ်လက်တွေ မသန်မာတော့ဘူး။ ရှင်ကပြောတယ် ကျွန်မတို့ အသက် ၁၂၀ ထိ နေရမှာ ဆိုတော့ အခုမှ အသက်တစ်ဝက်ပဲ ရှိသေးတယ်တဲ့။ ရှင်က ပိုက်ဆံစုလိုက် ထီလေး ပြေးထိုးလိုက်နဲ့ လုပ်တတ်သေးတယ်။ ရှင်က ပြောတယ်။ တကယ်လို့ ရှင် အရင်ဆုံးသွားခဲ့ရင်..ကျွန်မတစ်ယောက်တည်းကျန်ခဲ့မှာဆိုတော့ ကျွန်မအတွက် ငွေတွေစုနေတာတဲ့။ ကျွန်မကတော့ ၇ှုင်အရင် ကွယ်လွန်ခဲ့ရင် ကျွန်မကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ရှင်နဲ့အတူလိုက်ခဲ့မယ်လို့ ပြောသေးတယ်။

ဦးနှောက်တွေ မကောင်း၊ ဘာလုပ်ရမှန်းမသိတော့တဲ့ ၇၀ ၈၀ ၉၀ အရွယ်...
ဒီအရွယ်မှာတော့ မြေးလေးက ကျွန်မတို့ကို ကောင်းကောင်းစောင့်ရှောက်ပေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ ဓာတ်ပုံတစ်ပုံလောက် ရိုက်ထားချင်တယ်။ ကျွန်မတို့ ကွယ်လွန်သွားရင် အုတ်ဂူလေးမှာ တင်ထားဖို့လေ....ကျွန်မရဲ့လက်တွေ အရေပြားတွန့်နေပြီ .... ၇ှင်က လက်တွဲထားဆဲပဲ။ တကယ်တော့ ကျွန်မတို့ နှစ်၇ှည်လများ လက်တွဲခဲ့ကြတယ်ဆိုတော့ သံယောဇဉ်တော့ ရှိကြတာပဲလေ။

တကယ်တော့ ဒီအရာတွေဟာ ကျွန်မလိုချင်ခဲ့တဲ့ ကံကောင်းတဲ့ ဘ၀ တစ်ခုပါ... ဘုရားသခင်က ဒီလို အိပ်မက်လေးကို မက်ခွင့်ပေးပါစေလို့ မျှော်လင့်နေမိတယ်။ သီချင်းသံလေးတွေ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ပေါ့။

မူရင်း ၊ ၊ 这样平淡却幸福的度过一生http://www.duwenzhang.com/wenzhang/aiqingwenzhang/ganren/20110906/199244.html
စာချစ်သူများအား ကျေးဇူးတင်ပါသည်။
(ဇေယျာ) 07/Sep/2011, Wednesday, 9:30 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...