Saturday, August 11, 2012

Peace and Conflict Resolution (1)


(1) Organizational Culture
(၁) အစုအဖွဲ့ရှိ တွေးမြင်ခံယူပုံဓလေ့

တရားမျှတမှုကင်းမဲ့ခြင်း၊ အမြတ်ထုတ်ခြင်း၊ ကြမ်းတမ်းရိုင်းပြခြင်းတို့သည် ယဉ်ကျေးမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ အနေအထားများထဲ၌ အခိုင်အမာ ထည့်သွင်းထားပြီးသား (Institutionalized Exploitation) ဖြစ်နေတတ်သည်။
ထိုသို့သော ဖွဲ့စည်းပုံ စနစ်အောက်မှ လူများသည် မိမိတို့၏ မမျှတမှုများ ရိုင်းစိုင်းမှုများကို သာမန်ဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားသည်။ မိမိ၏အခြေအနေ အပြောအဆို အပြုအမူ အလုပ်အကိုင်ကို ဝေဖန်ဆန်းစစ်ရန် ဖွဲ့စည်းပုံစနစ်က တွန်းအားမပေးသောအခါ ထိုလူအဖွဲ့အစည်းတွင် ငြိမ်းချမ်းသာယာမှု ကင်းမဲ့လေသည်။

မိမိတို့သာလျှင် သာလွန်မြင့်မြတ်သူ ဟူသော ခံယူချက် (Internalized Sense of Superiority) မျိုးကို အလိုအလျှောက် ခံယူထားတတ်သည့် အဖွဲ့အစည်းများ၊ အစုအဖွဲ့များလည်း ရှိနေတတ်သည်။ အုပ်ချုပ်မှုစနစ်ကဖြစ်စေ၊ မိမိပါဝင်သော အစုအဖွဲ့ဝင်အများစု၏ ခံယူချက်ကြောင့် ဖြစ်စေ၊ ဝါဒသွတ်သွင်းထားမှုကြောင့် ဖြစ်စေ၊ ရရှိဝင်ရောက်နေတတ်သော စိတ်ထားမျိုးဖြစ်သည်။ ထို ခံယူချက်ဖြင့် တခြားအဖွဲ့အစည်း လူမျိုးစုများကို ခွဲခြား ဆက်ဆံသောအခါ မိမိတို့အဖွဲ့ကသာလျှင် အကျိုးအမြတ်နှင့် ဝေစုအများစုကို ရယူသောအခါ ပဋိပက္ခများ စတင်လာရတော့သည်။

အစုအဖွဲ့၏ တွေးမြင်ခံယူပုံ ဓလေ့စရိုက် (Organizational Culture) ပြောင်းလဲရေးသည် ငြိမ်းချမ်းရေးအတွက် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။

(2) Dominant Narrative
(၂) နေရာယူ လွှမ်းမိုးထားသော ဇာတ်ကြောင်း

အုပ်ချုပ်သူများနှင့် မီဒီယာသမားများသည် တစ်ဖက်သတ်ဇာတ်ကြောင်းများကို နှစ်ပေါင်းများစွာ ကြာသည့်တိုင် သွတ်သွင်းပြောဆိုနေကြသည်။ ဥပမာအားဖြင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းကို အဖျက်သမားများ၊ သူပုန်များ၊ သောင်းကျန်းသူများဟု တစိုက်မတ်မတ် ပုံဖော်လာသည်။ အခြားတစ်ဖက်မှလည်း ဇာတ်ကြောင်းများကို ပိတ်ပင်၍ မိမိဇာတ်ကြောင်းကိုသာ တစ်ဖက်သတ် ဇာတ်စုံ ခင်းပြသည်။

အခြားတစ်ဖက်မှ ဇာတ်ကြောင်းကို မကြားရသောအခါ ထိုတစ်ဖက်၏ ခံစားမှုများ၊ ဆင်ခြင်တွေးတောရန်များ၊ တူညီသော ပူပန်မှုများ၊ ဦးတည်ချက်များနှင့် သူတို့လမ်းစဉ်ကို သိရန် အခွင့်အရေးမရတော့ပေ။ ထိုအခါ ထိုမှားယွင်းတင်ပြသော တစ်ဖက်သတ်မီဒီယာအောက်မှ ပြည်သူများသည် တစ်ဦးနှင့် တစ်ဦးနားလည်ရန် ခက်ခဲလာခဲ့တော့သည်။

ရေရှည်ပြေလည်မှုအတွက် အစိုးရများသည် သတင်းများ၊ အကြောင်းအရာ အချက်အလက်များကို လွတ်လပ်စွာ စီးမျောခွင့်ပေးရန် လိုအပ်သည်။ အကန့်အသတ်အတွင်း စီးဘောင်အတွင်းတွင် ပြည်သူတို့၏ အောက်ခြေသိမ်းဇာတ်လမ်းကို ကြားနာခွင့် ဖလှယ်ခွင့်ပြုမှသာလျှင် ငြိမ်းချမ်းရေး လမ်းစကို ဖော်ထုတ်နိုင်မည်။

(3) Dehumanization
(၃) လူသားအဖြစ်မှ လျော့ကျသွားခြင်း

အာဏာရှင် စနစ်အောက်တွင် မိမိနှင့် ဆန့်ကျင်သော ဆန့်ကျင်ဘက် အဖွဲ့အစည်းများအား လူမဟုတ်သော ပုဆိန်ရိုးများနှင့် နှိုင်းခြင်း၊ သစ္စာဖောက် အဖြစ်တံဆိပ်ကပ်ခြင်း၊ ရိုင်းစိုင်းယုတ်ညံ့သော စာ၊ ကာတွန်း၊ စကား၊ ဆောင်းပါးများနှင့် အကြိမ်ကြိမ်ရှုံ့ချခြင်းစသည်သည် ကျွန်တော်တို့ တွေ့ဖန်များသောအခါ ကျွန်တော်တို့ထံ ကူးစက်လာသည်။

ကြမ်းတမ်းသော ရန်လိုသော ယုတ်ညံ့သော လှုံ့ဆော်မှုကို ကြိမ်ဖန်များစွာ တွေ့နေရသော ကျွန်တော်တို့သည် ကြမ်းတမ်းသော ရန်လိုသော ယုတ်ညံ့သော ဓလေ့စရိုက်ဆီသို့ တဖြည်းဖြည်း ကူးပြောင်းသွားသည်။ ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် လည်ပတ်နေသော ထိုယန္တရားများကို သတိထားမိရန် လိုသည်။ အဖျက်သမားများ ရှိသည်။ အဖျက်သမားများကို နှိမ်နင်းရမည် စသဖြင့် ထာဝရ သတိပေးခံနေရသော လူသားများသည် စိတ်ဖိစီးမှုများလာကာ ယဉ်ကျေးမှုလည်း ကျရှုံးလာပါတော့သည်။ ထိုအခါ ပဋိပက္ခဆောင်သော လူမှုဝန်းကျင်က ပိုမိုကျယ်ပြန်လာသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...