နိ စ္စ ဓူ ဝ
တစ်ယောက်က ရောင်စုံ မိုးပျံပူဖေါင်းများ ကိုင်ရင်း ၀ယ်သူကို စောင့်ဆိုင်း
/ (ကလေးငယ်များ ပူဆာသံကို လူကြီးများက လှစ်လျှူရှု) /
တစ်ယောက်က လက်သည်းပန်းကုံးတွေ သွေးထွက်အောင် ကုတ် ဖဲ့ ခွာ နေ / (စိတ်ကျန်းမာရေး အနည်းငယ် ချို့ယွင်း) /
တစ်ယောက်က နေရာမှာ ခြေစုံရပ် ဖန်သားပြင်ပေါ်က သကြားလုံးတွေ လက်နဲ့ ပွတ် ခွဲ
/ (မကျေနပ်ချက်များကို သကြားလုံးများထဲ စုပြုံ ထိုးကြိတ် ထည့်သို) /
တစ်ယောက်က ပလက်ဖေါင်းစွန်းမှာရပ် ဘယ်လက်ကို ဆန့်ထုတ် လက်ချောင်းများကို လှုပ်ခါ
/(အငှားကားများ အားလုံး မီးနီနေကြသည်) /
တစ်ယောက်က မျက်လုံးမဖွင့်နိုင်သေးတဲ့ အိပ်ပျော် ကလေးငယ်ကို လက်တွန်းလှည်းနဲ့ ကျောင်းပို့
/ (ခြောက်လမတိုင်ခင် ကျောင်းတက်ရတဲ့ ကလေးငယ်) /
တစ်ယောက်က အမိုးနဲ့ လူသွားစကြံင်္လေးတလျောက် ဟို ဒီ မျက်စိ ကစားရင်း တံမြက်စည်းလှဲကျင်း
/ (ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်) /
တစ်ယောက်က အပြာရောင် အမှိုက်ပုံးကို ထိုးဆွ အလူမီနီယံ အအေးဗူး အခွံ အလွတ်တွေ ကောက်ယူ
/ (ဗူးခွံတစ်ခု ငါးပြားရသည်) /
တစ်ယောက်က မွှေးပွခွေးလေးတစ်ကောင်ကို ကြိုးနဲ့ဆွဲရင်း ကျန်လက်တစ်ဖက်က အဆက်မပြတ် ဖုန်းပြော / (အိမ်အကူများ၏ နေ့စဉ်ဝတ္တရား) /
တစ်ယောက်က ဘေးနားလာရပ်တဲ့ အသားအရောင်နက်မှောင်ကို မျက်လုံးစွေကြည့်ရင်း သိသိသာသာ နေရာရွှေ့
/ (မကျေမချမ်း ဟန်တစ်ချို့ စွက်) /
တစ်ယောက်က ဈေးဝယ် လက်ဆွဲအိတ်များ မနိုင်မနင်း သယ်ယူလာရင်း ဓါတ်လှေခါးခလုပ်ကို ခက်ခက်ခဲခဲနှိပ်
/ (နံဘေးမှ အမျိုးသမီးငယ် အေးစက်စက် မျက်နှာဖြင့် ဒီတိုင်း ကြည့်နေ) /
တစ်ယောက်က မှတ်တိုင်မှာ ကားစောင့်ရင်း ဘေးနားက အဖေါ်ကို ကမ္ဘာနဲ့ ချီပြီး အာဘောင် အာရင်းသန်
/ (သူလိုလူစား များများရှိရင် ကမ္ဘာကြီး နာဖျားနေမှုမှ ကင်းစင်လွတ်မြောက်အံ့) /
တစ်ယောက်က ကော်ဖီဆိုင်မှာ အမည်းရောင်ကော်ဖီတစ်ခွက်ကို တုန်ရီသော လက်ဖြင့် ကိုင် သောက်
/ (အိုမင်း မစွမ်း) /
တစ်ယောက်က မီနီစကပ်တိုတိုနဲ့ လေဒီရှူး မြင့်မြင့်ကို အသံမြည်အောင် သုတ်သီးသုတ်ပြာ လျှောက် / (ပတ်ဝန်းကျင်ကို အသံဖြင့် နှောက်ယှက်မှု) /
တစ်ယောက်က တန်းစီပြီး ယူရတဲ့ အလကား သတင်းစာ (သို့) ဒီနေ့ သတင်းစာကို မျက်လုံး စုံအပ်/ (သတင်းထူးတွေရမယ်… သတင်းထူးတွေရမယ်) /
တစ်ယောက်က မျက်မှန်အနက်ရောင်တပ် တည်တည်တင်းတင်း ရပ် လာရာလမ်းသို့ ငေးကြည့်
/ (တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်) /
တစ်ယောက်က ပေါင်မုန့်ဆိုင်မှာ တစ်ကျပ်တန် ကြက်ဥယိုပေါင်မုန့်ထုတ်ကို ရွေးချယ် ၀ယ်ယူ
/ (ရုံးက အခမဲ့ တည်ခင်းတဲ့ ကော်ဖီနဲ့ တွဲ သောက်နိုင်ခြေရှိ) /
တစ်ယောက်က သုံးထုပ်တစ်ကျပ် စက္ကူလက်သုပ်ပုဝါကို သီချင်းလုပ် သီဆိုရင်း ရောင်းချ / (ဘ၀မှာ နေတတ်ဖို့က အရေးကြီးတာပဲ) /
တစ်ယောက်က မြောင်းဖုံးအောက်မှာ ပုန်းနေတဲ့ ကြောင်လေးတွေကို အစာလာကျွေး
/ (ဒီလိုလူမျိုးမှာ ဘယ်နည်းနဲ့မှ အေးစက်သော နှလုံးသား မရှိနိုင်) /
တစ်ယောက်က နှာခါင်းနဲ့ မျက်နှာတစ်ခုလုံး နီနီရဲလာတဲ့အထိ အဆက်မပြတ် နှာချေ
/ (စုစုပေါင်း ကိုးကြိမ် တိတိ - ဗိုင်းရပ်စ် ပိုးမွှားများ တိုက်ခိုက်တဲ့ ည) /
တစ်ယောက်က လမ်းတစ်ဖက်က နိစ္စဒူဝ မြင်ကွင်းကို စေ့စေ့စပ်စပ်ကြည့်ရှု လေ့လာ
/ (ရေးစရာ စာတစ်ပုဒ် ရပြီ) /
သက်ဝေ
(၇ သြဂုတ် ၂၀၁၄)
0 comments:
Post a Comment