Friday, September 9, 2011

နိုင်ငံတည်ဆောက်ရေးအတွက် ပဉ္စမ မဏ္ဍိုင်၏ တာဝန်ဝတ္တရားများ

by Kyaw Thu Win on Saturday, September 10, 2011 at 10:08am
ယခုမျက်မှောက်ခေတ်ပစ္စုပန်အခါသမယတွင် ပဉ္စမ မဏ္ဍိုင်ဟူသောစကားရပ်သည် နာမည်ကြီးလာပါသည်။ ဂျာနယ်တို့မှတဆင့်ကြားသိရသည်မှာ နိုင်ငံတော်သမ္မတကြီးကပြည်သူလူထုကြီးဟာ ပဉ္စမမဏ္ဍိုင်ဖြစ်ပါတယ်လို့ဆို၍ ပြည်သူတို့၏အရေးပါအရာရောက်ပုံကို ထုတ်ဖော်ရာမှအစပြု၍ ပဉ္စမမဏ္ဍိုင်အကြောင်း ပြည်သူတို့ကြားဝယ်ဆွေးနွေးမှုများ ရှိလာခဲ့ပါသည်။

            မကြာမီတစ်နေ့သောအခါ၌ကျွန်တော်၏မိတ်ဆွေတစ်ဦးသည် ပဉ္စမ မဏ္ဍိုင်သည် အခြားမဏ္ဍိုင်လေးခုနဲ့ ဘယ်လိုဆက်စပ်မှုရှိပါသလဲ၊
ကလောင်ရှင်တစ်ဦးအနေနဲ့ ဆောင်းပါး ရေးပါဦးလို့တောင်းဆိုဖူးပါသည်။ ပဉ္စမ မဏ္ဍိုင်အကြောင်းကိုမရေးမီ သူ့ရှေ့ကမဏ္ဍိုင်လေးခုအကြောင်းကို ဦးစွာအစနည်းနည်းဖော်ပေးမှ ပြည့်စုံပါမည်။ တဖန်၎င်းမဏ္ဍိုင်လေးခုအနက် စတုတ္ထမဏ္ဍိုင်ဟူ၍ စာနယ်ဇင်းမီဒီယာတို့ကိုကင်းပွန်းတပ်နေရာပေးလာ၍ စာနယ်ဇင်းတို့သည် မိမိတို့အခန်းကဏ္ဍက လှုပ်ရှားကြရာတွင် အရေးပါအရာရောက်ပါသည်။ ၄င်းစတုတ္ထမဏ္ဍိုင်၏ရှေ့က ရောက်နေသော မဏ္ဍိုင် ၃ ရပ်ကတော့ တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ဘဲဖြစ်ပါတယ်။ ၄င်းမဏ္ဍိုင် ၃ ရပ်၏အရင်အတိတ်သမိုင်းကြောင်းကိုပြန်သွားသော် ယခင်သက်ဦးဆံပိုင်ဘုရင်စနစ် ပြန်ကြည့်ရပါမည်။

သက်ဦးဆံပိုင်ဘုရင်စနစ်တွင်  ဘုရင်တစ်ပါးသည်အုပ်ချုပ်ရေးအာဏာလည်းရှိသည်၊ ဆန္ဒရှိကတရားစီရင်နိုင်သည်။ ဘုရင်၏ဆန္ဒသည်ဥပဒေ၏အထက်တွင်ရှိပါသည်။ ထို့ကြောင်းသက်ဦးဆံပုင်ဘုရင်တစ်ပါးသည်  အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာ သုံးခုစလုံးကိုချုပ်ကိုင်ထားပါသည်။ နောက်ပိုင်းတွင်ဒီမိုကရေစီနိုင်ငံများ ပေါ်ပေါက် လာသောအခါ သမ္မတ၏အုပ်ချုပ်ရေးအာဏာကသပ်သပ်၊ ဥပဒေပြုလွတ်တော်ကသပ်သပ်၊ တရားစီရင်ရေးကသပ်သပ်စီ ဖြစ်လာပါတယ်။
            တစ်ဖွဲ့နှင့်တစ်ဖွဲ့သြ၀ါဒပေဒခြင်းမရှိရပေ။ ဥပမာ- အမေရိကန်နိုင်ငံတွင် သမ္မတဘီလ်ကလန်တန် လက်ထက် အိမ်ဖြူတော်အမှုထမ်းမိန်ကလေး မော်နီကာလူဝင်းစကီးနှင့်အရှုပ်အရှင်းဖြစ်ကြရာ သမ္မတ၏အမှုတွဲသည်အမေရိကန် တရားရုံချုပ်သို့ရောက်သည်။ တရားသူကြီးတို့က သမ္မတ၏အမှုကို ကြားနာသည်။ တရားသူကြီးတို့သည် သမ္မတ၏ သြဇားလွမ်းမိုးမှုအောက်၌မရှိချေ။ ဒါကိုကြည့်လျှင်အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့သည် တစ်ဦးနှင့်တစ်ဦး ဟန်ချက်ညီညီအပြန်အလှန်ထိန်းကျောင်းသွားကြပါသည်။

            ဤသို့ဖြင့်မဏ္ဍိုင် ၃ ရပ်ကတိုင်းပြည်တစ်ပြည်၏ဖွံ့ဖြိုးရေးအင်ဂျင်ကြီးကို တက်ညီလက်ညီ မောင်းနှင်သွားကြ ပါသည်။ သို့သော်၎င်းမဏ္ဍိုင် ၃ ရပ်နှင့်လည်းမပြည့်စုံသေးဘဲ တိုင်းပြည်တွင်း အဖြစ်အပျက်တို့ကို စောင့်ကြည့်သော စာနယ်ဇင်းမီဒီယာတို့၏ အားသည်နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍ၌ ပါဝင်လာပါသည်။ ယခုတဖန်ပြည်သူလူထုကြီးသည် ပဉ္စမ မဏ္ဍိုင်ဖြစ်ကြောင်းပြောလာသောကြောင့် ပဉ္စမ မဏ္ဍိုင်၏အရေးပါပုံ၊ တာဝန်ရှိပုံတို့ကိုဆန်းစစ်လေ့လာရန်အကြောင်း ပေါ်လာသည်ဟုဆိုနိုင်ပါသည်။
            အမှန်တကယ်တော့ပြည်သူတွေက ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် တာဝန်ထမ်းဆောင်ကြ၍ ပဉ္စမ မဏ္ဍိုင်သည် အထက်ပါမဏ္ဍိုင် ၃ ရပ်ကို ရွေးချယ်ပေးသော အခြေခံအကျဆုံးမဏ္ဍိုင်ဟုဆိုနိုင်ပါသည်။ ထို့ကြောင့်ပြည်သူ တို့သည် လွတ်တော်ကိုယ်စားလှယ်များကို အကဲဖြတ်ရန်တာဝန်ရှိပါသည်။

            လွတ်တော်ကငါတို့နဲ့မဆိုင်ဘူး၊ နိုင်ငံရေးသမားတွေလည်း သူတို့အလုပ်သူတို့လုပ်၊ ငါတို့ပြည်သူ တွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်မှ ကိုယ့်ထမင်းကိုယ်စားရမှာဟူသော ယူဆချက်မျိုးနှင့် ပေါ့ပေါ့တန်တန် မနေသင့်တော့ပါ။ လွတ်တော်၏သတင်းများ လွတ်တော်ကိုယ်စားလှယ်တို့၏ အလုပ် လုပ်ပုံတို့ကို မျက်ခြည်မပြတ်လေ့လာ ဝေဖန်ပိုင်းခြားသင့်ပါသည်။ မိမိတို့၏သက်ဆိုင်ရာ လွတ်တော် ကိုယ်စားလှယ်တို့နှင့်လည်း မိမိတို့လိုအပ်သလို ထိတွေ့နေသင့်ပါသည်။
            တဖန်ပဉ္စမ မဏ္ဍိုင်ပြည်သူများဆိုရာ၌ အရေအတွက်အားဖြင့်များပြားကြီးမားကျယ်ပြန့်ပါသည်။ တစ်နည်းအားဖြင့် ဆိုသော်လူအမျိုးမျိုး၊ စရိုက်အဖုံဖုံဖြစ်ပါသည်။ ပြည်သူများသည် မိမိတို့အားနည်းချက် ရှိပါက မိမိတို့ဖာသာမိမိတို့ ပြုပြင်ရမည်ဖြစ်သည်။ ယနေ့အခါလမ်းဘေးတွင်မကဘဲ ကတ္တရာလမ်းမပေါ် တက်၍ဈေးရောင်းသည်မှာလည်းပြည်သူတို့ ပင်ဖြစ်ရာ စည်ပင်ရဲကဖမ်းလည်း ခဏဘဲဖြစ်ပြီး နောက်ပိုင်းလမ်းမပေါ်ဈေးပြန်ရောင်းမြဲ။ ထို့ကြောင့်မိမိတို့အသိဖြင့် မိမတို့ပြုပြင်ရမည်ဖြစ်သည်။ အကျင့်ပျက်ခြစားသူဝန်ထမ်းတွေလည်း မိမိကိုယ်မိမိပြုပြင်ရန် လိုမည်ဖြစ်ပါ သည်။ သစ်ခုတ်၍သဘာဝပတ်ဝန်းကျင်ပျက်စီးသောပြည်သူတွေလည်း မိမိကိုယ်မိမိပြုပြင်ရန်လိုပါမယ်။ ခရီးသည်များကိုမချေမငံဆက်ဆံသော ဘတ်စ်ကားစပါယ်ယာများသည်လည်း ပြည်သူများပင်ဖြစ်ရာ ပဉ္စမ မဏ္ဍိုင်စပယ်ယာများ မိမိကိုယ်မိမိပြုပြင်ရန်လိုပါမယ်။

            တဖန်စတုတ္ထမဏ္ဍိုင်စာနယ်ဇင်းတို့က အမြင်မတော်သည့်ကိစ္စများကိုရေးကြ၊ အော်ကြဟစ်ကြလုပ်ရာတွင် စတုတ္ထမဏ္ဍိုင်ကို ပဉ္စမ မဏ္ဍိုင်ဖြစ်သောပြည်သူတို့ကသတင်းပေး၍သာ ရေးသားနိုင်ကြတာဖြစ်ပါတယ်။ ပဉ္စမ မဏ္ဍိုင်၏အကူ အညီမပါလျှင် စတုတ္ထမဏ္ဍိုင်သည်လှုပ်ရှား၍မရပါ။ လူထု၏ပူပေါင်းဆောင်ရွက်မှုကို Community Participation ဟုခေါ်ပါသည်။ Community Participation မရှိလျှင်ဘာမှလုပ်၍မရပါ။ ပဉ္စမ မဏ္ဍိုင်ဖြစ်သော နိုင်ငံသားများ၏အခွင့်အရေးများ ပြဠာန်းသော အခန်းကဏ္ဍကိုလည်း နိုင်ငံသားတို့သည်မိမိတို့၏အခွင့်အရေး၊ ရပိုင်ခွင့်(Rights)၊  မိမိတို့၏အခန်းကဏ္ဍ (Role)၊  မိမိတို့၏တာဝန်နှင့်ဝတ္တရားများ(Duties & Responsibilites) စသည်တို့ကိုသိရှိဖို့လိုအပ်ပါသည်။

            ကျွန်တော်တို့နိုင်ငံသည်ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့တာအားလုံးအသိပင်ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုနောက်ကျသောဘ၀မှ ရုန်းထရာတွင် ပြည်သူတို့သည်ရှိပြီးမဏ္ဍိုင်ကြီးလေးရပ်ကို အားကိုမယ်ဆိုရင် အားကိုးလို့ရပါသည်။ သို့သော်တကယ်တမ်း အားကိုးရမှာကတော့ ပဉ္စမ မဏ္ဍိုင်ဖြစ်သော မိမိကိုယ်မိမိအားကိုးရမှာဖြစ်ပါတယ်။ သို့သော်ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်စိတ်ကူးတည့်ရာလျှောက်လုပ်နေတာနဲ့စာရင် အခြားမဏ္ဍိုင်လေးရပ်နဲ့ ဟန်ချက်ညီညီပူးပေါင်းခြင်း Collaboration ဆိုသည်ကအလွန်အရေးကြီးပါသည်။ သို့မှသာဦးတည်ချက်ရှိရှိနှင့် ကြိုးစားနိုင်မည်ဖြစ်ပြီး စနစ်ကျသောဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

            သို့ပါ၍ယနေ့ခေတ်အခါသမယသည် လူတိုင်းနိုင်ငံရေးကိုစိတ်ဝင်စားသင့်ပါသည်။ ဤသို့ဆိုလိုခြင်းသည် မဖြစ်မနေနိုင်ငံရေးပါတီထူထောင်ရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ပဉ္စမ မဏ္ဍိုင်ကြီး၏ပူပေါင်းပါဝင်မှု Community Participation သည်အရေးကြီးလှပါသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

(ဒေါက်တာ၀၀်းထွန်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...