ပန်းနဲ့မိန်းကလေး
by မိဿမင်းသမီး on Monday, August 20, 2012 at 6:19am ·
“မိန်းကလေးကို ပန်းပွင့်လေးနဲ့ ပစ်ပေါက်ခဲ့ရင် မိန်းကလေးက ပိုနာမှာလား ပန်းပွင့်လေးက ပိုနာမှာလား” ဆိုတဲ့ အမေးတစ်ခု ပြင်သစ်နိုင်ငံထုတ် La Martin သတင်းစာက ပုစ္ဆာပြုခဲ့တဲ့ အတွက်ကြောင့် ၂၀ရာစုနှောင်းပိုင်း ကာလများမှာ အတော်လေး ပွက်လောရိုက်ခဲ့ရပါတယ် ....
တစ်ကယ်တော့ မိန်းကလေးကို ပန်းပွင့်လေးနဲ့ တင်စားတတ်တဲ့ သူတွေအတွက်တော့ ဒီမေးခွန်းဟာ ဒွိဟဖြစ်စေလို့ပါပဲ .... ပန်းဆိုတာ အပင်ငယ်က ပွင့်တဲ့ပန်းနဲ့ အပင်ကြီးက ပွင့်တဲ့ပန်းဆိုပြီး ခွဲခြားတွေးခေါ်နေလို့ မရလောက်ပါဘူး .... အားလုံးဟာ ပန်းသဘာဝနဲ့ ပန်းဘ၀ဖြစ်နေကြလို့ပါပဲ .... တစ်ကယ်တော့ ပန်းဟာလည်း သက်ရှိတစ်ပါး ဖြစ်နေတဲ့အတွက် နာကျင်ခံစားတတ်တဲ့ အာရုံခံနိုင်စွမ်းတွေ သူ့မှာရှိနေလေရဲ့ .... ဒါဆို မိန်းကလေးနဲ့ပန်း ဘယ်သူပိုနာမလဲဆိုတာ ကိုယ့်ဖာသာပဲ မှန်းဆကြည့်စေချင်ပါတယ် ..... တစ်ကယ်တော့ ဒီဖြစ်ရပ်ကို ရှုထောင့်တစ်မျိုးနဲ့ တွေးမိရင် ပန်းနဲ့မိန်းကလေး နှစ်ခုအနက် တစ်ခုသာ အသုံးချခံ သက်သက်ဆိုပါက ..... ပစ်ပေါက်လိုက်သူရဲ့ ဆန္ဒကသာ အဓိကကျနေမယ် ထင်ပါတယ် ... ပန်းကို နာစေချင်သလား .... မိန်းကလေးကိုပဲ နာစေချင်သလား .... ဆိုတာမျိုး လမ်းချော်တွေးချင်စရာ ကောင်းလှပါတယ် ... အစောက ပုစ္ဆာခေတ်စားခဲ့တဲ့ အချိန် လောက်တုန်းကတော့ သိပ္ပံပညာ သိပ်မထွန်းကားသေးတဲ့အတွက် တိကျရေရာတဲ့ အဖြေမထွက်ပေါ်ခဲ့ပဲ အငြင်းပွားခဲ့ကြပေမယ့် ယနေ့ ခေတ်မီ လျှပ်စစ်ပစ္စည်းတွေရဲ့ အကူအညီနဲ့ သိပ္ပံပညာ ပေါင်းစပ်ပြီး မုသားဖော်စက် လို့သုံးနှုန်းရမလို ဖြစ်နေတဲ့ ပိုလီဂရမ်စက်နဲ့ ဆက်သွယ်စမ်းသပ်ကာ ပန်းပွင့်ကို စူးစမ်းလေ့လာတဲ့အခါမှာ ပန်းလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ အထိအတွေ့ပေါ်မှာ အခြေခံပြီး စိတ်လှုပ်ရှား ခံစားတတ်ကြောင်း တွေ့ရှိရပါတယ် .... ဥပမာ - ဘုရားအိုး သို့မဟုတ် မြင့်မြတ်တဲ့ နေရာမှာ ဆက်ကပ်ခံထားရတဲ့ ပန်းဟာ လန်းရွှင်ဝင့်ကြွားပြီး ပွင့်နေတတ်ပေမယ့် အသုဘလို နိမ့်ကျတဲ့နေရာမှာ ပုံစံမျိုးမျိုးနဲ့ အလှထားခံရတဲ့ ပန်းများကတော့ ကြေကွဲ ၀မ်းနည်းဟန် ညှိုးမှိန်စွာ ပွင့်နေတတ်ကြတယ်ဆိုပဲ ... ထို့အတူ စိတ်ဓာတ်ကျဆင်းနေတဲ့သူရဲ့ အခန်းထဲမှာ ရှိနေတဲ့ပန်းဟာ ညှိုးနွမ်းသွေ့ခြောက် လွယ်သလောက် အပြုစု အယုယကောင်းတဲ့ ဥယျာဉ်မှူးနဲ့ ထိတွေ့နေရတဲ့ ပန်းဟာ ပွင့်သန်အား ကောင်းတယ်လို့ ဆိုကြပါတယ် .... တစ်နည်းအားဖြင့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို ပန်းလေးတွေဟာ တုံ့ပြန်ခံစားတတ်ကြတာ သိသာနေပါတယ် .... ပန်းရယ်မှ မဟုတ်ပါဘူး ... အပင်ငယ် လေးတွေလည်း ထို့နည်းတူပါပဲ .... ဥပမာ - ဘာလီစပါးပင် တစ်ချို့ကို ရေနွေးပူနဲ့ လောင်းကြည့်တဲ့အခါ အနီးမှာရှိနေတဲ့ ကျန်အပင်ငယ်များဟာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေတတ်တဲ့ ပုံသဏ္ဍာန်မျိုး စမ်းသပ်ကိရိယာများမှာ မြင်တွေ့ရတတ်တယ် လို့ဆိုတဲ့အတွက် အပင်ငယ်လည်း ပန်းလိုပဲ ခံစားတုံ့ပြန်နိုင်အားရှိတဲ့ သက်ရှိတွေပဲ ဆိုပါတော့ ... ဒါဆိုရင် ကုမုဒြာကြာပန်းကို စဉ်းစားမိတဲ့အခါ လရောင်ဟာ သူ့အတွက် ပွင့်နိုင်ဖို့ ခွန်အားပေးတဲ့ အကြောင်းရင်းကို သိမြင်လာရပါတယ် .... ပိတောက်ပန်း ဆိုရင်လည်း အလွန်ပူပြင်းတဲ့နွေမှာ ဖူးနေရတုန်း သင်္ကြန် ဖက်စွတ်မိုးလေး ပက်ဖျန်းပေးတော့မှ အားကုန်ပွင့်လန်း လာတတ်ကြတယ် ... ဒါတွေကို ထောက်ရှုကြည့်ရင် အပင်ပဲဖြစ်ဖြစ် ပန်းပဲဖြစ်ဖြစ် သူတို့ရဲ့ လေကဓံလို့ တင်စားရမယ့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိတဲ့ အာရုံဖြစ်ပေါ်နိုင်တာ ထင်ရှားလှပါတယ် .... စောစောက ရှုထောင့်နဲ့ စဉ်းစားမိရင် ပစ်ပေါက်ခံရတဲ့ ပန်းလေးဟာ လေထဲကနေ အရှိန်နဲ့ ရောက်လာရတာမို့ မိန်းကလေးနဲ့ ထိတွေ့တဲ့အခါ ပန်းကလေးကသာ ပိုနာမယ်ထင်ပါတယ် .... နောက်တစ်နည်းတွေးရင် ပန်းတစ်ပွင့်ရဲ့ ခံနိုင်စွမ်းအားဟာ လူတစ်ယောက်ရဲ့ ခံနိုင်စွမ်းအားကို အပုံပေါင်း ဘယ်လောက်ပုံမှ တစ်ပုံစာဖြစ်နိုင်မလဲ ... ဆိုတာ သိပ္ပံပညာရှင်တွေ သတ်မှတ်ထားတာ မကြားဖူးသေးပေမယ့် သာမန် အတွေးလောက်နဲ့တင် ပန်းကလေးသာ ပိုနာမှာ မလွဲပါဘူး ... ဒါဆိုရင် ပစ်ပေါက်သူဟာ ပန်းကိုနာစေချင်တာ သိသာနေသလို ခံစားရပါတယ် .... မိန်းကလေးဟာ ပန်းအတွက် ထိခိုက်နာကြင်စွာ ရပ်တန့်နိုင်ဖို့ နံရံတစ်ခုအနေနဲ့ အသုံးချခံရတာများလား .... ဒွိဟပွားရပြန်ပါပြီ .... ဘာပဲဖြစ်ဖြစ် ပစ်ပေါက်သူရဲ့ ဆန္ဒကိုတော့ ပန်းနဲ့မိန်းကလေး ကလွဲရင် ကျန်သူများ မှန်းဆတွေးတော၍ သိနိုင်မည်ဟုမထင်ပါ .....
ပန်းဆိုမသိ ငိုမရှိလို့
တွေးထင်ယူဆ ခြွေကာရ၍
မိန်းကလေးကို ပစ်အားပိုလည်း
အာရုံတွယ်ငြိ ပန်းအသိတွင်
ထိခိုက်မြေခ ကြွေဘ၀နှင့်
ထိုပန်းကတော့ နာတတ်တယ်။
မဲ့ခြင်းစာနာ ပစ်ပေါက်ကာဖြင့်
ထိခိုက်စေလို အားစိုက်ပိုလည်း
နာမှုမရှိ ထိုပန်းထိ၍
ပြစ်တင်ယူဆ တွေးကာမျှနှင့်
ပစ်သူဆန္ဒ လှမ်းမြင်ရသော်
ထိုမိန်းကလေး နာတတ်တယ်။
0 comments:
Post a Comment