Wednesday, August 1, 2012

အပယ်ခံ တောင်တန်းတွေရဲ့ ရွာလေး


by A Mon Moon on Wednesday, August 1, 2012 at 3:23am 

ကျွန်မ အဲဒီနေရာလေးကို သွားဖို့ အစီအစဉ်အကြိမ်ကြိမ်ချခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ ကျွန်မရဲ့ ဌာနက ညီမငယ်လေးတစ်ယောက်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး သူတို့ ရဲ့ ခရစ်ယာန်သာသနာမှာ ဒီရောဂါဝေဒနာသည်တွေကို ဖေးမစောင့်ရှောက်ရမယ်ဆိုတဲ့ မြင့်မြတ်လှပတဲ့ အစီအစဉ်လေးတစ်ခုအကြောင်းကို ပြောပြပြီး သူနဲ့ သူ့ မိသားစုတွေ အဲဒီကို သွားရောက်လှူဒါန်းကြမယ်ဆိုတုန်းကလည်း ကျွန်မကို ခေါ်တာ မလိုက်ဖြစ်ခဲ့ပြန် ပါဘူး။ ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက သွားဖို့ ရည်ရွယ်ထားတဲ့ နေရာလေးတစ်ခုဟာ ကျွန်မရဲ့ စိတ်ကူးထဲမှာပဲ ငြိမ်သက်စွာနဲ့ အခွင့်အရေး တစ်ခုကို စောင့်မျှော်နေခဲ့ပုံပါ။


ဒီကြားထဲမှာတော့ သူတို့ အကြောင်းရေးထားတဲ့ စာလေးတွေကို ကြုံရင်ကြုံသလို ဖတ်မိတဲ့ အခါတိုင်း သူတို့ အတွက် စိတ်မကောင်းဖြစ်ရတဲ့ အပြင်ရောဂါရဲ့ အကြောင်းအရာကိုလည်း စိတ်ဝင်စားခဲ့မိပါတယ်။ ကျွန်မရဲ့ ဖေဖေ မော်လမြိုင်မှာ တာဝန်ကျခဲ့တုန်းက အဲဒီမှာလည်း ခုလို ဝေဒနာရှင်တွေအတွက် ဂေဟာတစ်ခုဖွင့်လှစ်ထားပြီး သေချာနည်းစနစ်ကျနစွာ ပြုစုစောင့်ရှောက်ပေးနေတဲ့ အကြောင်း ကျွန်မ မိဘတွေလည်း အဲဒီမှာ သွားရောက်လှူဒါန်းဖြစ်ကြောင်းကို ဖုန်းကနေတဆင့် ကျွန်မ သာဓုခေါ်နိုင်ဖို့ ဖေဖေပြောပြတုန်းကလည်း တကယ်ကို ကျေနပ်ဝမ်းမြောက်စွာ သာဓုခေါ်ခဲ့မိတယ်။ သူတို့ တွေနဲ့ တခါမှ တိုက်ရိုက်တွေ့ ဆုံထိတွေ့ ခွင့်မရခဲ့ပေမယ့် သူတို့ ကလည်း ဖေးမစောင့်ရှောက်မှု နွေးထွေးမှုတွေ ပေးလှူရမယ့် နေရာတစ်ခုလို့ စိတ်ထဲမှာတော့ မှတ်ချက်ချထားမိခဲ့ပါတယ်။

ဒီလိုနဲ့ ကြိုတင်ပြင်ဆင်လိုက်တိုင်း အကြိမ်ကြိမ်လွဲချော်ခဲ့ရတဲ့ အဲဒီနေရာလေးကို အကြောင်းအခွင့်တိုက်ဆိုင်စွာနဲ့ သွားရောက်ရမယ့် အခွင့်အရေးတစ်ခုက ကျွန်မထံ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ချလှပါတယ်။ ကျွန်မ အဲဒီကို သွားရမယ်တဲ့။ အဲဒီစကားကို ကြားရချင်းကို ကျွန်မ ၀မ်းသာစွာခေါင်းညိမ့်မိလိုက်ပါတယ်။ ခရိးကနည်းနည်းဝေးတဲ့ အတွက် စနေနေ့ မနက် စောစောကို ထွက်ခွာကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တစ်ပတ်လုံး အလုပ်ထဲမှာ အကြောင်းအရာ အမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေရပေမယ့် အဲဒီစနေနေ့ လေးကို ကျွန်မ တက်ကြွစွာစောင့်မျှော်နေခဲ့မိပါတယ်။ကျွန်မ အမြဲသွားချင်နေခဲ့တဲ့ စိတ်ကူးထားတဲ့ နေရာလေးတစ်ခုကို ကျွန်မသွားရတော့မယ်။ ကျွန်မတွေ့ ချင်တဲ့ သူတို့ တွေကို တွေ့ ရတော့မယ်။ နယ်မြေသစ်တစ်ခုကို စူးစမ်းမယ့် စိတ်လှုပ်ရှားမှုမျိုးနဲ့ ကျွန်မ ခရီးစဉ်လေးဖြစ်တည်လာမယ့် စနေနေ့ လေးကို စောင့်မျှော်နေမိတယ်။

ကျွန်မတို့ မနက်စောစောပဲ ထွက်ခွာဖြစ်တယ်။ မသွားခင်ညက သူတို့ ရဲ့ ဘ၀တွေကို ခံစားရေးဖွဲ့ ထားတဲ့ မြူပါးရ်ရဲ့  ၀တ္တုတိုလေးကို ပြန်ဖတ်ရင်း သူတို့ ရဲ့ ဘ၀တွေထဲ ကျွန်မစိတ်ကူးနဲ့ ဝင်ရောက်ကြည့်မိတယ်။ သူတို့ ရဲ့ ခံစားချက်တွေ၊ ဘ၀အတွေ့ အကြုံတွေ၊ စိတ်ဓါတ်ခွန်အားတွေအတွက် ကျွန်မမှာ မေးခွန်းတွေနဲ့ ............။ ကျွန်မ သူတို့ နဲ့ သိပ်စကားပြောချင်နေမိခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံး အဲဒီအတွေးတွေနဲ့ ကျွန်မတို့ ရဲ့ ကားလေးဟာ ရန်ကုန်မြို့ ပြင်လယ်ကွင်းစိမ်းစိမ်းတွေကို ဖြတ်ကျော်လာခဲ့ပါပြီ။ လတ်ဆတ်တဲ့ လေအေးအေးကို တ၀ကြီးရှုရိုက်ရင်း တဖြောက်ဖြောက်ကျနေတဲ့ မိုးစက်တွေက ကျွန်မ သိပ်သဘောကျတဲ့ သဘာဝ ရာသီနဲ့ ရှုမျှော်ခင်းတွေပေါ့။ အလုပ်ထဲမှာပဲ နိစ္စဒူဝ လှုပ်ရှားနေရတဲ့ ကျွန်မအတွက်တော့ ဖိစီးမှုတွေအကုန်လုံး မေ့လျော့သွားစေဖို့ ခရီးစဉ်လေးက ဘက်ပေါင်းစုံကနေ ထောက်ပံ့လို့ ။

ရန်ကုန်မြို့ ရဲ့ အပြင် လှည်းကူးမြို့ ကနေ နောက်ထပ် ၂၆ မိုင်လောက်ထိ ထပ်သွားရတာဖြစ်တဲ့ အတွက် လမ်းမှာ လေးဖြူရဲ့ သီချင်းကလေးကို ညည်းရင်း ဘဘာဝအလှအပတွေ၊ စိမ်းစိုနေတဲ့ ရှုမျှော်ခင်းတွေကို ခံစားရင်း ရောက်မှန်းမသိ ရောက်လို့ လာခဲ့ပါတယ်။ မရမ်းချောင်ပရဟိတ ဂေဟာဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ကားက ကျော်ထွက်သွားတဲ့ အတွက် ကျွန်မတို့ ပြန်ကွေ့ လာခဲ့ပါတယ်။ သွပ်ပြားအခံမှာ အပြောပေါ် အဖြူရောင်စာလုံးလေးထွင်းထားပေမယ့် သေးငယ်နေတဲ့ ဆိုင်းဘုတ်လေးကို အမှတ်တမဲ့ သတိမပြုမိပဲ ကုန်းတက်ကမူလေးလို ဖြစ်နေတဲ့ နေရာလေးကို ကျွန်မတို့ နဲ့ အတူပါလာတဲ့ စာရေးဆရာ အစ်ကိုက သူရောက်တိုင်း အဲဒီကုန်းကမူလေးကို သွားချင်နေတာ။ ခုမှပဲ ရောက်ဖြစ်တော့တယ်လို့ တောင် အရွှန်းဖောက်နေပါသေးတယ်။ ကျွန်မ သိပ်ကြိုက်တဲ့ မဂျူးရဲ့ မြေနီလမ်းလေးကိုတောင်  အမှတ်ရမိပြန်ပါသေးတယ်။

လမ်းထဲကို ကွေ့ ဝင်လိုက်ပြီး တာနဲ့ ဂေဟာကိုရောက်ပါပြီ။ ကားပေါ်ကဆင်းပြီး အုတ်တိုက် တန်းလျားလေးတွေနဲ့ ဂေဟာထဲကို ၀င်သွားတာနဲ့ ပထမဆုံးတွေ့ လိုက်ရတာက ကလေးလေးတွေ။ အပြစ်ကင်းစင်တဲ့ မျက်ဝန်းလေးတွေနဲ့ ကလေးငယ်လေးတွေ အတော်များများကို ဂေဟာရဲ့ စင်္ကြန်မှာ တွေ့ လိုက်ရတော့ ကျွန်မစိတ်ထဲ ဒီရောဂါဟာ မျိုးရိုးလိုက်တတ်တယ် ဆိုတဲ့ အတွေးကြီးက နွမ်းလျစွာ တိုးဝင်လာပါတော့တယ်။ အို..........သူတို့ လေးတွေမှာ ဘာမှရွေးခြယ်ခွင့်မရှိတော့ဘူးတဲ့ လားလေ။ ဘ၀ပေး ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ ရတော့မတဲ့လား။ ကျွန်မတို့ တွေ သိပ်ကံကောင်းပါလားဆိုတာကို တွေးမိတာနဲ့ တပြိုင်တည်း သူတို့ ရဲ့ ဖြစ်တည်လာရတဲ့ ဘ၀လေးတွေအတွက်လည်း စိတ်မကောင်းဖြစ်ရပြန်တယ်။ ကျွန်မ ကလေးတွေကို အစကတည်းက စိတ်ဝင်စားတဲ့သူ ဆိုတော့ သူတို့ ကို နှစ်လိုစွာ ပြုံးပြလိုက်တယ်ဆိုရင်ပဲ ကလေးတွေက ကျွန်မထိုင်နေတဲ့ ခုံတနှ်းရည်လေးရဲ့ ဘေးမှာ အတန်းလိုက်ကြီး လာထိုင်လို့ သူတို့ လေးတွေ စပ်စုနေလေပြီ။

ပတ်ဝန်းကျင်နဲ့ အရောင်ကွဲပြားစွာ သူတို့ လေးတွေအားလုံးရဲ့ မျက်နှာပေါ်က သနပ်ခါးပါးကွက်လေးတွေကို သတိထားမလိုက်တယ်။ နောက် ကလေးမလေး နှစ်ယောက် သုံးယောက်က သူတို့ ဆံပင်လေးတွေကို ဆီလူးပြီး စည်းထားတဲ့ အကြောင်း၊ ခေါင်းလျှော်ရမယ့်အကြောင်းတွေ အချင်းချင်းပြောနေကြတာကို စိတ်ဝင်တစားနားထောင်မိပြီး သူတို့ လေးတွေစိတ်ထဲ တစ်ကိုယ်ရေသန့် ရှင်းမှု ဆိုတဲ့ အသိလေးရှိနေတာကို ၀မ်းသာနေမိတယ်။ ကျွန်မက သူတို့ ကို သမီးတို့ ကျောင်းနေလားလို့ မေးတော့ ခေါင်းညိတ်ပြတယ်။ ဆံပင်ကျစ်ဆံမြီးလေးနဲ့ ကလေးမလေးကတော့ " သမီးက လေးတန်းနဲ့ ကျောင်းထွက်လိုက်ရတယ် မမ ...သမီးရဲ့ မေမေက ဒီမှာ ထမင်းချက်တယ်..သမီးကမေမေ့ကို ကူညီဖို့ တဲ့ ကျောင်းထွက်လိုက်ရတယ်...." အဲဒီလိုပြောတဲ့ အချိန်မှာ ကောင်မလေးရဲ့ မျက်နှာလေးက ညိုးနေတာကို ကျွန်မသတိထားမိပါရဲ့ ။ စိတ်မကောင်းမှုတွေကို စကားလမ်းလွှဲဖို့ ကျွန်မက သူတို့ ရဲ့ ကျောင်းအကြောင်းမေးတော့ အလုအယက်ပြောပြကြပြန်တယ်။ သူတို့ ကို အဲဒီနေရာလေးမှာပဲ မွေးဖွားခဲ့ကြပြီး အဲဒီမှာပဲ ကြီးပြင်းရတော့မယ့် သူတို့ ရဲ့ အနာဂတ်လေးတွေကို ကျွန်မ စိတ်မကောင်းစွာပဲ လှမ်းမျှော်ကြည့်ရုံမှာတပါး ကျွန်မတို့ ဘာများလုပ်ပေးနိုင်မလဲလို့ တွေးနေမိတယ်။

သူတို့ နဲ့ စကားပြောပြီး ဘေးပတ်ဝန်းကျင်ကို သတိတရပြန်ကြည့်မိတော့ အသက်အရွယ်အစုံ၊ ယောက်ကျား မိန်းမတွေ...သူတို့ ရဲ့ အဆောင်လေးကနေ ထွက်လာပြီး ဧည့်သည်တွေဖြစ်တဲ့ ကျွန်မတို့ ကို စိတ်ဝင်စားတဲ့ မျက်ဝန်းတွေနဲ့ ။ အဲဒီမှာ ကျွန်မသတိထားမိတာက သူတို့ လူကြီးတွေရဲ့ မျက်ဝန်းမှာလည်း ကလေးလေးတွေဆီမှာတွေ့ ရတဲ့ အရိပ်အရောင်တွေ.........။ အဲ
ဒါ    " မျှော်လင့်ခြင်း " ဆိုတဲ့ အရောင်တစ်ခုဆိုတာကို ကျွန်မ ချက်ချင်းဖမ်းဆုပ်မိလိုက်တယ်။ ဘေးနားက တီးတိုးမေးမြန်းတဲ အသံလေးကို ဖမ်းယူမိလိုက်တော့ ကျွန်မသဘောပေါက်သွားတယ်။ " အလှူရှင်တွေလား " တဲ့လေ။ ဟုတ်တာပေါ့လေ။ သူတို့ တွေရဲ့ ခန္ဒာကိုယ်ပေါ်က အနာတွေနဲ့ သူတို့ လုပ်ကိုင်စားသောက်ဖို့ ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ သူတို့ ဟာ သူတို့ ဝမ်းစာအတွက် အလှူရှင်ဆိုတာကို မျှော်ကိုးခြင်းအတွက် ကျွန်မတို့ ဘာများအပြစ်ဆိုနိုင်မှာတဲ့လဲ။

အတူတူလာကြတဲ့ အစ်ကိုတွေက သူတို့ နဲ့ ရင်းနှီးထားတဲ့ ဝေဒနာရှင်တွေနဲ့ စကားပြောနေကြတုန်း သူတို့ တွေနေတဲ့ အဆောင်ဘက်ကို ကျွန်မထွက်လာခဲ့တယ်။ ပိုးသတ်ဆေးနံ့ လိုလို အနာလူးဆေးနံ့ လိုလို အနံ့ စူးစူးက နှာခေါင်းထဲထိ တိုးဝင်လာတယ်။ ခြေထောက်တစ်ဖက်ကို စွဲပြီးထော့ နင်းထော့နင်းနဲ့ ဝင်လာတဲ့ လူကြီးက ကျွန်မရပ်နေတဲ့ ပြူတင်းတံခါးဘေးက ကုတင်ဆီလျှောက်လာပြီး သူ့ လက်ထဲက ထမင်းပန်းကန်ကို စားပွဲပေါ်တင်လိုက်တယ်။ ကျွန်မက ဘာဟင်းလဲ ဦးလေးလို့ မေးတော့ သူက ဘာမှပြန်မပြောပဲ ကျွန်မကို စိုက်ကြည့်နေတယ်။ အဲဒီတော့မှ ဘေးကုတင်က လူကြီးက " သူက စကားမပြောတတ်ဘူး ကလေးမရဲ့ ။ ရောဂါကြောင့် လျှာက တိုဝင်သွားတာလေ။ နားလည်း မကောင်းတော့ရှာဘူး " တဲ့ ။ အဲဒီလိုပြောတော့ သူကပါခေါင်းတညိတ်ညိတ်နဲ့ သူ့ အကြောင်းကို သူဝင်လို့ ထောက်ခံနေပြန်တယ်။ ဟို ခပ်သွက်သွက် ဘကြီးကပဲ

" သမီးရယ် အဘတို့ သောက်ရတဲ့ ဆေးက ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျားဝင်တတ်တာမလို့ အတော်များများဟာ အမြဲလိုလို ဖျားနာနေကြတာ..။ အဘတို့ လို သွားနိုင်လာနိုင်တဲ့ သူတွေကတော့ ထမင်းစားဆောင်မှာ သွားစားရတယ်။ လုံးဝမထနိုင်တဲ့ သူကတော့ ဒီလိုပဲ ယူထားလိုက်ကြတာပဲ။ စားနိုင်တဲ့ အခါထစားပေါ့။ တခါတလေ သိပ်ကိုက်ခဲနေလို့ မထနိုင်တော့လည်း အငတ်ခံရတာပါပဲ။ ဟင်းကတော့ ပဲဟင်း ငပိရည်ကျိုက များပါတယ်။ တခါတလေ အလှူရှင်ရှိမှသာ အသားဟင်းလေး ဘာလေးစားရတာ။ တစ်လ တစ်ခါ မရှိလှပါဘူး သမီးရယ်။ အဘတို့ လို ဝေဒနာရှိတဲ့ လူတွေဆီကျတော့ လူတိုင်းက မလာလိုကြဘူးလေ။ ကူးဆက်မှာ စိုးရိမ်ကြတာပေါ့။ အဘတို့ ကတော့ အလှူရှင်ကို မျှော်တာပဲ..........အစစအရာရာအတွက်ပေါ့သမီးလေးရယ် " သူ တစ်ကယ်ကို ရင်ထဲကပြောနေခြင်းပါ။ သူ့ မျက်ဝန်းတွေကို ကြည့်တာနဲ့ ကျွန်မသိတာပေါ့။ ကိုယ်တိုင် ပရဟိတကို ၀ါသနာပါပြီး မိဘမဲ့ဂေဟာ ဘိုးဘွားရိပ်သာ အေ့စ်ရောဂါသည်တွေဆီကိုသာ အကြိမ်ကြိမ်ရောက်ဖြစ်ပေမယ့် သူတို့ ဆီကို တခါမှ မလာဖြစ်ခဲ့တဲ့ အထဲ အဲလိုများတွေးခဲ့မိတဲ့ မသိစိတ်တွေရှိလေမလားလို့ ။ ကျွန်မ စိတ်ထဲ စိတ်မကောင်းမှုတွေနဲ့ အတူ နောင်တတွေ သီလို့ ။

နောက်တာ့ ကျွန်မတို့ ရွာထဲကို လည်း သွားကြတယ်။ ဂေဟာမှာ စောင့်ရှောက်မှု ခံယူတဲ့ သူက အယောက် ၁၀၀ ကျော်လောက်ရှိပြီး ၊ တစ်ချို့ တွေကတော့ ရွာထဲမှာ ကိုယ့်အိမ်လေးနဲ့ ကိုယ်နေထိုင်နေကြတာကို တွေ့ ရတယ်။ တစ်ချို့  ရောဂါသည် ခြေလက်ပျက်စီးနေတဲ့ မိဘတွေက တစ်အိမ်၊  ရောဂါမရှိတဲ့ သားသမီးမိသားစုတွေက အိမ်ချင်းကပ်လျက်နေကြပြန်တယ်။ ဒီရောဂါက မျိုးရိုးလိုက်တာ ဆိုပေမယ့် မျိုးဆက်တစ်ဆက်ခြား၊ နှစ်ဆက်ခြား၊ သုံးဆက်ခြားမှ ပြန်ပေါ်တာမျိုးလည်း ဖြစ်တယ်တဲ့။ ဒီတော့ တချို့ သားသမီးတွေက ရောဂါလက္ခဏာမပေါ်ပေမယ့် ဘယ်တော့များဖြစ်မလဲ ဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ အတူ ဘ၀ကို ရှင်သန်နေကြရတယ်တဲ့။ တစ်ချို့ ကျတော့လည်း သူတို့ ရဲ့ မိဘတွေက ငယ်ငယ်ကလေးတည်းက ခုလို သီးသန့် ထားတဲ့ နေရာမှာ အပို့ ခံရ၊ အဲဒီမှာပဲ ကြီးပြင်း အချင်းချင်းပဲ အိမ်ထောင်ပြုပြီး သူတို့ ကိုမွေးဖွားခဲ့ကြတာဆိုတော့ ကမ္ဘာလောကကြီးကို သူတို့ စတင်ထိတွေ့ ခွင့်ရတာကိုက အဲဒီတသီးတသန့် ဖြစ် တည် နေရတဲ့ နေရာလေး။ အဲဒီမှာ ဘကြီးတစ်ယောက်က သူက သူ့ မျိုးရိုးမှာ ပထမဆုံးရောဂါဖြစ်တဲ့ သူတဲ့ " အင်း မျိုးစက် မှာ အဘက တရားခံကြီးပေါ့ကွယ် " လို့ ရယ်စရာ ဟာသ လုပ်ပြီးပြောနိုင်တဲ့ သူတို့ ရဲ့ စိတ်ဓါတ်ခိုင်မာမှုကိုလည်း လေးစားမိခဲ့ပြန်တယ်။ သူတို့ အတွက်ကတော့ အိပ်မက်တွေ စိတ်ကူးတွေ ရည်မှန်းချက်တွေဆိုတာ ကံကြမ္မာက ခြယ်လှယ်ခြင်းကို ခံလိုက်ရတဲ့ ပန်းချီကားတစ်ချပ်ထဲက ကင်းဗတ်စ ခပ်ကြမ်းကြမ်းတွေနဲ့ စုတ်ချက်ကြမ်းတွေပါ။

 အစကတော့ ခပ်တန်းတန်း ထွက်ကြည့်လိုက် ပြန်ဝင်သွားကြလိုက်တဲ့ စူးစမ်းနေကြသလို ရှိပေမယ့် သူတို့ ကို ပြုံးပြနုတ်ဆက်တော့ အကုန်လုံးလိုလို စိတ်လိုလက်ရပြန်ပြုံးပြကြတယ်။ နောက် စကားတွေလည်း ပြောဖြစ်ခဲ့တယ်။ သူတို့ ရင်ထဲက မရဲတရဲ ပွင့်ထွက်လာတဲ့ စကားသံတွေက ကျွန်မရဲ့ စိတ်တွေကို အကြိမ်ကြိမ်ကျင်စက်နဲ့ အတို့ ခံရသလို ။ သူတို့ တွေအားလုံးရဲ့ ရင်ဖွင့်သံတွေမှာ မိသားစု ဆိုတာကို ခါးသီးကြောက်ရွံသံတွေ၊ သူတို့ ကိုယ်သူတို့ အပြစ်သားရယ်လို့ ခံယူပြီး အားငယ်သံတွေ၊ နောက် ဘ၀ကို ကြောက်ရွံစွာ ရင်ဆိုင်နေကြရတဲ့ သောကသံတွေကို ကြားရတာ မိုးတွေရွာနေတဲ့ နေ့ ကြီး ကျွန်မရင်တွေ ပူလို့ လောင်လို့ ပါလေ။
ဘ၀ကို အစကတည်းက အရှုံးပေးထားတဲ့ ကြေကွဲသံတွေကို ကြားရတဲ့အခါ ကျွန်မသူတို့ ကို အားပေးချင်လာပါတယ်။ ဒီရောဂါဟာ ကုလို့ ပျောက်ကင်းလားလို့ အတူတူသွားတဲ့ အစ်ကိုကို တီးတိုးမေးကြည့်တော့ နောက်ဆုံးပေါ်ဆေးဝါးကတော့   ရောဂါရှိတယ်လို့ သိသိချင်းသောက်မယ်ဆို ပျောက်နိုင်ပေမယ့် နောက်ပိုင်းအနေအထိုင်အစားအသောက် မဆင်ခြင်တဲ့အခါ ပြန်ဖြစ်တတ်တယ်တဲ့လေ။ ကျွန်မ မှာတောင် ရုတ်တရက်ကြီး နွမ်းလျစွာနဲ့ အင်အားတွေ ယုတ်လျော့နေတာ သူတို့ ကို ဘယ်လိုများ အားပေးစကားပြောရမှာတဲ့ လဲလေ။ တကယ်လို့ ပြောဖြစ်ခဲ့တယ်ဆိုရင်တောင် ကျွန်မရင်ထဲက တကယ်ကို ကိုယ်ချင်းစာခံစား နားလည်ပြီး ပြောတဲ့ စကားပဲ ဖြစ်ပေမယ့် သူတို့ ရဲ့ အပယ်ခံဆိုတဲ့ ဘ၀စိတ်ဒဏ်ရာတွေကို ဘယ်အတိုင်းအတာအထိ နှစ်သိမ့်နိုင်မှာတဲ့လဲ။

သူတို့ ရဲ့ မိသားစုတွေက သူတို့ ကို ဒီရောဂါဝေဒနာဆိုးကြောင့် ပြစ်ပယ်လိုက်ကြတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကဆို လက်ပရိုစီတွေ အနူတွေကို လိုက်ဖမ်းပြီး ကျွန်းကြီးတစ်ကျွန်းပေါ် သွားလွှင့်ပြစ်ကြတယ်လို့ လူကြီးတွေပြောသံကိုကြားဖူးခဲ့တယ်။ အဲဒီတုန်းကတော့ အနူဆိုတဲ့ စကားလုံး I am Leprosy ဆိုပြီး လူရွှင်တော်တွေက ပြက်လုံးထုတ်ကြတာတွေကို အမှတ်တမဲ့ပဲ ရှိခဲ့ဖူးပါတယ်။ သူတို့ အတွက် ဒီနေရာလေးကို ၁၉၈၉ ခုနှစ်ကစတင်တည်ထောင်ပေးခဲ့ပြီး သူတို့ တွေအားလုံးအဲဒီမှာ တသီးတသန့် နေစေခဲ့တယ်တဲ့။ အဝေးကြီးကို နှင်ထုတ်လိုက်တာထက်စာရင်တော့ တော်သေးတာပေါ့လေ။ ဒါပေမယ့် သူတို့ တကယ်လိုအပ်တဲ့ နွေးေ ထွးမှု ဆိုတဲ့ မေတ္တာတရားကတော့ ခုထိရှားပါးနေတုန်းလို့ ကျွန်မထင်မြင်မိပါတယ်။ ဆရာတော် မေတ္တာရှင်ရွှေပြည်သာ ၊ ဆရာကြီး ချစ်စံဝင်း၊ ဆရာမ သန်းမြင့်အောင် တို့ ကတော့ တစိုက်မတ်မတ်ပံ့ပိုးလှူဒါန်းစောင့်ရှောက်နေကြတယ်လို့ သိရတဲ့ အတွက် ၀မ်းသာကြည်နူးမိပြန်ပါတယ်။ ဒါပေမယ့် ပရဟိတ အဖွဲ့ လေးတွေ အရောက်ပေါက်နည်းပါးနေသေးတာကိုလည်း စိတ်မကောင်းစွာ သတိထားမိပြန်တယ်။

ဒီနေရာလေးကို သွားမယ်လို့ ပြောလိုက်တိုင်း " ရောဂါကူးမယ်နော် " ဆိုတဲ့ sensitive speech တွေကို ခုထိကြားနေရတုန်း။ ဒီအတိုင်းဆို ကျွန်မတို့ သူတို့ ကို နွေးထွေးမှု မပေးတော့ပဲ ဒီလိုပဲ ပြစ်ပယ်လိုက်ကြရတော့မှာလား။ အပယ်ခံဘ၀တွေအတွက် ကျွန်မတို့ လူသားချင်းစာနာထောက်ထား ကိုယ်ချင်းစာမှုတွေနဲ့ ကိုယ်တတ်စွမ်းသရွေ့ လုပ်ကြပါစို့ လေ။ ငွေကြေးအားဖြင့် တတ်နိုင်တဲ့ သူက ငွေကြေးကို လှူဒါန်းနိုင်တယ်။ နောက် သူတို့ အတွက် အဓိကလိုအပ်နေတဲ့ မိသားစု ဆိုတဲ့ နွေးထွေးမေတ္တာတရားကို ပေးလှူဖို့ ဆိုတာ ကျွန်မတို့ အားလုံးအတွက် အပန်းကြီးမယ် မထင်ပါဘူးရှင်။ ကျွန်မ အပြန်လမ်းခရီးမှာ တလျှောက်လုံးတွေးမိလာတာက ကျွန်မတို့ မိဘတွေမှာ ကိုယ်ရေပြားရောဂါ ရှိခဲ့ပြီး ကျွန်မတို့ ကို မွေးဖွားလာကြမယ်ဆိုရင်ရော......ကျွန်မတို့ ကိုယ်တိုင် ခြေတိုလက်တိုလေးတွေနဲ့ အရုပ်ဆိုးလှတဲ့ အနာကြီးရောဂါ ၊ ကုဌနူနာရောဂါသည်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ရောရှင်................အပယ်ခံဘ၀တွေအတွက် အားပေးနှစ်သိမ့်ပြီး အရိပ်မည်းကြီး ကို ဖြေဖြောက်ပေးဖို့ မေတ္တာဆိုရင် ရေစင်လေးသာ ပက်ဖြန်းပေးလိုက်ရင် ခုမိုးတွေရွာပြီး စိမ်းလန်းစွာပွင့်လန်းနေတဲ့ လယ်ကွင်းစိမ်းစို တောတောင်ရေမြေတွေလို လှပတဲ့ ဘ၀ရှုမျှော်ခင်းလေးတွေ   ဖြစ်လာလိမ့်မယ် လို့ ကျွန်မယုံကြည်မိတယ်။ ကျွန်မ နောက်တစ်ခေါက်၊ အခေါက်ခေါက်ရောက်အောင် သွားပါဦးမယ်ရှင်။ အဲဒီ အခါ ကျွန်မ ငွေကြေးတတ်နိုင်သမျှ လှူဒါန်းမှုထက် နွေးထွေးမှု မိသားစုမေတ္တာတရားကို အတတ်နိုင်ဆုံးပေးလှူဖို့ ဆုံးဖြတ်လိုက်မိတယ်။ အဲဒီမေတ္တာတရားကို အမွန့် စာလေးကို ဖတ်မိတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးထံမှလည်း အလှူခံလိုက်ပါတယ်။ တကယ်လို့ များရောက်ဖြစ်ခဲ့ရင် နွေးထွေးတဲ့ မေတ္တာတရားတွေပေးလှူပြီး သူတို့ ရဲ့ အပယ်ခံဆိုတဲ့ ဘ၀ဆိုး အရိပ်ဆိုးကြီးကို ဖယ်ရှားပေးနိုင်ကြပါစေလေ။

ချစ်ခင်စွာဖြင့်
အမွန်
၁ သြဂုတ် ၂၀၁၂
၎:၄၆ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...