Tuesday, September 13, 2011

ယဉ်ကျေးမှုတော်လှန်ရေးသစ်

by Maung Maung Wann on Wednesday, September 14, 2011 at 12:33pm

“မော်ရဲ့ နောက်ဆုံး ကချေသည်” ( Mao’s Last Dancer) ဆိုတဲ့ ရုပ်ရှင်လေးကို အချိန်ရရင် ခံစားကြည့်စေချင်ပါတယ်။ တရုပ်ပြည်ကွန်မြူနစ်ပါတီဟာ ကလေးတွေကို ဘဲလေး ကချေသည်အဖြစ် ကခိုင်းဖို့အတွက် နယ်စွန်နယ်ဖျားကျေးရွာလေးတွေထိ သွားပြီး ရွေးချယ်ခဲ့တယ်။ ကလေးတွေကို အကသင်ခန်းစာတွေပေးတဲ့အခါ စစ်တပ်တတပ်လို မောင်းနှင်ခဲ့တယ်။ ကလေးတွေက တကယ့်ကို တိုင်းပြည်ဂုဏ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲက အထူးချွန်ဆုံးကောင်လေးတယောက်ကတော့ အမေရိကန်   ပြည်ထောင်စုဆီသွားပြီး သူ့ရဲ့အနုပညာ အကစွမ်းရည်ကို ပြသခွင့်ရခဲ့တယ်။ နောက်ဆုံး နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီး နေထိုင်ဖို့ကြိုးစားခဲ့တယ်။ တရုပ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက ကျေးလက်မှာ နေထိုင်နေတဲ့ ကချေသည်ရဲ့ မိသားစုထံသွားပြီး   “ နင့်သားဟာ ငါတို့ပါတီနဲ့နိုင်ငံတော်ကို အရှက်ရအောင်လုပ်တယ်” လို့ ပြစ်တင်ခြိမ်းခြောက်တယ်။
ကချေသည်ကောင်လေးရဲ့ အမေက ဒေါသနဲ့ပြန်ပက်တယ်။ “ နင်တို့ပဲ  ငါ့ရင်ခွင်ထဲကနေ ငါ့သားကို ဆွဲထုတ်သွားခဲ့တယ်။ တရုပ်ပြည်ကြီး ဂုဏ်သိက္ခာအတွက် အမေရိကန်ပြည်ထောင်စုဆီသွားပြီး သူ့ရဲ့စွမ်းရည်ကို ပြရမယ် လို့ ကြွေးကြော်ခဲ့တယ်။ နင်တို့ လုပ်ချင်ရာတွေ အားလုံးလုပ်ပြီး မှာ ငါ့ကို ဘာလို့ အပြစ်တင်နေရတာလဲ။ ဒါတွေအားလုံးနင်တို့ လုပ်ခဲ့တာလေ။ ထွက်သွားကြ။ ငါ့ခြံထဲက ထွက်သွားကြ” တဲ့
ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ ကျေးလက်က လယ်သူမကြီးရဲ့ မျက်လုံးတွေကို ရင်မဆိုင်ရဲတော့ဘူး။ အမြန်ဆုံးတပ်ဆုတ်သွားရတယ်။


တရုပ်ပြည်ကြီး စီးပွားရေးတိုးတက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ လူတန်းစားမညီမျှမှု၊ အကြမ်းဖက်မှု ၊ အဂတိလိုက်စားမှု နဲ့ တာဝန်မဲ့မှုတွေကလည်း ကွန်မြူနစ်ပါတီရဲ့ ဟန်ဆောင်ကန့်လကာ နောက်ကွယ်မှာ နေ့စဉ်ရက်စက်ကြုံတွေ့နေရတယ်။
လွတ်လပ်တဲ့ အာရှအသံရဲ့ စက်တင်ဘာ(၁၃) ရက်၊ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။


 “မြို့တော်ကြီးက လူတွေ၊ လမ်းမတွေ၊ အဆောက်အဦတွေအကြောင်းပြောပြနေတာမဟုတ်ပါဘူး စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပြောပြနေတာပါ။ တကယ်တော့ ပီကင်းဆိုတာ အိပ်မက်ဆိုးတွေ မက်နေတဲ့နေရာ၊ အကြမ်းဖက်မှုတွေခံနေရတဲ့ မြို့ပါဗျာ”
သောတရှင်များခင်ဗျား
၁၉၆၆-၇၆ မှာဖြစ်ပွားခဲ့တဲ့ တရုပ်နိုင်ငံဆီက ယဉ်ကျေးမှုတော်လှန်ရေးအကြောင်းမှတ်မိကြပါလိမ့်မယ်။ “ရှေ့သို့ခုန်ပျံတိုးတက်ရေး” လို့ ခေါ်တဲ့ ဆိုရှယ်လစ်စီးပွားရေးမူဝါဒ ဟာ မအောင်မြင်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပြီးတဲ့နောက်၊ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းရဲ့ နိုင်ငံရေးသြဇာကျလာခဲ့မှုကို ပြန်လည်အဖတ်ဆယ်ဖို့ကြိုးစားတဲ့ လှုပ်ရှားမှုတခုပဲဖြစ်ပါတယ်။ ပစ္စည်းရှိလူတန်းစားတွေဟာ ကွန်မြူနစ်ပါတီတွင်းကို ဝင်ရောက်ပြီး အရင်းရှင်ကမ္ဘာကို အသက်ဆက်ဖို့လုပ်နေတယ် ဆိုတဲ့ တပ်နီလူငယ်တွေရဲ့ ဝရုန်းသုန်းကား စွပ်စွဲမှုတွေအောက်မှာ တရုပ်ကွန်မြူနစ်ခေါင်းဆောင်တချို့ အပါအဝင်၊ အနုပညာရှင်တွေ၊ ပြည်သူတွေ ဖမ်းဆီးအသတ်ခံခဲ့ရပါတယ်။ တရုပ်ပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို အမဲစက်ထင်စွန်းစေတဲ့ ခြောက်ခြားဘွယ်ရာ အိပ်မက်ဆိုးတွေလို့ဆိုရရင်မမှားပါဘူး။               ဒါပေမဲ့ ၁၉၈၀- ၁၉၉၀ ကာလတွေမှာတော့ တရုပ်ပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းဟာ ပြောင်းလဲခဲ့ပါတယ်။  အရင်းရှင်တွေနဲ့စီးပွားရေးလုပ်ချင်တဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ စီးပွားရေးလွတ်လပ်ခွင့်  တချို့နဲ့ ကွန်မြူနစ်ပါတီမှာ ပစ္စည်းရှိလူတန်းစားတွေကို နေရာပေးဖို့ ဆိုတဲ့ အတွေးအခေါ်တွေကို လက်တွေ့အကောင်အထည်ဖေါ်ခဲ့ပါတယ်။
“ ပီကင်းမြို့ကို ကြည့်လိုက်မယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေလိုပဲ မိုးမျှော်တိုက်တွေ၊ CCTV မျှော်စင် လို့ လူသိများတဲ့ ကွန်မြူနစ်ပါတီရဲ့ တယ်လီဗေးရှင်းအဆောက်အဦကြီးတခု၊ ၂၀၀၈ ပီကင်းအိုလံပစ် သင်္ကေတတခုဖြစ်တဲ့ ငှက်သိုက် ပုံစံ အားကစားရုံ ဗိသုကာလက်ရာ၊ အရာရှိတွေက အနောက်တိုင်းဝတ်စုံကို ကြော့ကော့ နေအောင်ဝတ်ဆင်ပြီး၊ ငါတို့နဲ့အတူ စီးပွားရေးအတူတူ  လုပ်နိုင်တယ် လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အခြေခံအခွင့်အရေးတွေဟာ ငြင်းပယ်ခံနေရတယ်”
ပစ္စည်းရှိလူတန်းစားတွေက ခေါင်းဆောင်တဲ့တရုပ်ကွန်မြူနစ်ပါတီ ဟာ တရုပ်နိုင်ငံကို ကမ္ဘာမှာ ဒုတိယအကြီးဆုံးစီးပွားရေး အင်အားတောင့်တင်းတဲ့ နိုင်ငံတခု အဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။   ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ ယဉ်ကျေးမှုတော်လှန်ရေးအသစ်ကို စတင်လိုက်ပါတယ်။
“ မော် လက်ထက် ယဉ်ကျေးမှုတော်လှန်ရေးကာလတုံးက အနုပညာရှင်တချို့ကို ဟောင်းနွမ်းဆွေ့မြေ့တဲ့အယူအဆရှိသူတွေ ဆိုပြီး ဖမ်းဆီးခဲ့တယ်။ ကျနော့်အဖေ အိုင်ချင်း နဲ့ အတူ ကျနော်တို့မိသားစုတတွေ ပီကင်းမြို့ဆီကနေ နယ်နှင်ဒဏ်ပေးခံခဲ့ရတယ်။ အသက် (၁၉) နှစ်ယောက်တဲ့အခါကျမှာ ပီကင်းကို ပြန်လည်အခြေချခွင့်ရခဲ့တယ်။ ဒါပေမဲ့ ပီကင်းမြို့တော်မှာ အနုပညာသည်တွေအပေါ် ယဉ်ကျေးမှုတော်လှန်ရေးနဲ့ နှိပ်စက် ညှင်းပမ်းနေတာကို မြင်တွေ့နေရဆဲပဲ။”

ရင်ထဲမှာ ကြိတ်ခံစားနေရတဲ့ အကြောင်းအရာတွေကို သရုပ်ပြအနုပညာတခုလိုဖန်တီးပြီး Installation Art အဖြစ် ပြသလေ့ရှိတဲ့ “အိုင်ဝေဝေ” ဆိုသူ တရုပ်အနုပညာရှင်တယောက်ဟာ ပီကင်းအားကစားအိုလံပစ်ရုံကြီးကို ဒီဇိုင်းဆွဲခဲ့သူတွေအနက် တဦးအပါအဝင်  ဖြစ်ပါတယ်။ သူဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ ခြစားအကျင့်ပျက်မှု ကို ရှုတ်ချနေသလို၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ခွင့်ပြုရမယ် ဆိုပြီး တရုပ်အာဏာပိုင်တွေကို ဝေဖန်အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ ပေါ့ဆမှုကြောင့် ဇီချွမ်းငလျင်မှာ သေဆုံးသွားတဲ့ ကျောင်းသားကလေးငယ် (၅၀၀၀) ကို အောက်မေ့တသမှုအဖြစ် ကျောင်းသားလေးတွေရဲ့ ကျောပိုးအိပ်လေးတွေကို အသုံးပြု၊ပြီး ပြပွဲတခုပြုလုပ်ခဲ့ဘူးပါတယ်။ သူ့ရဲ့ဖန်တီးမှုဟာ တရုပ်အာဏာပိုင်တွေကို ဒေါသထွက်စေခဲ့သလို၊ တရုပ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူလျှောက်ဘို ကို ပြောင်ပြောင်တင်းတင်း ထောက်ခံတဲ့အတွက်လည်း အာဏာပိုင်တွေက သူ့ကို အညှိုးထားခဲ့ပါတယ်။
“လက်ရှိ ကွန်မြူနစ်ပါတီက ကျူးလွန်နေတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကတော့ သူတို့ရဲ့ ငွေကြေးချမ်းသာမှုကို ထိပါးနှောက်ရှက်လာမှာကြောက်လို့၊ သူတို့ ရဲ့ သြဇာအာဏာ  ကျဆင်းလာမှာကြောက်နေတဲ့အတွက်ဖြစ်တယ်။  အနုပညာရှင်တွေဟာ သူတို့ရောင်းချရတဲ့ ပန်းချီကားတွေ၊ ဖန်တီးမှုတွေအပေါ်မှာ အခွန်မပေးဆောင်ဘူး ၊ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အမျိုးမျိုးနှောက်ရှက်ခြိမ်းခြောက်နေတော့တယ်”
တကယ်တော့ အိုင်ဝေဝေပြောခဲ့သလိုပါပဲ။ ပီကင်း ဆိုတာ အကြမ်းဖက်မှုတွေပြည့်နှက်နေတဲ့  မြို့ကြီးတခုပါ။ လူလျှောက်ဘို အပါအဝင် နိုင်ငံတကာစာရေးဆရာများအသင်း ကို ဆက်သွယ်ပူးပေါင်းပါဝင်  ရေးသားခဲ့တဲ့ ထင်ရှားတဲ့ စာရေးဆရာ (၄) ဦး နဲ့ ဂျာနယ်လစ် အယောက် (၄၀) ကျော်ဟာ ပီကင်းရဲ့အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ အကျဉ်းကျခံနေရတဲ့ အနုပညာသည်တွေအကြောင်း ထည့်သွင်းပြောကြားမဲ့ တေးဂီတ၊ ရုပ်ရှင်  အနုပညာပွဲတွေဟာ လည်း အကြိမ်ကြိမ်ပိတ်ခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းကနေ  ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစား  ခဲ့တဲ့ အနုပညာရှင်တွေဟာ လေဆိပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာက များပါတယ်။ အိုင်ဝေဝေရဲ့ အနုပညာစတီဒီယို ခမ်းမဟာလည်း ဖျက်ဆီးခံခဲ့ရသလို၊ ဟောင်ကောင်ကို ထွက်ဖို့ကြိုးစားနေတဲ့ သူ့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
“ ကျနောတင်သာမကဘူး၊ တချို့နာမည်ကြီးအနုပညာရှင်တွေဆိုရင် သူတို့ဘယ်ကိုသွားမယ်။ ဘယ်သူနဲ့တွေ့မယ်ဆိုတဲ့အကြောင်းအရာတွေက အစ ဒေသဆိုင်ရာအစိုးရတွေဆီမှာ ခွင့်ပြုချက်  တောင်းရတယ်။                           တရုပ်ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အနုပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူ  တွေရဲ့ အခြေအနေတွေကို သဘောပေါက်နေတဲ့ အမေရိကန်စာရေးဆရာများအဖွဲ့ဟာ ပီကင်းမြို့မှာ  လာပြီး၊ အနုပညာနှီးနှောဖလှယ်ပွဲလုပ်ခဲ့ကြတယ်။ ထင်ရှားတဲ့ ပညာရှင် (၁၄) ယောက်ကို ဖိတ်ခဲ့ပေမဲ့ (၃) ယောက်တည်းသာ အရောက်လာနိုင်ခဲ့တယ်။  အဲ့ဒီအထဲကThree Georges Damရေကာတာရဲ့  ဆိုးကျိုးတွေကို ဝေဖန်စာတန်းရေးခဲ့တဲ့ ”ဒိုင်ချင်း” ကို တရုပ်အာဏာပိုင်တွေက အနီးကပ်လိုက်လံ နှောက်ရှက်ခြိမ်းခြောက်နေတော့ လာဖို့အခွင့်အရေး မရခဲ့ကြဘူး။ ၂၀၀၈ မှာဆိုရင် နှီးနှောဖလှယ်ပွဲ ကို လုပ်ခွင့်မပေးတော့တာကြောင့် နိုင်ငံတကာစာရေးဆရာများနဲ့တွေ့ဆုံဆွေးပွဲကို ဟောင်ကောင်ဘက်ဆီ ရွေ့ပြောင်းခဲ့ရတော့တယ်။  လူတွေကို ဘယ်အချိန်မှာ စာရေးရမယ်၊ ဘယ်အချိန်မှာ ပုံနှိပ်ထုတ်ဝေခွင့်ပေးမယ်။ ဘယ်အချိန်မှာ အနုပညာလုပ်ငန်းတွေကို ဆွေးနွေးနိုင်မယ် ဆိုတာကို သူတို့က ဆုံးဖြတ်ပေးနေတယ်လေ၊ ဝမ်းနည်းစရာပါပဲဗျာ”
သောတရှင်များခင်ဗျား
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရင်၊ နိုင်ငံရေးပွင်းလင်းမှုတွေလည်း ကပ်ပါလာတတ်တယ် လို့ ဆိုနေပေမဲ့ တရုပ်ပြည်မှာ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေက အဲ့ဒီအဆိုပြုချက်တွေကို ငြင်းဆန်နေပါတယ်။  
သောတရှင်တို့လည်း အကြမ်းဖက်ခံနေရတဲ့မြို့တွေထဲမှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ အိပ်မက်ဆိုးတွေကို ကျော်လွှားနိုင်ကြပါစေ။

(အောင်မိုးဝင်း)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...