ဆိုးမွေတွေကို ငြင်းပယ်ရဲတဲ့သတ္တိ (မောင်ဝံသ-ပြောချင်လွန်းလို့)
by ပြည်သူ့ခေတ် on Thursday, August 23, 2012 at 9:10pm ·
ဟောကိန်းလွဲခဲ့တာ ၀န်ခံပြီးနောက်
ပြီးခဲ့တဲ့အပတ် ပြောချင်လွန်းလို့ ဆောင်းပါးမှာ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ပြည်ထောင်စု ၀န်ကြီး နှစ်ဦးက မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ရှိရာကို သွားရောက်ပြီး ငွေ ၁၀ သိန်း လှူတဲ့အကြောင်း အစချီကာ "သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာကလား" သည်လောက် မြန်မယ် မထင်ခဲ့ဘူးလို့ ကျွန်တော့် ဟောကိန်း လွဲခဲ့တာကို ၀န်ခံရေးသားခဲ့ပါတယ်။
တစ်ခြားကိစ္စတွေမှာလဲ မြန်လာနိုင်တယ်
ဆောင်းပါးကို ဖတ်မိတဲ့ မိတ်ဆွေရင်းချာအချို့က နေ့ချင်းပဲ ဖုန်းဆက်ပြီး သူတို့လဲ ကျွန်တော့်နည်းတူပါပဲ၊ သည်လောက်မြန်မယ် မထင်ခဲ့ဘူးလို့ ပြောကြတော့ ကျွန်တော် အားတက်သွားတယ်ဗျာ။ သူတို့က ဆက်ပြောတယ်။ သည်အတိုင်းဆို တစ်ခြား ကိစ္စတွေမှာလဲ မျှော်မှန်းတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲ လာနိုင်တယ်၊ ခင်ဗျား စပိ speed နည်းနည်း တင်ပြီး စဉ်းစားစမ်းဗျာလို့ အားပေးတယ်ဗျ။
ကျွန်တော်ကလည်း မိတ်ဆွေများနဲ့ သဘောတူပါတယ်။ ဘယ့်နဲ့ဗျာ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ်မှာတောင် အရင်လူတွေနဲ့ မတူကွဲပြား ခြားနားတဲ့ ရပ်တည်ချက် ရှိလာပြီဆိုရင် ကျန်တဲ့ အရေးကိစ္စတွေဟာ အသေးအဖွဲပဲ မဟုတ်လားဗျာ။
အရင်လူတွေ လုပ်ခဲ့တာတွေ
အရေးကြီးတာက အရင်လူတွေလုပ်ခဲ့တာတွေကို ဆင်ခြင်တုံတရားနဲ့ သုံးသပ်၊ ဓမ္မဒိဋ္ဌာန်ကျကျ ရှုမြင်ပြီး ကောင်းတာတွေကို အသိအမှတ်ပြု၊ ဆိုးမွေတွေကို ငြင်းပယ်ရဲတဲ့ သတ္တိ မွေးကြဖို့ပါပဲဗျာ။
သည်နေရာမှာ ကွန်မြူနစ်နိုင်ငံတွေမှာ လုပ်လေ့ရှိခဲ့တဲ့ အကျင့်မျိုးကိုလည်း ရှောင်ရှားဖို့ သတိထားသင့်တယ်ဗျ။ ဆိုဗီယက်ယူနီယံမှာ စတာလင် ဘုန်းတန်ခိုး ထွားနေချိန် မဟာစတာလင်ဆိုပြီး သူ့ထက်ငါ အနီးကပ် ခစားဝန်းရံ ခဲ့ကြ သူတွေထဲကပဲ စတာလင်လည်း သေရော၊ အချိန်ကောင်းစောင့်ပြီး အပုပ်ချ တော့တာပဲ။ နောက်ဆုံးတော့ စတာလင်ရုပ်ကလာပ်ကိုတောင် ရင်ပြင်နီက ဖယ်ရှားခဲ့တယ်ဗျာ။ အဲဒါမျိုးတွေကိုလည်း သင်ခန်းစာ ယူသင့်တယ်ဗျ။
ငွေစက္ကူတရားမ၀င်ကြေညာတာမျိုး
ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးသိက္ခာချတာထက် လုပ်ရပ်တွေအပေါ်မှာပဲ အကောင်းအဆိုး သုံးသပ် သင်ခန်းစာ ယူစေချင်တယ်ဗျာ။ ဥပမာ- ဗိုလ်ချုပ်ကြီး နေ၀င်း သူ့အုပ်ချုပ်ရေးသက်တမ်းမှာ နိုင်ငံတော်က ထုတ်ဝေထားတဲ့ ငွေစက္ကူ တွေကို သုံးချီသုံးလား တရားမ၀င်ငွေအဖြစ် ကြေညာခဲ့တယ်။ ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်ရတယ်။ ဒါမျိုး နောက်နောင် ဘယ်တော့မှ မလုပ်ဘူး ဟေ့ဆိုရင် မကောင်းဘူးလားဗျာ။ ငွေစက္ကူတွေ တရားမ၀င် ကြေညာခဲ့တဲ့ ကိစ္စကိုပဲ ဒါဟာ ၀ိသမလောဘသား ငွေရှင် ကြေးရှင် အရင်းရှင်တွေအပေါ် တန်ပြန်စစ်ဆင်ရေးလုပ်ခဲ့တာဖြစ်တယ်၊ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အင်မတန်မှ အမြော်အမြင်ကြီးပါပေတယ်ဆိုပြီး ဆင်ခြေဆင်လက်တွေပေးကာ ပြည်သူ တွေဘက်က လုံးဝ မကြည့်တဲ့ ပညာရှင်ဆိုသူတွေကိုတော့ စိတ်ကုန်မိခဲ့ပါသဗျ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုရင်
ဟိုဘက်ပိုင်းတွေထက် နီးနီးကပ်ကပ် ဒီဘက်ပိုင်းအချိန်ကာလများအတွင်း သဘောထား ပြောင်းလဲဖို့ စဉ်းစားသင့်တာတွေကို ပြောရရင်ဖြင့် ပထမဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ ပြေးမြင်မိတယ်ဗျာ။ အခုဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါ လွှတ်တော်ထဲ ရောက်လာပြီ ဖြစ်လို့ ပါတီစုံဒီမိုကရေစီ အသွင်လက္ခဏာ ထင်ထင်ရှားရှား ပြနိုင်ပြီ။ လွှတ်တော် ထဲမှာလည်း နိုင်ငံရေး အင်အားစုတွေ တက်ညီလက်ညီ အလုပ်လုပ်နေကြပြီ။ ပြည်သူအစိတ်အပိုင်းအတော်များများကလည်း လွှတ်တော်သတင်းတွေကို ကြည့်လို့၊ ဖတ်လို့၊ ဆွေးနွေးလို့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းဆီသို့ တူရူပြုနေပြီ။
သည်လို အခြေအနေမှာ ရွေးကောက်ခံမဟုတ်သူများကို ၂၅ ရာခိုင်နှုန်း မဖြစ်မနေထည့်သွင်းထားတဲ့ အခြေခံဥပဒေကို ပြင်ဖို့ စဉ်းစားမယ်ဆိုရင် ဘယ်လောက် စိတ်ဝင်စားကြမလဲဗျာ။ ၂၅ ရာခိုင်နှုန်းကနေ သင့်တင့်တဲ့ ရာခိုင်နှုန်းတစ်ခုသို့ လျှော့ချပေးပြီး တဖြည်းဖြည်း ညင်သာစွာ ရုပ်သိမ်း သွားမယ်ဆိုရင် ပြည်သူတွေက လက်ခုပ်သြဘာပေးပြီး ကြိုဆိုကြမှာပဲဗျ။ ဒီမိုကရေစီပန်းတိုင်ကို သွားရာမှာ ရွေးကောက်ခံမဟုတ်သူများအတွက် ခွဲတမ်းဆိုတာ ကာလတစ်ခုအတွက်ပဲ ထားရှိသင့်တယ်။ ရေရှည်ရှိနေဖို့ မကောင်းဘူးဆိုတာ ကာယကံရှင်တွေကိုယ်တိုင် သဘောတူကြမယ် ထင်ပါတယ် ဗျာ။ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါဆိုသလို တစ်နေ့တော့ ဒီမိုကရေစီ ပီပီသသ ဖြစ်ရမှာပါ။ ကျွန်တော် အခု ပြောနေတာက အများ မျှော်လင့်နေ ခဲ့တာထက် မြန်မြန်ပြောင်းနိုင်ရင် မြန်မြန် ခရီးရောက်မှာကို ဆိုလိုတာပါ။
မြန်မာနိုင်ငံရဲ့ မြို့တော်
နောက်တစ်ချက်ကတော့ တိုင်းပြည်ရဲ့ မြို့တော်ကိစ္စဗျာ။ ကျွန်တော် သေချာ မှတ်မိသေးတယ်။ ၂၀၀၁ခုနှစ်လောက်က သတင်းဂျာနယ်တွေမှာ အပတ်စဉ် မျက်နှာဝက် ကြော်ငြာကြီးတစ်ခု ပါတယ်။ ဘာလဲဆိုတော့ ဒဂုံ ဆိပ်ကမ်းမြို့နယ်က တိုက်ခန်းတွေကို အရောင်း ကြော်ငြာတာပါ။ "မကြာတော့မည့်ကာလတွင် အစိုးရ ရုံးများအားလုံး ရုံးစိုက်သည့် နေရာဒေသ ဖြစ်လာတော့မည့် ဤနေရာမှာ တိုက်ခန်းများ ၀ယ်ပြီး ရင်းနှီး မြှုပ်နှံပါ" တဲ့။ ကျွန်တော် စုံစမ်းကြည့်တော့ အစိုးရရုံးတွေအားလုံး ဒဂုံဆိပ်ကမ်း မြို့နယ်ကို ပြောင်းရွှေ့ဖို့ စီမံကိန်း ရှိတယ်၊ အမေရိကန်က ၀ါရှင်တန် ဒီစီလို ဖြစ်လာမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ထဲမှာ ၀န်ကြီးများရုံးဟောင်းကြီး (ယခင် အတွင်းဝန် ရုံးဟောင်း) ကလည်း အိုဟောင်းနေပြီ။ ၀န်ကြီးရုံးတွေကို ဟိုတစ်ခု သည် တစ်ခု ပြန့်ကြဲဆောက်ထားတော့ ရုံးကိစ္စနဲ့ သွားရလာရ သူတွေမှာ ဟောဟဲကို လိုက်လို့။ သည်တော့ ဒဂုံဆိပ်ကမ်းမြို့သစ်လို နေရာမှာ အစိုးရရုံးတွေ စုပြီး တည်ဆောက်လိုက်ရင် ရန်ကုန်မြို့မကြီးနဲ့လည်း ၁၀မိုင်လောက်ပဲ ကွာတယ်၊ ပဲခူးမြစ် ကမ်းနဖူးမှာ လေတဟူးဟူးနဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမယ်၊ တယ်နိပ်ပါလားလို့ တွေးမိခဲ့တယ်ဗျ။
ဘယ်အချက် အရင်ပြင်ချင်သလဲမေးရင်
ဟော ၂၀၀၅လည်းကျရော၊ အဲဒါတွေမဟုတ်တော့ဘူး၊ နေပြည်တော်ကို တည်လိုက်ပြီတဲ့ဗျာ။ ကျွန်တော် နှစ်ခေါက် ရောက်ပြီးပါပြီ။ ဘယ်လိုလဲလို့ မေးသူတိုင်းကို ကျွန်တော်ကတော့ စိတ်မချမ်းသာစွာ ခေါင်းတရမ်းရမ်းနဲ့ပဲ ဖြေမိတယ်ဗျာ။ ပြည်သူတစ်ယောက်အနေနဲ့၊ သတင်းစာဆရာတစ်ယောက် အနေနဲ့၊ ကျွန်တော့် ဆန္ဒသာ ပေးခွင့်ရှိရင် ဘယ်လိုနည်းနဲ့မှ သဘောမတူ နိုင်ပါဘူးဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဘယ်အချက်ကို အရင် ပြင်ချင်လဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်ကတော့ အဲဒီအချက်ကို အရင် ပြောမှာပဲဗျ။
ရန်ကုန်နဲ့ မိုင် ၃၀ အကွာအတွင်း
ပြီးခဲ့တဲ့ တစ်နှစ်လောက်က မြို့ပြတညိဆောက်ရေးလုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဗိသုကာ ပညာ ပါမောက္ခကြီး ဒေါက်တာ ကျော်လတ်က ပြည်သူ့ခေတ်ဂျာနယ်မှာ အခန်းဆက်ဆောင်းပါး တွေ ရေးတယ်။ မြို့ပြများဆိုင်ရာ လေ့လာသုံးသပ်ချက်ဆောင်းပါးတွေပါ၊ အင်မတန် ဗဟုသုတရစေတဲ့ ပညာရှင်အမြင်တွေ ဖြစ်ပါတယ်။ ဆောင်းပါး တစ်ပုဒ်မှာ ဒေါက်တာ ကျော်လတ်က နိုင်ငံရဲ့ မြို့တော်ဟာ ရန်ကုန်မြို့နဲ့ မိုင် ၃၀ အကွာအဝေးအတွင်းလောက်မှာ ရှိသင့်တယ်လို့ တွက်ချက်ပြပြီး ထောက်ကြံ့ကနေ မှော်ဘီသွားတဲ့ လမ်းတစ်ကြောလောက်ကို အကြံပြုထား တယ်။ ဆရာကျော်လတ်က ရေမြေအနေအထား၊ ရာသီဥတု၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ ဒေသယဉ်ကျေးမှု ဘက်ပေါင်းစုံတွက်ပြပြီး ပညာရှင်အမြင်နဲ့ ရေးခဲ့တာပါ။ ကျွန်တော်က စာပေစိစစ်ရေးတင်တဲ့ ပရုဖ်စာရွက်တွေဖတ်ပြီး အရမ်းသဘောကျနေမိတယ်။ ပြည်သူ့ခေတ်မှာ ဖော်ပြဖြစ်ခဲ့တယ်လို့ပဲ ထင်နေတာ နောက်မှ စာပေစိစစ်ရေးက ခွင့်မပြုလို့ အဲဒီဆောငိးပါး တစ်ပုဒ်လုံး ပြုတ်သွားကြောင်းသိရတယ်ဗျာ။
ကိုင်း အခုတော့ မထင်တာတွေ တကယ်ပဲ ဖြစ်နေတဲ့ အချိန်ကာလ တစ်ခုကို ရောက်နေလေတော့ နှစ်ကာလအတန်ကြာပြီဖြစ်တဲ့ ပြည်သူ့ဆန္ဒ အချို့ကို ထင်ဟပ် တင်ပြလိုက်ရကြောင်းပါဗျာ။
၁၇၊ ၈၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၀၈၊ ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၃)
0 comments:
Post a Comment