Friday, August 24, 2012

ခရီး၊ အတွေးများနှင့် သီချင်းများ (၁)


by Maung Maung Than on Thursday, August 23, 2012 at 9:26pm


ကိုနေ၀င်းမြင့်ရဲ့ စကာင်္ပူ စာပေဟောပြောပွဲ ဟောပြောချက်များကို ဖတ်ပြီး (ရုပ်သံဖိုင်ကို အခုထိ နားမထောင်မိသေးဘူး၊ Daw Win Win Latt အပင်ပန်းခံ ရိုက်တင်ပေးထားတဲ့ စာတွေကိုပဲ ဖတ်ပြီး အတွေးတစ်ခုရောက်လာတယ်။


ကျနော် ခရီးတစ်ခု ထွက်ချင်လာတယ်၊ (ပြည်တွင်းခရီးမသွားရတာ ကြာပေါ့) အဲဒီခရီးတလျောက်လဲ ကျနော့် ဘ၀ ဖြတ်သန်းမှုများနဲ့ သီချင်းလေးများ၊ စိတ်ခံစားမှု၊ သီချင်းခံစားမှု၊ စာသား၊ အစရှိသည်ပေါ့။

ရွေးထားတဲ့ နေရာကတော့ မူဆယ်ပါပဲ၊

ဘယ်ကနေစသွားမလဲ၊ လက်ရှိနေရာ နေပြည်တော်ကပဲ၊ ဘယ်လမ်းကသွားမလဲ၊ ကဲ လမ်းသစ်ခေါ်တဲ့ အမြန်လမ်းကပဲ သွားမယ်။
နေပြည်တော်ကနေ အမြန်လမ်းပေါ်တက်လိုက်ပြီး မိုင် ၂၀လောက် မောင်းလိုက်တာနဲ့ တောင်ညို တောင်တွင်းကြီး လမ်းဆုံကို ရောက်တယ်၊ ပျဉ်းမနား၊ တောင်ညို (ထိမရောက်)၊ မိုးစွေ တောင်တွင်းကြီးလမ်း၊ ယခု highway ဖြစ်နေပါ့၊ ကျနော်တို့ ၁၉၇၄ ဒီနေရာတွေကို သစ်တောတက္ကသိုလ်ကျောင်းသားဘ၀နဲ့ တောဆင်းကျတုံးက တောင်ညိုလမ်းအထိပဲ အများပြည်သူလမ်းဖြစ်ပြီး မိုးစွေကို ချိုးတာနဲ့ သစ်ထုတ်လမ်းဖြစ်ပါတယ်။

ဒီနေရာရောက်ရင် အမှတ်ရလာတဲ့ သီချင်းများ

စတုတ္တနှစ်ကျောင်းသားဘ၀ ပတ္တလျားနဲ့  ဒီနေရာတွေမှာ တီးခဲ့တာတွေ၊ မဲဇာတောင်ခြေ၊ ရွှေပြည်တော်သည်။ အထူးသဖြင့် ရ၀ိန်ဒေါင်းယဉ်ပျံ၊

ရ၀ိန်ဒေါင်းယဉ်ပျံထဲက ဧချိုချို နေညိုချမ်းမို့ ၊ ခင်တန်းမျှောင်ကွေ့ ၊ တောင် ကမ္ဘားယံ၊ ရွှေမောင်နှံ ချိုးငယ်တို့ လေး၊ ဆော်နှိုးဘန်ခါခါ၊ သံစာစာ- ကြော်ငြာကြွေး

ဆိုတဲ့ စာသားတွေနဲ့ ၊ ညနေ လေးနာရီခွဲ ငါးနာရီဆိုတာ ကျနော်တို့ အရက်စသောက်တဲ့ အချိန်၊

မနက်က ငါးနာရီခွဲလောက်ကို စပြီး အလုပ်ရှိတဲ့နေရာတွေကို သွားကြရပါတယ်။ စတုတ္တနှစ်တုံးက felling and logging ဆိုတဲ့အလုပ်၊
ယနေ့ ခေတ်သစ်ခုတ်လုပ်သားများနည်းတူ၊ လွယ်လွယ်ပြောရရင် သစ်ပင်လှဲရတာပါပဲ၊ ဒါပေမဲ့ သစ်တောတက္ကသိုလ်ကျောင်းသားများအတွက်ကတော့ သစ်ပင်လှဲရုံတင်မက၊ သစ်ပင်လှဲပြီး သစ်လုံးများကို ဖြတ်ပိုင်းပေးခြင်း၊ ပယ်ခြင်း၊ နောက် ငုတ်များ စစ်ဆေးခြင်း၊ သစ်ထုတ်လုပ်ရေး အရာရှိများလုပ်ရတဲ့ အလုပ်တွေ အကုန်လုပ်ရပါတယ်။
နောက် ကိုယ်အလုပ်လုပ်ရမဲ့ သစ်ပင်ရှာတာ၊ ကိုယ့်ဘာသာကိုယ် ရှာရပါတယ်၊ တစ်လက်မ တစ်မိုင်မြေပုံကို ချဲ့ ဆွဲထားတဲ့ သစ်ကွက်မြေပုံမှာ သစ်တောဌာနက ပင်ထောင်ရိုက်ထားတဲ့ သစ်မာနဲ့ ကျွန်းပင်များကို အမှတ်စဉ်များ ထဲ့ပေးထားတဲ့ ပင်ထောက်မြေပုံပဲ ပေးထားပါတယ်၊ အပင်အားလုံးကို ထဲ့ပေးမထားဘူး ကျောထိပ်၊ ကော့ညွတ်ထိပ်၊ မြောင်ထိပ်စသဖြင့်ပဲ နံပါတ်တွေ ပေးသွားတယ်၊ ကိုယ့်ဘာသာကိုယ် အပင်ကို ရှာရတယ်၊

နောက် လွှ၊ ခြောက်ပေ ငါးမန်းလွှတစ်ချောင်းစီ၊ သပ် လေးချောင်း၊ လွှသွေးဘို့  တံစဉ်းစသည်၊ အကုန်ပေးထားတယ်၊ ကျွန်တော်တို့ ဆရာ ရုံးထိုင်မန်နေဂျာကြီး၊ စစ်မှာ နေ၀င်း သစ်မှာ ဝေလင်းဆိုပြီး နာမည်ကြီးလှတဲ့ မြကျွန်းညိုညိုစာသင်ခန်းတုံးက ဒီ Timber harvesting ဘာသာရပ်ကို လာသင်တဲ့ ဆရာဦးဝေလင်းက ၃ရက်လောက် ကျနော်တို့ ကို လက်တွေ ပို့ ချသွားပါတယ်၊ ကျနော်တို့ နဲ့ ပါလာတဲ့ ဆရာများက အခု ECCDI မှာလုပ်နေတဲ့ ဆရာမန်းကိုကိုကြီး၊ နောက် ဒီfield မှာပင်ပန်းလွန်ပြီး ပါမောက္ခရာထူးတောင် သေသေချာချာ မထိုင်လိုက်ရတဲ့ ဆရာသော်တာဆွေ့ ယောက်ဖ ဆရာကြီး ဦးခင်မောင်အေး (သထုံဆောင်မှုး)တို့ ဖြစ်ပါတယ်။

ကျွန်းပင်တွေ မလှဲခင် လက်ဆကောင်းအောင်ဆိုပြီး သစ်မာတွေ စလှဲကြရတယ်။
ကျောင်းသားတွေကို ငါးယောက်တဖွဲ့ ဖွဲ့ ပေးထားတယ်၊
ဘယ်လို တွေးပြီး ငါးယောက်အဖွဲ့ ဖွဲ့ သလဲတော့မသိဘူး၊ တကယ်အလုပ်လုပ်တော့ အဲဒီငါးယောက်ကို ဒီလိုခွဲလိုက်ရတယ်
လွှဆွဲ နှစ်ဆိုင်း၊ လေးယောက်၊ နောက်တယောက်က တောက်တိုမယ်ရ

တကယ်တော့ တောက်တိုမယ်ရသမားက ပိုပင်ပန်းတယ်။
ပုံမှန်အားဖြင့် သစ်ပင်လှဲတယ် ပြီး ဖြတ်ပိုင်းပေးတယ်၊ မနက်ပိုင် ၁၂နာရီကျော်ရင် ပြီးပြီလို့ ထင်ရတယ်။
ပထမဆုံး ခုနှစ်ပင်လောက်အထိက ညစာနဲ့ ပေါင်းစားလောက်ရအောင် ခက်ပါ့ခင်ဗျား

၁၉၇၄၊ မြန်မာ့သစ်တောများ ကောင်းမွန်သော စံနစ်ဖြစ်တဲ့ မြန်မာရွေးချယ်ခုတ်လှဲခြင်းစံနစ်အောက်မှာ သစ်ပင်တွေဟာ တကယ့်ကို ပေမှီ၊ ဒေါက်မှီ (လုံးဝ လုံးဝ အီကြာကွေးသစ်များမဟုတ်) သစ်ကြီး ၀ါးကြီးတွေခင်ဗျ။
ပျဉ်းကတိုး၊စသည့် သစ်မာသစ်များ ရင်စို့ လုံးပတ် (မြေပြင်က ၄ပေ ၆လက်မမှာတိုင်းတဲ့အမြင့်)၊ ကျွန်းက ၇ပေ ၆လက်မ။
မျောက်ငိုလို သစ်တွေဆိုရင် လုံးပတ် ကိုးပေကျော်တွေဗျား၊ ကျနော်တို့ လွှတစ်ချောင်းထဲနှင့်မရတော့ ငှားကြရပြီ။
မြို့ သားတွေ နားမလည်ပါ၊ လွှဆိုတာ ဒီလိုပဲ သစ်ပင်တွေကို အိမ်မှာ သစ်ချောင်းဖြတ်သလို၊ အာရ်အိုင်တီမှာ လက်သမားပညာသွားသင်တုံးက ဖြတ်သလို လွယ်လွယ်ကူကူပဲလို့ ထင်ကြတာကလား။ ကျနော့ ငါးယောက်အဖွဲ့ ကိုကြည့်
အေးချို (ဟသာင်္တ)၊ မျိုးဝင်း(ထားဝယ်)၊ ခင်မောင်အုန်း (မန္တလေး)၊ ကျနော် (ရန်ကုန်)၊ လှအောင် (ပုသိန်)

အင်မလေး သစ်ပင်ကြီး တစ်ခုလုံးရဲ့ အလေးချိန်က ဒီလွှပေါ်မှာ ပိနေပါရဲ့ ၊ နောက်ဖယ်၊ ဖယ်ဆိုတဲ့ လွှစွယ်လေးတွေ အစိတ်အကျဲ၊ ပညာသားပါသဗျ၊ ပျဉ်းကတိုးလို အသားမာကို ဖယ်စိတ်ပေးရတယ်၊ တောင်ပိန္နဲလို အသားပွကို ဖယ်စိတ်နဲ့ ဆွဲလို့ ကတော့ အင်း xxတုံးတုံးနဲ့ ထိုးသလိုပဲ (တောစကားပြောပြတာပါ)။

ပျဉ်းကတိုးကို ဖယ်ကျဲနဲ့ ဆွဲရင်လ ဂလိုပါပ။

အဲဒီ အသိတွေကို အခု ခင်ဗျားတို့ ဖတ်ရသလို လွယ်လွယ်ကူကူ သိတာမဟုတ်ဘူးဗျ၊ demonstration မှာ ပြောပေမဲ့၊ လက်တွေ့ ၊ လွှတွေညပ်၊ နေ့ လည်စာကို စခန်းကိုပြန်ယူ၊ အလွန်အကျွံဆိုရင် ညစာတောင် ပြန်ယူပြီး ပေါင်းစားရတဲ့ အတွေ့ အကြုံတွေဗျ

ကျနော်တို့ ကို တကယ့် လွှသမားတွေ တွဲပေးထားတယ်၊ ဒါပေမဲ့ သူတို့ က အကြံပေးအဆင့်ပဲ၊ အသက်အန္တရာယ် (နီးပါ့) ထိလောက်အောင် ကျနော်တို့ အခက်အခဲတွေ့ တော့မှ ၀င်လုပ်ပေးကြတယ်။

ကျနော်တို့ လဲ အမှန်အတိုင်းလုပ်ကြရတယ်၊ သည်းညဉ်းခံကြရတယ်၊ နောက် ကြောက်ကျရတယ်၊
ဘာ့ကြောင့်လဲ။ ကိုယ့်သစ်ပင်ကို ကိုယ်လှဲပြီးရင် သစ်ကားတင်ဘို့ ဖြတ်ပိုင်းပေးရတယ်၊

စဉ်းစားရတဲ့အချက်တွေက

တောထဲမှာ သစ်လေသစ်လွင့်မကျန်ခဲ့အောင်
နောက် တင်မဲ့ သစ်ကားနဲ့ အခက်အခဲမရှိအောင်

ပထမဆုံး ငုတ်အမြင့်ကအစ သတိထားကြရတယ်
ကျွန်း၊ သစ်မာ တပေခွဲထက်မပိုရ

ကိုယ်က သူများကို စစ်ရမဲ့လူ၊ ဒါကြောင့် မင်းတို့ ကိုယ်တိုင် လိုက်နာရမယ်။

ကျနော်တို့ ရှေ့ ၁၉၇၄ ကျောင်းသားများ၊ မောလွန်းပင်ပန်းလွန်းတော့ ဆရာကနေ မင်းဘယ်နေရာ ဖြတ်မလဲလို့ မေးတဲ့အခါ ဒီနေရာဆိုပြီး တောစီးဘိနပ်နဲ့ ပြမိတယ်ဆိုပဲ။
ဟုတ်မဟုတ်တော့မသိ အဲဒိနှစ် ၁၉၇၄အသုတ်ရဲ့ ကျောင်းသားတွေ စတုတ္တနှစ်စာမေးပွဲကို ၁၃ယောက်ကျတာကတော့ အမှန်အကန်ပဲ၊
ဒီတော့ ကျနော်တို့ လဲ ကြောက်တာပေါ့ဗျာ

ကျနော်တို့ ဆရာတွေ ဦးခင်မောင်အေးနဲ့ ဦးမန်းကိုကိုကြီး၊ စိတ်ပူပင်စွာနဲ့ ကျောင်းသား အဖွဲ့ ဆယ်ဖွဲ့ ကို တနေ့ နှစ်ခေါက်လောက်ကျအောင် လိုက်ကြည့်ကျတယ်၊ ဓါတ်ပုံမှာကြည့်ရင် လွှညပ်နေတဲ့ ကျနော်တို့ အဖွဲ့ ကို ဆရာမန်းကိုကိုကြီးနဲ့ သစ်ထုတ်ရေး လက်ထောက်မန်နေဂျာ ကိုအေးဝင်းတို့ ကိုယ်တိုင် ၀င်ပြီး ခေါင်းစားနေတာ တွေ့ လိမ့်မယ်။

ဒီလောက်ပင်ပန်းတဲ့အချိန် ညဘက်မှာ အပန်းဖြေတာကတော့၊ ကျနော့် ပတ္တလျားနဲ့ မရတော့ဘူးဗျာ၊ ပိတ်ရက်တွေလောက်ပဲ ပတ္တလျားနဲ့ ဆိုဖြစ်တီးဖြစ်တယ်၊ အလုပ်လုပ်တဲ့ရက်တွေမှာကတော့

ဂီတာ

စတုတ္တနှစ်ရဲ့ နာမည်ကျော်သီချင်းတွေကတော့ ၀ီစကီဆို ၀မ်းပက်၊ တူးပက် သရီးပက်လောက်ချထားဆိုတဲ့ သီချင်း၊ ရန်ကုန်ဘူတာကြီးက စထွက်ကထဲက တချိန်လုံးတီးလာတာက၊ ဂျင်မီဂျက်ရဲ့ ပျော်လို့ မဆုံး ပြုံးမ၀သေးတယ် ဒီအချိန်ဝယ်ဆိုတဲ့ နှုတ်မဆက်နဲ့ ငိုချင်တယ်။

တတိယနှစ်ကထဲက ဆိုနေကြ၊ ဧဒင်ဥယျာဉ်ကအနမ်း။

အချမ်းဓါတ်

ညဘက်ကတော့ မီးပုံနဲ့ အရက်နဲ့ သီချင်းဆိုတာနဲ့ နောက် အဖေ့ ရေခဲတောင်တက်တဲ့ sleeping bag ကို မောင်ပိုင်စီးလာလို့ သိတ်မအေးသလို၊ ဒါပေမဲ့ မနက်ကတော့ ချပ်သင်းတုံးကလိုပဲ ကျွန်းပင်ကြီးတွေက နေ တဖျောက်ဖျောက်ကျလာတဲ့ နှင်းစက်က မဲဇာတောင်ခြေပတ်ပျိုးထဲက နှင်းငွေရီ အံ့မဆုံး၊ မိုးပေါက်ကရှုံးပါပဲ။

ဘာလုပ်သလဲလွယ်ပါတယ် ညကထဲက မနက်သွားမဲ့ ယူနီဖေါင်းကို တောစီးဘိနပ်ကအစ ၀တ်ထားလိုက်တယ်လေ။ ၀ိရိယရှိတဲ့လူတွေဟာ အပျင်းကြီးဆုံးလူတွေလို့ ကျနော်ကတော့ ခံယူထားလေရဲ့ 


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...