Friday, August 17, 2012

ဘယ်အခါ ခင်ဗျား ချမ်းသာပြီပြောမလဲ

Sunday Morning sundaymorning318@gmail.com

ကျွန်တော် မင်နီဆိုးတားနယ်မှာ ကလေးဘ၀တုန်းက ဖရဲသီးဆိုတာ သိပ်အရသာရှိတဲ့အဖိုးတန်စားစရာ
တစ်ခုပေါ့။ ကျွန်တော့အဖေရဲ့ အပေါင်းအသင်းရောင်းရင်း တစ်ဦးဖြစ်တဲ့ ဘာင်္နီဆိုတဲ့။ လူကြီးက ဖရဲသီးအပါအ၀င် သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံတွေ လက်ကားဖြန့်ချီရောင်းချတဲ့အလုပ်နဲ့
စီးပွားဖြစ်နေတယ်။

နွေရာသီရောက်လို့ ဖရဲသီးတွေ စ၀င်လာပြီဆိုရင် ဘာနီက လှမ်းခေါ်တယ်။ အဲဒါဆိုရင် အဖေနဲ့ကျွန်တော် သူ့ကုန်လှောင်ရုံကို သွားပြီ။ ဟိုရောက်တာနဲ့ ဖရဲသီးစားဖို့ ကျကျနနနေရာယူကြတယ်။ ဆိပ်ခံတံတားအစွန်းမှာ သားအဖနှစ်ယောက်ခြေတွဲလွဲချပြီး ထိုင်ကြတယ်။
ရှေ့ကိုငုံ့ကိုင်းပြီး ဖရဲသီးစားမယ်။ အဲဒါဆို ဖရဲသီးက အရည်တွေအစက်တွေကိုယ်ပေါ် သိပ်ကျတော့ဘူးပေါ့။
ကျွန်တော့တို့ အသင့်ဖြစ်တဲ့အချိန် ဘာနီက ဖရဲသီးခွဲတဲ့ဓားကိုယူ၊ ပထမဆုံး ဖရဲသီးကောင်းကောင်းလှလှ
တစ်လုံးရွေးပြီး ဟက်ခနဲခွဲ၊ ကျွန်တော်တို့ကို  ဖရဲသီးစိတ်ကြီးတစ်စိတ်စီပေး၊ သူကိုယ်တိုင် တစ်စိတ်ယူပြီး
ကျွန်တော်တို့ဘေးဝင်ထိုင်တယ်။ အဲဒီနောက် ဖရဲသီးထဲ ခေါင်းမြုပ်ပြီး သုံးယောက်သား အားပါးတရ
စားကြတာပဲ။ အားပါးတရဆိုပေမဲ့ စားလို့ရသမျှ အားလုံးကုန်အောင်စားကြတာမဟုတ်ဘူး။ ဖရဲသီးအလယ်သားနီနီအပိုင်း အချိုဆုံးအပိုင်း အရသာအရှိဆုံးအပိုင်းကိုမှ ရွေးပြီးစားကြတာ။
ကျန်တာတွေအားလုံး လွှင့်ပစ်လိုက်။ ပြီးရင်နောက်တစ်လုံး ၊ အဲသလိုစားကြတာ။
ကျွန်တော့အဖေကတော့ ဘာနီမှ တကယ့်သူဌေးလို့ဆိုလေ့ရှိတယ်။

ကျွန်တော့စိတ်ထဲမှာ သူ့လုပ်ငန်းကြီးပွားအောင်မြင်နေလို့ သူ့ကိုအဖေကသူဌေးလို့သတ်မှတ်တာပဲ အောက်မေ့ခဲ့မိတယ်။ နောက်နှစ်ပေါင်းများစွာကြာတော့မှ ကျွန်တော့အဖေ ဘာနီကို ချမ်းသာတယ်ပြောတာ သူပိုင်ဆိုင်တဲ့ဥစာဓနကို သူဘယ်လိုအသုံးချတယ်ဆိုတာ ကြည့်ပြီးပြောတာကို ကျွန်တော်သဘောပေါက်တယ်။
ဘာနီက ဘယ်အချိန်မှာ အလုပ်ကို ဘယ်လိုနားရမယ်၊ မိတ်ဆွေ အပေါင်းအသင်းနဲ့ ဘယ်လိုပျော်ပျော်ပါးပါး
နေမယ်၊ ဖရဲသီးကို အရသာအရှိဆုံးအပိုင်းချည်းရွေးင်္ပြီး ဘယ်လိုစားမယ်၊
အဲဒါတွေ သူကောင်းကောင်းနားလည်တယ်။ ချမ်းသာတယ် မချမ်းသာဘူးဆိုတာ စိတ်ဓာတ်အပေါ် အများကြီး မူတည်နေပါလားလို့ ဘာနီ့အကြောင်းစဉ်းစားရင်း ကျွန်တော် သဘောပေါက်မိတယ်။
ကျွန်တော်တို့ဝန်းကျင်မှာ တစ်ချို့လူတွေရှိတယ်၊ အရမ်းချမ်းသာကြတယ်၊ ဒါပေမဲ့ တစ်နေရာမှာ
ကျကျနနထိုင်ပြီး ဖရဲသီးကို အားရပါးရ အနှစ်သာရချည်း ရွေးစားဖို့အချိန်မပေးနိုင်ကြဘူး၊ စိတ်အေးလက်အေး မရှိရှာတဲ့သူကြွယ်တွေ။ တစ်ချို့ကျတော့ အသင့်အတင့်စီ ရနေတဲ့ ပုံမှန်ဝင်ငွေလေးနဲ့ပဲ
ပျော်ပျော်ကြီးနေနိုင်ကြတယ်။ ဓနဥစာ မပေါများသော်လည်း ချမ်းသာကြွယ်ဝကြသူတွေ။
ခင်ဗျားမှာ ၀င်ငွေတွေဘယ်လောက်ကောင်းကောင်း၊ လုပ်ငန်းတွေဘယ်လောက်ပဲကြီးကျယ်နေနေ၊ ဆိပ်ခံ
တံတားမှာ စိတ်အေးလက်အေးခြေတွဲလွဲလေးချပြီးထိုင်နေဖို့၊ လူ့ဘ၀ရဲ့ရသလေးတွေကို ဖရဲသီးစိတ် ခေါင်းမြုပ်ပြီး စားသလို နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့်၀၀ကြီး ခံစားဖို့ အချိန်မပေးနိုင် စိတ်မအား
လူမအားနိုင်ဘူးဆိုရင် ခင်ဗျားလုပ်ငန်းကြီးရဲ့ ဖိစီးနှိပ်စက်မှုကို ခင်ဗျားခံနေရတာပဲ။
ကျွန်တော်လည်း ထိုနည်းလည်းကောင်း ကြုံခဲ့ဖူးပါတယ်။

ငယ်ငယ်တုန်းက ဆိပ်ခံတံတားမှာ အဖေရယ် ဘာနီရယ်နဲ့ ဖရဲသီးအတူ ထိုင်စားခဲ့ပေမဲ့ ဘာနီပြတဲ့ နမူနာကို ခေါင်းထဲမစွဲမြဲမိခဲ့ဘူး။ ချမ်းသာဖို့ ငွေရှာဖို့ဆိုတာတွေနဲ့ပဲ အာရုံများပြီး နှစ်ပေါင်းများစွာ မအားနိုင် မနားနိုင်ပဲ ရှိခဲ့တယ်။ အလုပ်ဇောတွေနဲ့ အတော်မောပြီဆိုတဲ့အခါကျမှပဲ ဘာနီပေးခဲ့ဖူးတဲ့
သင်ခန်းစာကို ပြန်အမှတ်ရတယ်။ အခုတော့ ကျွန်တော်နေတတ်သွားပြီ။ နေဖို့အချိန်လေးလည်း အတန်အသင့်တော့ ကျန်သေးတယ်လို့ ကျွန်တော် အောက်မေ့ပါတယ်။
ချမ်းသာပျော်ရွင်မှု စိတ်ကြည်နူးမှုတွေကို ဖြတ်သန်းနေဆဲ နေ့စဉ်ဘ၀ထဲမှာပဲ ရှာဖွေခံစားဖို့ ၊ သူတစ်ပါးတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု ထမြောက်အောင်မြင်မှုတွေကိုလည်း သန့်စင်တဲ့စိတ်ထားနဲ့ ရူမြင်ခံစား မုဒိတာပွားဖို့ စတာတွေပါ။ တကယ်တော့ အဲဒါတွေဟာ ဖရဲသီးရဲ့ အရသာအရှိဆုံးအပိုင်း တကယ့်အနှစ်သာရပိုင်းတွေဆိုတာ ကျွန်တော်သိခဲ့ပြီ။ ဒါတွေကို ရွေးနုတ်ခံစားတတ်သလို၊ ဒါတွေမှအပဖြစ်တဲ့ တခြားအစိတ်အပိုင်းတွေကို သံယောဇဉ်မပွား ပြတ်ပြတ်သားသား စွန့်ပစ်တတ်ခဲ့ပြီ။
ကနေ့တော့၊ တကယ်ချမ်းသာတဲ့ လူတစ်ယောက် ကျွန်တော်ဖြစ်ခဲ့ပါပြီ။

( မူရင်း။ Harvey Mackay ၏ How to Tell When You're Rich )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...