“ဟင်းစား နှင့် ကွန်ချက်”
by Soe Min on Wednesday, August 1, 2012 at 4:11am
ပုဂံနားက ဘုန်းတော်ပြည့်ရွာကလေးမှာ ဆယ်တန်းကို ငါးဘာသာဂုဏ်ထူးနဲ့အောင်တဲ့ ကလေးတစ်ယောက်ရှိပါသတဲ့။ ဆေးကျောင်းအမှတ်မှီသော်ငြား ငွေကြေးမတတ်နိုင်လို့ အကူအညီရှာနေရင်း ဖောင်ဒေးရှင်းတချို့ဆီကို လျှောက်လွှာတင်ထားဆဲ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ရတော့မယ်ဆိုတော့ ခမျာကလေး ဘာလုပ်ရမှန်းမသိပဲ မအိပ်နိုင်မစားနိုင်ဖြစ်နေရှာတယ် လို့ သိရပါတယ်။ ဖြစ်ချင်တာကတော့ အကြီးကြီးပေါ့။ သူ့ခွန်သူ့အားနဲ့ကျပြန်တော့လည်း မမှီတဲ့ပန်းဆိုတော့ တုံးခုလို့ လှမ်းမှပဲ နီးစပ်နိုင်လိမ့်မယ်။ ခက်တာက ဆေးကျောင်းသက်ကလည်း အရင်လို ငါးနှစ်နဲ့ ဘွဲ့အရ မဟုတ်တော့ပဲ နောက်ထပ် တစ်နှစ်တိုးလာပြန်ရော။ ဇနပုဒ်ကလေးကနေ တရပ်တကျေးသွား ပညာရှာရမှာဖြစ်လေတော့ နေရေးစားရေးတောင် တော်တော်ရုန်းယူရဦးမယ့် အခြေအနေ။
ဒီလိုနဲ့ နီးစပ်ရာတွေကတဆင့် နေရာတကာ စပ်စပ်စပ်စပ် အကုန်ပါ မုန်လာ လုပ်နေသူ ကိုယ့်ဆီရောက်လာတော့ ကြော်ငြာဝင်ပြီး စပွန်ဆာခေါ်ပေးရမလို ဖြစ်နေတုန်းမှာ သေသေချာချာ တွေးကြည့်မိတော့ ဟင်းစားကလေး တစ်ခွက်တချက်တော့ ပေးရတာ အပန်းမကြီးပါဘူး။ ဒါပေမယ့် ရေရှည်နပ်မှန်ဖို့ရာအတွက်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် ၀မ်းစာရှာတတ်အောင် ကွန်ချက်ကလေးတစ်ကွက်နှစ်ကွက်ပါ ပြထားပေးဖို့လိုမယ် လို့ထင်ပါတယ်။ သူများပေးစာကမ်းစာလေးထိုင်စား၊ ကုန်သွားတော့ နောက်ဘယ်သူပေးနိုင်ဦးမလဲ ထပ်ရှာဆိုတဲ့ ခပ်ညံ့ညံ့လူငယ်တစ်ယောက် မဖြစ်ရလေအောင် စေတနာနဲ့ ပြောပါတယ်။ ချိုးချိုးဖဲ့ဖဲ့တော့ မပြောရက်ပါဘူး။ ကလေးနဲ့တွေ့ပြီး အေးအေးဆေးဆေး စကားစမြည် မေးမြန်းပြောဆိုဖြစ်ရင်တော့ ကောင်းသားပေါ့။ သို့သော်လည်း ပုဂံ နဲ့ အမ်း လမ်းချင်းမှ မတူတာ၊ လူချင်းလည်း ဘယ်တွေ့နိုင်ပါ့မလဲ ကိုချောနွယ်ရယ် နော့။ ဒါနဲ့ပဲ ဒီက ဘိုးတော်ကြီးလည်း အင်တာနက်ကနေ မနောနဲ့ ရေးလွှတ်လိုက်ပါတယ်။ သားတော်ကြီးလည်း အဲသည်ဘက်က အာရုံကလေးနဲ့ လှမ်းဖတ်ပေတော့။
အရင်ဆုံး သိချင်တဲ့မေးခွန်းကတော့ ဘာဖြစ်လို့ ဆေးကျောင်းတက်ချင်ရသလဲ ဆိုတာပါ။ ရထားပြီးသား အမှတ်တွေကို နှမြောလို့လား။ ဆေးကျောင်းက အမှတ်အမြင့်ဆုံး မဟုတ်တော့တာတော့ ကြာလှပါပြီ။ ဆရာဝန်အလုပ်က လူရိုသေ ရှင်ရိုသေ ၀င်ငွေကောင်းတဲ့အလုပ်တစ်ခု မဟုတ်တော့တာလည်းပဲ ပဝေသဏီကတည်းက။ ၀ါသနာပါလို့ဆိုရင်တောင် အဲသည်ဝါသနာကို အရင်းခံပြီး အချိန်တွေ၊ ငွေတွေ၊ အားထုတ်မှုတွေ၊ စိတ်ရှည်သည်းခံမှုတွေ နဲ့ ဘ၀တသက်တာလုံး ရင်းယူရမယ့် သဘောရှိပါတယ်။ စိတ်ပျက်သွားအောင် ပြောတဲ့သဘောတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်အလုပ်ကို ဘ၀တက်လမ်းအနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ အားကိုးတကြီး ဖမ်းဆုပ်ချင်တယ်ဆိုရင်တော့ အဲဒါ ကောက်ရိုးမျှင်လောက်ပဲ ရှိပါတယ်။ ကိုယ့်ခြေထောက်အောက်မှာ အမာခံတစ်ခုခု ထောက်ကန်မထားနိုင်ရင် ပြန်မြုပ်သွားမှာစိုးလို့ ပြောတာပါ။ ဆရာဝန်အငယ်တွေ အားလုံးလိုလို အနည်းနဲ့အများ ပင်ပန်းကြီးစွာ ရုန်းကန်ကြရတာ ဘယ်သူ့ကို မေးမေး သိပါတယ်။ ပြီးရင် သည်ဘွဲ့တစ်ခုတည်းနဲ့လည်း ထမင်းအိုးက ကောင်းကောင်း မနပ်ချင်သေးဘူး။ နောက်တစ်ဘွဲ့ထပ်ရထားလည်း ဇာတ်လမ်းက မပြတ်သေးဘူး။ ဘူးသီး ခရမ်းသီးများလို စိုက်သမျှ ပျိုးသမျှ လန်းလန်းဆန်းဆန်း ဝေေ၀ဆာဆာ အသီးအပွင့်သန်တဲ့အစားမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ သဘောကိုက နှစ်ရှည်ပင်များနဲ့ တူပါတယ်။ အဂ္ဂိရတ်သမားများ ဖိုထိုးကြသလို ရွှေဖြစ်ဖို့အရေး ရွှေကြွေးနေရင်းနဲ့ ရှိစုမဲ့စုရွှေကလေးတွေ တက်တက်စင်သွားဦးမယ်။ ကလေးရဲ့ဘ၀နဲ့ဆိုရင်တော့ သင့်တော်တဲ့ရွေးချယ်မှုလို့ မမြင်ပါဘူး။ ဒါပေမယ့် ဂရိပုံပြင်ထဲက အသီးနီနတ်သမီး ပါးဆီးယပ်လုလင်ကို ပြောခဲ့သလို “သင့်မှာ လုံလောက်တဲ့ ဇွဲ၊ လုံ့လ နဲ့ သတ္တိ ရှိတယ်ဆိုရင်တော့ အများနဲ့မတူ ထူးခြားတဲ့ သူရဲကောင်းလုလင်တစ်ယောက်အဖြစ် ကမ္ဗည်း မော်ကွန်းတွင်ရစ်အောင် ငါ မစအံ့။” လို့တော့ ပြောလို့ရပါတယ်။ ဆရာဝန်အလုပ်ကို တကယ်ဝါသနာပါလို့ တကယ်ကြိုးကြိုးစားစား စိတ်ထားမြတ်မြတ်နဲ့လုပ်ရင်တော့ တကယ့် သမာအာဇီဝအစစ်မို့ ထမင်းမစားပဲ ပီတိနဲ့ ၀မ်းဝနိုင်ပါတယ်။ (ငတ်သေတဲ့ ဆရာဝန်တော့ မရှိပေါင်)
ဝါသနာပါလွန်းလို့ ဆေးကျောင်းကိုမှ မဖြစ်မနေ တက်ချင်ပါတယ်ဆိုရင် အရင်ဆုံးရှာရမှာက စပွန်ဆာ မဟုတ်ပါဘူး။ မကွေးမှာ နေစရာ ဘုန်းကြီးကျောင်းတစ်ခုကို အရင် စီစဉ်ပါ။ အဲသည်နောက်မှာတော့ ကိုယ်ရထားတဲ့ ဆယ်တန်းအမှတ်တွေကို ပြပြီး စာသင်နည်းပြဂိုက်တစ်ယောက်လုပ်ဖို့ အဆက်အသွယ် ရှာရပါလိမ့်မယ်။ ဒီအခါမှာ နံမယ်ကြီး ၀ိုင်းကျူရှင်တွေက လခကောင်းကောင်းပေးလို့ ဆွယ်လာနိုင်ပါတယ်။ သူတို့အတွက် ကြော်ငြာလည်းရ အလုပ်လည်းခိုင်းရင်းပေါ့။ လက်မခံသင့်ပါဘူး။ စီးပွားရှာဖို့ သက်သက် မဟုတ်ဘူး။ ဆေးကျောင်းတက်ဖို့လည်း ရှိသေးတယ် ဆိုတာ မမေ့ပါနဲ့။ ပိုက်ဆံရတဲ့ဘက်ကို အားသာသွားရင် ကိုယ့်ပညာရေးဘက်မှာ ရေစုန်မျောသွားပါလိမ့်မယ်။ ဆေးကျောင်းမှာ စာသင်ပေးခဲ့တုန်းက ကျူရှင်ဆရာတပည့်တွေလောက် ကိုယ့်ကျောင်းစာကိုယ် စိတ်မ၀င်စားတဲ့သူတွေ မရှိပါဘူး။ ပိုက်ဆံရလေ၊ ကျောင်းနဲ့ကင်းကွာလေ။ နောက်ဆုံး ဘွဲ့ရဖို့တောင် ဖြစ်ဖြစ်မြည်အောင် ဆယ်နှစ် ဆယ့်ငါးနှစ် တက်ယူရတဲ့သူတွေ ရှိတယ်။ လူတွေရဲ့သဘော လခကောင်းကောင်းပေးလေလေ အလုပ်ကောင်းကောင်းခိုင်းချင်လေလေ ဆိုတာ သတိထားပါ။ အချိန်မတိုင်မီ လွယ်လွယ်ရတဲ့ ပိုက်ဆံဆိုတာ လူကိုပျက်စီးစေပါတယ်။ ဖြစ်သင့်တာကတော့ နေစားရိတ် စားစားရိတ် သင့်တင့်ရုံ ဆယ်တန်းကျောင်းသား တစ်ယောက်စ နှစ်ယောက်စလောက်သာ လက်ခံပြီး ကိုယ့်အတွက် စာဖတ်ချိန် မကျန်ကျန်အောင် ချန်ပါ။
မပြည့်စုံသူတစ်ယောက်အနေနဲ့ ဆေးကျောင်းတက်တဲ့သက်တမ်းတလျှောက်မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ မျက်နှာငယ်စရာတွေ ပြေးလို့မလွတ်အောင် တွေ့ရပါလိမ့်မယ်။ အဲသည်အခါမှာ ရှောင်ဖို့တိမ်းဖို့လည်း မကြိုးစားပါနဲ့။ ခေါင်းငုံ့ဦးညွှတ် အရှုံးပေးဖို့လည်း မစဉ်းစားပါနဲ့။ အဲသည်ခါးသီးမှုတွေက ဆေးဘက်ဝင်ပါတယ်။ ခွန်အားအဖြစ် အသုံးချပါ။ အဲဒါ ဆင်းရဲနိမ့်ကျတဲ့သူတွေအတွက် ဘ၀ကပေးတဲ့ လျော်ကြေးလက်ဆောင်ပါ။ ချမ်းသာပြည့်စုံတဲ့သူတွေ မရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ အဲဒါတွေကို ဘယ်လိုခွန်အားဖြစ်စေမလဲ ဆိုရင် လျှို့ဝှက်ချက်ကတော့ ကိုယ်ကျင့်တရား နဲ့ ရိုးဖြောင့်သောစိတ်ရင်း ပါပဲ။ ချမ်းသာကြွယ်ဝသူတွေဟာ ဆင်းရဲနွမ်းပါးသူတွေကို ငွေကြေးအားကိုးနဲ့ အနိုင်ယူတဲ့အခါ ရှိတတ်စမြဲပါ။ လူဆိုတာ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကိုယ်ကျင့်တရားကို စောင့်ထိန်းထားသရွေ့၊ စိတ်ရင်းစေတနာမှန် နဲ့ ဆက်ဆံပေါင်းသင်းနေသရွေ့၊ စိတ်ဓါတ်ခွန်အားတွေ အလိုလို ဖြစ်ပေါ်နေပါတယ်။ သိမ်ငယ်နိမ့်ကျတဲ့စိတ်လည်း မခံစားရပါဘူး။ ဆင်းရဲတဲ့မာနဆိုတာ အဲသည်က ဖြစ်လာတာပါ။ တကယ်လို့များ ကိုယ့်ရဲ့စာရိတ္တကို ချမ်းသာတဲ့သူဆီမှာ ငွေကြေးနဲ့ ရောင်းစားမိပြီဆိုရင်တော့ တသက်လုံး နလန်မထူပဲ သူများလက်အောက်မှာ အနိုင်ကျင့်ခံရတော့မယ် လို့ မှတ်ယူစေချင်ပါတယ်။ အထူးသဖြင့် ဆင်းရဲပြီး ရုပ်အဆင်းလှပတဲ့ မိန်းကလေးတွေမှာ ကိုယ်ကျင့်တရားနဲ့မှ မထိန်းသိမ်းနိုင်ရင် ဘ၀တန်ဖိုးမဲ့သွားတာကို မြင်ဖူးကြပါလိမ့်မယ်။ နောင်ကို ပိုက်ဆံရှိလာတဲ့အခါ အကုန်ပြန်ဝယ်လို့ ရတာပေါ့ လို့ ဆင်ခြေပေးကြပေမယ့်လည်း ပြန်ဝယ်လို့ရတာ အစစ်မဟုတ်တော့ပဲ အတုကြီးဆိုတာကို သတိမထားမိကြပါဘူး။
ဘာမှမရင်းရင် ဘာမှမရဘူးဆိုတဲ့ လောကကြီးထဲမှာ ဆရာဝန်ဖြစ်ချင်တဲ့အတွက် ပေးဆပ်ရင်းနှီးလိုက်ရတာတွေလည်း ရှိပါလိမ့်မယ်။ ဆရာဝန်မဖြစ်ခင် စားဝတ်နေရေးအတွက်လည်း အဲလိုပဲ အလဲအလှယ်သဘောမျိုး ရင်းလိုက်ရတာ အနစ်နာခံလိုက်ရတာတွေ ရှိမှာပေါ့။ ကိုယ်က မပြည့်စုံတဲ့အတွက် ငွေကြေးဆိုတာ အမြဲတမ်း လိုအင်မှာပြနေမှာပဲ။ အဲသည်ငွေကြေးအတွက် စာရိတ္တကို မရင်းနဲ့လို့ သေသေချာချာ မှာထားခဲ့သလိုပါပဲ။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုလည်း ရင်းမပစ်စေချင်ပါဘူး။ ငွေနောက်လိုက်ပြီး လမ်းပျောက်သွားတဲ့သူတွေ အများကြီး မဟုတ်လား။ ကိုယ့်မျက်စိရှေ့မှာ ဖြောင့်ဖြူးနေတဲ့ ပညာရေးပန်းတိုင်ကြီး ပျောက်ပျောက်သွားတိုင်း ငါဘယ်ဘက်ကို လမ်းချော်နေပြီလဲလို့ သံလိုက်အိမ်မြှောင်ကလေးနဲ့ ကြည့်သလို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေဖို့လည်း လိုအပ်ပါတယ်။ ဆင်းရဲလို့ ကျောင်းစားရိတ်မတတ်နိုင်လို့ ဆေးကျောင်းကထွက်သွားရတဲ့သူ၊ ဆရာဝန်ဖြစ်မသွားတဲ့သူ မတွေ့ဖူးသေးပါဘူး။ ဒါပေမယ့် ချမ်းသာလို့၊ နံမည်ကျော်ကြားလို့၊ တခြားနယ်ပယ်တစ်ခုခုမှာ ၀က်ဝက်ကွဲအောင်မြင်နေလို့ (ပြောကြတာပဲလေ) ဆရာဝန်အလုပ်ကို စွန့်ခွာသွားတဲ့သူတွေတော့ အများကြီးရှိပါတယ်။ ဆရာဝန်အလုပ်ရဲ့ ပြဿနာဟာ ဆေးကျောင်းတက်နေဆဲကာလမှာထက် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့အခါမှာ ပိုခက်ခဲပါတယ်။ သစ်ခွပန်း သဇင်ပန်းကလေးများလို အပင်မြင့်မြင့် ဥတုအေးအေးချမ်းချမ်းနဲ့မှ လန်းလန်းလှလှ ပွင့်ကြတဲ့အမျိုးပါ။ မြေဇာမြက်ခြုံပေါ်မှာ ရေအိုင်ဗွက်နွံထဲမှာ မပွင့်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ အမြန်ဆုံး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ကြိုးစားချင်တဲ့သူတွေအဖို့ ရွေးချယ်ဖို့ မသင့်တော်ပါဘူး။ ၀င်မိရင်လည်း ပြန်လှည့်လို့မရဘူး။ ဖျာလိပ်ခေါင်းထဲဝင်တိုးတဲ့ခွေးလိုပဲ။ (ကိုယ့်ကိုယ်ကိုယ် နှိုင်းရတာ အသည်းနာလိုက်တာ)
ရှေ့နေမောင်ကံ တစ်ကြံတစ်ကျပ်ဆိုတဲ့ ဖိုးပါကြီးလိုပဲ အလကားမတ်တင်း အကြံကောင်းဥာဏ်ကောင်း ပေးရမယ်ဆိုရင်တော့ သည့်ထက်ပိုပြီး ရွေးချယ်စရာ အခွင့်အလမ်းလည်းပေါ၊ တက်လမ်းလည်း ရေရေရာရာရှိ၊ ဆူလွယ်နပ်လွယ်၊ စားချင်စဖွယ် နည်းလမ်းကလေးတစ်ခု နမူနာပြချင်ပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့တက်ပါ။ မန္တလေးမှာ ဘုန်းကြီးကျောင်းတွေ ပိုတောင်ပေါသေး။ ကျောင်းတဘက်နဲ့ ဆယ်တန်းကလေးတွေကို အင်္ဂလိပ်စာပြပါ (သူတို့လည်းတတ် ကိုယ်လည်းတတ်)။ ကျောင်းပြီးသွားလို့ ကိုယ်တိုင် ရေပက်မ၀င် ပြောတတ်ဆိုတတ်ရှိလာတဲ့အခါ ဧည့်လမ်းညွှန်လုပ်ပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့အခါ ခြေလှမ်းဆက်လှမ်းဖို့ ကြိုးစားပါ။ ကွန်ပြူတာ၊ စာရင်းအင်း၊ တခြားဘာသာစကား အတတ်ပညာတစ်ခုခုနဲ့ နိုင်ငံတကာအ၀န်းအ၀ိုင်းကို ၀င်ဆန့်နိုင်မယ့် အသက်မွေးမှု တစ်ခုခုကိုပြောင်းပါ။ ရောက်လေရာနေရာတိုင်းကို ခြေကုပ်ယူပြီး သူ့ထက်ပိုမြင့်တဲ့ အဆင့်တစ်ခုခုကို ရောက်အောင် တစ်လှမ်းချင်း ရဲရဲဝံ့ဝံ့တက်သွားပါ။ အဲဒီဘက် လမ်းကြောကတော့ ဆရာဝန်အလုပ်ထက်စာရင် အသွယ်သွယ်သော ရွေးချယ်စရာ ထွက်ပေါက်တွေ ရှိပါလိမ့်မယ်။ စာသင်နှစ်အားဖြင့်လည်း သိပ်မကြာဘူး။ အရေးကြီးတာက ဘယ်နေရာရောက်ရောက် သူများထက် ထူးချွန်ထက်မြက်နေအောင် ကြိုးစားဖို့ပါ။ ငွေကြေးဥစ္စာပစ္စည်းဆုံးရှုံးတာထက် အချိန်တွေ အလဟဿဆုံးရှုံးရတာ ပိုနစ်နာတယ်။ အဲဒီထဲမှာမှ အကျင့်သီလဆုံးရှုံးရတာဟာ အနစ်နာဆုံးပဲဆိုတာကလေးတော့ မမေ့အောင် သတိထားပေါ့။ အပိုတွေ ပြောနေတာထင်ရင် ကိုယ်တွေ့ကြုံရတဲ့အခါ သိလာပါလိမ့်မယ်။
ဆရာဝန်မှ ဖြစ်ချင်တယ်ဆို နောက်ထပ်ရွေးချယ်စရာ လမ်းတစ်ခုရှိပါသေးတယ်။ နေရေးစားရေးကို နိုင်ငံတော်က အကူအညီယူပေါ့။ စစ်ဆေးတက္ကသိုလ်တက်လိုက်။ အပြင်ဆေးကျောင်း တက်တာထက်စာရင်တော့ နေစရာအဆောင်ရမယ်။ ပုံစံထမင်းစားရမယ် (ခုတော့ ကြွေးမကြွေး မသိတော့ဘူး)။ အလုပ်ဝင်ဖို့ ဘွဲ့လွန်တက်ဖို့ ပိုပြီး ရေရေရာရာ ရှိတယ်။ ကိုယ့်ဘက်ကပြန်ပေးရမှာ တစ်ခုတော့ ရှိတယ်။ အမိန့်နာခံတတ်မှု။ ကျောင်းဝင်းထဲမှာကိုက စစ်ပုံမကျ မ၀င်ရ လို့ ရေးထားသားပဲ။ စစ်သားဆိုတာ စစ်စည်းကမ်းနဲ့ နေရမှာပဲ။ သူများဆီက အထောက်အပံ့မယူ၊ အိမ်ကလည်း ပံ့ပိုးစရာ မလိုတာမို့ ကိုယ့်ဒူးကိုယ်ချွန်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ယောင်္ကျားလေးဖြစ်နေတဲ့အတွက် စစ်အင်ဂျင်နီယာတက္ကသိုလ်တို့ စစ်တက္ကသိုလ်တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ကျောင်းတက်နေတဲ့ကလေးတွေကို သူများတွေထက် အိမ်ကငွေပိုပို့ပေးရတာတွေလည်း မြင်ဖူးပါတယ်။ သူတို့မှာလည်း အပိုကုန်ကျစားရိတ်တွေ မသေးလှဘူးလို့ ပြောကြတယ်။ ကိုယ်တိုင်တက်ဖူးတဲ့သူတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါ။
တကယ်လို့များ ဆေးကျောင်းတက်ချင်ရခြင်း အကြောင်းရင်းဟာ ကြီးပွားတိုးတက်ချင်လို့၊ ဆင်းရဲတွင်းက လွတ်ကင်းချင်လို့ဆိုတဲ့ ဆန္ဒတွေရှိမယ်ဆိုရင်တော့ နှစ်ရှည်လများ ဝေ့၀ိုက်မနေပဲ ကိုယ်လိုရာကို တိုက်ရိုက်တူရူ ကြိုးစားယူစေချင်ပါတယ်။ အဲဒါကတော့ စီးပွားရေးလောကထဲကို ခြေစုံပစ်ဝင်ပြီး စီးပွားရေးအမြင်ကျယ်ကျယ်နဲ့ တိုးတက်ရာ တိုးတက်ကြောင်း ရှာပါ။ ကိုယ့်မှာဖြင့် အရင်းအနှီး မရှိပဲနဲ့ ပုဏ္ဏားဘကွန်းဝတ္ထု အလွတ်ကျက်ပြီး သူဌေးဆုပန်တာ စိတ်ကူးယဉ်ဆန်လှချည်ရဲ့ လို့ မအောင့်မေ့ပါနဲ့။ ကိုယ့်မှာ ချို့တဲ့အားနည်းတဲ့ ချွတ်ယွင်းချက်တွေကို ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ဖြည့်မှသာ ပြည့်စုံလာပါလိမ့်မယ်။ ဆင်ခြေဆင်လက်နဲ့ ဖြည့်လို့ကတော့ ဟာမြဲဟာနေဦးမှာပါ။ အရင်းအနှီးမရှိလို့၊ ကျောထောက်နောက်ခံ အသိုင်းအ၀ိုင်း မရှိလို့၊ ကူညီမစမယ့်သူ မတွေ့လို့ ဘယ်လိုအကြောင်းမျိုးကိုပဲပြပြ အကြောင်းလည်းမထူး၊ အကျိုးလည်းမထင်ပါဘူး။ ဘာမှမရှိပဲ အကုန်ဖြစ်အောင်လုပ်နိုင်တာမှ ကိုယ့်အစွမ်းအစစစ်စစ် မဟုတ်ဘူးလား။ ခိုင်းနှိုင်းစရာ ဥပမာ သာဓကတွေ တပုံတပင်ရှိပြီးသားပါ။ ကိုယ်က တကယ်ယုံကြည်ဖို့ပဲ လိုပါတယ်။ ရှစ်တန်းကျောင်းသားလောက်တုန်းက အလုံမှာနေတဲ့ သူငယ်ချင်းအိမ်သွားလည်တဲ့အခါ သူတို့လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကလေးမှာ လက်ဖက်ရည်လိုက်တိုက်ပါတယ်။ ဆိုင်ကလေးက သေးပေမယ့် ကောင်းကောင်းမွန်မွန် လို့ ပြောလို့ရပါတယ်။ နိုင်ငံခြားရေစီးကြောင်းတွေခေတ်မှာ ဆိုင်ရှင်ကြီးရဲ့သား လူငယ်လူရွယ်တွေ ဂျပန်နိုင်ငံမှာ လေးငါးဆယ်နှစ်ထွက် အလုပ်လုပ်ကြ၊ ငွေကြေးတွေ စုမိဆောင်းမိကြတယ်ဆိုပေမယ့် သူတို့မိသားစုမှာ ထူးထူးခြားခြား ပြောင်းလဲမသွားပါဘူး။ တကယ်တမ်း မျက်လှည့်ပြလိုက်သလို စီးပွားရေးလုပ်ငန်းတွေ အုန်းအုန်းထပြီး ကြီးပွားသွားတာကတော့ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့လို့ မဟုတ်ပဲ မိဘလက်ငုတ် လက်ဖက်ရည်ဆိုင်ကလေးကို အင်တိုက်အားတိုက် ကြိုးစားရောင်းလာတဲ့အခါမှာဖြစ်ပါတယ်။ ဆိုင်ခွဲပေါင်းများစွာကို အလုပ်သမားရာနဲ့ချီပြီး စီမံခန့်ခွဲရင်း သူတို့ဆိုင်ရှိနေတဲ့အတွက် နဂိုကခြောက်ကပ်ကပ်ရှိခဲ့တဲ့ အိမ်နီးနားချင်းရပ်ကွက်ကလေးပါ ဈေးဆိုင်တန်းကလေး ဖြစ်လာပြီး အိမ်ဈေးမြေဈေးတွေတောင် ထိုးတက်သွားပါသတဲ့။ ရန်ကုန်မှာ လက်ဖက်ရည်ရောင်းရတာ ဂျပန်မှာ အလုပ်လုပ်ရတာထက် သာတယ် မသာတယ် မေးစရာတောင် မလိုတော့ဘူး။ မင်းလမ်းက ရခိုင်မုန့်တီဆိုင်ကလေး RC 2 ရှေ့မှာ ဘယ်လိုဆိုင်ကြီးဖြစ်လာတယ်ဆိုတာလည်း ရန်ကုန်သူ ရန်ကုန်သားတိုင်း သိကြပါတယ်။ ကြီးပွားချမ်းသာဖို့ အခွင့်အလမ်းဆိုတာ နိုင်ငံခြားထွက်နိုင်မှ မဟုတ်ဘူး။ ပြည်တွင်းက ခရိုနီတွေအဖြစ် ပါဝါရှိတဲ့သူတွေနဲ့ ကပ်ပြီး ကတုံးပေါ်ထိပ်ကွက်နိုင်မှလည်း မဟုတ်ဘူး။ စည်း စံနစ်နဲ့ မှန်မှန်ကန်ကန် ကြိုးစားအားထုတ်ရင် ကံဆိုတာကို မေ့ပလိုက်လို့တောင် ရသလိုရှိပါတယ်။ သူတို့ချမ်းသာတာ လူမစွမ်းနတ်မပြီး ကံကောင်းရုံ သက်သက် မဟုတ်ဘူးဆိုတာ အလုပ်ခွင်ထဲမှာ သွားထိုင်ကြည့်နေရုံနဲ့ အကဲခတ်လို့ ရပါတယ်။
သွားပါများမှ ခရီးရောက်သတဲ့။ ရပ်နေရင်တော့ ဘယ်မှ မရောက်တော့ပါဘူး။ ဆယ်တန်းအောင်တုန်းက ရတဲ့အမှတ်တွေကို ပြန်ကာလှန်ကာတွက်ပြီး အဲဒါကြီးနှမြောလို့ ဘာလုပ်ရမှန်းမသိဘူးဆိုရင် ကိုယ့်ဘ၀ဟာ အဲသည်လောက် အမှတ်အများကြီးနဲ့ ဆယ်တန်းက မတက်ပဲ ကျကျန်နေတာနဲ့ ဘာမှ မထူးပါလား လို့ သတိပြုလိုက်ပါ။ တကယ်တော့ ကိုယ့်အခြေအနေနဲ့ သည်လိုအမှတ်တွေရလာအောင် ဘယ်လို ကြိုးစားလာခဲ့ရသလဲ။ အဲလိုဇွဲလုံ့လမျိုးနဲ့ ဘ၀ခရီးကို ခြေလှမ်းမှန်မှန် ဆက်လျှောက်သွားရင် ဘာကိုမှလည်း ကြောက်စရာမလိုတော့ဘူး။ ဘယ်သူ့အကူအညီ အစောင်အမ မှလည်း မျှော်ကိုးနေစရာ မလိုတော့ဘူး။ မရှိလို့ မပြည့်စုံလို့ ဆင်းရဲချို့တဲ့လို့ အားငယ်နေမယ့်အစား အဲဒီဟာကွက်တွေကနေ ခွန်အားအဖြစ် မွေးယူနိုင်အောင် ကွန်ချက်ပြရင်း အားပေးစကားပြောလိုက်ရပါတယ်။ ဟင်းစားရတဲ့အခါကျရင်လည်း တစ်ကောင်နှစ်ကောင် ပေးရသေးတာပ။ စာဖတ်သူများကိုလည်း အလှူငွေများ ပက်ပက်စက်စက်ကြီး လက်ခံနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
0 comments:
Post a Comment