Saturday, August 2, 2014

“အချောင်သမားဝါဒနဲ့ ကိုအောင်ဆန်းပြောတဲ့ ကျောင်းသားထုဝတ္တရား”

ပြီးခဲ့တဲ့အပတ်က ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်ကကျောင်းသားတွေ လွှတ်တော်လေ့လာရေးသွားရောက်ရာမှာ အမေစုနဲ့တွေ့ဆုံခွင့်ရတော့ အမေစုက ‘သားတို့ကျောင်းသားအရေးချည်းပဲမလုပ်ပါနဲ့ ။ကျောင်းသားမှန်ရင်နိုင်ငံရေးလုပ်ကိုလုပ်သင့်တယ်။ ဒါကြောင့်နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့ကြိုးစားကြပါ’လို့မှာလိုက်တယ်လို့ အဲဒီကျောင်းသားတွေ ဆီကနေတဆင့်စကားတဆင့်နားနဲ့ပြန်ကြားခဲ့ရပါတယ်။ ဒါကြောင့်`ယောကျာ်းကလဲ လိုချင်သေး၊ ဟိုဟာကလဲကြောက်သေး’ဆိုတဲ့စကားလို သမဂ္ဂအလံတော်အရှိန်နဲ့လူရာတော့ဝင်ချင်ပြီး အာဏာပိုင်ငြိုငြင်မှာ၊ထောင်ကျမှာကြောက်ကြသူ လစ်ဘရယ်ယောင်ယောင် ဘာယောင်ယောင်ကျောင်းသားများနဲ့ ပတ်သက်ပြီးပြောစရာစကားတချို့ရှိလာပါတယ်။ ဒီအချက်တွေက အခုမှမြင်လာတာလားဆိုတော့လဲမဟုတ်ပါဘူး။ အရင်ကတည်းကမြင်နေတွေ့နေရပေမယ့်ကျောင်းသားထုညီညွတ်ရေးကိုရှေ့ရှုပြီး မပြောသင့်သေးဘူးထင်လို့မပြောတာပါ။
အခုတော့လူထုခေါင်းဆောင် အမေစုကိုယ်တိုင် ကထောက်ပြပြောဆိုလာရပြီဆိုတော့ပြောသင့်တဲ့ အချိန်ကျပြီထင်လို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရ ပါတော့မယ်။ ဒါကလဲနိုင်ငံနဲ့ပြည်သူအတွက် အနာဂါတ်ကောင်းစေလိုတဲ့စေတနာနဲ့ပြောတာဖြစ်လို့ ဘယ်သူမုန်းမုန်းအမုန်းခံဖို့အသင့်ပါပဲ။ ကုန်လွန်ခဲ့တဲ့၂၀၁၀ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ကာလ အစိုးရသစ်ရဲ့ အခြေအနေမှန်ကို ခန့်မှန်းလို့မရခင်နိုင်ငံရေးကိုမြေစမ်းခရမ်းပျိုးသလို အရဲစွန့်လုပ်ကိုင်ရစဉ် အခါ တုန်းကတော့ တကယ်လဲစွန့်လွှတ်ရဲတဲ့ကျောင်းသားတချို့သာကျောင်းသားသမဂ္ဂကို ရဲရဲရင့်ရင့် ဖွဲ့ခဲ့ကြပြီး အဲဒီကာလကဖွဲ့စည်းခဲ့ကြတဲ့ကျောင်းသားသမဂ္ဂတွေဟာ တနိုင်ငံလုံးမှာနယ်အလိုက် လက်ချိုးရေတွက်လို့ ရသလို အခုအချိန်ထိလဲတိုင်းပြည်နဲ့ လူထုအတွက် တတ်အားသရွေ့ကြိုးကြိုးစားစား လုပ်ဆောင်နေကြ ဆဲဖြစ်လို့ ဒီကာလကသမဂ္ဂများဟာစေတနာမှန်ပြီးနောက်လက်မပါ၊ နာမည်ကြီးလူရာ ဝင်ချင်တဲ့ရောဂါ မစွဲကပ်တဲ့ဖြူဖြူစင်စင်သမဂ္ဂတွေပါပဲ။ ဒါပေမယ့်၂၀၁၃ခုနှစ်နောက်ပိုင်းကာလမှာ ဦးသိန်းစိန်အစိုးရ ရဲ့ယောင်ပြဒီမိုကရေစီအောက်မှာ အနည်းငယ်လွတ်လပ်ခွင့်ရလာတဲ့ အခြေအနေမှာ ဗမာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက် နာမည်ကောင်းရခဲ့တဲ့`ကျောင်းသားသမဂ္ဂ’ ကိုနိုင်ငံရေးလုပ်စားသူတချို့ရဲ့ လူမွေးတဲ့`နောက်လိုက်မွေးထုတ်ရေး အစီအစဉ်’အရနိုင်ငံရေးစင်မြင့်ပေါ်မှာပြန်ပြီး ပွဲထုတ်လာကြပါတယ်။ ဒါကြောင့်နိုင်ငံရေးခံယူချက်မရှိ ၊နိုင်ငံရေးယုံကြည်ချက်နတ္ထိနဲ့ လူရာဝင်နာမည်ကြီးချင်တာ တခုတည်း သိသူကျောင်းသားလေးတွေကို အသုံးချပြီးချော့တခါမြှောက်တလှည့်နဲ့ အမည်ခံကျောင်းသား သမဂ္ဂတွေ ကိုဟောတခုဟောတခု ဆိုသလိုမိုးဦးကျပေါက်တဲ့မှိုပွင့်များ လိုဟိုမှဒီမှမွေးထုတ်ပျိုးထောင်အားပေးခဲ့ကြ ပါတယ်။ ဒီသမဂ္ဂတွေထဲကကျောင်းသားအများစုဟာ သမဂ္ဂမှာပါဝင်ပြီး လူရာလဲဝင်ချင်ကြပါတယ် ။နိုင်ငံရေးလုပ်ရမှာလဲကြောက်ကြပါတယ်။ ဒါကြောင့်သူတို့ရဲ့နိုင်ငံရေးလုပ်ရမှာကြောက်တဲ့စိတ်ကို လူသိမခံရဲလို့ စကားလုံးလှလှလေးနဲ့ကျောင်းသားကကျောင်းသားအရေးပဲ လုပ်ရမယ်နိုင်ငံရေး မလုပ်ရဘူးဆိုပြီး လူကြားကောင်းအောင်အော်နေကြတာပါ။ ပြီးတော့ကြောက်မယ့်သာကြောက်ကြတာပါ သမိုင်းကြီးတဲ့ ခွပ်ဒေါင်းအလံလေးကလဲကိုင်ချင်ကြသေးတယ်လေ။ ဒါကြောင့်သမဂ္ဂအလံ ကကျောင်းသား တိုင်းနဲ့ ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ်လေးကိုပါထည့်အော်လိုက်ကြပါသေးတယ်။ ယိုသူမရှက်မြင်သူရှက်ပေါ့ဗျာ။မြင်နေကြားနေရတာတွေ ကတော်တော်ရှက်ဖို့ကောင်းပါတယ် ။ရှေ့ကမျိုးဆက်ဟောင်းကြီးတွေကတော့ မျိုးဆက်သစ်ကျောင်းသားငယ်တွေပဲလေဆိုတဲ့ ခွင့်လွှတ်စိတ်နဲ့ မပြောကြရှာပါဘူး။ ဒါပေမယ့်ကျောင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှာစိုးတာကြောင့် ထုတ်ဖော် မပြောကြပေမယ့် မျိုးဆက်သစ်ကျောင်းသားတွေထဲမှာလဲ သူတို့အစားရှက်တဲ့သူကရှက်လာကြပါပြီ။ စစ်အာဏာရှင်အဆက်ဆက်ကကျောင်းသားလှုပ်ရှားမှုများ ကိုကြောက်ရွံ့လို့ဝါဒဖြန့်ချီခဲ့ကြတဲ့ ‘ကျောင်းသားကနိုင်ငံရေးနဲ့ဘာမှမဆိုင် ၊နိုင်ငံရေးဟာရှုပ်ထွေးပွေလိမ်လို့ဖြူစင်သူကျောင်းသားတွေနဲ့ လားလားမျှမသက်ဆိုင်၊ ဒါကြောင့်ကျောင်းသားများနိုင်ငံရေးမလုပ်ရ’ဆိုပြီး ၀ါဒဖြန့်ချီခဲ့ကြပါတယ်။ အပေါ်ယံကြည့်ရင်တော့ကျောင်းသားတွေ အပေါ်စေတနာထားလို့တားမြစ်ထား သယောင်ထင်ရပေမယ့် စစ်အာဏာရှင်တွေရဲ့တကယ့်စေတနာမှန်ကတော့ ၄င်းတို့မဟုတ်တာမမှန်တာလုပ်နေတာ မှန်သမျှ သာမာန်ပြည်သူ လူထုကမတွေးတတ်၊ မပြောတတ်ကြပေမယ့် ပညာတတ်လူတန်းစားကျောင်းသားများ ကတော့တွေးခေါ်မျှော်မြင်သိရှိပြီးခေတ်အဆက်ဆက် ကကျောင်းသားတွေရဲ့ထုံးစံအတိုင်း ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်ရဲ့မျက်နှာကိုမှမထောက်ထားပဲ လူထုကောင်းစားရေးအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို လာမှာကိုစိုးရွံ့တဲ့အတွက်ကြောင့်ကြိုတင်ထားဆီးတဲ့ အနေနဲ့ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မပေးခဲ့ ပဲကျောင်းသားနဲ့နိုင်ငံရေးကို ခွဲထုတ်ထားတဲ့လုပ်ရပ်သာလျှင်ဖြစ်ပါတယ်။ ဒီလိုအာဏာရှင် အဆက်ဆက် ရဲ့လက်သုံးစကားဟာ ယနေ့ခေတ်ကျောင်းသားသမဂ္ဂတချို့နဲ့ကျောင်းသားတချို့ရဲ့ပါးစပ်ထဲ မှာရောက်နေ တာကတော့တော်တော်လေး တုန်လှုပ်စရာကောင်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအယူအဆမျိုး ကိုကျောင်းသားအများစုကသာ မှားယွင်းလက်ခံကျင့်သုံးလာခဲ့ကြရင် ကျွန်တော်တို့နိုင်ငံရဲ့အနာဂါတ်ကလဲ အလားအလာမကောင်းနိုင်ပါဘူး။ ကိုလိုနီခေတ်ကနေပြီးလွတ်လပ်ရေးခေတ်၊ စစ်အာဏာရှင်ခေတ်စတဲ့ ဗမာ့နိုင်ငံရေးသမိုင်းစဉ်တလျှောက် တိုင်းပြည်ရဲ့တကယ့်အရေးပါတဲ့အချိုးအကွေ့ အလှည့်အပြောင်းတိုင်း မှာကျောင်းသားနဲ့သံဃာဟာတပ်ဦးက ဦးဆောင်ပါဝင်ခဲ့ကြတာချည်းပါပဲ။ ဒီမတူတဲ့လူတန်းစားနှစ်ခုမှာ တူညီကြတာတခုကတော့ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နိုင်ငံရေးဖြစ်စဉ်တိုင်းကိုပါဝင်ရာမှာ စိတ်စေတ နာဖြူစင်ကြပုံခြင်းကတော့ တူညီကြပါတယ်။ကျောင်းသားအရွယ်ဆိုတာ ပါတီထောင်ပြီးလွှတ်တော်အမတ် တက်လုပ်လို့မရသလို အစိုးရရာထူးများကိုလဲ ၀င်ရောက်တာဝန်ယူရမယ့် အရွယ်မဟုတ်ပါဘူး။ ထို့အတူပဲရဟန်းသံဃာများဟာလဲရာထူးယူ၊ လွှတ်တော်အမတ်ဝင်လုပ်လို့ရတာမဟုတ်ပါဘူး။ ဒါကြောင့်ကျောင်းသားနဲ့သံဃာများနိုင်ငံရေးဖြစ်စဉ်များမှာ ပါဝင်ခဲ့ကြခြင်းဟာ အာဏာလိုချင်လို့၊ ရာထူးရချင်လို့နိုင်ငံရေးလုပ်ခြင်းမဟုတ်ပဲ တိုင်းပြည်နဲ့လူထုအပေါ် တကယ်ချစ်တဲ့စေတနာမှန်နဲ့ ပါဝင်ကြတာဖြစ်တဲ့အတွက် အင်မတန်မှဖြူစင်မြင့်မြတ်လှပါတယ် ။နောက်တစ်ချက်ကတော့ အာဏာရှင်တွေ ၀ါဒဖြန့်ချီသလိုနိုင်ငံရေးဆိုတာ အလွန်ရှုပ်ထွေးပွေလီညစ်ပတ်တယ်ဆိုတာလဲ မဟုတ်မှန်ပါဘူး ။နိုင်ငံရေးဆိုတာတစ်တိုင်းပြည်လုံးမှာရှိတဲ့ အများပြည်သူငြိမ်းချမ်းဖို့ကောင်းစားဖို့ လုပ်တာဖြစ်တဲ့အတွက် အမှန်တကယ်ကောင်းမွန်တဲ့ပရဟိတ အလုပ်ဖြစ်ပြီးကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သူရေးတဲ့ဆောင်းပါးတပုဒ်မှာ ‘နိုင်ငံရေးဆိုတာ တကယ်စိတ်ထား တတ်ရင် ပရဟိတလုပ်ငန်းတွေထဲက အမြင့်ဆုံးသောပရဟိတအလုပ်ပါပဲ’လို့ ရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖွင့်ဆိုပြသွား ခဲ့ပါတယ်။ တကယ်တော့နိုင်ငံရေးဆိုတာအင်မတန်မြင့်မြတ်တဲ့ အလုပ်ဖြစ်ပြီးအများအကျိုးဆောင်ရွက်တဲ့ အလုပ်ဖြစ်လို့ဖြူစင်သန့်ရှင်းတဲ့လမ်းစဉ်ပါပဲ။ အဲဒီနိုင်ငံရေးကို အာဏာအတွက်၊ကိုယ်ကျိုးအတွက် အသုံးချလုပ်ဆောင်ကြတဲ့သူများကသာလျှင် ရှုပ်ထွေးပွေလီညစ်ပတ်သူများဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ကိုယ့်ပတ်ဝန်းကျင်ကွက်ကွက်လေးမှာသာ အကျိုးဆောင်နေတဲ့ပရဟိတသမား ဘ၀ကနေ အထက်ပါဗိုလ်ချုပ်အောင်ဆန်းရဲ့ဆောင်းပါးကြောင့်စေ့စေ့တွေးလေ ရှင်းရှင်းမြင်လေဆိုသ လိုနိုင်ငံရေးသမားလို့ ကိုယ့်ကိုကိုယ်ခံယူပြီး အမိမြေရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့ကြောက်စိတ်ကြောင့် အချောင်သမားဝါဒကို တွင်တွင်အော်နေသူကျောင်းသားအင်အားစုများဟာ ၎င်းတို့ကိုင်စွဲထားတဲ့မူဝါဒအပေါ်မှာလဲ ခိုင်ခိုင်မာမာရပ်တည်လုပ်ဆောင်ချက်မျိုးကိုမတွေ့ရပါဘူး။ တကယ်နိုင်ငံရေးမလုပ်ပဲကျောင်းသားအရေးပဲ ဦးစားပေးလုပ်မယ်ဆိုတဲ့ မူကလဲခိုင်မာသလားဆိုတော့မခိုင်မာပြန်ပါဘူး။ တပြည်လုံးကကျောင်းသားထုအခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေမှာအာဏာပိုင်နဲ့ ထိပ်တိုက်တွေ့ရမယ့် ကိစ္စမျိုးတွေမှာ မသိချင်ယောင်ဆောင်ပြီးလက်ရှောင်ကြပေမယ့် ကိုမင်းကိုနိုင်တို့၈၈မျိုးဆက်များ လိုနိုင်ငံရေးလောကမှာ နာမည်ကြီးပြီးသား အဖွဲ့အစည်းများ၊ပုဂ္ဂိုလ်များကရှေ့က ဦးဆောင် (cover) လုပ်မယ့်ကိစ္စမျိုး၊ အန္တရာယ်မရှိလောက်တဲ့၊ အာဏာရှင်မငြိုငြင်လောက်တဲ့၊ အဖမ်းမခံရတာသေချာလောက် တဲ့နိုင်ငံရေး ကိစ္စမျိုးမှာတော့ ထမီလုံချည်ကျွတ်မတတ် အတင်းတိုးဝှေ့ပြီးရဲရင့်တက်ကြွပြကြပြန်ပါရော ။ကျောင်းသားသမိုင်း၊ ဗမာ့နိုင်ငံရေးသမိုင်းများကို မသိလို့ရောပါနေတဲ့ကျောင်းသားများကို အပြစ်မတင် လိုပေမယ့် သိလျက်နဲ့မလိုက်နာသူများကတော့ ဘယာကတိကြောင့် မျိုးဆက်သစ်တွေကို လမ်းမှားရောက်အောင် ဦးဆောင်နေသူများဖြစ် လို့နောင်တစ်ချိန်သမိုင်းရဲ့ တရားခံဖြစ်မှာမလွဲပါဘူး။
ဟိုအရင်လွတ်လပ်ရေးကြိုးပမ်းစဉ်ကကျောင်းသားများရဲ့ အတွေးအခေါ်များမှာတော့ ယခုလို အချောင်သမားဝါဒ မကိန်းဝပ်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို မိမိနဲ့ဝါဒတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေနိုင်ငံရေးလုပ်တဲ့ကျောင်းသားမှန်သမျှ လက်တွဲခေါ်ဆောင် လမ်းညွှန်မှုပေးခဲ့ကြတဲ့ မျိုးဆက်ဟောင်းခေါင်းဆောင်ကြီးတွေ ရှိခဲ့ကြလို့ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့နာယကကြီးအဖြစ်ကျောင်းသားတွေရဲ့ရှေ့က ဦးဆောင်မှုပေးပြီးနိုင်ငံချစ်စိတ်ကြောင့်နိုင်ငံရေး လုပ်နေတဲ့ဘယ်ကျောင်းသားမဆို အဲဒီနိုင်ငံချစ်စိတ်ကိုပဲလေးစား တန်ဖိုးထားလို့ အတူပါဝင်လက်တွဲ လမ်းညွှန်ခဲ့တဲ့အတွက် အဲဒီခေတ်ကာလကကျောင်းသားများဟာ မူဝါဒရေးရာယိုင်နဲ့သွားခြင်းမရှိတဲ့အပြင် မိမိတို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ လွတ်လပ်ရေးရရှိဖို့ကို မျက်ခြေမပြတ် တစိုက်မတ်မတ် ဦးတည်လျှောက် လှမ်းနိုင်ခဲ့ကြတဲ့အတွက် ယနေ့ခေတ်ကာလလိုအချောင်သမားဝါဒ ၀င်ရောက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဒီနေ့ခေတ်ကာလကျောင်းသားမျိုးဆက်ဟောင်းနိုင်ငံရေးသမားကြီးများကတော့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းလို အာဏာရှင်နဲ့ပြည်သူကြားပြတ်သားတဲ့ မူဝါဒနဲ့ရပ်တည်မပေးတဲ့ အပြင်ကျောင်းသား မျိုးဆက်သစ်တွေအပေါ်မှာလဲ ကိုယ်ပြောသမျှ နာခံလိုက်နာမယ့်ပြောသမျှယုံ၊ လက်ညိုးထောင်ခေါင်းညိတ် တတ်တဲ့ အသိပညာနုံနဲ့ပြီးရပ်တည်ချက်မခိုင်မာတဲ့ အတွေးအခေါ်မရှိသူကျောင်းသားများကိုနောက်လိုက် အင်အားအဖြစ်လက်သပ်မွေးစည်းရုံးထားတာကိုတွေ့ရပါတယ်။ ဒါကြောင့်သာလျှင် ယနေ့ကျောင်းသားထုကြားမှာ အချောင်သမားဝါဒရှင်သန်ရပ်တည်နေနိုင်ခြင်း ပဲဖြစ်ပါ တယ်။၂၀၁၃၊၂၀၁၄ ခုနှစ် ကာလအတွင်း တကသ အမည်ခံဖွဲ့စည်းခဲ့ကြတဲ့ တက္ကသိုလ်အသီးသီးကကျောင်းသားသမဂ္ဂ အသီးသီးတွေထဲမှာ နယ်တက္ကသိုလ် အခြေပြုဖွဲ့စည်းခဲ့တဲ့ သမဂ္ဂများကလွဲလို့ ရန်ကုန်မှာအခြေပြုဖွဲ့စည်း ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အများစုဟာရန်ကုန်ကနိုင်ငံရေး မျိုးဆက်ဟောင်းများရဲ့လက်လှမ်းမီခဲ့တဲ့အတွက် ရန်ကုန်နိုင်ငံရေးလို့ခေါ်တဲ့ ပွဲတက်နိုင်ငံရေးနဲ့ မျက်နှာပေါ်နိုင်ငံရေးမှာသာပျော်မွေ့နေကြပြီးနိုင်ငံရဲ့ အနာဂါတ်နဲ့ပြည်သူ့အကျိုးစီးပွားများ အတွက်တော့မေ့လျော့စွာနေကြတာကို ၀မ်းနည်းစွာမြင်တွေ့နေရပါတယ် ။ကျောင်းသားမျိုးဆက်ဟောင်းများဖြစ်တဲ့ (၈၈) မျိုးဆက်များဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)များကို ၎င်းတို့ရဲ့နောက်မှီး ဆွဲအင်အားစုအဖြစ်ငွေအား၊ လူအားနဲ့ ကူညီထောက်ပံ့ပြီးနိုင်ငံရေး စင်မြင့်မှာ လူရာဝင်အောင်ဗိုလ်ဝင်ခံပွဲကျင်းပပေးနေခြင်းအပေါ် တကသများဘက်ကလဲ မိန်းမူးသာယာပြီး မိမိတို့ကိုယ်ကိုတကယ့်လူတတ်ကြီးများသဖွယ် ငါလိုလူဇမ္ဗူမှာရှိသေးလားဆိုတဲ့ ထင်တစ်လုံးနဲ့ တဖြေးဖြေးကမ်းတက်လာကြတာကိုတွေ့နေရပါတယ်။ ဘယ်လောက်ထိအောင်ကမ်းတက်လာသလဲဆိုရင် အချောင်သမားဝါဒကြောင့်ထင်ပေါ်လိုခြင်း၊ လူရာဝင်လိုခြင်း၊ လူထင်ကြီးခံလိုခြင်း ၊နိုင်ငံခြားခရီးအလကားသွားရောက်လိုခြင်း၊ ပညာတော်သင်ဆုအချောင်ရလိုခြင်းစတဲ့ ရည်ရွယ်ချက်ပေါင်း စုံနဲ့ တကသကိုဝင်ရောက်လာတဲ့ လူပေါင်းစုံကြောင့်အင်အားများလာတဲ့အပေါ် အဟုတ်ထင်မှတ်ကာ မလုပ်သင့်မလုပ်အပ်တဲ့ ကိစ္စတွေကိုလုပ်ဆောင်လာပါတော့တယ်။ လက်ရှိတိုင်းပြည်ရဲ့ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်း ရာမှာနှောင့်နှေးကြန့်ကြာနေတဲ့နိုင်ငံရေးဖြစ်စဉ်အပေါ် အနာဂါတ်ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ကျောင်းသားတွေအနေနဲ့ လုပ်ဆောင်ရမယ့် တာဝန်အများအပြား ရှိနေတာကိုမသိကျေးကျွန်ပြုမဆိုင်သလိုနေကာ အနှစ်မရှိတဲ့တောကြက်ဆူပင်မင်းမူဆိုသလို မလုပ်သင့်တဲ့၊ လုပ်စရာမလိုသေးတဲ့ကိစ္စတွေအပေါ်မှာသာ ပုံကြီးချဲ့ပြီးမျောက်ဟိုဟာ အနာလုပ်သလိုဆွေ့ဆွေ့ခုန် လုပ်ဆောင်လာကြပါတော့တယ်။ ကိုအောင်ဆန်းတို့ကိုဗဟိန်းတို့အပါအ၀င် အရည်အချင်းရှိ တဲ့ကျောင်းသားခေါင်းဆောင်ကြီးများကကျောင်းသားထုတစ်ရပ်လုံးနဲ့အတူ စုပေါင်းတိုင်ပင်ရေးဆွဲခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေ ရှိနေရက်နဲ့ခေတ်နဲ့ မလျော်ညီတော့တဲ့ စည်းမျဉ်းများကိုဗကသကျောင်းသားများနဲ့ အတူညှိနှိုင်းပြင်ဆင်ဖို့မစဉ်းစားပဲ ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုတဲ့ တရူးထိုးပုံစံနဲ့ တကသအသီးသီးဟာ ကိုယ်ပိုင်စည်းမျဉ်းဥပဒေများ ကိုရေးဆွဲခဲ့ကြပါတယ်။ အဲဒီလိုကိုယ်ပိုင်စည်းမျဉ်းရေးဆွဲခဲ့ကြတဲ့ တကသကျောင်းသားများဟာ လွတ်လပ်ရေးရယူပေးခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုအောင်ဆန်းတို့လူစုက ၎င်းတို့လောက် အရည်အချင်းမရှိသူများလို့ သတ်မှတ်ကြပုံပေါ်ပါတယ်။ ဒီလိုအထင်ရှိနေလို့သာ အခုလိုမျိုးကြံစည်တွေးတော လုပ်ဆောင်ဝံ့တာဖြစ်ပါတယ်။ တကသအသီးသီးကကျောင်းသားများကတော့ ဒီလုပ်ဆောင်ချက်ဟာကျောင်းသားသမဂ္ဂများ (တကသများ) ဘယ်လောင်းရိပ်အောက်ကိုမှမခံလိုလို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိဖို့ကြိုးစားတာဖြစ်ကြောင်း အကြောင်းပြချက်ပေးကြပါတယ်။ ဒါပေမယ့်ဒီအကြောင်းပြချက်ဟာလည်း မှားယွင်းစွာရေလိုက်လွဲနေတာကိုတွေ့ရပြန်ပါတယ် ။ကျောင်းသားထုအခွင့်အရေးကို အာမခံချက်ပေးနိုင်တဲ့လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) ရရှိဖို့အတွက် ကျောင်းသားထုအခွင့်အရေး ချိုးဖောက်ခံရ
ခြင်းကစလို့ ဗမာပြည်ရဲ့ အမျိုးသားပညာရေးဥပဒေ (မူကြမ်း) အထိလက်သင့်မခံပဲ တိုက်ထုတ်ပစ်ရမယ့် အစား မယောင်ရာဆီလူးခြင်းသက်သက်သာဖြစ်ပါတယ်။ ယခုလက်ရှိနယ်ခရိုင်အသီးသီးမှာရှိတဲ့ တက္ကသိုလ်များကဗကသကျောင်းသားများရဲ့ တက္ကသိုလ်ကျောင်းရှေ့တွေမှာပြုလုပ်နေကြတဲ့ အမျိုးသား ပညာရေး ဥပဒေ (မူကြမ်း) ကန့်ကွက်ဆန္ဒပြပွဲမျိုးတွေပြုလုပ်ဖို့ဝေလာဝေးလို့ကျောင်းသားချင်းနှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင် မခြင်းမျိုးဖြစ်တဲ့ထောက်ခံပါတယ်ဆိုတဲ့ စကားမျိုး၊ကြေငြာချက်မျိုးထွက်ဖို့ အတွက်တောင်နှာစေးနေကြပြီးကျောင်းတွင်းကျောင်းပြင်ပြုလုပ်သမျှ ပွဲလမ်းတွေမှာသာပျော်မြူးနေကြတာ ကိုတွေ့ရပါတယ်။ ဒီအချောင်သမားဝါဒီကျောင်းသားများရဲ့မိမိကိုယ်မိမိအထင်ကြီး ကမ်းတက်မှုဟာ ဒီလောက်နဲ့ရပ်တန့်မသွားသေးပါဘူး။ ကိုအောင်ဆန်းတို့လို အရည်အချင်းရှိကျောင်းသားခေါင်းဆောင် များရေးဆွဲထားတဲ့ စည်းမျဉ်းများကိုငြင်းပယ်အသိအမှတ်မပြုရုံတင်မကပဲ သမိုင်းအစဉ်အလာကြီး တဲ့ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံတော်နဲ့တံဆိပ်ကိုပါ ထိပါးစော်ကားလာတာ ကိုတွေ့ရ ပါတယ်။ကျောင်းသားသမဂ္ဂများအဆက်ဆက် အသုံးပြုခဲ့ကြတဲ့ ခွပ်ဒေါင်းအလံတော်နဲ့ တံဆိပ်ဟာပန်းချီဆရာတစ်ယောက်က စိတ်ကူးယဉ်ရေးဆွဲထားတဲ့ပုံတွေမဟုတ်ပဲ အလံမှာရောတံဆိပ်မှာပါ သူ့ဟာနဲ့သူအဓိပ္ပါယ်ကိုယ်စီရှိကြပါတယ်။ကျောင်းသားများဟာ‘ လွတ်လပ်ရေးကို အသာတကြည်တောင်းနေလို့မရ၊ တိုက်ယူမှသာရမယ်’ဆိုတဲ့ပြတ်သားတဲ့ အမြင်နဲ့ ပညာရဲ့ကိုယ်စားပြု အမှတ်အသားဖြစ်တဲ့ကဒေါင်းစိမ်းကိုရွှေဝါရောင်ခွပ်ဒေါင်းအဖြစ်ပြောင်းလဲခဲ့ပြီး မတရားသော ဖိနှိပ်ချုပ်ချယ်မှုရဲ့ပြယုဂ်ဖြစ်တဲ့ စက်ဝိုင်းပုံစံကျော့ကွင်းကို အနီရောင်နောက်ခံမှာရွှေဝါရောင် ခွပ်ဒေါင်း ကနင်းဖြတ်ထိုးထွက်နေဟန်ပုံစံနဲ့ သမဂ္ဂအလံတော်ကိုအဓိပ္ပါယ်ရှိရှိ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ သမဂ္ဂအလံတော်ရဲ့ နီစွေးတဲ့နောက်ခံအရောင်ကတော့ခေတ်အဆက်ဆက် တိုင်းပြည်နဲ့ လူထုအတွက်ပေးဆပ် ကျဆင်းခဲ့ကြတဲ့ကျောင်းသားတွေရဲ့နီမောင်းတဲ့သွေးစက်တွေကို ကိုယ်စားပြုပါတယ်။ အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်မူ ကွဲများစွာရှိပေမယ့်ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်စေ ဗမာ့နိုင်ငံရေး သမိုင်း တလျှောက်မှာကျောင်းသားများရဲ့ရဲရင့်ဖြူစင်တဲ့ပေးဆပ်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆို ခဲ့ကြခြင်းဖြစ်ပါတယ်။ သမဂ္ဂရဲ့တံဆိပ်ဖြစ်တဲ့ကမ္ဘာလုံးပုံနောက်ခံမှာ ဖွင့်ထားတဲ့ စာအုပ်နဲ့ မီးဒုတ်ကိုင် ထားတဲ့ လက်တဖက်ဟာ ကမ္ဘာ့ကျောင်းသားများသမဂ္ဂ (IUS) ရဲ့တံဆိပ်ဖြစ်ပြီး ဗမာ့ကျောင်းသားများ ရဲ့ ဂုဏ်ပြောင်လှတဲ့ တိုက်ပွဲဝင်သမိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့တရားဝင်တံဆိပ်အဖြစ် ယူဆောင်သုံးစွဲခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအဓိပ္ပါယ်အနှစ်သာရတွေနဲ့ပြည့်ဝနေတဲ့ ခွပ်ဒေါင်းအလံနဲ့ တံဆိပ်ကို တချို့တက္ကသိုလ်များက ဥာဏ်ကြီးရှင် တကသကျောင်းသားများကရွှေဥာဏ်တော်စူးရောက်တဲ့ ထိပါးစော်ကားမှုများကတော့ သက်ဆိုင်ရာတက္ကသိုလ်သမဂ္ဂ (တကသ) များကိုယ်စားပြုအမှတ်တံဆိပ်များကို ထည့်သွင်းခြင်းပဲဖြစ်ပါတယ် ။ရေကြောင်းတက္ကသိုလ်သမဂ္ဂ (တကသ)ကျောင်းသားများက ခွပ်ဒေါင်းအလံမှာခွပ်ဒေါင်းက နင်းဖြတ်ထားတဲ့ စက်ဝိုင်းပုံကျော့ကွင်းနေရာမှာ သင်္ဘောမောင်းတဲ့တပ်မကြီးကိုအစားထိုးထည့်သွင်းပြီး ၎င်းတို့ကျောင်းရဲ့ မူပိုင်တံဆိပ်အနေနဲ့အသုံးပြုပါတယ်။ တဖန်ကွန်ပြူတာတက္ကသိုလ်သမဂ္ဂ (တကသ) များကတော့ ကွန်ပြူတာကြီးရဲ့ရှေ့မှာခေါင်းမမော့ရင်မကော့နိုင်တော့တဲ့ယောင်လည်လည် ခွပ်ဒေါင်းလေးကို ထည့်သွင်းပြီး ၎င်းတို့ကျောင်းရဲ့ကိုယ်စားပြုတံဆိပ်အဖြစ် သုံးပါတယ် ။နောက်ထပ်လဲခွပ်ဒေါင်းအလံနဲ့ သမဂ္ဂတံဆိပ်ကိုလိုသလိုလိုအမျိုးမျိုးပြုလုပ်ထားတဲ့ ပုံစံတွေအများကြီးရှိသေးပေမယ့် စာဖတ်သူများမြင်သာအောင် ဥပမာအနေနဲ့ဒီနှစ်ခုပဲရေးပြပါရစေ။ အခုလိုအချောင်သမားဝါဒီကျောင်းသားများရဲ့ အသိပညာနုံနဲ့မှုဟာ ပညာရေးလွတ်လပ်ခွင့်နဲ့ ဒီမိုကရေ စီရေးအတွက် တိုက်ပွဲဝင်နေတဲ့ တစ်နိုင်ငံလုံးက လက်ရှိတိုက်ပွဲဝင်ကျောင်းသားများ ကိုစော်ကား လိုက် တာဖြစ်တဲ့ အပြင်ခေတ်သမိုင်းအဆက်ဆက်က လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ကျောင်းသားအာဇာနည်အပေါင်းရဲ့ ပေးဆပ်မှုသမိုင်းကိုလဲစော်ကားလိုက်တာပဲဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) အသီးသီးကအသိပညာနုံနဲ့မှုနဲ့ ရေသာခိုအချောင်လိုက် ခွပ်ဒေါင်းအရောင်နဲ့ ပါးပြောင်ချင်ကြ သူကျောင်းသားများရဲ့ ယခုလိုမဟုတ်မဟပ်လုပ်ဇာတ်များကို ၎င်းတို့နဲ့နီးစပ် သူကျောင်းသားခေါင်းဆောင်ဟောင်းများ အနေနဲ့ထောက်ပြဝေဖန်ပြောဆိုဖို့ပျက်ကွက်ခဲ့ကြတာ ကိုတွေ့ရပါတယ်။ (၈၈) မျိုးဆက်အပါအ၀င် တကသကျောင်းသားများနဲ့ နီးစပ်တဲ့ကျောင်းသား မျိုးဆက်ဟောင်းခေါင်းဆောင်များဟာ တကသကျောင်းသားများကို ၎င်းတို့ရဲ့နောက်လိုက် အင်အားစုများ အဖြစ် လက်ရှိဗမာ့နိုင်ငံရေးစင်မြင့်မှာနိုင်ငံရေး ဗိုလ်ဝင်ခံပွဲများကိုငွေအားလူအားကောင်းကောင်းနဲ့ စီစဉ်ပြုလုပ်ပြီး စင်ပေါ်တင်ပေးခဲ့ကြပေမယ့် တကသများရဲ့ကျောင်းသားသမိုင်းကိုစော်ကားတဲ့ လုပ်ဆောင်ချက်များကိုတော့ဝေဖန်လမ်းညွှန်ပေးမှုမရှိပဲရေငုံနှုတ်ပိတ်နေကြတာဟာသာမာန်သွေးရိုးသားရိုးကိစ္စမျိုးမဖြစ်နိုင်ပဲနောက်ကွယ်မှာနက်နဲတဲ့ကိစ္စတစ်ခုခုရှိပုံရတယ်လို့မပြေးသော်လဲကန်ရာကရှိဆိုသလိုကောက်ချက်ဆွဲချင်စရာကောင်းလှပါတယ်။ဒီလိုအဖြစ်အပျက်အချက်အလက်များအပြင်တကသကျောင်းသားများရဲ့ကျောင်းသားထုတစ်ရပ်လုံးရဲ့ဆန္ဒသဘောထားများကိုငြင်းပယ်ခဲ့တဲ့ကိစ္စရပ်များလဲရှိပါသေးတယ်။၁၉၆၀ခုနှစ်ဆဌမအကြိမ်မြောက်ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးမှာအဲဒီကာလကကျောင်းသားထုတစ်ရပ်လုံးသဘောထားဆန္ဒအရတူညီစွာချမှတ်ခဲ့ကြတဲ့ဗကသများအဖွဲ့ချုပ်ရဲ့အမျိုးသားရေး(သို့မဟုတ်)စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ဒီမိုကရေစီရေး၊ဒီမိုကရေစီပညာရေး၊ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ငြိမ်းချမ်းရေးစတဲ့မူဝါဒ(၅)ချက်ကိုငြင်းပယ်ပြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂများကမဟာမိတ်ပုံစံစုပေါင်းခြင်းကွန်ဖက်ဒရေးရှင်း(confederation)ကိုဗကသများအဖွဲ့ချုပ်နဲ့စင်ပြိုင်သမဂ္ဂအဖြစ်တည်ထောင်ဖို့ကြိုးစားကြရာမှာတကသများရဲ့လမ်းလွဲနေတဲ့ပုံစံနဲ့ကျောင်းသားသမဂ္ဂများစင်ပြိုင်တည်ထောင်ခြင်းကြောင့်ကျောင်းသားထုအတွင်းညီညွတ်ရေးပြိုကွဲနိုင်တဲ့အလားအလာရှိမှုအပေါ်မှာလည်းမျိုးဆက်ဟောင်းကျောင်းသားခေါင်းဆောင်များဟာခေါင်းဆောင်ပီသစွာအမုန်းခံဟန့်တားမှုမရှိခဲ့ကြပြန်ပါဘူး။တကသများရဲ့အကြောင်းပြချက်ကတော့ဗကသမူ(၅)ချက်ဟာခေတ်စနစ်နဲ့မလျော်ညီတော့တဲ့အတွက်လက်မခံခြင်းဖြစ်ကြောင်းအကြောင်းပြကြပေမယ့်လက်ရှိဗကသများအဖွဲ့ချုပ်အဖြစ်ဗမူ(၅)ချက်ကိုလက်ခံကျင့်သုံးပြီးစုစည်းထားကြတဲ့တပြည်လုံးကကျောင်းသားသမဂ္ဂ(၂၆)ခရိုင်အပါအ၀င်လူမျိုးစုကျောင်းသားသမဂ္ဂနှစ်ခုကပါတူညီစွာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ကြိုးစားနေကြတဲ့သတ္တမအကြိမ်မြောက်ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးဖြစ်ပေါ်ရေးလုပ်ငန်းစဉ်များမှာလည်းယနေ့အချိန်ထိဘယ်ခရိုင်သမဂ္ဂ၊ဘယ်လူမျိုးစုသမဂ္ဂများနဲ့မှပါဝင်ချိတ်ဆက်ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ပြည်လုံးကျွတ်ညီလာခံကြီးဖြစ်မြောက်ဖို့အတွက်ကျောင်းသားအဖွဲ့အစည်းများလာရောက်ပူးပေါင်းဆောင်ရွက်ကြဖို့လက်ကမ်းကြိုဆိုကြောင်းဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီကရော၊ခရိုင်အသီးသီးကဗကသကျောင်းသားများကပါသတင်းမီဒီယာများမှာအသိပေးကြေငြာပြီးဖြစ်ပါတယ်။အကယ်၍သာတကသများအနေနဲ့ကျောင်းသားထုညီညွှတ်ရေး၊ပညာရေးစနစ်တိုးတက်ရေးအတွက်စိတ်ရင်းစေတနာမှန်ရှိခဲ့မယ်ဆိုရင်မတူတာတွေခဏဘေးဖယ်ပြီးတကသတစ်ခုခြင်းအလိုက်ဖြစ်စေ၊တကသကြီးတစ်ခုလုံးအနေနဲ့ဖြစ်စေဗကသများအဖွဲ့ချုပ်ကခရိုင်များနဲ့လွတ်လပ်စွာလာရောက်ချိတ်ဆက်ဆောင်ရွက်ပြီးညီလာခံကြီးဖြစ်ပေါ်လာမှသာခေတ်စနစ်နဲ့မလျော်ညီတော့သောစည်းမျဉ်းများကိုမတူကွဲပြားတဲ့အမြင်ကိုယ်စီနဲ့အတူစုပေါင်းပြင်ဆင်ချမှတ်နိုင်ဖို့ကြိုးစားကြရမှာဖြစ်ပေမယ့်တကသထဲမှာအချောင်သမားအများစုမင်းမူနေတဲ့အတွက်ရေသာခိုအချောင်သမားတို့ရဲ့ထုံးစံအတိုင်းညီလာခံဖြစ်ထွန်းပေါ်ပေါက်ရေးကိုမကူညီမကြိုးစားပဲပွဲတက်နိုင်ငံရေးမှာသာပျော်မွေ့နေကြပြီးအကယ်၍ဗကသများအဖွဲ့ချုပ်ခရိုင်အသီးသီးကကျောင်းသားများရဲ့ကြိုးစားမှုကြောင့်ကျောင်းသားညီလာခံကြီးဖြစ်မြောက်လာခဲ့ရင်အခန့်သင့်ဝင်ရောက်နေရာယူကြမယ့်သဘောထားရှိပုံရပါတယ်။တကသများဟာကွန်ဖက်ဒရေးရှင်း(confederation)ပုံစံစုပေါင်းထားတယ်လို့ပြောတဲ့အတွက်သက်ဆိုင်ရာတကသအသီးသီးကခေါင်းဆောင်များဟာတကသကြီးတစ်ခုလုံးရဲ့ဦးဆောင်မှုမှာပါဝင်ခေါင်းဆောင်ရမှာဖြစ်ပေမယ့်လက်တွေ့ဖြစ်စဉ်များအရတကသခေါင်းဆောင်ပိုင်းအတွင်းမှာလက်တဆုပ်စာလူတစ်စုကပဲကြီးစိုးမင်းမူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံရပ်ခြားအစည်းအဝေးသွားရောက်ရာမှာဖြစ်စေ၊တကသများကိုယ်စားပြုကြေငြာချက်ထုတ်ရာမှာဖြစ်စေ၊သတင်းမီဒီယာများမှာပြောဆိုရာမှာဖြစ်စေဒီလက်တဆုပ်စာလူတစ်စုကသာရရှိသမျှအခွင့်အရေးတိုင်းကိုအရင်သိမ်းကြုံးရယူနေကြပြီးတက္ကသိုလ်အသီးသီးကတကသခေါင်းဆောင်များကတော့သတင်းမီဒီယာနဲ့လူထုရှေ့မှာယနေ့အထိလုံးဝမတွေ့ရှိကြရသေးပါဘူး။ဒီကျောင်းသားတွေထဲမှာလည်းတကယ်အရည်အချင်းရှိသူ၊ဦးဆောင်နိုင်သူများရှိနေကြပေမယ့်ဘာကြောင့်ပြည်သူလူထုရဲ့မျက်နှာစာရှေ့ကိုအခုထိရောက်မလာနိုင်ကြသေးတာလဲဆိုတာကတော့တွေးတောစရာပါပဲ။ဒီဖြစ်စဉ်ကိုတကသများမှာရှိကြတဲ့ကျောင်းသားငယ်များဘက်ကရဲရဲရင့်ရင့်ဝေဖန်ကန့်ကွက်ကြဖို့အချိန်တန်ပြီဖြစ်ကြောင်းအကြံပြုလိုပါတယ်။တကသကျောင်းသားအများစုအထင်မှားနေကြသလိုဗကသများအဖွဲ့ချုပ်ဟာဗဟိုစည်းရုံးရေးကော်မတီဆိုတဲ့ဖွဲ့စည်းပုံရှိပေမယ့်လက်တွေ့ကျင့်သုံးရာမှာတော့တကသကျောင်းသားများစွပ်စွဲသလိုဗဟိုဦးစီးချုပ်ကိုင်မှုမရှိပဲဗကသဗဟိုကော်မတီဟာဆိုင်ရာဗကသခရိုင်အသီးသီးကလိုအပ်ချက်တွေဖြစ်တဲ့အလံ၊တံဆိပ်၊ပွဲဖြစ်မြောက်ရေးစီစဉ်ပေးခြင်း၊ခရိုင်အချင်းချင်းချိတ်ဆက်ခြင်းစတဲ့ကိစ္စရပ်တွေမှာဗဟိုစည်းရုံးရေးကော်မတီဟာဥက္ကဌကစပြီးရေးရာတာဝန်ခံများအထိခရိုင်အသီးသီးကကျောင်းသားငယ်များရဲ့ခိုင်းဖတ်များသဖွယ်၊လိုအပ်လာရင်ပြဿနာကိုခေါင်းခံတာဝန်ယူပေးရတဲ့ဓါးထိုးခံမယ့်အငှားဗိုက်များသဖွယ်သာရပ်တည်ပေးနေတာကိုဗကသခရိုင်အသီးသီးကကျောင်းသားများသက်သေရှိပါတယ်။ဗဟိုစည်းရုံးရေးကော်မတီဝင်များနဲ့ခရိုင်အသီးသီးကကျောင်းသားခေါင်းဆောင်များဟာညီရင်းအစ်ကိုရဲဘော်ရဲဘက်ဆက်ဆံရေးသာရှိကြပြီးဘယ်သောအခါကမှအာဏာရှင်ဆန်သည့်ထင်ရာစိုင်းတစ်ချက်လွှတ်အမိန့်ပေးလုပ်ဆောင်ချက်များမရှိခဲ့ပါဘူး။ဒါကိုဗကသများအဖွဲ့ချုပ်ခရိုင်အသီးသီးကကျောင်းသားခေါင်းဆောင်များသိကြပါတယ်။ဗကသများအဖွဲ့ချုပ်မှာဗဟိုစည်းရုံးရေးကော်မတီဝင်များအပြင်ခရိုင်အသီးသီးကဒုတိယမျိုးဆက်ခေါင်းဆောင်(SecondlineLeader)များလဲမွေးဖွားပေါ်ပေါက်နေပြီဖြစ်တယ်ဆိုတာကိုခရိုင်အသီးသီးကကျောင်းသားများကိုဦးဆောင်နေပြီးသတင်းမီဒီယာများနဲ့စာနယ်ဇင်းများမှာကလောင်သွေးနေပြီဖြစ်တဲ့ခရိုင်ကျောင်းသားခေါင်းဆောင်များရဲ့နိုင်ငံရေးဖြစ်စဉ်များမှာပါဝင်မှုကသက်သေခံနေပေမယ့်တကသများထဲမှာတော့လက်တဆုပ်စာအခွင့်အရေးသမားများကကြီးစိုးမင်းမူနေကြတဲ့အတွက်ဒီလိုဒုတိယမျိုးဆက်ခေါင်းဆောင်(SecondlineLeader)များပေါ်ပေါက်မလာကြသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာမူဝါဒမခိုင်မာမှုအပြင်အဲဒီခေါင်းဆောင်ငယ်များရဲ့တိုးတက်ရေးခြေလှမ်းတွေကိုရှေ့ကအခွင့်အရေးသမားတစ်စုကပိတ်ဆို့တားဆီးနေလို့သာဖြစ်ပါတယ်။သန်လျင်နည်းပညာတက္ကသိုလ်ကဗကသကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေအားကောင်းလာတဲ့အခါထုံးစံအတိုင်းကျောင်းအာဏာပိုင်များကဗကသကိုဖက်ပြိုင်ဖို့စာသင်ခန်းတွေထဲကသူတို့အလိုကျခိုင်းကောင်းမယ့်(EC)ကျောင်းသားတွေကိုစုစည်းပြီးကျောင်းအာဏာပိုင်တွေဦးဆောင်တဲ့ကျောင်းသားသမဂ္ဂတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ကိုယ်ပိုင်လွတ်လပ်စွာရပ်တည်တယ်လို့ဒီကျောင်းသားတွေဘယ်လောက်အော်နေပါစေကျောင်းစားသောက်ဆိုင်တန်းမှာပြုလုပ်တဲ့အဲဒီကျောင်းသားသမဂ္ဂရဲ့အစည်းအဝေးမှာအစိုးရရဲ့ကျောင်းသားလှုပ်ရှားမှုစောင့်ကြည့်ရေးမူဝါဒအရစစ်တပ်ကနေပြောင်းလာတဲ့ကျောင်းသားရေးရာမှူးဆိုသူစစ်ဗိုလ်ဟောင်းကြီးတစ်ဦးကအစည်းအဝေးစားပွဲထိပ်မှာမိန့်မိန့်ကြီးနေရာယူနေပါတယ်။ဒီစစ်ဗိုလ်ဟောင်းဟာသန်လျင်နည်းပညာတက္ကသိုလ်ကကျောင်းသားတွေကိုဖိနှိပ်တဲ့နေရာမှာနာမည်ကြီးပါ။ဒီလိုပုဂ္ဂိုလ်မျိုးတွေအစည်းအဝေးမှာပါဝင်တဲ့ကျောင်းသားသမဂ္ဂဆိုတာအားမနာတမ်းဝေဖန်ရရင်ကျောင်းသားတွေကိုနိုင်ငံရေးစိတ်ဝင်စားမှုလမ်းကြောင်းပေါ်ကဆွဲချလို့ကျောင်းတွင်းအပျော်ပွဲများကိုသာဖန်တီးပြီးလမ်းလွှဲမယ့်လက်ကိုင်တုတ်သူသျှိုအဖွဲ့အစည်းသာသာပါ။တနည်းပြောရရင်ကျောင်းသားစွမ်းအားရှင်အဖွဲ့အစည်းပဲဖြစ်ပါတယ်။ဒီလိုကျောင်းသားသမဂ္ဂမျိုးကတကသများအဖွဲ့ထဲဝင်ရောက်ချိတ်ဆက်တာကိုလက်ခံပြီးတကသများအများစုအသုံးပြုနေတဲ့ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံတော်ကိုပေးသုံးခွင့်ပြုထားတဲ့တကသများအဖွဲ့ရဲ့မူဝါဒဟာကျောင်းသားချင်းသံသယမျက်စိနဲ့စောင့်ကြည့်ရမယ့်အနေအထားထိဆိုးဝါးလာနေပါတယ်။ဒီလိုသမဂ္ဂမျိုးကကျောင်းသားတွေရဲ့အစဉ်အလာကြီးမြတ်တဲ့ခွပ်ဒေါင်းအလံတော်ကိုကိုင်ဆောင်အသုံးပြုနေကြတာမြင်ရတော့ရင်နာလို့မဆုံးပါဘူး။ဗမာ့သမိုင်းမှာဘယ်ကျောင်းသားသမဂ္ဂကမှကျောင်းအာဏာပိုင်ကဦးဆောင်ဖွဲ့ပေးခဲ့တာမရှိပါဘူး။အကယ်၍ရှိခဲ့ရင်လဲလက်ကိုင်ဒုတ်အဖွဲ့သာဖြစ်ခဲ့တယ်ဆိုတာသမိုင်းသက်သေတွေရှိခဲ့ဖူးပါတယ်။ကျောင်းသားသမဂ္ဂဆိုတာကျောင်းသားတွေကပဲဦးဆောင်ဖွဲ့စည်းပြီးဘယ်အဖွဲ့၊ဘယ်အာဏာပိုင်ရဲ့သြဇာလွှမ်းမိုးမှုကိုမှလက်မခံပါဘူး။ဒီလိုသမဂ္ဂမျိုးသာလျှင်ကျောင်းသားထုကိုတကယ်ကိုယ်စားပြုတိုက်ပွဲဝင်ပေးမယ့်သမဂ္ဂမျိုးဖြစ်ပါတယ်။တကသများရဲ့အဖွဲ့ဝင်အင်အားများရင်ပြီးရောအနူလာလာ၊အ၀ဲလာလာ၊သူသျှိုလာလာလက်ခံမယ်ဆိုတဲ့စည်းရုံးရေးမူဝါဒအပေါ်မှာလဲခံပြင်းဒေါသထွက်မိတယ်။နောက်တခါလွန်ခဲ့တဲ့နှစ်ပတ်လောက်ကဒဂုံတက္ကသိုလ်(တကသ)ကဦးဆောင်ပြုလုပ်တဲ့အပတ်စဉ်စာဖတ်ဝိုင်းမှာ‘အောင်ရင်ငြိမ်း’ရဲ့‘ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ’စာအုပ်ကိုဆွေးနွေးကြတယ်လို့သတင်းကြားရတဲ့အခါဗမာ့စာပေလောကမှာဆွေးနွေးစရာစာအုပ်ကောင်းဒီလောက်တောင်ရှားပါးနေပြီလား၊ဒီကျောင်းသားတွေနှယ်လေ့လာဆွေးနွေးစရာအကြောင်းအရာကဏ္ဍအများကြီးရှိရက်နဲ့ဘယ်လိုဦးနှောက်မျိုးနဲ့တွေးပြီးဒီစာအုပ်ကိုအပတ်စဉ်စာဖတ်ဝိုင်းရဲ့ဆွေးနွေးစရာအဖြစ်ရွေးချယ်သတ်မှတ်လိုက်ကြတာလဲလို့ကရုဏာဒေါသထွက်ခဲ့မိတယ်။ဘယ်လိုအကြောင်းအရာကိုဆွေးနွေးဆွေးနွေးသူတို့လွတ်လပ်ခွင့်နဲ့သူတို့ပဲလို့တွေးထင်စရာရှိပါတယ်။ဒါပေမယ့်ဒီလိုတွေးမိခဲ့မယ်ဆိုရင်တစ်ခုသိထားဖို့ကကျောင်းသားသမဂ္ဂဆိုတာကျောင်းသားတွေရဲ့တပ်ဦးဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုဟာသမဂ္ဂ၀င်သည်ဖြစ်စေမ၀င်ဘူးဖြစ်စေသမဂ္ဂရဲ့လှုပ်ရှားမှုတွေကိုမိမိတို့ရဲ့စံပြအဖြစ်သတ်မှတ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ဒဂုံတက္ကသိုလ်တကသကိုဦးဆောင်သူများရဲ့အခုလိုမထော်မနန်းလုပ်ရပ်တွေဟာကျောင်းသားတွေအတုခိုးမှားအောင်ကျောင်းသားထုရဲ့အတွေးအခေါ်ကိုအဆိပ်ခတ်နေသလိုပါပဲ။ခွပ်ဒေါင်းအလံထောင်ပြီးသမဂ္ဂရုံးခန်းအဖြစ်နားနေဆောင်ကိုဝင်ရောက်သိမ်းပိုက်ခဲ့လို့အထင်ကြီးလေးစားနေတဲ့ကျောင်းသားများရဲ့စိတ်ကိုအောက်ဆုံးထိဆွဲချနေသလိုပါပဲ။ဒါ့အပြင်ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းမှာလဲရှင်းလင်းတဲ့မူဝါဒကိုမတွေ့ရပါဘူး။တက္ကသိုလ်သမဂ္ဂအသီးသီးကကျောင်းသားများရဲ့ဘဏ္ဍာငွေများကိုတကသကြီးတစ်ခုလုံးအနေနဲ့ဘယ်လိုသုံးစွဲတယ်၊ဘယ်သူကသုံးစွဲတယ်၊ဘယ်လိုကိစ္စတွေမှာသုံးစွဲတယ်ဆိုတာကတော့သက်ဆိုင်ရာတကသကျောင်းသားကျောင်းသူများကပဲအသိဆုံးဖြစ်လို့မဝေဖန်လိုပေမယ့်အာဏာပိုင်များ၊ခရိုနီများနဲ့ပတ်သက်ပြီးဘဏ္ဍာရေးဆိုင်ရာမူဝါဒခိုင်ခိုင်မာမာချမှတ်ထားခြင်းမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်ဗကသခရိုင်တွေမှာသင်္ကြန်သံချပ်နဲ့ပတ်သက်ပြီးဘယ်လောက်အကြွေးတင်သလဲလို့မေးနေရချိန်မှာတကသကျောင်းသားများကတော့သင်္ကြန်ကာလအတွင်းစင်းလုံးငှားခရီးသည်တင်လေအိတ်ကားကြီးနဲ့ခမ်းခမ်းနားနားမဏ္ဍပ်များကိုသံချပ်ရွတ်ဖို့လှည့်လည်သွားလာနိုင်ပြီးဧရာဝတီတိုင်းအထိခြေဆန့်နိုင်ခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်။ဗကသကျောင်းသားတွေရဲ့ရှင်းလင်းတဲ့အမြင်ကတော့အိမ်ကမိဘများထံကမုန့်ဖိုးလက်ဖြန့်တောင်းရတဲ့ကျောင်းသားတွေရဲ့သမဂ္ဂဟာလက်ဖျားငွေသီးသလိုငွေတွေဒီလောက်သုံးဖြုန်းနိုင်တာဟာအမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုသလိုအရင်ခေတ်အဆက်ဆက်ထမင်းငတ်ခံပြီးသမဂ္ဂအကျိုးကိုဆောင်ခဲ့တဲ့သက်ရှိထင်ရှားသမဂ္ဂမျိုးဆက်ဟောင်းနောင်တော်ကြီးများကိုအားနာစရာကောင်းလှပါတယ်။ဒီငွေတွေဟာဘယ်သူ့ဆီကတဆင့်ဘယ်အဖွဲ့ကိုကြားခံပြီးတကသတွေဆီဘယ်လိုစီးဆင်းနေတယ်ဆိုတာမသိလို့မဝေဖန်လိုပေမယ့်ပြည်သူကိုညှင်းပန်းနေတဲ့ခရိုနီများနဲ့ပွဲတကာမှာအကြောင်းအပေါင်းသင့်နေတာတွေလက်တွေ့မြင်နေကြားနေရတော့ကျောင်းသားသမဂ္ဂဆိုတဲ့အမည်သုံးစွဲထားခြင်းအပေါ်ဗကသကျောင်းသားအတော်များများကခံပြင်းဒေါသတော့ဖြစ်မိကြတယ်ဆိုတာဝန်ခံပါတယ်။နိုင်ငံရေးဆိုင်ရာအထိမ်းအမှတ်ပွဲတွေနဲ့အခြားပွဲအသီးသီးများအလွန်အကျွံငွေသုံးစွဲနေကြတာတွေ့ရတော့ကိုယ်တိုင်ရောက်ခဲ့ဖူးတဲ့တိုင်းရင်းသားဒေသတွေကဒုက္ခသည်စခန်းကညစ်ပတ်စုတ်ပေနေတဲ့လွယ်အိတ်လေးတွေကိုယ်စီနဲ့တိုင်းရင်းသားကျောင်းသားလေးများကိုပြန်မြင်ယောင်လာမိပါတယ်။ဒီငွေတွေသာရေများရာမိုးရွာဆိုသလိုမလိုအပ်တဲ့နေရာမှာမဖြုန်းပစ်ပဲလိုအပ်တဲ့နေရာတွေထံစီးဆင်းသွားခဲ့တယ်ဆိုရင်ပြည်သူလူထုအနေနဲ့ရောဗကသကျောင်းသားတွေအနေနဲ့ပါတစ်စုံတစ်ရာရှာကြံနားလည်ပေးနိုင်မှာပါ။ခရိုင်အသီးသီးကဗကသကျောင်းသားတွေရပ်ကွက်တွေထဲကလမ်းပေါ်မှာလမ်းတကာလှည့်ပြီးတိုင်းရင်းသားစစ်ဘေးသင့်ပြည်သူများအတွက်၊ရေဘေးသင့်ပြည်သူများအတွက်ပြည်သူတွေဆီကပဲအလှူငွေလှည့်လည်ကောက်ခံပြီးပြန်လည်လှူဒါန်းတဲ့လုပ်ဆောင်ချက်တွေကိုတက်ကြွစွာလုပ်နေကြပေမယ့်အချောင်သမားဝါဒီကျောင်းသားသမဂ္ဂ၀င်ကျောင်းသားများကတော့နိုင်ငံရေးကကျောင်းသားနဲ့ဘာမှမဆိုင်၊ကျောင်းသားကကျောင်းသားအရေးပဲလုပ်ကြမယ်လို့မျက်စိစုံမှိတ်အော်ဟစ်ပြီးမိဘပြည်သူများရဲ့လူမှုဒုက္ခအ၀၀နဲ့တိုင်းပြည်ရဲ့အနာဂါတ်အရေးကိုလျစ်လျူရှုနေကြတုန်းပါပဲ။ဒီလိုလုပ်ရပ်၊ဒီလိုစိတ်ဓါတ်တွေနဲ့ကျောင်းသားတွေရဲ့ကြီးမြတ်တဲ့ခွပ်ဒေါင်းအလံကိုကိုင်ဖို့မတန်ပါဘူး။ဒီလိုသာရှေ့ဆက်စခန်းသွားနေကြမယ်ဆိုရင်တော့တစ်ချိန်ချိန်မှာပြည်သူကဒါဏ်ခတ်တဲ့သမိုင်းတရားခံများအဖြစ်၎င်းအချောင်သမားဝါဒီကျောင်းသားများရောမြှောက်ထိုးပင့်ကော်နိုင်ငံရေးသမားကျောင်းသားခေါင်းဆောင်ဟောင်းများပါခံကြရပါလိမ့်မယ်။အာဏာရှင်များ၊ခရိုနီများကတော့ရဲရဲတောက်နီစွေးခဲ့တဲ့ကျောင်းသားတွေရဲ့သတ္တိကိုကြောက်ရွံ့တုန်လှုပ်နေကြတဲ့အတွက်ကျောင်းသားများလယ်သိမ်းခံလယ်သမားများအရေးမှာဝင်ရောက်မဦးဆောင်နိုင်အောင်၊နည်းပါးတဲ့လုပ်ခလစာ၊မမျှတတဲ့လုပ်အားနဲ့အဖိနှိပ်ခံနေရတဲ့အလုပ်သမားတွေဘက်က၀င်ရောက်မရပ်တည်နိုင်အောင်ရှိတဲ့ကျောင်းသားအင်အားစုများကိုရာထူး၊အာဏာ၊ငွေ၊အကြောက်တရားများနဲ့ဆွဲဆောင်စည်းရုံးခြောက်လှန့်ကာသွေးခွဲနေကြဦးမှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့လက်ရှိသမဂ္ဂ၀င်ကျောင်းသားများအနေနဲ့အာဏာရှင်များခရိုနီများရဲ့လှည့်ကွက်အတွင်းမသက်ဆင်းရအောင်ကျောင်းသားအင်အားစုများထဲကလက်တဆုပ်စာအချောင်သမားများကိုစုပေါင်းတိုက်ထုတ်ကြဖို့အချိန်တန်ပီဖြစ်ပါတယ်။
ဒီအချောင်သမားဝါဒီကျောင်းသားများနဲ့အတူ ရိုးသားဖြူစင်တဲ့ကျောင်းသားကျောင်းသူ များရောယောင် အဝေဖန်ခံရ သမိုင်းတရားခံအဖြစ် သတ်မှတ်ခံရမှာစိုးတဲ့အတွက် ဒီဆောင်းပါးနဲ့ ရိုးသားတဲ့ကျောင်းသားထုကို အိပ်ပျော်ရာကနှိုးလိုတဲ့အတွက်ကြောင့် ရည်ရွယ်ရေးသားရတာဖြစ်ပါတယ် ။ကျောင်းသားအချင်းချင်း ရန်မီးပွားချင်လို့၊ နစ်နာစေချင်လို့မဟုတ်ပဲကျောင်းသားထုညီညွတ်ရေး ဆက်လက်ပျက်ပြားနေခဲ့ရင်အာဏာရှင်များ၊ခရိုနီများအကြိုက်ဖြစ်နေမှာစိုးတဲ့အတွက်ကြောင့် သမိုင်းပေးတာဝန်ကြေပွန်အောင် အမုန်းခံတင်ပြပေးနေတယ်လို့နားလည်ပေးစေလိုပါတယ်။ မတူညီတဲ့အမြင်နဲ့ဝေဖန်ခံရတဲ့အပေါ်မှာ တကသကျောင်းသားများအနေနဲ့ စိတ်ဆိုးဒေါသမဖြစ်ကြပဲ တစ်ချိန်ကဒဂုံတာရာရဲ့‘အောင်ဆန်း သို့မဟုတ်အရိုင်း’ဆိုတဲ့ဆောင်းပါး နဲ့ကျောင်းသားချင်းရေး သားဝေဖန်ခံရစဉ် ကိုအောင်ဆန်းက‘လှမြိုင်ကတော့ ကွာငါ့ကိုအရိုင်းတဲ့၊ ငါဒီလောက်လဲမရိုင်းပါဘူး’ဆိုတဲ့ စကားလေးနဲ့ခေါင်းဆောင်ကောင်းပီသစွာ ခွင့်လွှတ်ခဲ့တဲ့သမဂ္ဂသမိုင်းမှာရှိခဲ့ဖူးတဲ့လှပတဲ့ အဖြစ် အပျက်လေးထဲ ကကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းလိုပဲ ခွင့်လွှတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့အရေးကိစ္စတွေကို လျစ်လျူရှုတဲ့‘ကျောင်းသားဟာကျောင်းသားအရေးပဲလုပ်ရမယ်၊နိုင်ငံရေးလုပ်စရာမလို၊ကျောင်းသားနဲ့ နိုင်ငံရေးမသက်ဆိုင်’ဆိုတဲ့ အချောင်သမားဝါဒကိုတကသများထဲက စေတနာမှန်သူကျောင်းသားများက ဦးဆောင်ပြီးပြန်လည်သုံးသပ်ပြုပြင်ကြဖို့စေတနာကောင်းနဲ့တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ကျောင်းသားများဟာတိုင်းပြည်ရဲ့အနာဂါတ်အညွန့်အဖူးများဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအပေါ်ကျေပွန်ရမယ့်တာဝန်ဝတ္တရားများရှိပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေရဲ့တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ကျေပွန်ရမယ့် တာဝန်ဝတ္တရားများကိုနောင်အခါမှာ အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း ဘ၀က ၁၉၃၆ ခုနှစ်ရန်ကုန်မြို့ဂျူဗလီဟောခန်းမကြီးမှာ ဗမာတစ်နိုင်ငံလုံးကကျောင်းသားများ စုဝေးဆွေးနွေးခဲ့ကြပြီး ‘ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ’‘ဗကသ’ကို ဖွဲ့စည်းတည်ထောင်လိုက်ကြတဲ့အခါ‘ဗကသ’ကိုဖွဲ့စည်းတည်ထောင်လိုက်ခြင်းနဲ့ ပတ်သက်ပြီး     ကျာင်းသားခေါင်းဆောင်ကိုအောင်ဆန်းက ‘ကျောင်းသားဝတ္တရား’ဆိုတဲ့ဆောင်းပါးကိုရေးသားရာမှာ အခုလိုရှင်းရှင်းလင်းလင်းရေးသားခဲ့ပါတယ်။‘…. .နောင်ခေတ်ဗမာပြည်ကိုဖန်တီးမည့်ကျောင်းသားများသည် ယခုလူများကဲ့သို့မညီမညွတ်မလုပ်တတ်မကိုင်တတ်မဖြစ်ရလေအောင် ကျွန်ုပ်တို့သည်ယခုအခါ‘ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အသင်းကြီး’ကိုအထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်း၏တာဝန်ဝတ္တရားပေတည်း’(အောင်ဆန်း)။ ကျွန်တော်တို့ယနေ့ခေတ်ကျောင်းသားအားလုံး ကိုအောင်ဆန်းပြောတဲ့ကျောင်းသားဝတ္တရားကို ကိုယ်စီကျေပွန်ကြရင်းနိုင်ငံအတွက်အားထားရတဲ့ သားကောင်းသမီးမွန်များဖြစ်အောင်ကြိုးစားကြပါစို့။ ။

မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...