Tuesday, August 5, 2014

“သစ္စာဖြင့်လိမ်းကျံအပ်သော မုသားတစ်ခွန်း”

၁။
“ ကဲ.. ဘယ်သူ့မြေပုံလေး အလှဆုံးလဲဆိုတာ သိချင်နေကြပြီလား .. ”
“ ဟောဒီအရုပ်ကလေးရဲ့ ပိုင်ရှင် ဘယ်သူဖြစ်မယ်လို့ထင်လဲ။ ”
ဆရာမက အတန်းထဲ ဝင်လာလာချင်း ကြွေနဲ့လုပ်ထားတဲ့ ယုန်ရုပ်ဖြူဖြူလေးကို ခြင်းတောင်းထဲကနေ ထုတ်ပြီး စားပွဲပေါ်တင်ရင်း ပြောတယ်။
“ ရင်တွေခုန်လိုက်တာ။ ဒီအရုပ်လေးကို ငါလိုချင်တယ်။ ငါ ရမှပါ့မလား။ ငါ ရပါစေ။

ရင်မောရလွန်းလို့ အာခေါင်တွေတောင် ခြောက်လာပြီ။ ရေဆာလိုက်တာ။ အရုပ်လေးက သိပ်ချစ်ဖို့ကောင်းတယ်။ ဆုရသူဟာ ငါ ဖြစ်ပါစေ။ ”
ချစ်မိုးစွေ စိတ်ထဲမှာ တဖွဖွ ဆုတောင်းနေမိတယ်။
“ ကဲ အလှဆုံး မြေပုံလေးဆွဲနိုင်တဲ့ .. ”
ဆရာမက မြေပုံဆွဲထားတဲ့ စာရွက်လေးတွေကို တစ်လှည့်၊ အတန်းထဲကို တစ်လှည့် မျက်လုံးဝှေ့ကြည့်ရင်း ပြောမယ့်စကားကို မပြောသေးဘဲ ရပ်တန့်ထားတယ်။
“ ဆရာမရယ်.. ပြောမှာ ချက်ချင်းပြောပါ။ ဘာဖြစ်လို့များ အသည်းယားအောင် လုပ်ချင်နေရတာလဲ။ ဒီမှာ မောလှပါပြီ။ ”
“ ပြည့်စုံစံ ရှေ့ထွက်ခဲ့ပါ။ ”
ဟင်.. ပြည့်စုံစံ။ အရုပ်ကလေးကို သူရတော့မယ်။ ငါ မရဘူး။ သိပ်ချစ်ဖို့ အရုပ်လေးကို ငါမရဘူး။ ဟင့်အင်း။ ဟင့်အင်း။ အဲလိုမလုပ်ပါနဲ့။ ဆရာမရယ်.. သေသေချာချာလေး ပြန်ကြည့်ပေးပါဦး။ သမီးမြေပုံလေးက တကယ်ပဲ သူ့မြေပုံလေးလောက် မလှလို့လားဟင်။
အသံတိတ် အော်နေမိတဲ့ ချစ်မိုးစွေအော်သံတွေကို ဘယ်သူမှ မကြားကြဘူး။
ပြည့်စုံစံက ဆရာမ လက်ထဲက အရုပ်လေးကို တရိုတသေလေး လှမ်းယူလိုက်တယ်။ ပြီးတော့ ယုယုယယလေး ပိုက်ထားပြီး သူ့နေရာမှာ သူ ပြန်သွားထိုင်တယ်။ ပြည့်စုံစံရယ်.. နင် သိပ်ပျော်နေမှာပေါ့နော်။ ဟုတ်လား။ အရုပ်လေးကို နင်ရသွားတာလေ။ ဒါပေမယ့် နင့်မြေပုံက ငါ့မြေပုံလေးထက်လှတာ သေချာရဲ့လားဟယ်။ နင်က ငါ့လောက်မှ ပုံဆွဲ မတော်တာ။
“ ဒါ ဆရာမ မတရားတာ။ ဟုတ်တယ်။ ဆရာမ မတရားဘူး။ ဆရာမ ညစ်တယ်။ ဆရာမ ဘက်လိုက်တယ်။ ”
အသံကုန် အော်သစ်ရင်း ဝုန်းကနဲ ထထိုင်လိုက်မိတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မဲတိတ်ဆိတ်လို့။ ပြီးတော့ ပူလောင်အိုက်စပ်မှု။ နွေညရဲ့ အပူခိုး၊ အပူငွေ့တွေက အိပ်ခန်းထဲမှာ လောင်မြိုက်နေတယ်။ ချစ်မိုးစွေ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေတာပဲ။ ဒါဆို စောစောက ဖြစ်ပျက်ခဲ့သမျှတွေဟာ အိပ်မက်ပေါ့။ ဟုတ်တယ်။ စောစောက ငါ အိပ်မက် မက်နေခဲ့တာပဲ။ ဟင်း … တော်ပါသေးရဲ့။
သက်ပြင်းရှည်ကြီးတစ်ခုကို အားရပါးရ မှုတ်ထုတ်ပစ်လိုက်တယ်။ အခုမှပဲ စိတ်သက်သာရာရတော့တယ်။
အမှောင်ထဲကနေ ရေအိုးစင်ရှိရာကို ထသွားပြီး ရေတစ်ခွက် ခပ်သောက်လိုက်တယ်။ သဲအိုးထဲက ရေက အေးလိုက်တာ။ ပူလောင်အိုက်စပ်နေခဲ့သမျှ အခုမှပဲ နေသာသွားတော့တယ်။
အိပ်ရာထဲမှာ ပြန်လှဲရင်း အိပ်မက်ကို ပြန်စဉ်းစားကြည့်မိတယ်။ အိပ်မက်ထဲမှာ နေ့လည်က ဆရာမ ယူလာပြခဲ့တဲ့ ယုန်ရုပ်ဖြူဖြူလေးကို မရလို့ ငါ စိတ်တွေတိုနေခဲ့တာပဲ။ နောက်တစ်ပတ်ကျောင်းဖွင့်ရင် အတန်းထဲမှာ မြန်မာပြည်မြေပုံကို အလွတ်ဆွဲခိုင်းပြီး အလှဆုံး ဆွဲနိုင်သူက အဲဒီ အရုပ်လေးကို ရမယ်လို့ ဆရာမ ပြောခဲ့တယ်။ ငါ့နှယ်နော် .. အရုပ်ကလေးကို စိတ်စွဲလမ်းပြီး အိပ်မက်တွေတောင် မက်နေမိပါလား။
ကြွေရုပ်ကလေးက သိပ်ချစ်ဖို့ကောင်းတယ်။ အဖြူရောင်လေး။ ယုန်ကလေးရဲ့ နားရွက်အတွင်းသားနေရာလေးတွေမှာ ပန်းနုရောင်ကလေးတွေ ခြယ်ထားတယ်။ သူ့မျက်လုံးလေးတွေကလည်း ပြုးကျယ်ပြီး ဝိုင်းစက်နေလိုက်တာ။ တအားကိုချစ်ဖို့ကောင်းတာပဲ။ လိုချင်လိုက်တာလေ။ ဒါပေမယ့် အမေက ဘယ်တော့မှ ဝယ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဝယ်ပေးချင်တယ် ဆိုရင်တောင် ဝယ်ပေးနိုင်တဲ့ ပိုက်ဆံ အမေ့မှာမှ မရှိတာ။ ဒီတော့ အရုပ်လေးရမယ့် အခွင့်အရေးကို ငါ အဆုံးရှုံး မခံနိုင်ဘူး။ နောက်တစ်ပတ်မှာ အလှဆုံး မြေပုံလေးဆွဲနိုင်သူဟာ ချစ်မိုးစွေပဲ ဖြစ်ရမယ်။
ဒါတွေ တွေးပြီး အိပ်ရာဝင်ခဲ့လို့လည်း အခုလို ကယောင်ချောက်ချား အိပ်မက်တွေ မက်ခဲ့ရတာပေါ့။
ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲကလိုတော့ မဖြစ်စေရဘူး။ လုံးဝလည်း အဖြစ် မခံနိုင်ဘူး။ မြေပုံလေးကို အလှဆုံးလေး ဆွဲနိုင်အောင် ဒီပိတ်ရက် ၂ရက်စလုံးမှာ
သေသေချာချာလေး လေ့ကျင့်ရမယ်။ ပြီးတော့ ပြည့်စုံစံ၊ သူက ငါလောက် ပုံဆွဲမတော်ပါဘူး။ ဒီတော့ အဲဒီအရုပ်လေးကို ငါ ရကို ရရမယ်။ အရုပ်ကလေးကို ဆရာမလက်ထဲကနေ ဂုဏ်ယူစွာ လှမ်းယူလိုက်သူဟာ ငါပဲဖြစ်ရမယ်။ ဒါမှ ငါ့ကို ပြည့်စုံစံ ခိုင်းဖတ်ဆိုပြီး ကွယ်ရာမှာ အတင်းပြောကြတဲ့သူတွေ အံ့သြသွားမှာ။ သူတို့လို ပိုက်ဆံမရှိပေမယ့် သူတို့ထက် သာတဲ့နေရာတော့ ရှိနေသေးတယ်ဆိုတာကို သူတို့တတွေ သိသွားစေရမယ်။ ငါ့ကို ထပ်ပြီးအထင်မသေးစေရဘူး။ ငါ့ကို ချီးကျူးစေရမယ်။
၂။
“ ချစ်မိုး .. အပြင်မှာ မိုးဖွဲဖွဲလေးတွေ ကျနေတယ်သိလား။ ငါကလေ မုန့်ဈေးတန်းက အချဉ်ပေါင်းစားချင်တာ။ အဲတာ ငါ့ကို နင် သွားဝယ်ပေး။ နင့်ကိုငါ တစ်ရာပေးမယ်။ ”
တံမြက်စည်းရိုးမှာ ပတ်ထားတဲ့ ရောင်စုံ ပလတ်စတစ်ကြိုးလေးကို ခွာပြီး လက်စွပ်လေး ကျစ်နေရာကနေ ပြည့်စုံစံကို မော့ကြည့်လိုက်မိတယ်။ ချစ်မိုးစွေ ခုံဘေးမှာ မတ်တပ်ရပ်နေတဲ့ ပြည့်စုံစံက ချစ်မိုးစွေကို အထက်စီးဆန်ဆန် စိုက်ကြည့်နေတယ်။ သူ့အကြည့်တွေထဲမှာ ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတယ် အရိပ်ယောင်တွေ။ သူ့မိဘတွေက တအားချမ်းသာတယ်။ ပြည့်စုံစံအတွက် အပေါဆုံးက မိဘတွေဆီကနေ လွယ်လွယ်ရနေတဲ့ ပိုက်ဆံပဲဖြစ်မှာ။
အခုလည်းကြည့်လေ။ မုန့်ဝယ်ပေးရင် တစ်ရာပေးမှာတဲ့။ မုန့်ဈေးတန်းနဲ့ လေးတန်းကျောင်းခန်းနဲ့က ဝေးမှမဝေးဘဲ။ မိုးဖွဲလေးတွေ နည်းနည်း ကျနေတာပဲရှိတာ။ ပြီးတော့ တစ်ရာဆိုတာ နည်းမှမနည်းတာ။ နှစ်ရာဆိုရင် ဗလာစာအုပ်တစ်အုပ်တောင် ဝယ်လို့ရနေပြီ။ ဒါဆို အမေတို့ စာအုပ်တစ်အုပ်ဖိုး သက်သာသွားမှာပေါ့။ ငါ သွားဝယ်ပေးရင် ကောင်းမလား။
“ တစ်ရာပေးမှာလို့ ပြောနေတာတောင် မလုပ်ချင်လည်း နေပေါ့။ တစ်ခြားလုပ်ချင်တဲ့သူ သွားရှာတော့မယ်။ ပိုက်ဆံပေးပြီးခိုင်းရင် လုပ်ချင်တဲ့သူတွေမှ တစ်ပုံကြီး။ ”
ပြည့်စုံစံက စိတ်မရှည်တော့ဘဲ လှည့်ထွက်ဖို့ ပြင်တယ်။
“ ငါ သွားပါ့မယ်ဟ။ နင်ကလည်း။ စိတ်ချည်းပဲ။ ပေးပေး နင့်ပိုက်ဆံ။ ”
ပြည့်စုံစံက မျက်စောင်းတစ်ချက်ထိုးပြီး သူ့ လက်ထဲက ပိုက်ဆံကို ဆောင့်ကြီးအောင့်ကြီးနဲ့ ပေးတယ်။
“ ရော့ .. အချဉ်ပေါင်းသုံးရာဖိုးဝယ်ပေး။ အစုံထည့်ခိုင်းနော်။ ပိုတာ နင်ယူလိုက်။ ”
သူ လှမ်းပေးတဲ့ နှစ်ရာတန် နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မိုးဖွဲလေးတွေကြားထဲ ပြေးထွက်လာခဲ့တယ်။ မိုးပွင့်ကလေးတွေက နူးညံ့လိုက်တာ။
၃။
အဲသည်နောက်ကစပြီး ချစ်မိုးစွေက ပြည့်စုံစံရဲ့ လက်စွဲတော် ဖြစ်လာခဲ့တယ်။
“ နေပူလို့ မုန့်သွားဝယ်ပေးဦး။ ”
“ မိုးတွေရွာနေပြန်ပြီ.. အသုပ်ဝယ်ပေးဦး။ ”
“ မနက်ဖန် ငါ့အစား ကျောင်းစောစောလာပြီး နင် သန့်ရှင်းရေး လုပ်ရမှာနော်။ ”
ချစ်မိုးစွေက ပြည့်စုံစံအတွက် တစ်ခါတစ်လေ မုန့်ဝယ်ပေးရာကနေ နောက်ဆုံး ပြည့်စုံစံတို့ အသင်း သန့်ရှင်းရေးလုပ်ရမယ့်နေ့တိုင်း သူ့အစား သန့်ရှင်းရေးလုပ်ပေးသူပါ ဖြစ်လာခဲ့တယ်။
အခုဆို စာအုပ်လည်း အမေ့ကို ခဏခဏ ဝယ်ခိုင်းစရာ မလိုတော့ဘူး။ ကျောင်းကကောက်တဲ့ ဘာကြေးညာကြေးတွေလည်း အမေ့ဆီကနေချည်း အမြဲတောင်းစရာ မလိုတော့ဘူး။ ပြည့်စုံစံ ဆီက ရသမျှ ပိုက်ဆံတွေကို မုန့်ဝယ်မစားဘဲ စုထားပြီး လိုအပ်တဲ့အခါတိုင်း ထုတ်သုံးတယ်။ အဲသည်လို သူခိုင်းသမျှ လုပ်ပေးနေခဲ့မိတာ ချစ်မိုးစွေက အမေ့ကို သနားလို့ပါ။
အမေ့ကို ချစ်မိုးစွေ သိပ်သနားတာပဲ။ အမေ့မှာ တစ်နေ့တစ်နေ့ သိပ်ပင်ပန်းရှာတာ။ တစ်နေကုန် ပန်းရန်အလုပ်လုပ်ပြီး ညဖက်ပြန်လာရင်လည်း အဖေ့ဒဏ်ကို ခံရသေးတာ။ အဖေက တအားမူးလာပြီဆို အမေ့ကို ရိုက်လားနှက်လားနဲ့ လက်ပါတတ်သေးတယ်။ အမေကတော့ အဖေလုပ်သမျှကို ငုံ့ခံနေတာချည်းပဲ။ အဖေ မူးပြီး သောင်းကျန်းပြီဆို ချစ်မိုးစွေက အိပ်ချင်ယောင်ဆောင်နေတတ်တယ်။ ကြောက်လွန်းလို့ ထမကြည့်ရဲပါဘူး။ တစ်ခါတစ်လေတော့ မျက်လုံးဖွင့်ပြီး ခိုးကြည့်မိတယ်။ အဖေက ခေါင်းကြီး ငိုက်စိုက် ငိုက်စိုက်နဲ့ မတ်မတ်တောင် မထိုင်နိုင်ဘူး။ ကိုယ်လုံးကြီးကလည်း ဒေါင်ချာစိုင်းနေသေးတယ်။ အမေကတော့ အဖေ့နားမှာ ခပ်ရို့ရို့လေး ထိုင်လို့။ အဲသည်လို မြင်ရတိုင်း ချစ်မိုးစွေ အဖေ့ကို စိတ်တိုတယ်။ အမေ့ကို မကူညီရဲတဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်တိုတယ်။ အမေ့နှယ်နော် .. ဘာကြောင့်များ အဖေ့ကို တအားကြောက်ရတာပါလိမ့်။ အဖေက လူကောင်ကြီးနေလို့လား။ အမေက သိပ်ပိန်တယ်လေ။ အမေ့ကို သိပ်လည်း သနားတယ်။ သိပ်လည်းချစ်တယ်။ အမေသက်သာမယ်ဆို ဘာမဆို ကူညီချင်တယ်။
ဒါကြောင့်လည်း ပြည့်စုံစံခိုင်းသမျှကို ဖင်ပေါ့ပေါ့နဲ့ လုပ်ပေးနေမိတာပါ။ ပြည့်စုံစံက သူ စိတ်ကြည်လင်နေတဲ့နေ့ဆို ရယ်ရယ်မောမောနဲ့ ခိုင်းတယ်။ တစ်ရာထက်လည်း ပိုပေးတတ်တယ်။ သူ့စိတ် သိပ်မကြည်လင်တဲ့နေ့မျိုးဆိုရင်တော့ စူပုပ်ပုပ်နဲ့ ခိုင်းတတ်တယ်။ တစ်ရာ ပြည့်အောင်လည်း ပေးချင်မှလည်း ပေးတယ်။ ဒါပေမယ့် သူပေးသလောက်ယူပြီး ချစ်မိုးစွေက လုပ်ပေးလိုက်တာပဲ။ ရသမျှ ပိုက်ဆံလေးတွေကိုတော့ သင်္ချာစာအုပ်ကြားထဲ ညှပ်ထားပြီး သေသေချာချာလေး သိမ်းထားရတယ်။ ပိုက်ဆံလေးတွေကလည်း ဘယ်လောက် သိမ်းသိမ်း စုမိတယ်ကို မရှိပါဘူး။ နည်းနည်းလေး စုမိလိုက် စာအုပ်ဝယ်ရလိုက်၊ ခဲတံဝယ်ရလိုက်၊ ကျောင်းကကိစ္စတစ်ခုခုကြောင့် ပိုက်ဆံကောက်တာကို ထည့်ရလိုက်နဲ့မို့ အမြဲကုန်တာပါပဲ။ တစ်ခါတစ်လေ စာအုပ်ကုန်ခါနီးလာလို့ စာအုပ်ဖိုး မပြည့်သေးရင်တောင် ပြည့်စုံစံအခိုင်းကို မျှော်နေမိတာ။ငွေပေးပြီး အခိုင်းခံရမှာကို အဲသည်လောက်ထိ မက်လာခဲ့မိတာ။
အမေ့ကိုတော့ “ ပြည့်စုံစံက သမီးကို သနားလို့ ကုန်သမျှ စာအုပ်တိုင်း ဝယ်ပေးတယ် ” ဆိုပြီး ညာထားရတယ်။ တကယ်တော့ အမေ့ကို မညာချင်ပါဘူး။ ဒါပေမယ့် သူများခိုင်းသမျှကို ပိုက်ဆံယူပြီး လုပ်ပေးနေတယ်ဆိုတာသိရင် အမေ ဘယ်စိတ်ကောင်းမှာလဲ။ ဒီတော့ မညာချင်လည်း ညာလိုက်ရတော့တယ်။
ဒီလိုမျိုး ပြည့်စုံစံ ခိုင်းသမျှ လုပ်ပေးရတာကို ရှက်စရာ၊ သိမ်ငယ်စရာ တစ်ခုဖြစ်မယ်လို့ အစက ချစ်မိုးစွေ လုံးဝ မထင်ထားခဲ့ဘူး။ ဒါကြောင့်လည်း သူခိုင်းသမျှတွေ အကုန် လုပ်ပေးခဲ့တာပေါ့။
အခုတော့ အမေ့ကို ကူညီချင်တဲ့ စိတ်ကြောင့် သူ ခိုင်းသမျှ လုပ်ပေးခဲ့မိတာတွေဟာ နောက်ကွယ်ရာမှာ ဟားရယ်စရာတစ်ခု ဖြစ်နေခဲ့တယ်တဲ့။ ပြည့်စုံစံ ဝယ်ခိုင်းတဲ့ ရှောက်သီးသုပ်ဝယ်ပြီး ပြန်အလာ အတန်းထဲ မဝင်ခင် ချစ်မိုးစွေအကြောင်း အတင်းပြောနေတာကို ကြားလိုက်ရတယ်။ ပြည့်စုံစံ ခုံဘေးမှာ အတန်းထဲက မိန်းကလေး လေးငါးယောက်က စုထိုင်နေကြပြီး ချစ်မိုးစွေ အကြောင်းတွေ ပြောနေကြတာ။
“ နင့်ခိုင်းဖတ် ပြန်မလာသေးဘူးလား။ ”
“ ခိုင်းဖတ်.. ဟားဟား .. အေးနော်.. သူက နင်ခိုင်းသမျှ အကုန်လုပ်ပေးတယ်။ ”
“ လုပ်ပေးမှာပေါ့။ နင်က ပိုက်ဆံပေးခိုင်းတာကိုး။ ”
“ ပိုက်ဆံရလို့လည်း သူလုပ်တာပေါ့ဟ။ သူတို့က တအားဆင်းရဲတာ။ ”
“ ဟဲ့.. သူ့အိမ်က မုန့်ဖိုးမှ မပေးနိုင်တာ။ သူ့အမေကလည်း ပန်းရန်သည်။ ဒီတော့ ပိုက်ဆံရနေသရွေ့ နင်ခိုင်းသမျှကို အရှက်မရှိ လုပ်ပေးမှာပဲလေ။ ဟားဟား .. ”
သူတို့ရဲ့ စကားသံတွေက ချစ်မိုးစွေ နားထဲကို ခါးခါးသီးသီး ဝင်ရောက်လာခဲ့တယ်။ ခိုင်းဖတ်တဲ့ .. ၊ အရှက်မရှိဘူးတဲ့။ တံခါးရွက်နားကွယ်မှာ ပုန်းပြီး ရပ်နေရာကနေ အတန်းထဲကို ဝုန်းကနဲ ဝင်သွားမိတယ်။
ရှောက်သီးသုပ်ထုပ်ကို ပြည့်စုံစံရှေ့ ပစ်ချလိုက်ပြီး သူတို့အားလုံးကို အစိမ်းကားဆုံး ကြည့်ပစ်လိုက်တယ်။
“ နင်တို့ ဘာလို့ ငါ့ကွယ်ရာမှာ ငါ့အတင်းပြောတာတုန်း .. ကွယ်ရာမှာ သူများအတင်းပြောတာ မရှက်ဘူးလား။ ”
“ အံမာ.. ငပြူးကများ ပြဲရတယ် ရှိသေး။ ငါတို့က မဟုတ်တာ ပြောနေတာမှ မဟုတ်တာ။ ဟုတ်တာကိုပဲ ပြောနေတာ..။ ခိုင်းဖတ်မို့ ခိုင်းဖတ်လို့ပြောတာ ဘာဖြစ်လဲ။ ”
“ ခိုင်းဖတ်ဆိုတော့ရော ဘာဖြစ်လဲ။ နင်တို့အရေးလား။ နင်တို့ အသားပဲ့ပါသွားလို့လား။ ”
“ အေးပါ။ နင် အရှက်မရှိဘဲ သူများ ခိုင်းသမျှ လုပ်တာက ငါတို့အပူမဟုတ်ပါဘူး။ ဒါပေမယ့် ခိုင်းဖတ်မို့ ခိုင်းဖတ်လို့ ပြောတာလေ။ ငါတို့ ဘာမှားလို့လဲ။ ”
“ နင့်ကွယ်ရာမှာတင် မဟုတ်ဘူး။ နင့်ရှေ့မှာလည်း ပြောတယ်ဟယ်။ ခိုင်းဖတ်မ။ ခိုင်းဖတ်မ။ ”
“ နင်တို့ကလည်းဟယ် သူ့လို တစ်လုံးချိုင့်မ၊ အမွဲမနဲ့ တုပြီး ပြောမပါနဲ့။ ကိုယ်နဲ့ အဆင့်အတန်းချင်း မတူသူနဲ့ ဖက်ပြီး ရန်ဖြစ်မနေပါနဲ့ဟာ။ ထားလိုက်စမ်းပါ။ ကျောင်းတောင် တက်တော့မယ်။ လာ .. ကိုယ့်နေရာကို ပြန်သွားမယ်။ ”
သူတို့တွေက တစ်ယောက်တစ်ခွန်း ကက်ကက်လန်အောင် ပြန်ပြောပြီး သူတို့နေရာဆီ သူတို့ ပြန်သွားကြတယ်။ ပြည့်စုံစံကတော့ ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ချစ်မိုးစွေတို့ကို ကြည့်နေတယ်။ ချစ်မိုးစွေက နှုတ်ခမ်းကို အသားကုန်ဖိကိုက်ထားမိတယ်။ ဒူးတွေကလည်း တဆတ်ဆတ်တုန်နေတယ်။ အမြင်တွေလည်း ဝေဝါးလာတယ်။ မျက်ရည်တွေ စီးကျမလာအောင် ခေါင်းကိုမော့ပြီး မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်တယ်။
“ ပြည့်စုံစံ .. နောက်ဆို ငါ့ကို နင် ဘာမှ လာမခိုင်းနဲ့။ ငါလည်း ဘာမ လုပ်မပေးနိုင်တော့ဘူး။ နင်တို့တွေလည်း သေချာမှတ်ထား။ သူ့လို ငါ မချမ်းသာပေမယ့် စာမှာတော့ သူ့ထက် တော်စေရမယ်။ ငါ့ကို စောင့်ကြည့်နေကြ။ ”
ချစ်မိုးစွေ စကားကို သူတို့တတွေက မကြားသယောင် ဟန်ဆောင်နေကြပြီး သူတို့ အချင်းချင်း စကားဆက်ပြောနေခဲ့ကြတယ်။
အဲသည်ညက တစ်ညလုံး အိပ်ရာထဲမှာ ချစ်မိုးစွေ ငိုနေမိခဲ့တယ်။
၎။
အဲသည်လိုဖြစ်ပြီး ဆယ်ရက်လောက်ရှိတော့ ချစ်မိုးစွေမျှော်နေတဲ့ အခွင့်အရေး ပေါ်လာခဲ့တယ်။ ဆရာမက မြေပုံအလှဆုံး ဆွဲနိုင်သူကို ကြွေနဲ့လုပ်ထားတဲ့ ယုန်ရုပ်ဖြူဖြူကလေး ဆုချမယ်တဲ့။ အဲဒီဆုလေးကို ချစ်မိုးစွေ ရချင်တယ်။ ချစ်မိုးစွေဟာ အပြောနဲ့ အလုပ်ညီပါလား ဆိုတာကို သူတို့တွေ သိသွားစေရမယ်။ ဒါကြောင့်လည်း စနေ၊တနင်္ဂနွေ ပိတ်ရက် ၂ရက်စလုံးမှာ မြေပုံကလေးကို အထပ်ထပ် အဆွဲလေ့ကျင့်ခဲ့တယ်။
တနင်္ဂနွေညတုန်းကတော့ မလေ့ကျင့်လိုက်ရဘူး။ အမေက အလုပ်မှာ ခြေထောက်ဒဏ်ရာရလာခဲ့တယ်လေ။ သစ်သားစနဲ့ ခြေထောက်ကို ထိုးမိပြီး သွေးတွေ အများကြီးထွက်သွားတာတဲ့။ အဲဒါကြောင့် အမေနဲ့အတူ ထမင်းဟင်းချက်ကူရတယ်။ ပြီးတော့ အမေ့အနားလေးမှာ အဖော်လုပ်ပြီး နေပေးခဲ့တယ်။ ညရောက်တော့ ခြေထောက်က အနာကြောင့်လား မသိပါဘူး။ အမေ ဖျားတယ်။ အမေ့ကို သနားလိုက်တာလေ။ “ အဖေက အမေ့ကို ဆေးခန်းပို့ပေးရင် သိပ်ကောင်းမှာပဲနော်..” လို့ ချစ်မိုးစွေ ပြောမိတော့ “ သမီး အဖေက ပိုက်ဆံရှိရင် ပို့ပေးမှာပေါ့ သမီးရယ် ” တဲ့။
၅။
ကျောင်းပြန်ဖွင့်တဲ့ တနင်္လာနေ့ တစ်မနက်လုံး ချစ်မိုးစွေ ရင်တွေ ခုန်နေခဲ့မိတယ်။ မုန့်စားကျောင်းဆင်းပြီး ကျောင်းပြန်တက်တော့ ဆရာမက မြေပုံအလွတ်ဆွဲခိုင်းဖို့ ချစ်မိုးစွေတို့ကို အချင်းချင်း နေရာပြောင်းပေးတယ်။ ဖြစ်ချင်တော့ ချစ်မိုးစွေနဲ့ ပြည့်စုံစံက ဘေးချင်းကပ်ရပ်ထိုင်ရတယ်လေ။ တစ်မနက်လုံး အကြည့်ချင်း မဆုံအောင် ရှောင်နေခဲ့မိပေမယ့် အခုတော့ ဘေးမှာထိုင်နေတဲ့ ပြည့်စုံစံကို ချစ်မိုးစွေ ပြုံးပြလိုက်ပါတယ်။
မြေပုံကလေးကို ၂ရက်လုံး လေ့ကျင့်ထားတာမို့ အခက်အခဲမရှိဘဲ ရှောရှောရှုရှုလေး ဆွဲလိုက်နိုင်တယ်။ ကိုယ်ဆွဲထားတာလေးကို ပြန်ကြည့်ပြီး သဘောကျလိုက်တာ။ မြေပုံလေးက သိပ်လှတာပဲ။ ပြည့်စုံစံ မြေပုံလေးကို မသိမသာလေး မျက်လုံးစွေပြီး ကြည့်လိုက်မိတယ်။ ဟဲဟဲ .. သူက ဆွဲလို့ မပြီးသေးဘူး။ သူ့ရဲ့ ရခိုင်ပြည်နယ်က သိပ်ကိုချိုင့်ဝင်နေပြီး ကချင်ပြည်နည်ဖက်မှာတော့ လိုတာထက် ကြီးနေလိုက်တာ။ တင်္နသာရီတိုင်းကလည်း တစ်ခြမ်းကျန်နေသေးတယ်။ ချစ်မိုးစွေ ခိုးပြီး ပြုံးလိုက်မိတယ်။
“ ကဲ .. ဆွဲနေကြနော်။ ဆရာမ သုံးတန်းဖက် ခဏသွားဦးမယ်။ ”
ဆရာမက အတန်းထဲကနေ ထွက်သွားတယ်။ မကြာခင်မှာ ဆရာမ ခြင်းတောင်းထဲက အရုပ်ကလေးကို ငါပိုင်တော့မယ်။ ဆရာမကလည်းနော် အရုပ်လေးကို စားပွဲပေါ် တင်ထားခဲ့မယ် မရှိဘူး။ ရပါတယ်လေ။ ခဏနေရင် ငါ့အရုပ်လေး ဖြစ်တော့မှာပဲဟာ။
မြေပုံလေးကို ဝအောင်ကြည့်ပြီးတော့ ပြည်နယ်နဲ့တိုင်း နာမည်တွေကို ဖြည့်ဖို့လုပ်လိုက်တယ်။ ခဲတံကလေးနဲ့ စာရွက်ကလေး ထိလုထိခင်မှာပဲ ပြည့်စုံစံက စကားလှမ်းပြောလာတယ်။
“ ချစ်မိုး.. နင့်မြေပုံလေးက သိပ်လှတာပဲ။ ငါ့မြေပုံကျ မလှဘူး။ ”
“ နင့်ပုံလေးလည်း လှပါတယ်ဟ။ ”
စိတ်ထဲက သိပ်မပါလှပေမယ့် သူ့ စိတ်ကျေနပ်အောင် ပြောလိုက်မိတယ်။
“ ငါလေ.. အဲဒီအရုပ်လေးကို သိပ်လိုချင်တာပဲ .. ”
ဟဲ့.. နင်လိုချင်ရင် ငါ့ကိုမျိုး မြေပုံကို လှအောင်ဆွဲပေါ့ဟဲ့။ ငတုံးမရဲ့။
စိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်မိတယ်။
“ အဲတာလေ.. နင့်မြေပုံနဲ့ ငါ့မြေပုံ လဲပေးပါလား။ ငါ နင့်ကို တစ်ထောင်ပေးမယ်လေ။ ”
အံမယ်လေး.. တစ်ထောင်ပေးမယ်ဆိုပြီး လဲခိုင်းနေပါလား။ နင်ခိုင်းသမျှ လုပ်မယ့် ချစ်မိုးစွေ မဟုတ်တော့ဘူးဟဲ့။ နင့်ခိုင်းဖတ်လည်း မဟုတ်တော့ဘူး။ နင့်ထက်သာမှန်း ပြချင်လို့ ငါ့မှာ နှစ်ရက်လုံးလုံး ကြိုးစားပမ်းစား လေ့ကျင့်လာခဲ့ရတာ။ အချောင်လိုချင်လို့ရမလား ရေသာခိုမရဲ့။
စိတ်ထဲက စကားတွေကို မြိုသိပ်လိုက်တယ်။ ပြီးတော့ အသာအယာလေးပဲ ငြင်းဆန်လိုက်တယ်။
“ ဟင့်အင်း .. မလဲဘူး။ ”
ပြောပြီးပြီးချင်း မြေပုံလေးပေါ်ကို ခဲတံနဲ့ ထောက်လိုက်တယ်။ ပြည့်စုံစံက ချစ်မိုးစွေ လက်ကို အတင်းဆွဲထားတယ်။
“ နေပါဦးဟ။ ငါ နှစ်ထောင်ပေးပါ့မယ်။ လဲပါဟာ နော် ..။ ”
“ ငါလည်း အဲဒီအရုပ်လေး လိုချင်တယ် ပြည့်စုံစံ။ ဒါကြောင့် မြေပုံလှလှလေး ဆွဲတတ်ဖို့ ငါ မနည်း လေ့ကျင့်ခဲ့ရတာ။ ငါ မလဲချင်ဘူး။ ”
“ ငါ နင့်ကို သုံးထောင်ပေးမယ်ဟာ။ ငါ့မှာပါလာတာ အကုန်ပဲ။ သုံးထောင်ဆိုတာ အများကြီးနော်။ နင် မလိုချင်ဘူးလား။ နင် ငွေမလိုဘူးလား။ ဟင် ”
သုံးထောင် တဲ့။ ငွေမလိုဘူးလားတဲ့။
“တော်ပြီ.. ဘယ်လောက်ဖြစ်ဖြစ် ငါ မယူဘူး။ ငွေလည်း မလိုဘူး။ ”
ပြောဖို့ ကြံရွယ်လိုက်တဲ့ စကားလုံးတွေက နှုတ်ဖျားမှာတင် ကွဲကြေသွားကြတယ်။
ငွေလိုတယ်လေ။ အမေ့ကို ဆေးခန်းပြဖို့ ငွေလိုတယ်။ သုံးထောင်ဆိုရင် အမေဆေးခန်းပြလို့ရပြီ။ ငါ ဘာလုပ်သင့်လဲ။ အရုပ်လေးကို လိုချင်လိုက်တာ။ ပိုက်ဆံသုံးထောင်ကိုလည်း လိုချင်တယ်။ အို.. အမေဆေးခန်းပြဖို့ အဖေက ပိုက်ဆံရှာချင် ရှာလာမှာပေါ့။ ငါ့မြေပုံလေးကို ပိုက်ဆံနဲ့ လဲလိုက်တယ်ဆိုတာ သူများတွေ သိသွားရင် ငါ့ကို လှောင်ကြဦးမယ်။ ငွေရရင် ဘာမဆိုလုပ်တတ်လို့ ပြက်ရယ်ပြုကြဦးမှာ။ ငါ မလဲတော့ပါဘူးလေ..။ ဒါပေမယ့် အမေဆေးခန်းပြဖို့အတွက် လိုတဲ့ပိုက်ဆံကို အဖေက ရှာမလာခဲ့ရင် ဘယ်လိုလုပ်မှာလဲ။
ချစ်မိုးစွေ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေတယ်။ အရုပ်လေးကိုလည်း စိတ်မပြတ်ဘူး။ ပိုက်ဆံသုံးထောင်ဆီကိုလည်း စိတ်ကရောက်နေတယ်။ ဘာလုပ်ရမှာလဲ။
“ လဲပါနော်.. ချစ်မိုး။ နော်.. ရော့ ဒီမှာ ပိုက်ဆံ သုံးထောင်။ ယူနော်.. ပေး ပေး ..နင့်ပုံလေး ငါ့ကို ပေး.. ”
တစ်ထောင်တန် အသစ်စက်စက်လေး သုံးရွက်က ချစ်မိုးစွေရဲ့ မြေပုံလှလှလေးပေါ်မှာ။
ပိုက်ဆံကလေးကိုတွေတစ်လှည့် ပြည့်စုံစံရဲ့ မြေပုံလေးကိုတစ်လှည့် ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ဆရာမရဲ့ ခြေသံလေးကိုပါ ကြားလိုက်ရတယ်။ စိတ်ပိုင်းဖြတ်ပြီး ပိုက်ဆံသုံးထောင်ကို လွယ်အိတ်ထဲ အမြန်ထည့်လိုက်တယ်။ ပြီးတော့ ပြည့်စုံစံလက်ထဲကို မြေပုံလေး ထည့်ပေးလိုက်ပြီး ပြည့်စုံစံရဲ့ မြေပုံလေးကို လှမ်းယူလိုက်တယ်။
အပြီးမသတ်သေးတဲ့ သူ့ရဲ့ မြေပုံလေးထဲကို စိတ်နှစ်ထားပြီး ပြီးအောင်ဆွဲလိုက်တယ်။ ပြည်နယ်နဲ့တိုင်း နာမည်လေးတွေကို ဖြည့်နေရင်း မြေပုံကလေးက ဝါးသထက် ဝါးလာတယ်။
မငိုရဘူး ချစ်မိုးစွေ။ နင်မငိုရဘူး ။ အရုပ်လေးထက် အမေက ပိုအရေးကြီးတယ်လေ။ အရုပ်လေးမရလို့ ဘာမှ မဖြစ်ဘူး။ ငွေရရင် ဘာမဆိုလုပ်တဲ့လူလို့ အပြောခံရလည်း အဲတာက အမေဆေးခန်းပြဖို့လောက် အရေးမကြီးပါဘူး။ နင်ပျော်စမ်းပါဟ။
ချစ်မိုးစွေ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ ပြီးတော့ မလှမပ မြေပုံကလေးကို တစ်ချက်ကြည့်ပြီး ဆရာမစားပွဲပေါ် မြန်မြန်လေး သွားထပ်လိုက်မိတယ်။
မြေပုံလေးတွေကို ဆရာမ အမှတ်ခြစ်နေပေမယ့် ချစ်မိုးစွေရင်တွေ ခုန်မနေတော့ဘူး။ အရုပ်ကလေးရဲ့ ပိုင်ရှင်ဟာ ပြည့်စုံစံပဲ ဖြစ်မှာပဲလေ။ ပြည့်စုံစံကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူမတို့ အကြည့်ချင်း ဆုံသွားတယ်။ သူမက အရုပ်လေးကို ရတော့မယ်ဆိုပြီး ပျော်နေတာ အသိသာကြီးပါ။
“ ကဲ.. အလှဆုံးမြေပုံပိုင်ရှင်ကိုတော့ ဆရာမ ရွေးပြီးသွားပြီ။ ”
ဆရာမ အသံကြောင့် တစ်ခန်းလုံး ငြိမ်သက်သွားတယ်။ အားလုံးက ဆရာမ ပြောလာမယ့်စကားကို စိတ်ဝင်စားစွာနဲ့ နားတစွင့်စွင့်။
“ ဘယ်သူ့မြေပုံလေး အလှဆုံးလဲဆိုတာ မပြောခင် ဆရာမ မင်းတို့ကို တောင်းပန်စရာတစ်ခုရှိတယ်။ မင်းတို့ကို ဆုချမယ်ဆိုတဲ့ ကြွေရုပ်ကလေးက မနေ့ကပဲ ဆရာမ ကြောင်ကလေး တိုက်ချလိုက်လို့ ကွဲသွားတယ်။ အဲတာ မြေပုံမဆွဲခင် မင်းတို့ စိတ်ပျက်အားလျော့သွားမှာစိုးလို့ ဆရာမက ကြိုမပြောခဲ့တာ။ ဒါပေမယ့် ဆရာမက ဆုချမယ် ဆိုတဲ့အတိုင်း ဆုချမှာပါ။ အလှဆုံး မြေပုံဆွဲနိုင်သူကို အရုပ်ကလေးအစား ဆရာမက ပိုက်ဆံသုံးထောင် ဆုချမယ်။ ”
ဘယ်လို .. အရုပ်ကလေးအစား ဆရာမက ပိုက်ဆံ သုံးထောင် ဆုချမယ်တဲ့။
အဲသည်နောက်တော့ ဆရာမ ပြောနေတဲ့ စကားတွေကို ချစ်မိုးစွေ မကြားရတော့ဘူး။ အတန်းရှေ့မှာ ဆုထွက်ယူနေတဲ့ ပြည့်စုံစံကိုလည်း သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ တစ်ခန်းလုံး လက်ခုပ်တီးတော့လည်း ချစ်မိုးစွေ လိုက်မတီးမိဘူး။
ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်တွေနဲ့ ရုတ်ချည်း ဆို့ကြပ်လာတယ်။ သတိမထားလိုက်မိခင်မှာပဲ ပူနွေးတဲ့ မျက်ရည်တွေက ပါးပြင်တစ်လျှောက် စီးကျလာကြပြီ။ အခုတော့ ပိုက်ဆံ သုံးထောင်ရတာချင်း အတူတူ အလှဆုံးမြေပုံလေးရဲ့ ပိုင်ရှင်ဟာ ပြည့်စုံစံ ဖြစ်သွားရပြီ။ ပြီးတော့ “ ပြည့်စုံစံလို ငါ မချမ်းသာပေမယ့် စာမှာ သူ့ထက် တော်စေရမယ်။ ငါ့ကို စောင့်ကြည့်နေ ” ဆိုတဲ့ စကားတွေလည်း အလကား ဖြစ်သွားခဲ့ရပြီ။ ကံတရားက ဘာကြောင့်များ ငါ့ကို ကစားရက်တာလဲ။ မြေနိမ့်ရာ လှံစိုက်တတ်တဲ့ သူတွေထဲမှာ ကံကြမ္မာပါ ပါနေခဲ့ပြီလား။
ငါ.. ငါမှားသွားပြီလား ။ ငါက တကယ်ပဲ ငွေသိပ်မက်တဲ့ ကောင်မလား။ ငါ့အမေကို ချစ်လို့ မြေပုံလေးကို ပိုက်ဆံနဲ့ လဲလိုက်မိတာပါ။
တွေးလေလေ မျက်ရည်တွေ မဆည်နိုင်လေလေ ဖြစ်ရတယ်။ ဟန်မဆောင်နိုင်တော့တဲ့အဆုံး အိမ်သာဖက် ထွက်သွားပြီး ယူကျုံးမရ ငိုကြွေးနေခဲ့မိတယ်။
၆။
ညနေ အိမ်ပြန်ရောက်တော့ အမေက အိပ်ရာထဲမှာ လှဲနေတယ်။
“ အမေ .. ”
တိုးတိုးလေး ခေါ်ကြည့်လိုက်တော့ အမေက မှိန်းနေရာကနေ မျက်လုံးလေး ဖွင့်ကြည့်တယ်။
“ အမေ့အတွက် ”
ပိုက်ဆံသုံးထောင်ကို အမေ့လက်ထဲ ထည့်ပေးလိုက်တော့ အမေက တအံ့တသြ ဖြစ်သွားတယ်။
“ သမီး.. ဘယ်က ရလာခဲ့တာလဲ။ ”
“ သမီး ဆွဲတဲ့ မြေပုံလေးက အတန်းထဲမှာ အလှဆုံးမို့လို့ ဆရာမက ဆုချလိုက်တာပါ အမေ။ ”
တစ်နေ့လည်လုံး ကျောင်းမှာ လေ့ကျင့်လာတဲ့ စကားက အမေ့ရှေ့မှာ အခက်အခဲမရှိ၊ တုန်ယင်ခြင်းမရှိဘဲ ရှောရှောရှုရှု ပြောထွက်သွားတယ်။
“ အမေ့ သမီးလေးက တော်လိုက်တာ။ ”
အမေ့ချီးကျူးစကားက ချစ်မိုးစွေနားထဲကို ချိုမြိန်စွာ ပြီးတော့ ခါးသက်စွာနဲ့ ဝင်ရောက်လာခဲ့တယ်။
“ သမီးတို့ မနက်ဖန် ဆေးခန်းသွားကြရအောင်နော် .. အခုလောလောဆယ် ချွေးထွက်ပြီး အပူကျသွားအောင် စောင်လေးခြုံပြီး အမေ အိပ်နေနော်.. ”
၇။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အမေ့ကို ငေးနေမိရင်း နာကျင်နေတဲ့ နှလုံးသားထဲက စကားသံတွေဟာ ရင်ထဲမှာသာ တီးတိုးလွင့်ပျံနေတော့တယ်။
“ အရင်တုန်းက ကျောင်းကနေ သမီး ယူယူလာတဲ့ စာအုပ်တွေနဲ့ပတ်သက်ရင် အမေ့ကို အမြဲတမ်း ညာနေခဲ့မိတာ မှန်ပေမယ့် ဒီတစ်ခါတော့ သမီး အမေ့ကို ညာနေမိတာလား၊ အမှန်ပြောနေမိတာလားဆိုတာ သမီးကိုယ်တိုင်တောင် မဝေခွဲတတ်တော့ပါဘူး အမေရယ်။ ”
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...