Tuesday, August 12, 2014

မောင် ----- ကျမ သွားနှင့် ပြီနော်


မောင်ရေ ညကလေ မိုးတွေ လေတွေ သည်းလိုက်တာ။ မောင်နဲ့ ကျမ တစ်ထည် တည်းသော စောင်ကြမ်းကို ရစ်ပတ်လို့ အနွေးဓာတ်လေး ရအောင် လုပ်နေ ရတယ်။
မိုးကလဲ သည်းပါ့ရှင်။ ၁၂ ပေ ပတ်လည် လောက်သာ ကျယ်တဲ့ တောင်ကမ်းပါးမှာ ခိုကပ် ဆောက်ထားတဲ့ တဲမှာ မိုးထားတဲ့ တာပေါ်လင်စ ကလဲ မိုးရေတွေ တစ်စိမ့်စိမ့် ၀င်နေ တယ်လေ။
ကာထားတဲ့ တာပေါ်လင် စကလဲ လေအဝှေ့မှာ မလုံ ပါလား မောင်ရယ်။ အောက်က ခင်းထားတဲ့ ခပ်ကျဲကျဲ ၀ါးခြမ်းပြား လေးတွေ ကြားထဲက စိမ့်သက်သက် လေအေး ခပ်ကြမ်းကြမ်းက ပိုဆိုးတယ် မောင်ရယ်။ အရိုးကွဲ လောက်အောင် အေးမြ တာဘဲ မောင်ရယ်။
ဒါပေမယ့်လေ မောင့်ရင်ခွင် ထဲမှာ တစ်ညတာ အနွေးဓာတ် ခိုလှုံခွင့် ရတာကိုက အတော် နွေးထွေး နေပါပြီ မောင်ရယ်။ မိုးရာသီ ဆိုတော့ ကျမတို့မှီခို နေတဲ့ ကျိုက်ထီးရိုး တောင်ပေါ်ကို ဘုရားဖူး တွေလဲ သိပ်မလာ ကြတော့ ဘူးလေ။ ခရီးသည် မလာတော့ ကုန်စည် စလွယ်တွေ ပင်ပင်ပန်းပန်း ထမ်းပိုးမှ ထမင်း နပ်မှန်အောင် စားရတဲ့ ကျမတို့ လင်မယား နှစ်ယောက် စားရတချည် ငတ်တလှဲ့ တစ်ခါနဲ့ နေရတော့ မှာပေါ့။
ဒီမနက်လဲ မောင်လေ အထမ်းလေး ရလို ရငြား တောင်ပေါ်တက် စောစော တက်သွားတာ ပြန်မလာ သေးပါလားမောင်ရယ်။ ကျမလေ မနက်က ထမင်းချက်ဖို့ ထကြည့်တော့ မိုးရေတွေ စိုနေတဲ့ ဆန်လေး ၁ ဗူး သာသာလောက် တွေ့တယ်မောင်။ မောင်ပြန်လာရင် စားဖို့ ချက်ထားလိုက်မယ် စိတ်ကူးတော့ ထင်းတွေက ရေစို နေတယ် မောင်ရယ်။
ကျမကို အလုပ် မသွားခင် မောင်မှာ ခဲ့တာက ပြန်ရင် တောင်ပေါ်က ထမင်းထုပ် ယူခဲ့ မယ်တဲ့။ တစ်ခါတစ်လေ သူဝယ်လာ တတ်သလို ဘုန်းကြီး ကျောင်းက တောင်းလာတဲ့ အခါလဲ ရှိတာပေါ့။ ကျမ စောင့်နေ မယ်နော်လို့ ခပ်ရွံ့ရွံ့ ပြောလိုက်မိတယ် သိလားမောင်။ ကျမလေ မိဘ တွေနဲ့ နေတဲ့ အချိန် တွေကို ပြန်သတိ ရတယ်။ ကျမ မိဘ တွေလဲ ဒီဘုရားကို မှီပြီး ဈေးရောင်း စားနေ ရတာလေ။
မောင်နဲ့ တွေ့ပြီးမှ တစ်အိုး တစ်အိမ် ထူမယ် ဆိုပြီး မောင့်မျက်နှာ တစ်ရွာ ထင်လိုက် လာတာပါ မောင်ရယ်။
မောင်ရေ ကျမလေ မောင့်ကို တဲထဲမှာ မျှော်နေတုန်း တဲစုတ်လေး တစ်ချက် ယိမ်းယိုင် သွားတယ် သိလား။ အရင်တုန်း ကလဲ ဒီလိုဘဲ ယိမ်းယိုင် ဘူးတယ်လေ။ လေကြမ်းကြမ်း တိုက်ရင် ဖြစ်တတ် ပါတယ်။ ကျမ မကြောက် ပါဘူးမောင်။
ရင်ထဲမှာ အေးခနဲ တစ်ချက် ဖြစ်သွားပြီး ကျမအပေါ်ကို လေးလံတဲ့ အရာတွေ လာဖိနေတယ် မောင်။ ကျမ အားကုန် ရုန်းလဲ မရဘူး။ အော်လို့လဲ အသံ မထွက်ဘူး မောင်ရယ်။ ကယ်ပါအုန်း။ အသက် ရှုလို့လဲ မရ တော့ဘူး။ ရင်တွေ မွန်းကြပ် လာပြီမောင်။ မျက်စိ ထဲမှာ ကြယ်တွေ လင်းလက် သွားတဲ့ နောက်မှာ ကျမလေ ပေါ့ပါး သွားတယ်။ ကျမ ဘေးမှာလဲ တဲပျက်လေးက ရွှံ့တွေနဲ့ ဖုံးနေတယ်။ ကျမ ဘာဖြစ် သွားလဲ မသိဘူး မောင်။
ဟော ပြောရင်းနဲ့ အနားက တဲတွေက လူတွေ ကျမဆီ လာနေ ကြတယ်။ အာ -- လူကို မမြင် ဘူးလား မသိပါဘူး ကျမ နာမည်ကို အော်ခေါ်ပြီး တဲအောက်က မြေကြီးကို တူးနေ ကြတယ်။ အော် ဒါနဲ့ မောင် ကျမကို ခေါ်နေကျ ဖြစ်တဲ့ မိန်းမ ရေလို့ မဟုတ်ဘူး မောင်ရေ။ မကြူရေ။ ကြူကြူရေ၊ ကြူကြူသင်းရေး လို့ ခေါ်နေ ကြတာ မောင်ရဲ့။ ကျမက ငါ ဒီမှာရှိတယ်လို့ ပြောလဲ သူတို့ အရေးမလုပ်ကြဘူးမောင်။
ကျမ မောင့်ကိုဘဲ မျှော်နေမိတာ။ မျှော်ရင်းနဲ့ မောင် တောင်ပေါ်ကနေ ပြေးဆင်း လာတာ အမောဘဲ။ ချွေးတွေ ထွက်နေ ပါလား မောင်ရယ်။ ကျမ ကိုလဲ အော်ခေါ် လာတယ်။ ကျမ ကြားပါတယ် မောင်ရယ်။ ဒီလောက်လဲ မအော်ပါနဲ့။ ကျမလေ မောင့်အနား ပြေးသွားပြီး ချွေးတွေ လဲကျလို့ ပေါက်ပြဲ နေတဲ့ ဒဏ်ရာက သွေးတွေကို သုတ်ပေးတယ်။
ဘုရားရေး ကျမ မောင့်ကို ကိုင်လို့ ထိလို့ မရပါလား။ မောင်ရယ် ကျမ ဘာဖြစ် နေတာလဲ ပြောပေး ပါအုန်း။ ကျမ အသံကိုလဲ မကြားကြ ပါလား။ လူတွေ တွေ့ပြီလို့ အော်သံကြားလို့ ကျမ သူတို့ ကြားထဲ တိုးဝှေ့ ကြည့်လိုက် မိတယ်။
လောကကြီး ပြောင်းပြန် မှောက်ခုံ ဖြစ်သွား ရပြီမောင်။ သူတို့ သယ်ထုတ် လာတာ ကျမရှင့် ကျမ။ ကျမ မိကြူ စစ်စစ်ပါရှင် မြေကြီး အောက်က ဆွဲထုတ် လာတာ။ ခေါင်းလဲ ပြားနေ တယ်ရှင်။ ဒါဆို ကျမ သေပြီ ပေါ့နော်။
ဟုတ်တယ်။ ကျမ သေခဲ့ ပါပြီ ဆိုတာ ခု လက်ခံ လိုက်ပါပြီမောင်။ ကျမလေ မသေခင် လေးမှာ မောင့် ရင်ခွင်ရဲ့ နွေးထွေး မှုကို ရခဲ့ပါပြီ။ ဒီလောက် ဆင်းရဲတွင်း နက်တဲ့ ဘ၀ ကနေ ကျမ အရင် သွားနှင့်ပြီ မောင်ရေ။ ကျမ သွားနှင့်ပြီ။ ကံမကုန်ရင် ပြန်ဆုံ ကြမယ်နော် မောင်။
မှတ်ချက် -
5.8.2014 ရက် ၀၈း ၃၀ တွင် ကျိုက်ထီးရိုး တောင်တန်းတွင် မြေပြို သဖြင့် သေဆုံး ခဲ့သော လူဆင်းရဲ မယား တစ်ယောက်အား ခံစား ရေးဖွဲ့ ပါသည်။
ပုံ- မကြူကြူသင်းအလောင်းအား ရှာဖွေတွေ့ ရှိစဉ် ။
မောင်နှင်းမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...