Thursday, September 15, 2011

ဧရာဝတီမြစ်အတွက် ဘယ်သူတွေ ဘာပြောခဲ့သလဲ


စက်တင်ဘာ ၁၅၊ ၂၀၁၁ မိုးမခ

(ဧရာဝတီမြစ်အရေး မီဒီယာမှာ ပြောဆိုခဲ့တာတွေကို ရက်စွဲအလိုက် ဖော်ပြလိုက်ပါတယ်။)

ဧရာဝတီမြစ်ကြီး ပျောက်သွားမှာကိုတော့ ကျွန်တော်တို့က ကြောက်တယ်။
ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့ကို စိတ်ရွှင်စေတဲ့ မြစ်ကြီးပဲ။ အဲဒီမြစ်ကြီး နောင်ရှိပါတော့မလားပေါ့။

ကျွန်တော်ငယ်ငယ်တုန်းက မြစ်ကြီးနားမြို့ရောက်တာပေါ့။ ကျွန်တော် ဆရာဝန်ပေါက်စဘ၀က အဲဒီဧရာဝတီမြစ်ဘေးမှာ ညနေစောင်းဆိုရင်လေ ကျေးတွေပျံတယ်၊ ညနေစောင်းနော်။

မနက်ခင်းဆိုရင် ကောင်းကင်ကြီးတစ်ခုလုံး သက်ရှိသက်တံတွေနဲ့ အဲဒီအရပ်ကို အင်မိုင်ဇွပ် လို့ခေါ်တဲ့ ရေ၀င်တဲ့အပေါက်လို့ခေါ်တယ်။ အဲဒီအပေါက်ကရေမ၀င်ရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲပေါ့၊
ကျွန်တော်တော့ မသိဘူး။ မစဉ်းစားတတ်ဘူး။ ကျွန်တော်သိပ်နားမလည်ဘူး။ ကျွန်တော်စဉ်းစားတာက ဘာလိုလဲပေါ့။

နောက်တစ်ခု ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါတို့နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြေ၊ ဒါတို့မြေ တို့ပိုင်တဲ့မြေလို့။ အခုတော့ ငါတို့ပိုင်သေးလား။ ငါတို့ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်း ကလည်း ဒီသယံဇာတတွေကြောင့်ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲ့ဒီတုန်းက ဘယ်လိုခေါ်လဲဆိုတော့ rape of Burma တဲ့။ ဗမာပြည်သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။

အဲဒါနဲ့ ကျွန်တော်တို့ကျွန်ဖြစ်ခဲ့ရတယ်။ အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိသေးဘူး။ အဲဒီသယံဇာတလိုချင်တဲ့နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။

ကျွန်တော်တစ်ခါပြောဖူးတယ်။ Ecological rape of Burma သယံဇာတတင် မဟုတ်တော့ဘူး။
ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ အနိုင်ကျင့်ခံနေရတာပေါ့။
စာရေးဆရာ ကိုတာ
ပြည်သူ့ခေတ်ဂျာနယ် ဧပြီ ၇

မြစ်ဆုံရေကာတာကို တည်ဆောက်ဖို့ မသင့်တော်ဘူးလို့ မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အစီရင်ခံစာမှာ အတိအလင်း ဖော်ပြထားပါတယ်။ (တရုတ်ပညာရှင်တွေနဲ့ ပူးတွဲလေ့လာခဲ့တဲ့ ရန်ကုန်အခြေစိုက် ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း Biodiversity and Nature Conservation Association က ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ရေးသားထား)
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို မြန်မာဘက်ကရော တရုတ်ဘက်ကရော တကယ်ပဲ စိုးရိမ်တယ်ဆိုရင် မြစ်ဆုံမှာ ရေကာတာကို မတည်ဆောက်သင့်ဘူးလို့ ဆိုပါတယ်။
--- ရေကာတာ တည်ဆောက်မယ်ဆိုရင် လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို လေ့လာအကဲဖြတ်ဖို့ လိုအပ်ကြောင်း၊ တရုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဥပဒေမှာ ဖော်ပြထားတာကြောင့် စတိအနေနဲ့ ဧရာဝတီ ရေကာတာလေ့လာရေးမှာ တရုတ်ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။ မြန်မာမှာလည်း ၂၀၀၆ မှာ ပြဋ္ဌာန်းတဲ့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေနဲ့ သက်ဆိုင်ရာဦးစီးဌာရှိပေမယ့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒလမ်းစဉ် မရှိပါဘူး။ ဒါကြောင့် ၂၀၀၉ ခုနှစ် ဧရာဝတီရေကာတာ အစီရင်ခံစာကို လုံးဝဂရုမစိုက်ကြတာ ဖြစ်ပုံရပါတယ်။
ဦးအောင်ခင်
ဇူလိုင် ၂၃၊ VOA သတင်းဌာန

ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်။
ဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတစ်ဦး (အမှတ် ၁ လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း)
သြဂုတ်လ ၉ ရက်နေ့ ကြေးမုံ/မြန်မာ့အလင်း

အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀၀ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။ အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။
Eleven Media GroupChairman & CEO ဒေါက်တာ သန်းထွဋ်အောင်
သြဂုတ်လ ၉ ရက် www.weeklyeleven.com

ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ----- သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်။
လူထုစိန်ဝင်း
သြဂုတ်လ ၉ ရက် www.weeklyeleven.com

ဧရာဝတီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ နှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာအလုံးစုံကို ကျွန်ုပ်တို့အားလုံး ပူးပေါင်းခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါမည်
ဒေါ်အောင်ဆန်းစုကြည်
သြဂုတ် ၁၁

တလလောက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဧရာဝတီ ရောဂါပေါ့၊ ဧရာဝတီ ရောဂါနဲ့ အမှီလိုက်နေတဲ့ သူများရဲ့ မေးခွန်းတွေ၊ ကာတွန်းတွေပေါ့။ အဲဒီတော့ အခု ဧရာဝတီမြစ်ဆုံရဲ့ စီမံကိန်းများ ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ် ရှိပါသလား၊ ဘယ်အဆင့်အထိ ရောက်နေသလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။
အမှတ် () လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း
နေပြည်တော်သတင်းစာရှင်းလင်းပွဲ၊ စက်တင်ဘာ ၁၀

မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်။"
ဆရာမောင်ဝံသ
စက်တင်ဘာ ၁၁ weeklyeleven.com

ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို ပြောချင်ပါတယ်။
ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)
စက်တင်ဘာ ၁၁ weeklyeleven.com

လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"
လူထုစိန်ဝင်း
စက်တင်ဘာ ၁၁ weeklyeleven.com

မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်။
ဒေါက်တာဒေါ်မြင့်မြင့်ခင်
စက်တင်ဘာ ၁၁ weeklyeleven.com

ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)
စက်တင်ဘာ ၁၁ weeklyeleven.com

ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်းပြောပိုင်ဆိုခွင့်ရှိတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်
စက်တင်ဘာ ၁၁ weeklyeleven.com

စွမ်းအင်တစ်ခုတည်း ရဖို့အတွက် ဧရာဝတီမှာ စီမံကိန်းလုပ်ဖို့မလိုသေးပါဘူး။ သဘာဝဓာတ်ငွေ့လို တခြား ရွေးစရာနည်းတွေ ရှိပါသေးတယ်။ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားတိုင်းပြည်တွေဆီ မရောင်းဘဲ ကိုယ့်နိုင်ငံတွင်း သုံးမယ်ဆိုရင်တောင် နှစ်ပေါင်း ၁၀၀လောက် သုံးလို့ရတယ်လို့ ကျွန်တော်သိရပါတယ်။
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)
စက်တင်ဘာ ၁၁ weeklyeleven.com

အစိုးရတစ်ရပ် အနေနဲ့လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်ဆိုပြီး လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်သလို သမိုင်းရဲ့တရားခံတွေတော့ ဖြစ်လာမှာပဲ။
ဒါရိုက်တာမင်းထင်ကိုကိုကြီး
စက်တင်ဘာ ၁၁ weeklyeleven.com

အကျိုးစီးပွါး ပျက်သုံးမှုတွေက ပိုပြီးတော့ ကြီးမားနေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်ပြီးတော့ လေ့လာရမယ်၊ သုံးသပ်ရမယ်၊ လူတွေရဲ့ သဘောထားတွေကို နားထောင်ရမယ်လို့ ကျနော် ပြောချင်ပါတယ်။
ဦးဝင်းတင်
RFA စက်တင်ဘာ ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...