Saturday, August 9, 2014

ရွာတွင်းဖြစ် (၃)

ရွာမှာ ဖုန်းလိုင်းက မမိ၊ အင်တာနက်ဆို ဝေးလာဝေးဆိုတော့... ရက်နှစ်ဆယ်လောက်နေတုန်း ပျင်းပျင်းရှိရင် (ရန်ကုန်ကအတူပါလာတဲ့) နှစ်ကောင်နဲ့ပဲ တပူးတွဲတွဲ စလိုက်နောက်လိုက် အချိန်ဖြုန်းရတယ်။
သူတို့နဲ့ စတာနောက်တာကလည်း တစ်ခြားအကြောင်းတွေထက် နောက်ဆုံးတော့... သူတို့အစ်မကြီး၊ အခုတော့တစ်ရွာတစ်ကျီမှာ ကလေးအမေ ဖြစ်နေရှာတဲ့တစ်ယောက် အကြောင်းပဲ ရောက်ရောက် သွားတာပါပဲ။
ဟိုတုန်းက ကျွန်တော်နဲ့ ဘယ်နေရာမှာ ဘာကြီးဖြစ်ခဲ့တာဆိုဆိုပြီး သူတို့ရှေ့မှာ စားမြုံ့ပြန်ပြတာပေါ့။
ကျွန်တော် အဲဒီလို စားမြုံ့ပြန်ပြရင် ဒီကောင်တွေကလည်း ကျွန်တော့်ကို ပြန်ပြန်ခြိမ်းခြောက်ချင်တယ်။ "သွေးကြွေးဆပ်မယ်"ဆိုဆိုပြီး။ (ကျွန်တော့်မှာလည်း တူမတစ်ချို့ ရှိတယ်လေ။)

အဲလိုနေကြတုန်း တစ်နေ့တော့ နှစ်ကောင်ထဲက အငယ်ကောင် မြို့ပေါ်ခဏသွားဖို့ (စာကြည့်တိုက်စားပွဲတွေ သွားဝယ်ဖို့) ကြုံလာတယ်။ အဲဒီမှာ ကျွန်တော်လည်း ဒီကောင့်နဲ့ ကြုံတုန်း ကျွန်တော့်ဖုန်းပေးပြီး... “ရော့.. ဆက်ချင်ရာ ဆက်၊ အင်တာနက်လည်း တစ်နာရီလောက် ဖွင့်ထား” ဆိုပြီး ထည့်ပေးလိုက်တယ်။
ညနေစောင်း... ဒီကောင် မြို့ပေါ်က ပြန်လာလို့ ဖုန်းဖွင့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း ဖေ့စ်ဘွခ်မှာ News Feed တွေ တက်နေတယ်လေ။ ရက်အတော်ကြာ မဖတ်ရတဲ့ သတင်းအသစ်၊ စာအသစ်တွေ တွေ့ရတော့ ၀မ်းသာတာပေါ့။ ။
အဲ... ဒါပေမဲ့... ကျွန်တော် ၀မ်းသာတာ သိပ်တော့ မကြာလိုက်ဘူး။ မက်ဆင်ဂျာလည်း ဖွင့်ကြည့်လိုက်ရော... အီလည်လည် ခံစားလိုက်ရတော့တာပဲ။ ဒီအစ်မ(မ)ပေးလေးက ကျွန်တော့်အကောင့်နဲ့ မက်ဆင်ဂျာထဲ ၀င်ပြီး FBက သူငယ်ချင်းမတစ်ယောက်ကို သွားကျူထားပါရောလား...။ လွမ်းတယ်...တို့။ ချစ်တယ်... တို့လည်း ပါတယ်။
တစ်ဘက်ကအမျိုးသမီးကတော့ ကျွန်တော်အစစ် မဟုတ်မှန်း တန်းရိပ်မိပါတယ်...။ (ရေးတဲ့လေသံလည်း မတူ၊ ပြီး ကျွန်တော်က လူရိုး၊ ဒီလို အီစီကလီတွေ မပြောတတ်မှန်း သိတယ်... အဟမ်း။) ဆိုတော့ ဒီကောင်နဲ့ ဆက်မပြောတော့ဘူး။
အဲဒီ့မက်ဆေ့တွေ ဖတ်ပြီး ကျွန်တော်ကတော့ အီလည်လည် ဖြစ်တာပေါ့။ (ဒီကောင်က ဖုန်းသာ ကျွန်တော့်လက်ထဲ ပြန်ထည့်ပေးတာ။ ဒီကိစ္စတော့ ဘာမှ သတင်းမပို့ဘူး)။
အဲဒါနဲ့... မက်ဆက်ဂျာဖွင့်ပြီးလို့ သိသိချင်း ဒီကောင်ကို ဟောက်တယ်။
“မင်းကွာ...အတော် အသုံးမကျတဲ့ကောင်....၊ မင်းဝါသနာနဲ့ မင်း လုပ်ထားခဲ့တာ၊ အခု ငါပဲ တာဝန်ယူဖြေရှင်းရတော့မယ်...” ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောနေတုန်း ဒီကောင်က... ပြုံးဖြီးဖြီးနဲ့ ကျွန်တော့်ကို တောင်းပန်တယ်...။
“ဆောရီးဗျာ၊ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး။ သွေးကြွေးဆပ်မယ်ဆိုပြီး သွားစမိတာ” တဲ့။
သူ အဲလို အကြောင်းပြမှ ကျွန်တော်လည်း ပိုတင်းလာပြီး ဒီကောင့်ကို ဆက်ပြီး ဟောက်ပစ်လိုက်တယ်..။
“မင်းကွာ... အတော် အသုံးမကျတဲ့ကောင်... တောက်...
အဖြေပါ တစ်ခါတည်း တောင်းလာခဲ့တာ မဟုတ်ဘူး...ငါ့ခွီး"။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...