Saturday, August 9, 2014

သတိ မမေ့ပါနဲ့´´


မိမိအသက်ဆယ်နှစ်အရွယ်မှာ ကိုရင်ဝတ်ပြီး ပရိယတ္တိစာပေများ သင်ယူလေ့လာရန်အတွက် ရွာကနေ စာသင် တိုက်ကို အလာမှာ စစ်ကိုင်းမြို့ဝင်ဧရိယာထဲ ၀င်ရောက်ခါနီးတော့ အစိမ်းရောင်သစ်ပင်အုပ်ကြား ထဲက ထိုး ထွက်နေတဲ့ ဖြူဖြူဖွေးဖွေး လုံးလုံးဝန်းဝန်းနဲ့ စေတီတော်ကြီးတစ်ဆူကို မြင်လိုက်ရပါတယ်။ မိမိကို စာသင်ဖို့ရန် တာဝန်ခံခေါ်ဆောင်လာတဲ့ ဦးဂန္ဓမာ(သီရိပ၀ရ)က ``ကိုရင်ပေါက်စ အဲဒီဘုရားရဲ့ နာမည်ကို သိလား´´လို့ မေးပါတယ်။ မိမိကလည်း ``ရွှေတိဂုံလား´´ လို့ ရမ်းတုတ်ပြီး ပြန်မေးလိုက်တော့ ``မဟုတ်ဘူး။ ကောင်းမှု့ တော်လို့ခေါ်တယ်´´လို့ ဦးဂန္ဓမာက ပြန်ပြောပါတယ်။ ကောင်းမှု့တော်ဆိုတဲ့ နာမည်ကို မိမိအသက်ဆယ်နှစ် သားအရွယ်မှာ စတင်သိကျွမ်းခဲ့ရတာပါ။

စစ်ကိုင်းမြို့ရဲ့ အထင်ကရဖြစ်တဲ့ ရာဇမဏိစူဠာကောင်းမှု့တော်ကြီးကို တည်ထားသူကိုးကွယ်သူကတော့ ထမင်းရည်တွေကို ကလေးငယ်တွေမတိုက်ပဲ မြေကြီးပေါ် ငှဲ့ပစ်တဲ့ အမျိုးသမီးတစ်ဦးကို ဆုံးမခဲ့တဲ့၊ မြန်မာနိုင်ငံ တော်ရဲ့ တိုင်းပြုပြည်ပြု မင်းကောင်းမင်းမြတ်စာရင်းထဲမှာ ပါဝင်တဲ့ သာလွန်မင်းတရားကြီးဖြစ်ပါ တယ်။ မြန်မာ့ ရာဇ၀င်ကို ပြန်လှန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် သာလွန်မင်းတရားကြီးဟာ အပြောချိုချိုသုံးနှုန်းပြီး နှုတ်ရေး အားဖြင့် ပြည်သူလူထုကို စည်းရုံးခဲ့ပြီးတော၊့ စည်းရုံရေးဆင်းစဉ်က ပြည်သူလူထုကို ပေးခဲ့တဲ့ကတိစကားတွေ ကိုလည်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ပါတယ်။ နိုင်ငံတော်ကိုလည်း သူ့ခေတ်သူ့အခါတုန်းက ခေတ်နဲ့အညီ အဘက်ဘက်က ဖွင့်ဖြိုးတိုးတက်အောင် အကောင်း ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါတယ်။
သာလွန်မင်းတရားကြီးဟာ ညောင်ရမ်းမင်းဆက်မှာ စတုတ္ထမြောက်ဘုရင်ဖြစ်ပါတယ်။ ညောင်ရမ်းမင်းတရားကြီး နဲ့ မိဖုရားခေါင်းကြီးက မွေးဖွားခဲ့တဲ့ သားလတ်တစ်ဦးဖြစ်ပါတယ်။ ညောင်ရမ်းမင်းတရားကြီးက ဘုရင့်နောင်မင်း တရားကြီး သားတော်ဖြစ်ဖြစ်ပါတယ်။ ဒါကြောင့် သာလွန်မင်းတရားကြီးဟာ ဘုရင့်နောင်မင်းတရားကြီးရဲ့ မြေး ရင်းချာတစ်ဦးဖြစ်ပါတယ်။ ဘိုးတော်ဘုရင့်နောင်မင်းတရားကြီးလက်ထက်ကစလို့ သူ့နန်းတက်သည့် အစောပိုင် ကာလတိုင်အောင် ပြည်တွင်းပြည်ပစစ်ပွဲတွေ တခြိမ်းခြိမ်းကျင်းပနေရတာကြောင့် တိုင်းပြည်ဟာ အတော်လေး ကို ယိုယွင်းနေပါတယ်။ စစ်ပွဲတွေကြောင့် လူဦးရေယုတ်လျော့ခြင်း စိုက်ပျိုးရေး လူမှုရေး ကျန်းမာရေး စီးပွားရေး စသဖြင့် ယိုယွင်းကုန်ပါတယ်။ ဒီယိုယွင်းနေတာတွေကို သာလွန်မင်းတရားကြီးက သိမြင်ပါတယ်။
ဒါကြောင့် သက္ကရာဇ်၉၉၉ခုနှစ်မှာ နိုင်ငံတော်လူဦးရေ အိမ်ခြေယာခြေ မြေအကျယ်အ၀န်း ထွက်ရှိသည့်သီးနှံ ပြည်သူပြည်သားတွေရဲ့ စီးပွားရေးအခြေအနေနဲ့ ပေးဆောင်ဆက်သနေရသည့် အခွန်အခတွေကို စစ်တမ်း ကောက်ယူပါတယ်။ လူဦးရေစာရင်း ကောက်ယူပြီးတဲ့နောက်မှာ ယောကျာင်္းမိန်းမ ကလေး လူပျိုအပျို မုဆိုဖို မုဆိုးမစာရင်းကို အတိအကျ ကောက်ယူစေပြန်ပါတယ်။
စစ်တမ်းကောက်ယူပြီးတဲ့နောက်မှာ ``ငါဘုရင်မင်းမြတ်၏ နိုင်ငံတော်အတွင်းတွင် လစ်လပ်နေသည့် အိမ် ထောင်ပျက်မုဆိုးဖို မုဆိုးမများကို သင့်လျော်ရာအိမ်ထောင်ချရမည်။ အရွယ်ရောက်သော သားပျိုသမီးပျိုများ ကို မိဘအုပ်ထိန်းသူတို့က ထိမ်းမြားပေးကြရမည်။ မထိမ်းမြားပေးလျှင် လေလွင့်တတ်သည်။ ဤသို့အလစ်အ လပ် မရှိကြမှသာလျှင် လူဦးရေတိုးလိမ့်မည်။´´ ဆိုပြီး လူဦးရေတိုးတက်စေရန်အတွက် သာလွန်မင်းတရား ကြီးက အမိန့်တစ်ခုချမှတ်လိုက်ပါတယ်။
သာလွန်မင်းတရားကြီးဟာ လူဦးရေတိုးတက်စေရန် ဆောင်ရွက်ပေးခဲ့သလို စီးပွားရေးတိုးတက်စေရန်အတွက် လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုယ်ပိုင်လယ်ယာမရှိတဲ့သူတွေကို ကိုယ်ပိုင်လယ်ယာမြေရရှိအောင် ဆောင် ရွက်ပေးခဲ့ပါတယ်။ သီးနှံထွက်ကုန်များပြားရေး၊ နိုင်ငံတော်နဲ့တကွ ပြည်သူပြည်သားများ အသုံးအစွဲချွေတာရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးတို့ကို ကြပ်ကြပ်မတ်မတ်နဲ့ အကောင်ထည်ဖော် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်နေကြစဉ်မှာ အလုပ်အကိုင်မပျက်ရအောင် မင်းမိန့်နဲ့ တောင် ဆင့်မခေါ်ရဘူးလို့ အမိန့်တော်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေအားလုံး စိတ်အေးချမ်းသာစွာနဲ့ လယ်ယာလုပ်ငန်းခွင်ကို ၀င်ရောက်လုပ်ကိုင်နိုင်ကြတာကြောင့် သီးနှံထွက်ကုန်တွေ များပြားလာခဲ့ပါ တယ်။
သာလွန်မင်းတရားကြီးရဲ့ ကောင်းသောဂုဏ်ပုဒ်တွေဟာ အလွန်အင်မတန်မှကို များပြားလွန်းလှပါတယ်။ သာလွန်မင်းတရားကြီးရဲ့ ကောင်းသောဂုဏ်ပုဒ်တွေထဲမှာ ဘာသာတရားကို ဘုရားရှင်အလိုတော်ကျ ကိုးကွယ် ဆည်းကပ်ခဲ့ခြင်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုလည်း ပါဝင်ပါတယ်။
သက္ကရာဇ်(၁၀၀၉)ခုနှစ်မှာ အမြင့်မြို့စား သားတော်ရှင်တရုပ်က ပုန်ကန်ခြားနားတာကြောင့် သာလွန်မင်းတရား ကြီးဟာ နန်းတော်မှ တိမ်းခွါထွက်လာရင်း လေးထပ်ကျောင်းထဲသို့ ၀င်ပြေးခဲ့ပါတယ်။ သားတော်ရှင်တရုပ်နဲ့ သူ ပုန်ရဲမက်တွေက နောက်ကနေ လိုက်လာကြပါတယ်။
အဲဒီအချိန်မှာ လေးထပ်ကျောင်းဆရာတော်ကြီးနဲ့ စံကျောင်းဆရာတော်ကြီးတို့ အတူလမ်းလျှောက်ရင်း စကား ပြောနေခိုက်ဖြစ်ပါတယ်။ သာလွန်မင်းတရားကြီးက ``အကာအကွယ်ပေးတော်မူပါဘုရား´´လို့ လျှောက်ထား တဲ့အခါမှာ လေးထပ်ကျောင်းဆရာတော်ကြီးက ``ရဟန်းအလုပ်မဟုတ်´´လို့ ပြောပြီး နေမြဲနေပါတယ်။
စံကျောင်းဆရာတော်ကြီးကတော့ ရဟန်းသာမဏေတစ်ထောင်ခန့်ကို ရရာတုတ်တောင်ဝှေး ဆွဲကိုင်စေပြီး ``မည်သူ့ကိုမျှ လေးထပ်ကျောင်းအတွင်း ပေးမ၀င်နှင့်´´လို့ အမိန့်ထုတ်ပါတယ်။
သိပ်မကြာခင်မှာ စစ်သည်ရဲမက်များနဲ့ သာလွန်မင်းကို ဖမ်းဖို့ လေးထပ်ကျောင်းပေါက်ရောက်ရှိလာတဲ့ ရှင်တရုပ် ကို တုတ်တောင်ဝှေးကိုင်ဆွဲထားကြတဲ့ ရဟန်းတော်များက ကျောင်းတွင်းသို့ ၀င်ခွင့်မပေးကြပါဘူး။ ရှင်တရုပ်က လည်း `ရဟန်းသံဃာတော်များကို ရိုသေလေးမြတ်တာကြောင့် အတင်းအကြပ်မလုပ်တော့ပဲ´ ပြန်လှည့်ထွက် ခွါသွားပါတယ်။ နောက်ကာလမှာ သားတော်ပုန်ကန်မှုကို သာလွန်မင်းတရားကြီး နှိမ်နင်းနိုင်ပြီး နန်းပြန်ရပါ တယ်။
ဝိနည်းတော်အရ စံကျောင်းဆရာတော်ကြီးမှာ အာပါတ်မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာလွန်မင်းတရား ကြီးကို ကာကွယ်ပေးပေမယ့် သူပုန်ရှင်တရုပ်ရဲ့စစ်သည်ရဲမက် တစ်ဦးတစ်လေမှ မသတ်ဖြတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အာဏတ္တိပယောဂမပါသောကြောင့် အာပတ်ကလွတ်ပါတယ်။
နန်းပြန်ရပြီး ရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်တစ်ဝန်းရှိ ဆရာတော်ကြီးများကို နန်းတော်သို့ ဆွမ်းပင့်ကပ်ပြီး သံဃာတော်များကို ``လေးထပ်ကျောင်းဆရာတော်ကား ရဟန်းစစ်ဖြစ်၏။ စံကျောင်းဆရာတော်ကား စစ်သူ ကြီးဖြစ်ထိုက်၏။ စစ်တိုက်ခြင်းအမှု၌ လိမ္မာကျွမ်းကျင်၏။ လေးထပ်ကျောင်းဆရာတော်သည် သံသရာခရီးအ တွက် ဆရာဖြစ်၏။ စံကျောင်းဆရာတော်သည် ပစ္စုပ္ပန်ဘ၀အတွက် ဆရာဖြစ်၏´´လျှောက်ထားပါတယ်။ သူ့စ ကားအတိုင်းပဲ နန်းတွင်းမှာ အလှုလုပ်တဲ့အခါတိုင်း လေးထပ်ဆရာတော်ကြီးကို ပင့်ဖိတ်လှုဒါန်းပေမယ့် စံကျောင်းဆရာတော်ကြီးကိုတော့ မပင့်ဖိတ်မလှုဒါန်းပါဘူးတဲ့။ မကောင်းတတ်တာကြောင့် တစ်ခါတစ်ရံမှသာ ပင့်ဖိတ်လှုဒါန်းပါတယ်သတဲ့။
ပရိသတ်အလယ်ခေါင်မှာ ဒီလိုအပြောခံရပေမယ့် စံကျောင်းဆရာတော်ကြီးဟာ စိတ်ဆိုးအမျက်ထွက်ပြီး တစ်စုံ တစ်ရာ တုန့်ပြန်ပြောဆိုခဲ့တယ်လို့ မတွေ့ရပါဘူး။ စံကျောင်းဆရာတော်ကြီး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ ယူဆပြီး လုပ်ခဲ့သလို သည်းခံသင့် သည်းခံထိုက်တဲ့ စကားတွေကိုလည်း သည်းခံပါတယ်။ အကယ်၍ သည်းမခံ ပဲ တစ်စုံတစ်ရာ တုန့်ပြန်ခဲ့မယ်ဆိုရင် သမိုင်းမှာ အင်မတန်အရုပ်ဆိုး အကျည်းတန်စရာတွေ ဖြစ်ပေါ်နိုင်ခဲ့ပါ တယ်။ နောက်ပြီးတော့ စံကျောင်းဆရာတော်ကြီးဟာ သာလွန်မင်းကြီးကို ကာကွယ်ပေးရာမှာ တစ်စုံတစ်ရာ မျှော်လင့်ချက်မထားခဲ့ပဲ သာသနာတော်နဲ့ တိုင်းပြည်ကိုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ မင်းကောင်းမင်း မြတ်တစ်ပါးဖြစ်လို့ တိုင်းပြည်နဲ့သာသနာတော်ရဲ့ အကျိုးကိုငဲ့ကွက်ပြီးတော့ ကာကွယ်ပေးခဲ့တာလည်း ဖြစ်နိုင် ပါတယ်။ ကိုယ်ကျိုးစီးပွားတစ်စုံတစ်ရာကို မျှော်ကိုးပြီး ကယ်တင်ခဲ့တာဆိုရင်တော့ သာလွန်မင်းတရားကြီးရဲ့ အပြုအမူကို စံကျောင်းဆရာတော်ကြီးက တစ်စုံတစ်ရာတော့ တုန့်ပြန်ခဲ့မှာဖြစ်ပါတယ်။
မိမိမှာ နိုင်ငံတော်ကြီးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိပါပဲ ``ငါတို့တွေက အာဏာရှင်က နိုင်ငံရေးသမားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်ကွပ်နေချိန်မှာ ဘ၀နဲ့ရင်းပြီး နိုင်ငံရေးလုပ်ခဲ့ကြရတာ။ ကံကောင်းလို့ အသက်မသေပဲ ထောင်ကထွက်လာခဲ့နိုင်တာ။ ဒါကြောင့် ငါတို့တွေသာ နေရာနဲ့အခွင့်အရေးကို ရသင့်တယ်။ ငါတို့တွေက နိုင်ငံတော်အတွက် အသက်ပေးပြီး တိုက်ပွဲတွေဝင်လာခဲ့ရ တာ။ ကံကောင်းလို့ မသေပဲ ရှေ့တန်းက ပြန်လာနိုင်ခဲ့တာ။ ဒါကြောင့် ငါတို့တွေသာလျှင် နေရာနဲ့အခွင့်အရေး ကို ရသင့်တယ်´´လို့ မှားယွင်းစွာ တွေးထင်နေသူများအနေနဲ့ စံကျောင်းဆရာတော်ဘုရားကြီးကို နှလုံးသွင်းပြီး `ငါတို့တွေ ဘာအတွက် ဘ၀ကိုရင်းပြီး နိုင်ငံရေးလုပ်ခဲ့ကြတာလဲ။ ငါတို့တွေ ဘာအတွက် အသက်ကိုစွန့်လွှတ် ပြီး တိုက်ပွဲတွေဝင်ခဲ့ကြတာလဲ´လို့ လေးလေးနက်နက် ဆင်ခြင်စဉ်းစားစေချင်ပါတယ်။
``တချို့ကတော့ သည်းခံကြတယ်။ ဒါပေမယ့် မဟုတ်တာ အကုန်လုပ်တယ်။ တချို့က မဟုတ်တာ မမှန်တာ မလုပ်ဘူး။ ဒါပေမယ့် လုံးဝသည်းခံစိတ်မရှိဘူး။ ဒီလူနှစ်ဦးလုံး အောင်မြင်မှုမရနိုင်ဘူး။ အောင်မြင်မှုရချင်ရင် သည်းလည်းခံရမယ်။ မဟုတ်တာ မမှန်တာကိုလည်း မလုပ်ရဘူး´´လို့ တောင်ပုလုဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့ဘူးပါတယ်။
စံကျောင်းဆရာတော်ကြီးဟာ မဟုတ်တာမမှန်တာကိုလည်း မလုပ်သလို သည်းခံစိတ်လည်း ရှိခဲ့တာကြောင့် သမိုင်းမှာ နာမည်ဆိုးမကျန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ``တို့ကတော့ သူ့များအပေါ် မဟုတ်တာမမှန်တာ လည်း မလုပ်ဘူး။ ကိုယ့်အပေါ်ကို သူများက မဟုတ်တာမမှန်တာ လာလုပ်ရင်လည်း သည်းခံနေမှာမဟုတ် ဘူး´´ဆိုတဲ့ စိတ်နေသဘောထားလေးတွေကို စံကျောင်းဆရာတော်ကြီး အတုယူပြီး ပြုပြင်ကြဖို့ကောင်းပါ တယ်။
ကောဇာသက္ကရာဇ် ၁၀၂၃ခုနှစ်မှာတော့ တရုတ်စစ်သည်ရဲမက်များ မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့ကြပြီး အင်းဝနေပြည်တော်အနီး ရွှေကြက်ယက်နားတိုင်အောင် သိမ်းပိုက်နိုင်ခဲ့ပါ တယ်။ တရုတ်စစ်သည်ရဲမက်များဟာ လေးထပ်ဆရာတော်ကြီးနဲ့ စံကျောင်းဆရာတော်ကြီးတို့ကို သတ်ဖြတ်ပြီး လေးထပ်ကျောင်းကြီးကိုပါ မီးရှို့ပစ်ခဲ့ ကြပါတယ်။ အဲဒီနှစ်က ရဟန်းသံဃာအများအပြား တရုတ်စစ်သည်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ ရသလို ကျောင်းကန်ဘုရားအများအပြားလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
မိမိတို့နိုင်ငံသားအချင်းချင်း စစ်ပွဲတွေတခြိမ်းခြိမ်း ကျင်းပနေပြီး လူမျိုးရေး ဘာသာရေးခွဲခြားပြီး ရန်ဖြစ်နေကြ မယ်ဆိုရင် မိမိတို့နိုင်ငံတော်ကြီး အဘက်ဘက်က ယိုးယွင်းပျက်စီးသွားပြီး တိုင်းတပါးရဲ့ ၀င်ရောက်ကျူးကျော် တိုက်ခိုက်မှုအောက်မှာ မလွဲမသွေ ကျဆုံးသွားကြရမယ်ဆိုတာကို မမေ့စေချင်ပါဘူး။
သတ္တ၀ါတိုင်းဟာ သေလွန်သွားတဲ့ အခါမှာတော့ ကောင်းသောဂုဏ်သတင်းနဲ့ မကောင်းသောဂုဏ်သတင်းမျှ သာ ကြွင်းကျန်ခဲ့ကြပါတယ်။ ကောင်းတဲ့ဂုဏ်သတင်းကို ချန်ခဲ့မှာလား မကောင်းသောဂုဏ်သတင်းကို ချန်ခဲ့မှာ လားဆိုတာကိုတော့ သတ္တ၀ါတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ပဲ လိုပါတယ်။ မတရားသောနည်းနဲ့ဖြစ်စေ တရားသောနည်းနဲ့ဖြစ် မိမိရှာဖွေခဲ့တဲ့ စည်းစိမ်ဥစ္စာတွေကတော့ ကျန်ခဲ့သူတွေ သုံးဖြုန်းဖို့ထားခဲ့ရမှာပါ။ မိမိယူသွားရမှာတော့ အကုသိုလ်နဲ့ကုသိုလ်ပဲဖြစ်ပါတယ်။

(မိုးသု-မန္တလေး)
8.8.2014 ထုတ် The Voice Daily ပါ ဆောင်းပါး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...