Wednesday, September 14, 2011

နယ်ချဲ့ အစိုးရနှင့် တိုက်ပွဲဝင်ခဲ့သူ ဦးသန်းတင့် (ဓူဝံ)

by Thant Ko Ko Maung on Wednesday, September 14, 2011 at 7:08pm
 
ဦးသန်းတင့်၏ အကြောင်းကို မရေးမီ ရှေးဦးစွာ ဦးချစ်မောင် (ဂျာနယ်ကျော်) ၏ အကြောင်းကိုရေးဘို့ လိုပေ
လိမ့်မည်။ မြန်မာ့အလင်း သတင်းစာတိုက်တွင် ဦးချစ်မောင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေ စဉ် ဦးသန်းတင့်မှာဦးချစ်မောင်၏ လက်အောက်၌ အယ်ဒီတာတစ်ဦး ဖြစ်သည်။ မြန်မာ့အလင်းမှ ဦးချစ်မောင် နုတ်ထွက်သွားသောအခါကျမှ အယ်ဒီတာချုပ် တာဝန်ကို ဦးသန်းတင့်က ယူခဲ့ရ၏။ဦးချစ်မောင် နုတ်ထွက် သွားခဲ့ရခြင်းမှာ ဤသို့ဖြစ်သည်။


တနင်္သာရီတိုင်း ထားဝယ်သို့ သွားသည့် ဆာဟာဗေး အဒမ်ဆင် သင်္ဘောကြီး အနီး၌ ရေမြှုပ်ဗုံး ပေါက်ကွဲခဲ့သောသတင်းတစ်ပုဒ်ကို ဦးချစ်မောင်သည် ၄င်းကိုယ်တိုင် မြန်မာ့အလင်းတွင် ရေးသား ဖော်ပြ ခဲ့လေသည်။

ထိုသတင်းကို ပေးသူမှာ ဦးချစ်မောင်၏ နေအိမ်၌ လာရောက် တည်းခိုသူ မြိတ်အမတ် ဦးမောင်မောင်ခင် ဖြစ်သည်။ ထိုစဉ်က နန်းရင်းဝန်ကြီး ဂဠုန်ဦးစော အစိုးရက ယင်းသတင်းကို မှားပါသည် ဟူ၍ ဖြေရှင်းချက် ပြန်ထည့်ပေးရန်တောင်းဆို ခဲ့လေသည်။ မြန်မာ့အလင်း သတင်းစာတိုက် လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ တိုက်ပိုင်ရှင်ဦးမောင်ကြီး (ကြို့ပင်ကောက် မြို့သား) ကိုလည်း အုတ်ဖိုမြို့သား ဦးစောက တစ်ဘက် လှည့်၍ အကြပ် ကိုင်ခဲ့လေသည်။

ထို့ကြောင့် အထက်ပါ သတင်းကို အမြန်ဆုံး ဖြေရှင်းချက် ပြန်ထည့် ပေးလိုက်ရန် ဦးမောင်ကြီးက ဦးချစ်မောင်ကို ညွှန်ကြားသည်။

ထိုအခါ ဦးချစ်မောင်က မြန်မာ့အလင်းတွင် တာဝန်ခံ အယ်ဒီတာ (ထိုစဉ်က အယ်ဒီတာချုပ် ဟူ၍
မခေါ်ကြသေး) အဖြစ် သူ၏ နာမည် ပါရှိနေသမျှ ကာလပတ်လုံး ဤသတင်း အမှန်ကို မှားပါသည်
ဟူ၍ ဘယ်တော့မှ ဖြေရှင်းချက် ပြန်ထည့် မပေးနိုင်ပါဟု တင်းတင်းမာမာ ငြင်းဆိုသဖြင့် 
ဦးမောင်ကြီးက ဦးချစ်မောင်အား မြန်မာ့အလင်းမှ ထုတ်ပယ်ပစ်လိုက် လေတော့သည်။

အင်္ဂလိပ် သတင်းစာများထဲတွင် မြန်မာ့အလင်း တာဝန်ခံ အယ်ဒီတာ ဦးချစ်မောင်အား အမိန့် မနာခံမှု ကြောင့်အလုပ်မှ ထုတ်ပယ် ပစ်လိုက်ကြောင်း ကြော်ငြာကို ဦးမောင်ကြီးက ထည့်ခဲ့လေသည်။

ဦးချစ်မောင်၏ နေရာတွင် ပထမဦးစွာ အယ်ဒီတာ တစ်ဦးဖြစ်သူ ဦးမောင်မောင်ခင် (ကွယ်လွန်) အား ပိုင်ရှင်
ဦးမောင်ကြီးက တာဝန် ပေးခဲ့သေးသည်။ ထိုနောက်ပိုင်းတွင် မြန်မာ့အလင်း အယ်ဒီတာ အဖွဲ့ဝင် အများစု၏
ဆန္ဒအရ ဦးသန်းတင့်အား တာဝန်ခံ အယ်ဒီတာ (အယ်ဒီတာချုပ်) အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြခြင်း
ဖြစ်သည်။

ဦးသန်းတင့်၏ လက်ထက်တွင် ဦးစော အစိုးရက မြန်မာ့အလင်း သတင်းစာတိုက်ကို ၁၅ ရက် ကြာမျှ ပိတ်ပစ်ခဲ့ရ၏။ ဤအကြောင်းကို မဖော်ပြမီ ထိုအချိန်က မြန်မာ့အလင်း သတင်းစာ၏ ခံယူချက်နှင့် ပေါ်လစီကို ဖေါ်ပြလိုပါသည်။

မြန်မာ့အလင်း သတင်းစာသည် ဒိုင်အာခီခေတ် ပြီးနောက် ထပ်ပေါ်ထွက် လာသော (၉၁) ဌာန အုပ်ချုပ်ရေးကိုမလိုလားချေ။ ဗြိတိသျှ ပါလီမန်က ပြဌာန်းခဲ့သော မြန်မာအစိုးရ အက်ဥပဒေ ခေါ် (၉၁) ဌာန ဖွဲ့စည်း အုပ်ချုပ်ပုံကိုလက်ခံ နေသမျှ ကာလပတ်လုံး မြန်မာ တစ်မျိုးသားလုံး၏ ရည်မှန်းရာ ပန်းတိုင်ဖြစ် သော လွတ်လပ်ရေးမှာဝေးသည်ထက် ဝေးနေမည်ဟု ယူဆခဲ့လေသည်။

ထိုယူဆ ယုံကြည်ချက် အတိုင်း (၉၁) ဌာန အုပ်ချုပ်ရေးကို မပျက်မနေ ပျက်အောင် တိုက်ဖျက်ရန် မြန်မာ့အလင်းအယ်ဒီတာ အဖွဲ့က ပေါ်လစီ ချမှတ် ဆုံးဖြတ် ခဲ့ကြ၏။

ယင်းဆုံးဖြတ်ချက် အတိုင်း သတင်းစာ စုပေါင်း၍ တိုက်ဖျက်ကြရန် ထိုစဉ်ကရှိသော သတင်းစာတိုက် လေးငါးတိုက်စုပြီး ယာယီ ကော်မတီ တစ်ရပ်ကိုပင် ဖွဲ့စည်း ခဲ့ကြသေးသည်။

ထိုကော်မတီက ရွေးကောက်ပွဲတွင် အနိုင်ရသော နိုင်ငံရေး အဖွဲ့ကို ယင်းဥပဒေ ပျက်အောင် အစိုးရ မဖွဲ့ဘဲ
နေပါဟု မေတ္တာ ရပ်ခံရန်နှင့် အကယ်၍ မေတ္တာ ရပ်ခံ၍မှ မရလျှင် ထိုအစိုးရ အဖွဲ့ကို ဝိုင်းဝန်း တိုက်ခိုက်
ရေးသားကြရန် ဆုံးဖြတ် ထားကြလေသည်။

ဤဆုံးဖြတ်ချက် အတိုင်း ထိုစဉ်က နိုင်ငံရေး အဖွဲ့ကြီးများ ဖြစ်ကြသော ဒေါက်တာဘမော်၊ ဦးဘဖေနှင့်
ဦးစောတို့၏ နိုင်ငံရေး ပါတီတို့ကို မေတ္တာ ရပ်ခံခဲ့ကြသည်။

ယင်းနိုင်ငံရေး ပါတီများသည် သတင်းစာ ဆရာများ၏ မေတ္တာ ရပ်ခံချက်ကို လက်မခံ ခဲ့ကြချေ။ အစိုးရ ဖွဲ့ရန်သာအားထုတ် ခဲ့ကြသည်။ တစ်ပါတီထည်း အစိုးရ မဖွဲ့နိုင်၍ ညွှန်ပေါင်း အစိုးရ ဖွဲ့စည်း ခဲ့ကြသည်။

သို့ရာတွင် ဗိုလ်အောင်ကျော် ကိစ္စကြောင့် ဒေါက်တာဘမော်၏ ညွှန်ပေါင်း အစိုးရ ပြုတ်ကျ သွားခဲ့သည်။ ထိုအခါဦးပုနှင့် ဦးစောတို့ ပူးပေါင်းပြီး အစိုးရဖွဲ့ တက်လာ ခဲ့ကြသည်။ ထိုအစိုးရ အဖွဲ့ကိုလည်း သတင်းစာများက ဝိုင်းဝန်းတိုက်ခိုက် ခဲ့ကြပြန်သည်။

ဤအခြေအနေ မျိုးတွင် ဗြိတိသျှ မျက်နှာဖြူလူမျိုး အိုင်စီအက်စ် တစ်ဦးဖြစ်သော မအူပင်ခရိုင် အရေးပိုင်
မစ္စတာ ဝက်ဖ်စတာ ဆိုသူသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ် မင်းဂရုရွာတွင် တည်ရှိသည့် ဘုရား တစ်ဆူ၏ပရဝုဏ် အတွင်းသို့ ဘိနပ်စီး၍ ဝင်ရောက်ခဲ့သည်။

ထိုသတင်းကို တိုးတက်ရေး သတင်းစာက မျက်နှာဖုံးတွင် ခြောက်လိုင်း ခေါင်းစည်း မဲကြီးဖြင့် ဖေါ်ပြ ခဲ့လေသည်။ယင်းသတင်းပေါ်တွင် အခြေပြုပြီး မြန်မာ့အလင်း သတင်းစာက ၁၉၄၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ်သတင်းစာ ခေါင်းကြီးပိုင်း ဒုတိယ ခေါင်းကြီး သတင်းနှင့် မှတ်ချက် အခဏ်း၌ “အိုင်စီအက်စ်” များ ဟူသောခေါင်းစဉ်ဖြင့် ပြင်းပြင်းထန်ထန် ဝေဘန် ရှုတ်ချ ရေးသား ခဲ့လေသည်။

ယင်းရေးသားချက်ကို အကြောင်းပြုပြီး နန်းရင်းဝန်ကြီး ဦးစော အစိုးရက ကာကွယ်ရေး
အက်ဥပဒေ ပုဒ်မ ၃၄ (၆) အက်ဖ်ကျူနှင့် ကာကွယ်ရေး ဥပဒေ ပုဒ်မ ၄၁ (၄၁) ဘီ အရ ၁၉၄၀ ခုနှစ်
နိုဝင်ဘာလ ၂၈ ရက်၊ ၁၃၀၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၅ ရက်နေ့က စ၍ မြန်မာ့အလင်းသတင်းစာကို ၁၅ ရက်ကြာ ပိတ်ပစ်လိုက် လေတော့၏။

ဤသည်မှာ မြန်မာ့အလင်း အပေါ် ဦးစော၏ ဒုတိယ ထိုးနှက်ချက် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပထမ
ထိုးနှက်ချက်မှာ ဆာဟာဗေး အဒမ်ဆင် သင်္ဘောကြီး အနီး၌ ရေမြှုပ်ဗုံး ပေါက်ကွဲမှု သတင်းနှင့် ပတ်သက်၍
ဦးချစ်မောင် မြန်မာ့အလင်းမှ နုတ်ထွက် သွားရအောင် ထိုးနှက် ခဲ့ခြင်းပင် ဖြစ်၏။

ထိုအချိန်က မြန်မာ့အလင်းသည် ဦးစောအဘို့ အန္တရာယ် မကင်းသော သတင်းစာ ဖြစ်သည်ဟု ဦးစောက ယူခဲ့၏။ထိုနည်းတူ ဦးချစ်မောင်လို ထက်မြက်သော သတင်းစာဆရာ တစ်ဦးသည်လည်း ဦးစောအဘို့ အန္တရာယ်ပင်ဖြစ်သည်ဟု ဦးစောက သတ်မှတ်ခဲ့၏။ ၄င်းပြင် ထိုစဉ်က ဦးစောသည် သူရိယ သတင်းစာ တိုက်တွင်အယ်ဒီတာချုပ်လည်း ဖြစ်နေပေရာ မြန်မာ့အလင်းကို အငြိုးဖြင့် ချခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

မြန်မာ့အလင်း သတင်းစာတိုက် အပိတ်ခံရပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဦးသန်းတင့်သည်နန်းရင်းဝန်ကြီး ဦးစောနှင့် သွားရောက် တွေ့ဆုံ ခဲ့လေသည်။

မအူပင်ခရိုင် အရေးပိုင် မစ္စတာ ဝက်ဖ်စတာက ၄င်း၏ သတင်းကို ရေးသား ဖော်ပြမှုနှင့် ပတ်သက်၍ တိုးတက်ရေးသတင်းစာ တာဝန်ခံ အယ်ဒီတာ ဦးသန်းထွန်းထံ ပေးပို့လိုက်သော ဆဲရေး တိုင်းထွာ ထားသည့် စာတစ်စောင်ကိုလည်း ယူဆောင်သွားပြီး ဦးစောကို ပြသခဲ့သည်။

ဦးစောက ထိုမိတ္တူစာကို ယူထားပြီး စုံစမ်း စစ်ဆေးခဲ့သည်။ မျက်နှာဖြူ အရေးပိုင်ကြီး ကိုယ်တိုင် ရေးသား
ထားကြောင်း မှန်ကန်နေ၍ နောက်လေးငါးရက် အကြာတွင် ဦးသန်းတင့်သည် ဦးစောနှင့် ထပ်မံ တွေ့ဆုံ
ခဲ့ပြန်လေသည်။

ဦးသန်းတင့်သည် ဦးစောနှင့် ဒုတိယအကြိမ် တွေ့ရသော အခါတွင် ဦးစောက မြန်မာ့အလင်း သတင်းစာကို
၁၅ ရက်ကြာလျှင် ပြန်ထုတ်ဝေနိုင်ရန် ခွင့်ပြုမည်ဟု ကတိ ပေးလိုက်လေသည်။

သို့သော်လည်း (၁၁) ရက်လောက် ကြာလာသည့် အချိန်အထိ မြန်မာ့အလင်း သတင်းစာ ပြန်ထုတ်ဝေ နိုင်ရေးနှင့်ပတ်သက်၍ ဦးစောထံမှ မည်သည့် အကြောင်း ကြားချက်မှ မရရှိသေးဘဲ ရှိနေသည်။ ထိုသို့ ရှိနေစဉ် တစ်နေ့သောညတစ်ညတွင် ဦးစောက ၄င်း၏ နေအိမ်သို့ လာရောက်ရန် ဦးသန်းတင့်အား ဘိတ်ခေါ် လိုက်လေသည်။

ထို့ကြောင့် ဦးသန်းတင့်သည် ဦးစော၏ နေအိမ်သို့ သွားရောက်ခဲ့သည်။ ဦးစောက ဦးသန်းတင့်အား လက်ခံ
တွေ့ဆုံရာတွင် အသိ သက်သေများ အဖြစ် ဟံသာဝတီ သတင်းစာတိုက် ပိုင်ရှင် ဗြိတိသျှ ဘားမား ရုပ်ရှင်ကုမ္ပဏီ(ညွန့်မြန်မာ) သူဋ္ဌေး ဦးညွန့်၊ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာချုပ် ဦးစိန်း၊ ဦးဘိုးဘ စသော မိတ်ဆွေများကိုခေါ်ယူ ထားလေသည်။

ဦးသန်းတင့်နှင့် တွေ့သောအခါ ဦးစောက ၄င်းကို ဝေဖန် ရေးသားချင်သလို ရေးသားပါ၊ ၄င်း ကောင်းတာ
လုပ်လျှင်လည်း၊ ထောက်ခံပါ၊ ချီးကျူးပါ၊ သို့သော် မဟုတ် မမှန်သော လုပ်ကြံ သတင်းများကိုတော့ မရေးပါနှင့်ဟုမေတ္တာရပ်ခံ ပြောကြားပြီးနောက် ဦးသန်းတင့်ထံမှ ကတိ ပေးထားရန် တောင်းဆိုလေသည်။

ထိုအခါ ဦးသန်းတင့်က ဦးစောကို ရေးချင်သလို ဝေဖန် ရေးသားပါ ဟူသော ပထမ အချက်ကို
ထောက်ခံကြောင်း၊ ကောင်းတာလုပ်လျှင် ထောက်ခံပါ၊ ချီးကျူးပါ ဆိုသော ဒုတိယ အချက်ကို မူကား လက်မခံနိုင်ကြောင်း ပြန်ပြော လေသည်။

ဦးစောက ဦးသန်းတင့်၏ ပြောဆိုချက်မှာ တရား မျှတခြင်း မရှိဘဲ မတရားပါ ဟူ၍ ပြန်ပြောသည်။ ဦးသန်းတင့်ကဦးစောသည်လည်း သတင်းစာ ဆရာတစ်ဦး ဖြစ်နေ၍ သတင်းစာ၏ သဘောတရားကို နားလည်ထားပြီးဖြစ်လိမ့်မည် ထင်ကြောင်း ပြောဆိုကာ သတင်းစာ ဆရာတို့၏ ကျင့်ဝတ်နှင့် သတင်း၏ သဘောတရားကိုရှင်းပြသည်။

ဦးသန်းတင့်၏ ရှင်းပြချက် ထဲတွင် ယခု ဦးစောမှာ တိုင်းပြည်က တင်မြှောက်ထားသည့်
ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်နေ၍ တိုင်းပြည် ကောင်းကြောင်း လုပ်သည့် အလုပ်များကိုသာ
ရေးသား နေရလျှင် သတင်းစာ တစ်စောင်မက ဆယ်စောင် ရေးလျှင်ပင် ကုန်နိုင်မည် မဟုတ်ကြောင်း၊နန်းရင်းဝန်ကြီး ဦးစော အနေဖြင့် မကောင်းမှု ပြုလုပ်လျှင် တိုင်းပြည်၏ သစ္စာကို ဖောက်ဖျက်ခြင်းဖြစ်၍ ဖေါ်ထုတ် ရေးသားလိုက်လျှင် သတင်းတန်ဘိုး ရှိကြောင်း စသည်တို့ ပါရှိလေသည်။

ထိုအခါ ဦးစောက ဦးသန်းတင့်၏ ရှင်းပြချက်များကို လက်ခံပါသည်၊ ကောင်းတာလုပ်၍ မထောက်ခံသည် ဖြစ်စေ၊မကောင်းတာ လုပ်၍ ဝေဖန် ရှုတ်ချသည် ဖြစ်စေ အရေး မကြီးပါ၊ သို့ရာတွင် ၄င်း၏ အကြောင်းကို မဟုတ် မမှန်ဘဲလုပ်ကြံရေးသည့် သတင်းမျိုးကို မူကား မရေးပါနှင့်ဟု ထပ်မံ တင်ပြ တောင်းဆို ပြန်လေသည်။

ဦးစော၏ တောင်းဆိုချက်နှင့် စပ်လျဉ်း၍ ဦးသန်းတင့်က မဟုတ် မမှန်သည့် လုပ်ကြံ သတင်းမျိုး
ဆိုသည်မှာ အဓိပ္ပာယ် ကျယ်ဝန်း လှကြောင်းကို ရှင်းပြပြီးနောက် သူရိယ သတင်းစာကြီး၏
အယ်ဒီတာချုပ် လည်းဖြစ်၊ တိုင်းပြည်၏ နန်းရင်းဝန်ကြီးလည်း ဖြစ်နေသော ဦးစော၏ ဂုဏ်သိက္ခာ၊
လူ့ကျင့်ဝတ်နှင့် ပတ်သက်နေသည့် သတင်းကောင်း တစ်ပုဒ်ကို မြန်မာ့အလင်း သတင်းစာ၏ ဦးတည်ခံယူချက်နှင့် မကိုက်ညီ၍ မထည့်သွင်း မဖေါ်ပြဘဲ ချန်လှပ် ထားခဲ့ဘူးကြောင်းကို ထုတ်ဖေါ် ပြောပြလေတော့သည်။

ဤသတင်းကား မြန်မာ့အလင်း သတင်းစာတိုက်ကို ဦးစောက ပိတ်မပစ်မီ သုံးလေးလလောက်က ဦးစော၏
အိမ်တွင်းရေးနှင့် ပတ်သက်သော သတင်းတစ်ပုဒ်ပင် ဖြစ်လေသည်၊ ဦးစော၏ အိမ်တွင်းရေးသည် အိမ်တွင်း၌မပြီးခဲ့ဘဲ ရဲစခန်းသို့ ရောက်ခဲ့ရ၏။

ထိုအချိန်က နန်းရင်းဝန်ကြီး ဦးစော၏ နေအိမ်တွင် ဒေါ်ခင်စီဆိုသူ ဆရာမလေး တစ်ယောက် ရှိသည်၊ ဦးစောက၄င်း၏သမီး မေသန်းစော (ဘေဘီစော) ကို ပညာ သင်ပေးရန်ဟု ဆိုကာ အိမ်တွင် ခေါ်ထားခြင်း ဖြစ်သော်လည်းအမှန်အားဖြင့် ထိုဆရာမလေးမှာ ဦးစော၏ မယားငယ် ဖြစ်လေသည်။

တစ်ချိန်တည်း၌ပင် ဦးစောသည် ရုပ်ရှင်မင်းသမီး နုနုကြည် ဆိုသူကိုလည်း အိမ်ပေါ်သို့ ခေါ်တင် ထားခဲ့သည်။ထိုရုပ်ရှင် မင်းသမီးမှာလည်း ဦးစော၏ မယားငယ်ပင် ဖြစ်လေသည်။

ဒေါ်ခင်စီနှင့် နုနုကြည် တို့သည် မယားငယ်တို့ သဘာဝအတိုင်း အဝေမတည့် မသင့်မြတ်ကြဘဲ မကြာခဏ
ရန်ဖြစ်ကြသည်။

တစ်နေ့တွင် ခိုက်ရန် အကြီးအကျယ် ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး ဆံပင်ဆွဲလား၊ ပါးရိုက်လား ဖြစ်ကြရာမှ
နှစ်ဦးစလုံးတွင်  ဒဏ်ရာ ရရှိပြီး၊ အုပ်မနိုင် ထိန်းမရတော့ဘဲ နီးရာ မရမ်းကုန်း ရဲစခန်းသို့ ရောက်လာကြ
လေတော့သည်။

မရမ်းကုန်း ရဲစခန်း စာရေးကြီးမှာ နန်းရင်းဝန်ကြီး၏ အိမ်မှ တိုင်ချက်ကို လက်ခံ အရေးယူရန် ခက်နေသော်လည်းထိုအချိန်က မရမ်းကုန်း ရဲစခန်းထဲတွင် မြန်မာ့အလင်း သတင်းစာတိုက်မှ သတင်းထောက် တစ်ဦး ရှိနေသဖြင့်နေ့စဉ်မှတ်တမ်း (ဂျီဒီ) ဖွင့်၊ ရေးယူထား လိုက်ရလေသည်။

မြန်မာ့အလင်း သတင်းထောက် အားလည်း ထိုသတင်းကို မရေးရန် စာရေးကြီးက ပိတ်လိုက်သည်။ သို့ရာတွင်မြန်မာ့အလင်း သတင်းထောက်က သတင်းရေးသာပြီး တာဝန်ခံ အယ်ဒီတာ ဦးသန်းတင့် ထံသို့ လာပို့သည်။

ယင်းသတင်းမှာ စာဖတ်သူတို့ စိတ်ဝင်စားဘွယ်ရာ သတင်းမျိုးဖြစ်၍ အသရေဖျက်မှု ပုဒ်မ ၅၀၀
ဖြင့် တရား မစွဲနိုင်လေအောင် ဦးသန်းတင့်သည် ဥပဒေ အကြံပေး အရာရှိထံသို့ သွားရောက်၍
အကြံဥာဏ် တောင်းယူခဲ့လေသည်။

ဥပဒေ အကြံပေး အရာရှိက ထိုသတင်းကို အသရေ ဖျက်မှု ပုဒ်မ ၅၀၀ နှင့် လွတ်ကင်းအောင် ကြည့်ရှု ပြင်ဆင်ပေးပြီးနောက် သတင်းရေးသား ဖော်ပြနိုင်သည်ဟု ဆို၍ တာဝန်ခံ အယ်ဒီတာ ဦးသန်းတင့်သည် မြန်မာ့အလင်းသတင်းစာထဲ၌ ထည့်သွင်းရန် အဆင်သင့် ပြင်ဆင် ထားလေသည်။

သို့ရာတွင် ညပိုင်သို့ ရောက်သော အခါ ဦးသန်းတင့်သည် ဦးစော၏ နေအိမ်မှ သတင်းကို ခေါင်းအေးအေးဖြင့် အချိန်ယူကာ ပြန်စဉ်းစားကြည့်ခဲ့ လေတော့သည်။

ယင်းသတင်းသည် မြန်မာ့အလင်း သတင်းစာ၏ စောင်ရေကို တစ်ဟုန်ထိုး တက်သွား စေနိုင်မည့်
စာဖတ်သူများ စိတ်ဝင်စားသော သတင်းကြီး ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော်လည်း ယင်းသတင်းမှာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ အိမ်တွင်းရေး ကိုယ်ရေးကိုယ်တာ
သတင်း သက်သက်မျှသာ ဖြစ်နေပေသည်။ တိုင်းပြည်နှင့်လည်း မည်သို့မျှ သက်ဆိုင် ပတ်သက်ခြင်း
မရှိပေ။

ထို့ကြောင့် ယင်းသတင်းကို ထည့်သွင်း ဖော်ပြလိုက်ခြင်း အားဖြင့် သူရိယ သတင်းစာ
အယ်ဒီတာချုပ်နှင့် နန်းရင်းဝန်ကြီး ဦးစောကို မြန်မာ့အလင်း သတင်းစာက ပုဂ္ဂိုလ်ရေးအရ
မုန်းတီးနေ၍ ထည့်သွင်း ဖေါ်ပြ အုပ်ထည့်လိုက်ခြင်း ဖြစ်သည်ဟူ၍ သတင်းစာဖတ်
ပရိသတ်များနှင့် ပြည်သူ လူထုကြီးက ထင်မြင် ယူဆခဲ့သော် တိုင်းပြည်ပေါ်၌ စူးဝင်နေသော
မြန်မာ့အလင်း သတင်းစာကြီး၏ သြဇာမှာ ကျသွား နိုင်ပေသည်။

ထိုသတင်းစာကြီး၏ သြဇာ တိက္ကမကို ထိခိုက် လာခဲ့လျှင် (၉၁) ဌာန အုပ်ချုပ်ရေး ပျက်ပြားစေရေးတည်း ဟူသောမြန်မာ့အလင်း သတင်းစာကြီး၏ မူလ ဦးတည်ချက်ကိုပါ ပေါ့ပျက် သွားစေ နိုင်ပေသည်။

ဤအကြောင်းများကြောင့် ဦးစော၏ အိမ်တွင်းရေး သတင်းကြီးကို မထည့်သွင်း မဖေါ်ပြတော့ဘဲ ချန်လှပ်
ထားခဲ့လေသည်။

ဤသို့ ဦးသန်းတင့်၏ ဖွင့်ဟ ပြောဆိုချက်များကို ကြားရသောအခါ ဦးစောသည် မည်သို့မျှ ပြန်မပြောနိုင်ဘဲ
အသက်ရှုမမှန် ဖြစ်နေကာ တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက်လျှက် ရှိနေပေသည်။

ယင်းတိတ်ဆိတ် ငြိမ်သက် နေမှုကို ဦးသန်းတင့်၏ စကားများက ဖြိုခွင်းပစ်လိုက် ပြန်လေသည်။

ဦးသန်းတင့်က “ကျွန်တော်တို့သည် မဟုတ်မမှန် လုပ်ကြံသော သတင်းမျိုးကို ထည့်ရန်ဝေးစွ၊
မှန်ကန် နေပါလျှက်နှင့် တိုင်းပြည်အတွက် အကျိုး မမြင်သော သတင်းကို မထည့်သွင်း မဖေါ်ပြ
ခဲ့ကြောင်း” ထပ်မံ ပြောပြ လိုက်သေးသည်။

ဦးသန်းတင့်၏ ဖွင့်ဟ ပြောဆို ချက်များကြောင့် ဦးစောမှာ စိတ်ပြောင်းသွားပုံ ရ၏။ ဦးစောအား နောက်ထပ်
မည်သို့မျှ မေတ္တာရပ်ခံ မနေရတော့ဘဲ ၁၅  ရက် စေ့သည့်နေ့တွင် မြန်မာ့အလင်း သတင်းစာကို ပြန်လည်
ထုတ်ဝေခွင့် ပေးလိုက် လေတော့သည်။

ဤကား နယ်ချဲ့ခေတ် အစိုးရနှင့် သတင်းစာတို့ တိုက်ပွဲတွင် သတင်းစာဘက်မှ အနိုင် ရရှိခဲ့ခြင်းပင် ဖြစ်သည်ဟုဆိုနိုင်ပေသည်။

တူဖြစ်သူ ဂါးဒီးယန်း ဦးစိန်ဝင်းသည် ပထစ အစိုးရအပေါ် အောင်နိုင်ခဲ့သလို ဦးလေးဖြစ်သူ ဦးသန်းတင့်
သည်လည်း ဂဠုန်ဦးစော အစိုးရ အပေါ်၌ အောင်ပွဲခံ နိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။


မူရင်း ။     ။ သတင်းစာ ဆရာကြီးများ၏ သူတို့ဘဝ သူတို့ အတွေ့အကြုံ (ချစ်ကြည်ရေး ကြည်ညွန့်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...