Wednesday, August 13, 2014

မိန်းကလေးတစ်ယောက်လို ရှင်သန်မလား၊ လူသားတစ်ယောက်လို ရှင်သန်မလား။



သမီးရေ။ လူတွေက သမီးတို့ ကို ဂရုစိုက်၊ တန်ဖိုးထား၊ အမြတ်တနိုးထိမ်းသိမ်းထားတတ်ကြတယ်နော်။ လူတွေ ဆိုရာမှာ မိဘ၊ မောင်နှမ၊ ဆရာ၊ဆရာမ၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ဘာသာရေးအဖွဲ့ အစည်းများ၊ ယဉ်ကျေးမှု အဖွဲ့ အစည်းများလည်း ပါတာပေါ့။
ဒီလို ဂရုအစိုက်ခံ၊ တန်ဖိုးအထားခံ၊ အမြတ်နိုးခံလာရတာ ကြာလာတော့လည်း သမီးတို့ ရဲ့  စိတ်အာရုံက မှိုင်းမိလာတတ်တယ်နော် သမီး။

လူတွေဂရုစိုက်မှ နေတတ်လာတယ်။ ကိုယ့်ကိုတန်ဖိုးမထားရင် ငိုချင်လာတယ်။ ကိုယ့်ကိုမြတ်နိုးမယ့်သူကို ရှာဖွေ ရင်း အမှားတွေအများကြီး ကျူးလွန်မိတတ်လာတယ်။
တစ်ကယ်တော့ ကိုယ့်မှာ ဘယ်လိုအရည်အချင်းမျိုးတွေရှိလို့  ကိုယ့်ကို ဂရုစိုက်ကြတာ၊ တန်ဖိုးထားကြတာ၊ မြတ်နိုးကြတာ ဆိုတာကို သမီးသိအောင်လုပ်ပြီး အဲဒီအရည်အချင်းကို တစ်နေ့ ပြီးတစ်နေ့  ပိုပိုတိုးတက်ကောင်းမွန်လာအောင် လုပ်ရမှာ မဟုတ်ဘူးလား သမီးရဲ့ ။
မိန်းကလေးဆိုတာ လှနေရုံနဲ့  ပြီးတာမဟုတ်ဘူး။ ချစ်စရာကောင်းနေရုံနဲ့  ပြီးတာမဟုတ်ဘူး။ နှုတ်ခမ်းစူ၊ ခြေ ကလေးဆောင့်လိုက်တိုင်း အရာရာအားလုံး ရမယ်လို့  သမီးထင်နေတုန်းပဲလားကွယ်။
သမီး အရွယ်ရောက်လာတာ နဲ့ အမျှ လူတွေက ဦးစားပေး ဂရုစိုက်လာတယ်ဆိုတာ သမီးရဲ့  မိန်းမသားဆိုတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူးလေ။ သူတို့ တစ်တွေဟာ သမီးကို အရည်အချင်းရော၊ အရည်အသွေးပါ ပြည့်ဝတဲ့ မိန်းမကောင်း တစ်ယောက်ဖြစ်စေချင်တာပါ။
ဒီလိုအချိန်မှာ သမီးဟာ စကားချိုချိုပြောပေးတတ်တဲ့ ရည်းစားကိုပဲ တစ်ကမ္ဘာထင်နေ ရင် သိပ်ကိုအမြင်ကျဉ်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သွားမှာပေါ့။
ဘာမှမလုပ်တတ်တဲ့မိန်းကလေးတွေကို ဖမ်းမယ်ဆိုပြီး လောကပုလိပ်ကြီးဆင်းလာရင် သမီးရှောင်လို့ လွတ်ပါ့ မလား။ ၀တ်ချင်၊ စားချင်၊ စိတ်ကိုအလိုလိုက်ချင်၊ မြှောက်ပင့်ဂရုစိုက်ချော့မော့စကားတွေကို သာယာနေချင်တဲ့ သမီး မှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိပါ့မလား။
ကိုယ့်ကိုယ်ကိုယ်သိပါ သမီး။
အားနွဲ့ တဲ့မိန်းကလေး၊ မိန်းကလေးတို့ သဘာဝ၊ မိန်းမသားပေမို့ ၊ အစရှိတဲ့ အသုံး အနှူန်းတွေဟာ သမီးတို့ ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျော့ညံ့စေတယ်နော်။ အားနွဲ့ တယ်ဆိုတာ ခန္ဓာကိုယ်ဖွဲ့ စည်းပုံ အရ ယောက်ျားသားတွေလောက် မသန်မာတာကိုပဲ ပြောတာလေ။ စိတ်ဓါတ်ပျော့ညံ့တာကို ပြောတာမှမဟုတ်တာ။
မိန်းကလေးတို့ သဘာဝဆိုတာ လှပကျော့ရှင်းနေရမယ်၊ အပြောအဆိုလိမ္မာရမယ်၊ ယဉ်ကျေးသိမ်မွေ့ စွာပြောတယ် ဆိုပေမယ့် ပြောဆိုတဲ့ အကြောင်းအရာ ခိုင်မာရမယ်။ ‘မသိဘူးလေ’ ပြောလိုက်တာနဲ့  အရာရာအားလုံး ပြီးသွားတာ မဟုတ်ဘူးနော် သမီး။
တစ်ခါ လူတွေက ချော့လိုက်၊ မြှောက်လိုက်၊ ပင့်လိုက်နဲ့  သမီးတို့ မှာ ကိုယ့်ကိုယ်ကိုယ် သနားတဲ့စိတ်ကလေး ၀င် လာတတ်တယ်။ နေပူရင်ပူလို့ ၊ မိုးရွာရင် မိုးရွာလို့ ၊ ချမ်းလို့ ၊ ပူလို့  အစရှိသည်ဖြင့် သမီးတို့ ညဉ်းညူနေပုံများ မိုးလေ ၀ါသကြီးက သနားလို့  ပြောင်းပေးမှာ ကျနေတာပဲ။ ဒါဆိုရင် ဘေးလူဂရုစိုက်ခံချင်လို့  ညဉ်းတာဟုတ်လားလို့  မေးရ မလိုဖြစ်နေပြီ။ မဟုတ်ဘူးဆိုရင် ညဉ်းမနေနဲ့ နော်သမီး။ စိတ်ဓါတ်သတ္တိ ကုန်ခမ်းပါတယ်။
သမီးဟာ မိန်းကလေး။ ဒါ အားနည်းချက်မဟုတ်ဘူး။ ဒါကို အားသာချက်ဖြစ်အောင် သမီးသုံးတတ်ရမယ်။ လူတွေ ဂရုစိုက်တာ၊ ဦးစားပေးတာ၊ စောင့်ရှောက်တာကိုပဲ မျှော်လင့်တမ်းတနေမယ်ဆိုရင် သမီးဟာ စိတ်ဓါတ်ပိုင်းအရ ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး။
နောက်ပြီး သမီးတို့ ဟာ ကိုယ့်ရုပ်ဆင်းသွင်ပြင်ရဲ့  အားနည်းချက်တွေကို အာရုံစိုက်လွန်းတယ်။ တစ်ကယ်တော့ ယောက်ျားသားတွေဟာ အလှကြိုက်တာပါ။ မလှတာကို မကြည့်သလို ဂရုလည်း မစိုက်ပါဘူး။ သမီးပါးပြင်ပေါ်က ၀က်ခြံလေးကို သမီးဖုံးကွယ်ဖို့  ကြိုးစားနေသလောက် ယောက်ျားသားတွေကတော့ အဲဒီဝက်ခြံနုနုလေးတ၀ိုက်က အသားအရေ ပြောင်ပြောင်တင်းတင်းကို ပိုစိတ်ဝင်စားပါတယ် သမီးရဲ့ ။
ဒီတော့ ကိုယ့်အားနည်းချက်တွေကို စိတ်ဓါတ်ကျလောက်အောင် အာရုံမစိုက်ပါနဲ့ ။ ပိုကောင်းအောင်တော့ အမြဲ ပြုပြင်နေထိုင်ရမှာပေါ့။ ဒါ့အပြင် ရုပ်အလှနဲ့ နေသွားမလား၊ အရည်အချင်းအလှနဲ့  နေသွားမလားဆိုတာ သမီးရွေး ချယ်ရမယ်နော်။
မိန်းကလေးတွေရဲ့  ရုပ်အလှဆိုတာ ကျတာမြန်ပါတယ် သမီး။ ဒါကြောင့် သမီးတို့ ကို ပန်းပွင့်ကလေးနဲ့  နှိုင်းတာ ပေါ့။ ယောက်ျားတွေရဲ့  ခန္ဓာကိုယ်ဟာ အရိုး၊ကြွက်သားတို့ ကို ဦးစားပေးထားပါတယ်။ သမီးတို့ ရဲ့  ခန္ဓာကိုယ် ကတော့ အရိုး၊အဆီတို့ ကို ဦးစားပေးထားပါတယ်။ ဒီအဆီတွေကို တစ်သက်လုံးထိန်းနေနိုင်ဖို့  လွယ်တဲ့ကိစ္စမဟုတ် ဘူးနော်သမီး။
မိန်းကလေးတစ်ယောက်ရဲ့  သပ်ရပ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားရှိရင် သမီးကျေနပ်ပါ။ ကျန်တဲ့အချိန်တွေကို အရည်အချင်းပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေဖို့  သမီးကြိုးစားပါ။ သမီးရည်းစားဘ၀မှာ အလှကအရေးပါပေမယ့် အိမ်ထောင်သည်ဘ၀မှာ အလှနဲ့ အတူ အရည်အချင်းကပါ လိုအပ်လာလိမ့်မယ်နော် သမီး။
မိန်းကလေးတွေက တစ် ကယ်တော့ ယောက်ျားလေးတွေထက် အများကြီး ပိုကြိုးစားရတယ် သမီးရဲ့ ။
ဒီလိုကြိုးစားရမှာကို စိတ်မပါ၊လက်မပါတွေဖြစ်၊ ၀တ္တုစာအုပ်တွေမှာရေးထားသလို လှလှလေးပြင်ပြီး အားငယ်နေပြ လိုက်၊ လူတွေက ဂရုတစိုက် တယုတယပြောရင် မျက်ရည်လေးဝိုင်းပြီး ဂုတ်ကြီးပါအောင် ခေါင်းညိတ်ပြလိုက်နဲ့  သာယာနေတော တော်ပါတော့ သမီးရဲ့ ။ အဲဒီလူတွေဟာ သမီးဆီက တစ်ခုခုလိုချင်လို့  အဲဒီလိုအချိန်ပေး စကား ပြောနေတာလေ။
တစ်ကယ်တော့ သမီးကို အားပေးစကားတွေပြောပြီး ဘ၀တိုးတက်ဖို့  လက်တွဲခေါ်ပေးတဲ့လူတွေကို သမီးတွေ့  အောင် ရှာရမှာ။ သူတို့ နဲ့  အချိန်တွေအများကြီး ကုန်လွန်စေရမှာ။ သမီးရဲ့  ဘ၀မီးအိမ်ဟာ တစ်ခြားလူမဟုတ်ဘူး။
သမီးကိုယ်တိုင်ပဲ။
သမီးလျှောက်ရမယ့်လမ်း၊ သမီးတည်ဆောက်ရမယ့်ဘ၀၊ သမီးနေထိုင်သွားရမယ့် အနာဂါတ်တွေကို ဒီဘ၀မီးအိမ်နဲ့  မြင်အောင်ကြည့်။ အဲဒီဘ၀မီးအိမ်ကို ပညာ၊ စွမ်းရည်၊ အတွေ့ အကြုံ၊ လူမှုကွန်ရက်၊ ဦးတည်ချက် တွေနဲ့  အမြဲတစေ တိုက်ချွတ်ပြီး လင်းထိန်နေအောင်ထား။
ဒီလိုလင်းထိန်တောက်ပနေတဲ့ မီးအိမ်ရှင်မလေးအတွက် အရည်သွေးမြင့် ယောက်ျားသားတွေ၊ လစာကောင်းတဲ့ အလုပ်တွေ၊ တန်ဖိုးရှိတဲ့ အသိုင်းအ၀ိုင်းတွေ အသင့်စောင့်ကြိုနေမှာပါ။ သမီးကို မိန်းကလေးတစ်ယောက်အနေနဲ့  တန်ဖိုးထားတာထက် လူသားတစ်ယောက်အနေနဲ့  တန်ဖိုးထားတာကို သမီးလိုချင်စမ်းပါ။ ကြိုးစားစမ်းပါ။ ဖြစ်အောင် လုပ်ပြလိုက်စမ်းပါ။
အဲဒီအတွက် ပထမဆုံး သမီးပြုပြင်ပြောင်းလဲရမှာကတော့ သူငယ်ချင်းအသိုင်းအ၀ိုင်းပဲ။ သူငယ်ချင်းတွေတွန်းအား ပေးလို့  ကိုယ်မစားချင်တာကို စားရပေါင်းလဲ များလှပြီ။ ကိုယ်မသွားချင်တဲ့နေရာ၊ ကိုယ်မဆုံချင်တဲ့လူ၊ ကိုယ်မလုပ် ချင်တဲ့ အလုပ် တွေကို မရှောင်နိုင်ဖြစ်ခဲ့ပေါင်း များလှပြီ။ ဒီသူငယ်ချင်းတွေကြောင့် ကိုယ့်မှာ အနုတ်လက္ခဏာပဲ ပြ နေတယ်ဆိုရင် သမီး မိတ်ဆွေအသစ်လိုပြီနော်။
မိတ်ဆွေအသစ်မရခင်စပ်ကြားမှ တစ်ယောက်တည်းနေလိုက်စမ်းပါ။ မကောင်းတဲ့အဖော်အပေါင်းတွေနဲ့ နေတာ ထက် ကိုယ့်တစ်ယောက်တည်း ကောင်းမွန်စွာနေထိုင်လိုက်မယ်ဆိုရင် ကောင်းတဲ့လူတန်းစားတွေနဲ့  သမီးပေါင်းမိ သွားမှာပါ။ စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုတယ်နော် သမီး။
ဒီနေ့ ကစပြီး မိန်းကလေးတစ်ယောက်လို မရှင်သန်နဲ့ တော့။ လူသားတစ်ယောက်လို ရှင်သန်ပါနော် သမီး။

 ဇူလိုင် (၉)

သမန်းကျား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...