Monday, August 20, 2012

မင်း၊ မိတ်ဆွေနဲ့ ချစ်သူ (ဦးရွှေအောင်)


by Maung Maung Than on Monday, August 20, 2012 at 1:28am 

ဆဌမ အကျိုးမှာ ဥပဒေသကို ပေးခြင်း ဖြစ်သည်။

ရသစာပေဖြင့် လောက၏ အစီးအပွားကို ဆောင်ရွက်ရန် အားထုတ်သောအခါ ဥပဒေသကို ပေးရသည်။
ဥပဒေသ ပေးခြင်းနှင့် ပတ်သက်၍ စာပေအဖွဲ့ များကို ၃မျိုး ခွဲခြား သတ်မှတ်ကြသည်။ ထိုစာပေအဖွဲ့  ၃ မျိုးဆို့ မှာ (၁) သဒ္ဒပဓာန စာပေ၊ (၂) အတ္တ ပဓာန စာပေ၊ (၃) ရသ ပဓာန စာပေတို့  ဖြစ်ကြသည်။

(၁) သဒ္ဒပဓာန စာပေ။   ။ သဒ္ဒပဓာနစာပေ ဆိုသည်မှာ သဒ္ဒါသဘော ပြဌာန်းသည့် စာပေဖြစ်သည်။ ဤအမှုမျိုးကို လုပ်ရမည်၊ ဤအမှုမျိုးကို မလုပ်ရဟု လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးရာ၌ စကားလုံးများ၊ ၀ါကျများ၏ တိုက်ရိုက် အနက်အတိုင်း လိုက်နာဆောင်ရွက်ရသော စာပေမျိုး ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစာပေမျိုးတွင် တရားဥပဒေများ၊ ဘာသာရေး ပညတ်တော်များ စသည်တို့ ပါဝင်သည်။
ထို သဒ္ဒပဓာန စာပေကို မင်းနှင့်တူသော စာပေဟု ဆိုကြသည်။ ထိုစာပေမျိုးဖြင့် လုပ်သင့် မလုပ်သင့် အဆုံးအဖြတ်ပေးထားလျှင် ပေးထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရသည်။ ယုတ္တိဆောင်၍ ဆင်ခြေပေးရန် မတတ်ကောင်း။ စာလုံးတိုင်း စာလုံးတိုင်းကို မင်းကဲ့သို့  သဘောထား၍ လေးစားရလေသည်။

(၂) အတ္တပဓာန စာပေ။  ။ အတ္တပဓာန စာပေ ဆိုသည်မှာ အနက်သဘောပြဌာန်းသည့် စာပေဖြစ်သည်။ ဆောင်ရန်နှင့် ရှောင်ရန်ကို ဥပဒေသ ပြုရာ၌ စာပေတွင် တိုက်ရိုက်ဖော်ပြထားသည့် အတိုင်း လိုက်နာရန် မလိုအပ်ဘဲ အနက် အဓိပ္ပာယ်အလိုက် လိုအပ်သလို လိုက်နာ ဆောင်ရွက်ရသည့် စာပေမျိုး ဖြစ်သည်ဟု ဆိုလိုသည်။ ထိုစာပေမျိုးတို့ တွင် သမိုင်းများ၊ အတ္ထုပ္ပတ္တိများ စသည်တို့ ပါဝင်သည်။ ထို အတ္တပဓာန စာပေကို မိတ်ဆွေနှင့်တူသော စာပေဟု ဆိုကြသည်။ မိတ်ဆွေသည် မည်သည့်အခါမျှ မင်းကဲ့သို့ အမိန့် ပေး၍ မညွှန်ကြား။ လုပ်သင့် မလုပ်သင့် အကျိုးအကြောင်းပြ၍ အကြံပေးသည့် သဘောမျိုးကိုသာ ဆောင်ရွက်သည်။

(၃) ရသပဓာန စာပေ။   ။ ရသပဓာန စာပေ ဆိုသည်မှာ သဒ္ဒါလည်း မပြဌာန်း၊ အနက်လည်း မပြဌာန်း၊ ရသသာ ပြဌာန်းသည့် စာပေဖြစ်သည်။ ရသပဓာန စာပေမျိုးဖြင့် လောကကို ပြုပြင်ရန် အားထုတ်သောအခါ ထူးခြား၍ စွဲမက်ဖွယ် ကောင်းသော ရသဖြင့် ပထမ ယစ်မူးစေပြီးမှ လိုရာကို လိုက်နာ ဆောင်ရွက်စေသည်။ ထိုစာပေမျိုးတွင် ကဗျာ၊ ပြဇာတ်၊ ၀တ္ထု စသော ရသစာပေတို့ ပါဝင်သည်။ ထို ရသပဓာန စာပေကို ချစ်ဇနီးနှင့်တူသော စာပေဟု ဆိုကြသည်။ ချစ်ဇနီးသည် မိမိ ဆောင်ရွက်လိုသော လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန် မင်းကဲ့သို့ လည်း အမိန့် မပေး၊ မိတ်ဆွေကဲ့သို့ လည်း အကြံမပေး၊ နှစ်သက်ဖွယ်၊ စွဲမက်ဖွယ် ရသကိုသာ ပေးလေသည်။ ရသ ဖြင့် မူးယစ်စေပြီး လိုရာကို ဆောင်ရွက်ရန် အားထုတ်သည်။

မင်း၊ မိတ်ဆွေ၊ ချစ်သူ သုံးဦးတို့ တွင် မည်သူသည် အစွမ်းသာ၍ ထက်သည်ကို မိမိတို့ ၏ ကိုယ်တွေ့ ဖြင့် ဆုံးဖြတ်နိုင်ပေသည်။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀ကောင်းကျိုးအတွက် မင်းလည်းလိုအပ်သည်။ မိတ်ဆွေလည်း လိုအပ်သည်။ ချစ်သူလည်းလိုအပ်သည်။ သုံးဦးသုံးဖက်လိုအပ်သည်။ သို့ ရာတွင် ထိုလိုအပ်မှု၌ ဒီဂရီ အနည်းအများ ရှိသည်။

ဦးရွှေအောင်။    ရသစာပေ၏ရသ (နှာ ၃၇-၃၈)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...