မလုံခြုံသာ ဘ၀တွေနဲ့ ရပ်တည်နေရ အဝေးရောက် မြန်မာများ
သန်ခေါင်ယံချိန်ကို ကျော်လွန်လို့ နံနက်ချိန်ခါကို ရောက်ရှိနေပါပြီ ။ ခုချိန်ထိ တစ်ရေးမှ အိပ်လို့ မရနိုင်ခဲ့ ပါဘူး ။ ညနေက အဖြစ်ပျက်လေးက တဒင်္ဂလေးဆိုပေမယ့် ကျွန်မအတွက် သိပ်ကို ခံပြင်းစရာကောင်းနေ ပါတယ် ။ ဘယ်သူကို အပြစ်တင်ရမလဲ၊ အဓိက မှားနေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချာချာလည်နေပါတော့တယ် ။
ကျွန်မ ခင်ပွန်းသည်ရှိရာ မလေးရှား နိုင်ငံကို ရောက်ရှိနေပါတယ် ။ မနက်ဆို ခင်ပွန်းသည်က အလုပ်သွားရ တာမို့ တနေကုန် ကျွန်မ တစ်ယောက်ထဲသာ အိမ်မှာ ကျန်နေခဲ့ရပါတယ် ။ အမျိုးသားမပါဘဲလည်း ကျွန်မဘယ်ကိုမှ မသွားတတ်ပါဘူး ။ ဒီနေ့တော့ ဗိုက်အရမ်းဆာတာနဲ့ တစ်ယောက်ထဲ တိုက်အောက်ကို ဆင်းလာခဲ့ပါတယ် ။ တိုက်အောက်က မလေး လင်မယားရောင်းတဲ့ ကြက်ကင်ဆိုင်လေးဆီကိုဦးတည် လျှောက်လှမ်းလာခဲ့ပါတယ် ။ ဆိုင်ကိုရောက်တော့ ကြက်ကင်တစ်ခုပေး ဖို့နဲ့ တစ်ကင်ကို ဘယ်လောက် ကျတယ်ဆိုတာ အင်္ဂလိပ်လို မေးလိုက်ပါတယ် ။ သူက ကျွန်မကို မလေးလို ပြန်ဖြေတယ် ။ ကျွန်မလည်း
* ငါမလေးစကား နားမလည်ဘူး * လို့
အင်္ဂလိပ်လို ပြန်ပြောတော့ မလေးမက ဘယ်နိုင်ငံက လာတာလဲလို့ ပြန်မေးတယ် ။ ကျွန်မလည်း မြန်မာနိုင်ငံက လာတယ်လို့ ပြန်ဖြေလိုက်တယ်ဆိုရင်ဘဲ ဘေးမှာရပ်နေတဲ့ ဖိလစ်ပိုင်မတစ်ယောက် လူကို လှောင်စရာလို အထင်သေးစရာတခုလို မြန်မာဆိုတဲ့ နာမည်ကို သူစကားထဲ လေးခါလောက်ပါတယ် ။ သူမလေးလို ပြောလို့ သူပြောတာကို ကျွန်မနားမလည်ပေမယ့် သူအမူယာကို ကြည့်တာနဲ့ မြန်မာလူမျိုး ဆိုတာကို လှောင်နေတယ်တိုတာ ကျွန်မသိပါတယ် ။ မလေးဆိုင်ရှင်မက ကျွန်မကို မလေးနိုင်ငံသား
အိန္ဒိယလူမျိုးလို့ထင်နေတာလို့ ပြောပါတယ် ။ စိတ်ထဲမှာ ဆိုင်ရှင် အမျိုးသမီး ပြောတာတွေကို ခေါင်းထဲ ၀င်တချက် မ၀င်တချက် ပါဘဲ ။
ဘေးက ဖိလစ်ပိုင်မကိုဘဲ ဒေါသတွေ အချောင်းချောင်းထွက်နေမိပါတယ် ။ သူကြည့်တော့ home made လုပ်နေတဲ့ ပုံစံပါ ။ ဒီလိုမိန်းမက ဘာလို့ မြန်မာဆိုတာ နဲ့ အထင်တစ်သေး လူကို ကြည့်တာလဲ ။ အဓိက ဘာကြောင့်လဲ ။ အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းကို မသိပါဘူး ။ မလေးရောက်ထဲက စနိုးစနောင့် ကိစ္စတွေပါ ခေါင်းထဲကို ဆက်တိုက် ၀င်ရောက်လာပါတယ် ။ တက္ကဆီ စီး၇င် ကားပေါ် သိပ်စကားမပြောဖို့ အမျိုးသားမှာတတ်ပါသေးတယ် ။ ဘာလို့လဲမေးတော့ မြန်မာဆိုတာ မသိစေချင်လို့တဲ့ ။ အောင်မလေးလို့တောင်ရင်ထဲက တလိုက်မိပါတယ် ။ ကျွန်မလို မနေ့တစ်နေ့မှ ရောက်လာသူအဖို့ မြင်တကာ ဆန်းပြားပြီး မေးစရာတွေချည်းမို့သူမှာပေမယ့် ကျွန်မမေးချင်တာတွေကို မေးမိတာပါပဲ ။ တခါမှာတော့ မြို့ထဲကအပြန် ကျွန်မတို့ ကားငှားစီးလာတယ် ။ ငှားလာတာ မီတာ ကားပါပဲ ။ လမ်းမှာ ထုံးစံအတိုင်း ကျွန်မသိချင်တာတွေ မေးလိုက်ပြောလိုက်နဲ့ တိုက်ရှေ့ရောက်တော့ ကျသင့်ငွေထက် ပိုတောင်းပါလေကော ။ အမျိုးသားနဲ့ စကားများတာပေါ့ ။ ကားလော့တွေပါ ချထားလိုက်ပါသေးတယ် ။ ကျွန်မ ကြောက်တော့ တော်တော့်ကိုကြောက်သွားမိပါတယ် ။ အမျိုးသား ပြောတဲ့စကားမများဖို့ဆိုတာ ဒါကြောင့်ပြောတယ်ဆိုတာကို လက်တွေ့သိလိုက်ရပါတယ် ။
နောက်ကြုံဆုံရတာလေးတွေ ရှိပါသေးတယ် ။ အမျိုးသား အလုပ်ကနေ စောစောပြန်ရောက်ချိန် တရုတ်ဆိုင်မှာ ကြက်ဆီထမင်း သွားစားကြတဲ့နေ့ပေါ့ ။ တရုတ်ဆိုင်ဆိုတာ ဆိုင်ထဲမှာ ဆိုင်ခန်းတွေ အများကြီးရှိကြတယ်။ ကျွန်မတို့ လင်မယား ကြက်ဆီထမင်းမှာလိုက်ကြတယ်။ ရောင်းတဲ့သူက မြန်မာလူမျိုးပါ ။ သိပ်ကို အံ့သြခဲ့ရတယ် ။ ကျွန်မတို့ ရှေ့က မှာတဲ့ တရုတ်တွေ ပန်းကန်ဆီ မျက်လုံးက အော်တိုမစ်တစ် ကြည့်မိလိုက်ပါတယ် ။ *အားပါး.မိုက်တယ် ကြက်သားတုံးတွေက အကြီးကြီးတွေဘဲ * စိတ်ထဲက ပြောမိလုက်ခြင်းပါ ။ ဟော် ! ကျွန်မတို့ပန်းကန်တွေလည်းသယ်လာပါပြီ။ ဟင်! ဆိုတဲ့ အာမေဋိတ်သံက အပြင်ထိ ထွက်ကျသွားတယ် ။
*အမျိုးသားက ..ဘာဖြစ်တာလဲ မိန်းမ *
*ဘာဖြစ်ရမှာလဲ ပိုက်ဆံပေးရတာချင်းတူတူ ငါတို့ကျတော့ ကြည့်ပါအုံးဟာ အရိုးပေါ်အရည်တင်ကြက် ..တရုတ်တွေ ၀ိုင်းကြတော့
ကြည့်လိုက် စူကားနေတာ ..*
*သြော်! မိန်းမရေ ဒီလိုဘဲ လူတွေက ကိုယ်လူမျိုးချင်းဆို မြန်မာမှန်းသိတောင် အဖက်မတန်သလို မခေါ်ချင်သလိုဘဲလေ .. နောက်ဆို မင်းပိုသိလာမှာပါ ..စိတ်လျော့ စားစရာရှိတာ စား*
နောက်တခါ ထပ်ကြုံလိုက်ရတာကတော့ တော်တော်ကို ဆိုးပါတယ် ။ မြန်မာဘုန်းတော်ကြီး ကျောင်းကို ကျွန်မရောက်ခဲ့ပါတယ် ။ ကျောင်းထိုင်ဆရာတော်နဲ့ ကျွန်မတော်တော်လေးကို ခင်ပါတယ် ။ဘုန်းဘုန်းဆီ ရောက်တော့ မင်္ဂလာဆောင်တစ်ခု ဆွမ်းကျွေးက ပြန်လာတာဖြစ်ကြောင်းကို ပြောပြတာကို ကျွန်မနားထဲ မှတ်မိနေလိုက်ပါတယ် ။ နှစ်ရက်လောက်အကြာ ဘုန်းကြီးကျောင်းကို ကျွန်မနောက်တစ်ခေါက် ထပ်ရောက်ခဲ့ပြန်ပါတယ် ။ ဒီမှာဘဲ ဘုန်းဘုန်းက ခိုင်လေးရေ စာရေးဆရာမကို ပြောပြရအုံးမယ် မလေးအရှုပ်တော်ပုံကို ဆိုကာ ...
တနေ့က ဘုန်းဘုန်းဆွမ်းကျွေးကြွတဲ့ မင်္ဂလာဆောင်က သတို့သမီးက နောက်နေ့မှာဘဲ တစ်ခြားကောင်လေးနောက်ကို လိုက်ပြေးသွားတယ်တဲ့ ရှင်။ ဘုရား ဘုရား လို့ကို ရင်ထဲက တလိုက်မိတဲ့အထိ အံ့သြထိတ်လန့်ခဲ့ရပြန်ပါတယ် ။
နောက်ဆုံးတစ်ခု ကျွန်မတို့ ရိုးရာမြန်မာဝတ်စုံကို လွမ်းလို့ တစ်ခါတစ်ရံလေး ၀တ်ချင်ရင်တောင် မြန်မာဆိုတာ သိမှာစိုးတာနဲ့ မ၀တ်ရဲကြပါဘူး ။ အိမ်ထဲမှာ ဒါမှမဟုတ် ဘုန်းကြီးကျောင်းတွေက အလှူတွေမှာ တစ်ခါတစ်ရံမြင်ရပါတော့တယ် ။ မလေးရောက် နိုင်ငံခြားသားချင်းတူတူတောင် ကျွန်မတို့လူမျိုးတွေ ဘာကြောင့် ပိုအနှိမ်ခံ အထင်သေးခံနေရတာလဲ။ အိန္ဒယလူမျိုးတွေ တော်တော်များမှာ ဆာလီတွေ ၀တ်နေကြတာပါပဲ။
သူတို့ ဘာတခုမှ တွေးကြောက်မနေပါဘူး ။ ကျွန်မတို့ မြန်မာလူမျိုးတွေကျမှ သူများထက် ပိုကြောက်နေရ ပို အထင်သေးခံနေရ တဲ့ ဖြစ်ရပ်တွေကို ကျွန်မတို့ အမြင်တိုင်းလေး သုံးသပ်ကြည့်ချင်ပါတယ် ။ မည်သူကိုမှ ထိခိုက်ပုတ်ခတ်လိုစိတ်မရှိပါ ။ သုံးသပ်အဖြေရှာကြည့်ယုံလေး သက်သက်ပါ ။ အဓိက ခေါင်မလုံတော့ လေဒဏ် ၊ မိုးဒဏ် ဆိုတဲ့ ပတ်ဝန်းကျင်ရာ ရာသီဥတု ဒဏ်တွေကို ကျွန်မတို့ခံစားရတာပေါ့ ။
ဒုတိယအချက် ကိုယ်ကိုတန်ဖိုးမထားတတ်ခြင်းတွေ ကို မလေးရောက် တော်တော်များမှာ လက်တွေ့တွေ့မြင် နေရပါတယ် ။ ကျွန်မတို့ တူတူနေတဲ့ အိမ်က ကလေးတွေဆို တလကို လခ မလေးငွေ ၁၅၀၀ ၀န်းကျင် လောက် ရရှိကြပါတယ် ။ ဒါပေမယ့်သူတို့ အိမ်ကို တလ ငါးသောင်းတောင် မပို့နိုင်ကြပါဘူး ။ လွတ်လပ်မှုဆိုတာရယ် ၊ ပင်ပမ်းမှု ဆိုတာကို အကြောင်းပြကာ ရှာလိုက် ကုန်လိုက်နဲ့ကို သံသရာကျောမှာ တ၀ဲတ၀ဲလည်နေပါတော့တယ် ။ သူတို့ ဟာနဲ့ သူတို့ကို ချာလပတ်ရမ်းနေပါတော့တယ် ။
အနေကြာလာတော့ အသိများလာတယ် ။ သူငယ်ချင်းတွေ လာလည်လိုက် သူတို့ဆီပြန်လည်လိုက် ။ လည်တယ်ဆိုတာ စကားပြောယုံပြောကြတာ မဟုတ်ပြန်ဘူးလေ ။ စကားလေးပြောကောင်းဖို့ဆို သောက်ကြ စားကြ ။ ဒီတော့ ဘယ်မှာလာ စု မိပါတော့မလဲ။
အပြစ်တင်နေခြင်းမဟုတ်ပါဘူး ။ သုံးသပ်ကြည့်မိတာလေးပါပဲ ။ အိမ်ထောင်ရှိတဲ့ မိန်းကလေးကိုလည်း စိတ်ဝင်စားလို စိတ်ဝင်စား တော်တော်ကို ရှုတ်ထွေးပွေလီမှုတွေ များပြားလွ န်းလှပါတယ် ။ သူများအထင်သေးတာ ခံနေရာ ခြင်းက ပထမအချက် ... ကျွန်မတို့နိုင်ငံရဲ့ လုံလောက်တဲ့ ကာကွယ်မှု မရှိခြင်း ၊ မလေးရောက် မြန်မာနိုင်ငံသားများရဲ့ ပျက်ယွင်းနေတဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တိတွေ ပြန်လည် ပြုပြင်ပေးဖို့ အထူးလိုအပ်နေခြင်း ၊ လူမျိုးခြင်းစည်းလုံးမှု အင်အားတွေ အင်မတန်နည်းပါး နေခြင်းတွေက အဓိက ကျနေမယ်လို့ သုံးသပ်မိပါတယ် ။ မလေး ၊ စင်ကာပူ အကုန်လုံးကို မြန်မာ ပွဲစားနိုင်ငံလို့ တင်စားလို့ ရအောင် ပွဲစားတွေ သိပ်ကို ကြောက်ဖို့ကောင်းပါတယ် ( အမှန်ကန် လုပ်ပေးနေသော ပွဲစားများကို မဆိုလိုပါ ) ။ စီးပွာရေး လုပ်တယ်ဆိုတာကို လက်ခံပါတယ် ။ စီးပွာရှာ တဲ့နေရာမှာ ကိုယ်ချင်းစာ တရားလေးကို လက်ကိုင်ထားမယ်ဆို ပိုပြီးမင်္ဂလာရှိ မယ်လို့ ထင်မြင်ယူဆိမိပါတယ် ။ မလေးနဲ့ စင်ကာပူတောင် ကွာခြားချက် အနည်းငယ်ရှိပါတယ် ။ စင်ကာပူနိုင်မှာအလုပ်လုပ်ဖို့ဆိုတာ ထိုင်သင့်တဲ့ ငွေအရင်းနှီးရှိသူတွေ သွားနိုင်ကြပါတယ် ။ အနည်းဆုံး သိန်း ၃၀ လောက်ကုန်မှ ရောက်နိုင်ကြတဲ့ အတွက် အလယ် လတ်တန်းစား လူမျိုးတွေ သွားကြခြင်းများပါတယ် ။ မလေးရှားနိုင်ငံဆိုတာတော့ တော်တော်များ အခြေခံလူတန်းစား တွေ တောရွာတွေက ပိုများကြပါတယ် ။ အကြွေးနဲ့ သုံးသိန်းလောက်ပေးရင် မလေးမှာ အလုပ်လုပ်နိုင်ကြပြီမို့ မရှိ ရှိတာလေးတွေနဲ့ ရောက်လာကြရတယ် ။ ဒီရောက်တော့ ပြောတာတမျိုး ရတာတမျိုးတွေဖြစ် အလုပ်တွေက အဆင်မပြေ စိတ်တွေဆင်းရဲနေကြရတဲ့ သူတွေ တပုံတပင်ပါပဲ ။ အိမ်မှာ ကျန်နေသူတွေကလည်း တ၇ွာထဲ ဘယ်သူကတော့ဘယ်လောက်ပို့တယ် မင်းကတော့ မပို့နိုင်ဘူး ဆို ဖုန်းတွေလာ ။ တကယ်ကို စိတ်ဆင်းရဲစရာတွေပါ ။ ဒီမှာဆိုတာက တစ်စက်၇ုံထဲ ဆိုပေမယ့်ရတဲ့လခတွေ အများကြီး သွားခြား တတ်ပါတယ် ။ အံ့သြမိတာက ဒီလူ လူမျိုးတွေဆီက ပိုက်ဆံတွေကိုမှ ညာယူရက်တဲ့ ပွဲစားဆိုတဲ့ လူမျိုးတွေကိုပါ။ သူတို့မို့ မရှိဆင်းရဲသား ကိုယ်လူမျိုးချင်းဆီက ငွေကို လိမ်ညာယူရက်တာကို တစ်ကယ်ကို အထင်သေးမိပါတယ် ။
မိမိတို့ လုပ်နေတဲ့ လုပ်ရပ်တွေ မှန်ကန်နေလား လုပ်သင့်နေလား ဆိုတာကို ပွဲစားကိုကို မမတွေ နှာဖူးပေါ် လက်တင်လို့ သေချာလေး တွေးကြည့်ကြပါအုံး။ လူမျိုးချင်း ဂုတ်သွေးစုပ်နေကြတာပါပဲ ။ မပတ်ဘဲနေလို့လဲမရ။ ပတ်သတ်ရပြန်တော့လဲ ကြောက်စရာကောင်း။
မလေးရဲကိုလည်းကြောက်ရ ။ လူမျိုးတူချင်း ဂုတ်သွေးစုပ် ဘီလူးတွေလဲကြောက်ရ ။ဘယ်မှာ စိတ်ချမ်းသာစရာ ကောင်းနေပါ သနည်း။
ဒါတွေကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ရင်ဆိုင်ကြမလဲ ။ ကျွန်မတို့နိုင်ငံသက်ဆိုင်ရာ လူကြီးတွေအနေနဲ့ အဝေးရောက် အလုပ်သမားတွေအပေါ် ကာကွယ်စောက်ရှောက်မှုတွေ ဒီထက်ရှိမယ်ဆို အထူးဝမ်းသာ စရာဖြစ်မိမှာပါ ။ မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီစိတ်လေးတွေဆိုတာ ဒီလိုနေရာတွေမှာ ပိုလိုအပ်နေပါတယ် ။ မလေးရောက် မြန်မာလူမျိုးများအနေနဲ့ ဘယ်နေရာကိုဘဲ ရောက်ရောက် မြန်မာ ဆိုတဲ့တန်ဖိုးရှိတဲ့ စည်းကမ်း ဘောင်လေးတွေကို မမေ့မလျော့ ထိန်းသိမ်းတန်ဖိုး ထားကြခြင်း ဖြင့် မြန်မာဆိုတာ ဘယ်နိုင်ငံ ဘယ်နေရာမှာဖြစ်ဖြစ် ခေါင်းမော့ ရင်ကော့နိုင်သူတွေအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်သူတွေ အဖြစ်ကို ကျွန်မတို့ အမြန်ဆုံးပိုင်ဆိုင်ပါရစေလို့ နေ့စဉ်ရက်ဆက် ဘုရားရှင်ကိုယ်တော်မြတ်ဆီမှာ ဆုတောင်းမိတဲ့ ကျမကို အမှားလို့များ ဆိုကြလေမလား။
အချစ်ကို ကိုးကွယ်သူလေး
အမရေ အခုဒိထက်တောင်ဆိုးနေပြီ ....................
ReplyDelete