ပြေးဝင်သွားလိုက် ပြန်ရှာတွေ့လိုက် ပျောက်ကွယ်သွားလိုက်
by ဇာ တိ on Tuesday, February 14, 2012 at 3:11am
ပိတ်ကားကို စတင်ကိုင်တွယ်တာကနေစပြီး ပိတ်ကားနောက်ခံဟာ ဘာအရောင်လဲ
မေ့လျော့နေပြီဖြစ်တဲ့ အသိဥာဏ်ကို သူပြန်ခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်
Freedom စုတ်တံဟာဘာအရောင်လဲ ဘယ်သူမှ မသိနိုင်တဲ့ဆေးရည်တွေနဲ့
သူဟာ ဘယ်သူမှမမြင်ဖူးတဲ့ အရောင်တွေကို တီထွင်ဖန်တီးရောစပ်ပြီး
ပန်းချီကားကို စတင်ဆွဲတော့တယ် ခဏခဏ ဆေးရည်တွေထပ်ထည့်မိတာကိုပဲ
သူ့ကိုသူ ပြန်အံ့သြနေမိတယ် ဒါ ဘာတွေလဲ သူတစ်ခါမှ မမြင်ဖူးတဲ့ သက်ရှိပုံတွေကို
သူရဲ့ မသိစိတ်ကနေလှုံ့ဆော်မှုကြောင့် ဆွဲနေတယ် အကောင်တွေစုံလင်လာတယ်
နောက်ဆုံး အရောင်တွေဟာ ဘာအရောင်မှမရှိတော့တဲ့အထိ ဆွဲလာနိုင်တာကို
သူ ပျော်ရွှင်လာတယ် ပြီးတော့ ဘာအကောင်မှလဲ မရှိတော့ဘူး
ထိုသို့ ကျေနပ်မှုကို သူမကျေနပ်နိုင်သေးဘူး လက်ထဲက ဆုပ်ကိုင်ထားတဲ့
စုတ်တံထိပ်ဖျားဟာ ဖွာလန်ကြဲနေပြီဆိုတာ သူ သတိထားမိလာတယ်
မမြင်ရတဲ့ ဆေးရည်တွေနဲ့ သူဟာထပ်ဆွဲနေသေးတယ်
ရုပ်လုံးက ပေါ်လာလိုက် ကြာရင် ပျောက်ကွယ်သွားလိုက်နဲ့
လိုချင်မှုဟာ ခုချိန်ထိေ၀၀ါးနေတာပဲ ခဏလောက်ပဲ ဖြစ်ဖြစ် သူရယ်ပစ်လိုက်တယ်
လူတွေသိတဲ့ အရောင်တွေကို သူမသုံးစွဲချင်ဘူး လူတွေကလဲ သူချယ်မှူန်းနေတဲ့
အရောင်တွေ အကောင်တွေကို မသိဘူး ကလေးတစ်ချို့က သူ့ကိုအထူးအဆန်းသတ္တ၀ါလို
ကြည့်ရှူ့တယ် သူက ကလေးတွေကို သနားစရာ သတ္တ၀ါတွေလို ပြန်ကြည့်ရှူ့တယ်
နောက်ဆုံး သူမောပန်းလာတယ်လို့ခံစားရတဲ့ အချိန်ကစပြီး သူဟာ မမောပန်းတော့ဘူး
ဒါပေမဲ့ သူမကျေနိုင်သေးဘူး သူ့ရှေ့မှာ ရှိတဲ့ အကောင်တွေ အရောင်တွေကို သူသိနေတယ်
သူမသိတဲ့ အကောင်တွေ အရောင်တွေကို သူချယ်မှူန်းဖို့ သူကြိုးစားတယ် သူဘာလို့
တစ်ခုခုကို စဉ်းစားနေသလဲဆိုတာ သူမသိဘူး သူမသိဘူးလို့ထင်တဲ့ အရောင်တွေနဲ့
ထပ်ဆွဲဖို့ စဉ်းစားလိုက်တဲ့ အချိန်ကစပြီး သူဟာ အရောင်တွေကို သိရှိသွားတယ်
ကမ္ဘာဦး လူသားတွေကို ပြန်အမှတ်ရနေတယ် မျက်လုံးတစ်လုံးမှ မရှိတဲ့လူတွေကို သူဆွဲတယ်
အဲ့ဒီလူတွေမှာ ဦးခေါင်းလဲ မရှိဘူး လက် ခြေ ၀မ်းဗိုက်ကစလို့ ဘာမှမရှိဘူး သူပျော်လာတယ်
အဲ့ဒီလို ခံစားရတာပဲ မီးလျှံတွေကို သူဝါးမျိုချင်လာတယ် ထိတွေ့ကိုင်တွယ်လို့ မရ
မမြင်နိုင်တဲ့ လူပုံတွေကို သူဆွဲတတ်သွားတယ် ဒါပေမဲ့ အရောင်တွေရှိနေသေးတာကို
သူ သတိပြုမိလိုက်တယ် သူ ဒေါသတကြီးဖျက်စီးပစ်ဖို့ကြိုးစားတယ် စိတ်တည်ငြိမ်ဖို့
အလွန်လှပတယ်လို့ထင်တဲ့ မိုးကောင်းကင်ကို သူကြည့်တယ် အရောင်အသွေးစုံလင်နေတဲ့
နတ်သမီးမျက်နှာတွေကို သူတစ်ခါမှမမြင်ဖူးဘူးဆိုတာ သူသိလိုက်တယ် ဆေးရည်တွေထပ်ဖြည့်တယ်
ဖွာလန်ကြဲနေတဲ့ အနားစတွေကို လက်နဲ့ အသာအယာပြန်သပ်ပြီး ပုံအသစ်တွေ ထပ်ဆွဲတယ်
တဖြည်းဖြည်း အရောင်မရှိတဲ့ ပိတ်ကားထက်မှာ နတ်သမီးပုံတွေ ထင်လာတယ် သူ့စိတ်ကို
သူအစိုးမရတော့ဘူး တစ်ပုံပြီး တစ်ပုံ သူ့ရဲ့တွေးတောမှုအမြင်အာရုံတွေဟာ ခဏလေးအတိုင်းအတာမှာတင်ပဲ
ပျောက်ကွယ်သွားတယ် သူ သိလိုက်တာ သူဟာ ရက်စက်သူတစ်ယောက်ပဲ သူဟာ ငရဲမင်းကြီးရဲ့
သခင်ပဲ တစ်စုံတစ်ခု ပေါ်ပေါက်လာဖို့ တစ်စုံတစ်ခုဟာ ပျောက်ကွယ်ပေးရတာကို သူချက်ချင်းသိရှိလိုက်ပြီ
အစောက ဘာကောင်မှန်းမသိ အရောင်မရှိတဲ့ အရာတွေကို သူသနားသွားတယ် ချက်ချင်းပဲ ဆေးရည်တွေ
ထပ်ဖြည့်တယ် ထိုဆေးရည်တွေနဲ့ပဲ ပိတ်ကားတစ်ခုလုံးပေါ်ကို လောင်းချလိုက်တယ် သူအနည်းငယ်
ပျော်ရွှင်သွားကြောင်း သိရှိလိုက်ပြီ အချိန်နဲ့ အရောင်ဟာ တကယ်မရှိဘူးဆိုတာ သူသိရှိလိုက်ပြန်တယ်
အတွေးထဲမှာတင် လည်နေတဲ့ အသိစိတ်ကို သူပြန်ခေါ်နေတယ် လက်လှမ်းမမှီတဲ့ခေတ်ဟာ
အပြုသဘောကိုဆောင်ထားတယ် ပိတ်ကားဟာ ဖြူလွနေသလိုလို မည်းညစ်နေသလိုလို
ကမ္ဘာဦးလူသားတွေ ခေတ်ပေါ်လိင်ဆက်ဆံနည်းကို တွေ့ရှိ/သိရှိလိုက်သလိုမျိုး သူဟာ ပိတ်ကားကို
အံ့သြဟန်ပြနေတယ် သူဘာဆက်လုပ်မှာလဲလို့ သူ့ကိုသူ ပြန်မေးဖို့ကြိုးစားတယ် သူဖြစ်ချင်တာ
ဘယ်သူမှမမြင်ဖူးတဲ့ အရောင်တွေနဲ့ ဘယ်သူမှမတွေ့ဖူးတဲ့ အကောင်တွေကို ဆွဲချင်မိတာ
မရဘူး လုံးလုံးလျားလျား သူသိရှိသွားတယ် ခဏတာလေးပဲ သူအမောဖြေတယ် နောက်…
အစောနက ချယ်မှူန်းပြီးသားရုပ်ပုံတွေကို ပြန်လည်ခြစ်ထုတ်ပစ်လိုက်တယ်
ခွက်ထဲက လက်ကျန်ဆေးရည်အနည်းငယ်နဲ့ အမှူန်အမွှားများစွာကို ရောစပ်ပြီး
သူ့တစ်ကိုယ်လုံးပေါ်ကို လောင်းချလိုက်တယ် အံ့သြထိတ်လန့်ဝမ်းသာဟန်နဲ့
သူဟာ ပျောက်ကွယ်သွားတယ် လို့ထင်သယောင်ရှိလာတယ် သူ့ကိုသူမမြင်ရတဲ့အတွက်
သူဟာ ဘာကောင်လဲဆိုတာ သူမသိတော့ဘူး ပြီးတော့ သူဟာ ဘာအရောင်လဲ
သူစဉ်းစားလို့ မရဘူး နောက်ဆုံးအနေနဲ့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပထမဦးဆုံးအနေနဲ့ပဲ ဖြစ်ဖြစ်
သူဟာ ပိတ်ကားကို တစ်ချက်ခပ်စူးစူး စိုက်ကြည့်လိုက်တယ်
နောက်တော့ သူ . . .ပိတ်ကားထဲကို ပြေးဝင်လိုက်တယ်
ဇာတိ(ဖျာပုံ)
12.2.2012
11:50PM
ခွေးတွေ အရမ်းအူနေတဲ့ အချိန်
zartipyapon@gmail.com
www.zartinaung.blogspot.com
0 comments:
Post a Comment