Monday, August 4, 2014

ဘာတွေပဲ ဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ


၁၉၈၉ ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီး တစ်ခု ဖြစ်ပေါ်သည်။ တိုက်တာ အိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄ မိနစ်ပင် မပြည့်သည့် အချိန် အတောအတွင်း လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။
အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျား ကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကို အိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီရောက်တော့ ကျောင်းက မြေမှာ ပြားချပ်နေပြီ။
ရုတ်တရက် သူ့ရင်ထဲ ဆို့နင့်ကာ ကယောင် ချောက်ချား ဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထား သည့် ကတိစကားကို ပြန်၍ သတိရသည်။ " ဘယ်လို ကိစ္စမျိုး ကြုံကြုံ သားဘာမှ မစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ " ဆိုသောစကား။ သူ့ မျက်လုံးအစုံထဲမှာ မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်က စာသင်ကျောင်း ရှိခဲ့သော နေရာ၌ အုတ်ပုံ အစုအဝေး တစ်ခုရှိနေသည်။

ဘယ်လိုမှ မျှော်လင့်နိုင်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီး တစ်ခု။ သို့သော် သားထံ ပေးခဲ့သည့် ကတိစကားကို သူ ထပ်တလဲလဲ ပြန်ကြားနေသည်။
စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းကာ သူ နေ့စဉ် နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏ စာသင်ခန်းရှိရာ နေရာကို မှန်းဆ ရှာဖွေသည်။ သားတို့ အခန်းသည် အဆောက်အဦ၏ လက်ယာဘက် အပိုင်း နောက်ဘက်ခြမ်းမှာ။
သည်နေရာကို သူပြေးသွားသည်။ ပြီး အုတ်ကျိုး အုတ်ပဲ့တွေကို စတင် တူးဆွ ဖယ်ရှားခြင်း ပြုလေသည်။
သူဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ " ငါ့သားလေးသေပါပြီ " ။ " အမယ်လေး...ငါ့သမီး လေး မရှိတော့ပါဘူး " စသည်ဖြင့် သောကမီး၊ ပရိဒေဝ မီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြ သည်။ တည်တည်ငြိမ်ငြိမ် ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတမ်း လုပ်ကိုင်နေဟန်ရှိသော) သူ့ အား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကျိုးပုံမှ ဖျောင်းဖျ ခေါ်ယူကြသည်။
" မရတော့ပါဘူးဗျာ "
" ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ "
" အဲသည်လိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာ ပြန်ပါဗျာ "
" စိတ်ထိန်းမှပေါ့၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ရဦးမှာလဲ " စသည်ဖြင့် ပြောကြသည်။
တချို့ကဆိုလျှင် " ဟေ့လူ ... တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ် " ဟုပြစ်တင် ကြသည်။
သည်လိုလာပြောသည့် မိဘတိုင်းကို သူက စကား တစ်ခွန်းပဲ ပြန်ပြောသည်။ " ဒီမှာ ... ခင်ဗျား အခု ကျွန်တော် လုပ်နေတာကို ဝင်ကူမလား၊ မကူဘူးလား၊ ဒါပဲ ပြောဗျာ " ဟူ၍။ သည်နောက် အဲသည်လူတွေကို လျစ်လျူရှု ကာ သူ့သားကို ဖော်ထုတ်နိုင်ဖို့ပဲ သူ ဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ချင်း ကောက်ယူ ဖယ်ရှားသည်။
သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီး သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားသည်။ " မီးတွေလောင်နေပြီ၊ ဘယ်နေရာ မဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့ လုပ်ပါ့မယ်၊ ကိုယ့်အိမ် ကိုယ်ပြန်ပါ " ဟု ဆိုသည်။ သားကို ချစ်သော အဖေကတော့ သူ့စကားကို အရေးမထား။ " ခင်ဗျားကျုပ်ကို ကူညီမလား၊ မကူညီဘူးလား၊ ဒါပဲ ပြောပါ " ဟုပဲ ပြန်ပြောသည်။
ရဲကလည်း ရောက်လာသည်။
" ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ် ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ် "
ရဲကိုလည်း ခင်ဗျား ကျွန်တော့ကို ကူညီမှာလားပဲ သူပြန်မေးသည်။
မည်သူကမျှ မကူညီ။
သို့သော် ကိစ္စ မရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနပဲ ကြီးစွာ သူတူးဖော်သည်။ သူ့မှာ အရေးကြီးနေတာ တစ်ခုပဲ ရှိသည်။ " ငါ့သားလေး သေပြီလား၊ အသက်ရှင်နေ သေးလား " ဒါသေချာဖို့ လိုသည်။ မျက်မြင်ဒိဋ္ဌ သူတွေ့ရဖို့လိုသည်။
သူတစ်ယောက်တည်း အုတ်ကျိုး အုတ်ပျက်ပုံကို ဖယ်ရှားသည်။ ၈ နာရီကြာပြီ၊ ... ၁၂ နာရီ၊ ... ၂၄ နာရီ၊ ...၃၆နာရီ၊ အဲသည်နောက် ၃၈ နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီး တစ်တုံး သူဆွဲထုတ်လိုက်ပြီးသည့် နောက်တွင် သား၏ အသံကို ကြားလိုက်ရသည်။
ချက်ချင်းပင် သားနာမည်ကို သူသံကုန်အော်ခေါ် လိုက်သည်။
" အာမန်း ... "
ပြန်အော်သံကြားရသည်။ " ဖေဖေ ... ဖေဖေလား၊ သားပါ ဖေဖေရ၊ သူငယ်ချင်းတွေလဲ သားပြောထားတယ်၊ ဘာမှ မကြောက်ကြနဲ့၊ ငါ့အဖေမသေသေးရင် ငါ့ကို သေချာပေါက်လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လဲ လွတ် မယ်လို့၊ ဖေဖေ သားကို ကတိပေးထားတယ် မဟုတ်လား၊ ဘယ်ကိစ္စမျိုး ကြုံကြုံ သားမစိုးရိမ်နဲ့၊ အဖေ ရောက် လာမယ် စိတ်ချ ဆိုတာလေ၊ အခု အဖေပြောထားတဲ့ အတိုင်းပဲ ရောက်လာပြီပေါ့ "
" အဲဒီအောက်ထဲမှာ ဘယ်လိုအခြေအနေ ရှိလဲသား " အဖေက မေးသည်။
" သားတို့ ၃၃ ယောက်ထဲမှာ ၁၄ ယောက်ပဲ ကျန်တယ်အဖေ၊ သားတို့ ကြောက်လဲကြောက်တယ်၊ ဆာလဲ ဆာတယ်၊ ရေလဲ ငတ်တယ်၊ အဖေရောက်လာတာ အရမ်းဝမ်းသာ တာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့ နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့် မပိဘဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့မသေတာ "
" ကဲ ... ထွက်ခဲ့တော့ သားရေ "
" နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေ ရှိနေတာပဲ၊ ဘယ်လို ကိစ္စမျိုးကြုံကြုံ သားက မစိုးရိမ်ဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ် " ။ ။

[မူရင်း။ ။ Mark V.Hansen ၏ Are You Going To Help Me ?] ဆရာ ဖေမြင့် ၏ အသင့်ထုပ်ပိုး ပြင်ဆင် ထားသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် စိတ်ဓာတ်သတ္တိများ ပါသည့် နှလုံးသား အာဟာရ(ရသစာများ) ကိုယ်တိုင် စားသုံးပြီးဖြစ်၍ မိတ်ဆွေများထံ ဖြန့်ချိဝေငှ ပေးလိုက်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...