Thursday, August 16, 2012

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)


by Aung Htoo on Wednesday, August 15, 2012 at 11:44pm 

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများ အား ဖြေကြား သွားခဲ့သည်။ စစ်အစိုးရ၏ သမတ ပင် ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကို တလေးတစားဖြေကြား သွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။
ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍ "လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ် လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်း ငါးဆယ်ကျော်လွှမ်းမိုးခဲ့ သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများ အား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။

ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်းလျှဉ်း၍ ဦးသိန်းစိန်က "တိုင်းပြည်ရဲ့ ထူးခြားတဲ့ အနေအထားအရ ကြည့်ရမယ်။
တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာကို ထိပါးတာ လက်မခံနိုင်ဘူး။ ဒါဟာ အမျိုးသားရေး ပြသနာဖြစ်တယ်။ အမျိုးသား လုံခြုံရေး ရှုဒေါင့်ကနေ ကြည့်ရမယ်။” စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနိုင်ခဲ့ခြင်း မရှိပါ။

ယခု ဦးသိန်းစိန် ကိုယ်တိုင်၏ အတိအလင်းထုတ်ဖေါ် ချက်အရ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ လူသားချင်းစာနာမှု အယူအဆ နှင့် လူ့အခွင့်အရေး အတွေးအခေါ် တို့ အား ရှေ့ တန်းကနေတင်ပြီး စဉ်းစားရမည် ဆိုသည့်အချက်မှာ အငြင်းမပွား တော့ဟု ဆိုနိုင်သည်။ အင်တာဗျူး အသေးစိပ်ကို ကို ဤလင့်ခ်တွင် နားဆင်ပါ။ http://www.youtube.com/watch?v=2L2-QRCs5s0

ယခုကဲ့သို့ စစ်အစိုးရ၏ ထိပ်သီးကြီး ကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီ ဖြစ်သဖြင့် စစ်အစိုးရ၏ လွှတ်တော်အတွင်းမှ နေ၍ စစ်အစိုးရလေသံ
အတိုင်း ပြောဆိုနေကြသော အချို့ လွှတ်တော်ကိုယ်စားလှယ် များ၊ အုပ်ချုပ်ရေးအာဏာ ပိုင် ပုဂ္ဂိုလ်များ သည်  "လူ့အခွင့်အရေး ချည်းဘဲ ပြောနေလို့ မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြား တဲ့အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။ လူ့ အခွင့် အရေး ချိုးဖေါက် မှုများအား အားပေး သည့် သဘော ဆောင်သည့် ပြောဆိုမှု၊ ပြုမူမှုများ အား အမြန်ဆုံးရပ်တန်းက ရပ်သင့်ပြီ ဖြစ်သည်။

စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ရိုဟင်ဂျာပြသနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသားဂုဏ်သိက္ခာ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ရေးသားတင်ပြခဲ့ပြီး အဓိကရုဏ်းအား ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက်အထောက်အကူပြုသည့်အနေ ဖြင့် နိဂုံးချုပ်တင်ပြချက် စုစုပေါင်း ရှစ်ချက်ကို တင်သွင်းခဲ့သည်။ ပထမဆုံး အချက်မှာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တို့နှင့် စပ်လျှဉ်း၍ ဖြစ်သည်။ ယင်းကို အောက်တွင် ရှုစေလိုပါသည်။

(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက် ရှင် ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာ လုံးဝ မဖြစ် သင့် ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များ အနေဖြင့် အမြန်ဆုံးကူညီ စောင့်ရှောက်နိုင်၇န် စဉ်းစားဆောင်ရွက်သင့်ပါသည်။

ဤ တင်ပြချက်ကို ထောက်ကာ စာရေးသူအား ရိုဟင်ဂျာများ ဘက်ကလိုက်ပြီး ရေးသည်ဟု ထိုစဉ်ကဝေဘန်သူ တချို့ ရှိခဲ့ သည်။ ဖြေရှင်းခွင့် မကြုံခဲ့ပါ။ ရင်းနှီးသောမိတ်ဆွေတချို့တလေ ကလည်း စာရေးသူအား ခင်ဗျား ဒီကိစ္စကြီးသွားပြီး မရေးနဲ့ဗျ၊ သိတ်ရှုတ်တယ် ဟု သဘောရိုးဖြင့် သတိပေးကြပါသည်။ ဝေဘန်သူတချို့ကို မည်သို့မျှ အာဃာတ မရှိ သလို၊ စေတနာရိုးဖြင့် သတိပေးသော မိတ်ဆွေများကို လည်း ကျေးဇူးတင်ရပါမည်။ သို့ရာ တွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှုဖုံးလွှမ်းစေလိုပါက အမှန်တရားကို ထုတ်ဖေါ်ရမည်ဟု ယုံကြည်သောကြောင့် ယခု နောက်ထပ်ဆောင်းပါး တစောင် ထပ်ရေးခြင်းဖြစ်သည်။

ရိုဟင်ဂျာလည်း လူဖြစ်ပါသည်။ ကုလားဟု အလွယ်တကူခေါ်နေကြသူများလည်း လူဖြစ်ပါသည်။ တရုတ်လည်း လူဖြစ် ပါသည်။ ဤပုဂ္ဂိုလ်များ အားလုံးကို လူ ဟူ၍ အရှိအတိုင်း မြင်စေလိုသော စေတနာဖြင့် စာရေးသူက အထက်တွင်ဖေါ် ပြခဲ့သည့် ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ် လူ့ဂုဏ်သိက္ခာနှင့် အညီ သဘောထားစေခြင်၊ ဆက်ဆန်စေခြင်၍လည်း ဖြစ်သည်။ လူ့အခွင့်အရေးကို လက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန် မသင့်ပါ။

လူ့ အခွင့်အရေးကို အမျိုးသားရေးနှင့် ဆက်စပ်၍လည်း တန်ဘိုးထားသင့်ပါသည်။ ယနေ့ကမ္ဘာတခွင် ဆက်သွယ် ဆောင်ရွက်သော Globalization ခေတ်ကို ရောက်နေပါပြီ။ ဤသည်ကို မည်သူမျှ အငြင်း မပွားပါ။ စစ်အာဏာရှင် နေ၀င်း ကြီးစိုးခဲ့သည့် အချိန်ကလို ကိုယ့် နိုင်ငံကို ကိုယ် တံခါးပိတ်ထားပြီး ၀ါးလုံးခေါင်းထဲ မှာ လသာလို့ရသော ခေတ်မဟုတ်တော့ပါ။ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော ခေတ်ကြီးတွင် အားကောင်းချက် များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေး အတွေးအခေါ် အယူအဆ ကမ္ဘာတ၀ှမ်းသို့ အရှိန် အဟုန်နှင့် ပျံ့နှံ့သွားသည်ကိုမူ အားကောင်းချက် အဖြစ် တကမ္ဘာလုံးက အငြင်းမပွားဘဲ လက်ခံကြပါသည်။
လူ့အခွင့်အရေးကို လက်ခံကျင့်သုံးသော လူမျိုးသည် ကမ္ဘာတွင် ဂုဏ်တင့်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက် နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ် ကမ္ဘာကအသိအမှတ်ပြုစေခြင်ပါသည်။ သမိုင်းတွင် ယဉ်ကျေးမှု အား ကောင်း ကောင်း ကျင့်သုံးခဲ့သော ရခိုင်လူမျိုး၊ မေတ္တာတရား ကြီးမားသော ဗုဒ္ဓဘာသာဝင်များဖြစ်သည့် ရခိုင်လူမျိုး အဖြစ် ကမ္ဘာက ရှုမြင်စေခြင်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်း ပြခြင်းသည် လူမျိုးတမျိုး၏ အမျိုးသား ဂုဏ်သိက္ခာကိုပါ မြင့် တက်သွားစေသည်။ ဤသို့ဖြင့် ရခိုင် လူမျိုး၏ လူမျိုးဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံး၏ အမျိုးသား ဂုဏ်သိက္ခာကိုပါ မြှင့်တင်စေခြင်သည်။ စာရေးသူက အမျိုးသားရေးကို ဤသို့ ရှုမြင် ပါသည်။

ရခိုင်ပြည်နယ်၏ လှပသော ရေမြေတောတောင်များ၊ မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဘာဝ ကျွန်းငယ်ကျွန်းစု များအား လူသတ်ကွင်းများ အဖြစ်ပြောင်းမသွားစေလိုပါ။ ငြိမ်းချမ်း သည့်ဒေသများ၊ လုံခြုံရေးအတွက် ပူပင်ရန် မလို အပ်သော နေရာများ၊ ဥပဒေစိုးမိုးရေး ရှိသည့် ၀န်းကျင်များ အဖြစ် ကမ္ဘာက ရှုမြင်စေလိုသည်။ သို့မှသာ နိုင်ငံခြား ခရီး သည်များ လာရောက် ကြပါမည်။ ရင်းနှီးမြှုပ်နှံလိုသူများ ၀င်လာကြပါမည်။ စက်ရုံအလုပ်ရုံများ အားကောင်းကောင်း ပေါ်လာပါမည်။ ကုန်ရောင်း ကုန်ဝယ်များ ဖြစ်ထွန်းပါမည်။ စာရေးသူက ရခိုင်အမျိုးသားများ၏ အမျိုးသား အကျိုးစီးပွား ကို ဤသို့ မြှော်မှန်းပါသည်။

(အပိုင်း ၂ ကို ဆက်လက် ဖတ်ရှုပါရန်)
အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...