Friday, August 10, 2012

စစ်နှင့်ငြိမ်းချမ်းရေး နှင့် ပတ်သက်၍


by Mya Than Tint on Monday, July 16, 2012 at 6:38pm ·

ဆရာမြ ရေးသားခဲ့သော 'စစ်နှင့်ငြိမ်းချမ်းရေး နှင့် ပတ်သက်၍' ဆောင်းပါးမှ စာပိုဒ်အချို့အား ဝေငှပါရစေ။ 'စစ်နှင့်ငြိမ်းချမ်းရေး' ဘာသာပြန်ဆိုခြင်း၏ အကြောင်း၊ မည်ကဲ့သို့ကြိုးပမ်းအားထုတ်ခဲ့သည့်အကြောင်းများ ကို မသိသေးသူများ  သိစေလိုသည့်အပြင်၊ ဆရာမြ၏ စေတနာကို ပို၍သတိပြုမိစေချင်သည့်အတွက် ယခု စာစုကို ဝေငှပါသည်။ 
ဆရာမြ၏ စာအုပ်များကို အစအဆုံး စာရိုက်၍ ဝေငှခြင်းများ၊ Ebook များ  ဝေငှခြင်းများကို ဤ Page တွင် မည်သည့်အခါမျှ ပြုလုပ်မည် မဟုတ်ပါ။ မူပိုင်ခွင့်များ ၊ စာရေးဆရာ၏ အနုပညာ ၊ ဖန်တီးမှု စသည်တို့ကို လေးစားသောအားဖြင့် စာအုပ်များ ဝယ်ယူဖတ်ရှုခြင်းဖြင့် မြန်မာစာပေတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ  အထောက်အကူဖြစ်စေနိုင်သည်ဟု ယုံကြည်သောကြောင့်ဖြစ်ပါသည်။

(Page Admin Team)
  
'စစ်နှင့်ငြိမ်းချမ်းရေး နှင့် ပတ်သက်၍'

'စစ်နှင့်ငြိမ်းချမ်းရေး' ကို တစ်နေ့ အခွင့်သင့်သောအခါတွင် မြန်မာဘာသာသို့ ပြန်မည်ဟု ကျွန်တော် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် နှစ်တွေလတွေသာ ကုန်ခဲ့သည်။ ထိုဝတ္ထုကြီးကို မြန်မာဘာသာသို့ မပြန်ဖြစ်ခဲ့ပေ။ ဝတ္ထုကြီးမှာ ရှည်လျားထွေပြားရုံသာမက ခက်လည်းခက်သည်။ အယူအဆ အတွေးအခေါ်တွေ တင်းကြမ်းပြည့်နေသဖြင့် လုံးစေ့ပတ်စေ့  ပြန်နိုင်ပါမှ၊ ရေလည်အောင် ပြန်နိုင်ပါမှ စာဖတ်ပရိသတ်အတွက် အကျိုးရှိမည်။ သို့ရာတွင် ကျွန်တော်သည် ထိုဝတ္ထုကြီးကို မြန်မာပြန်မည်ဟုသာ စိတ်ကူးသော်လည်း  အဆုံးတိုင် မဖတ်ဖြစ်သေးပေ။ အမေရိကန်မှ  နာမည်ကျော် ဝေဖန်ရေးဆရာ အက်ဒမန်ဖူးလား တည်းဖြတ်သည့်ဝတ္ထုအကျဉ်းချုပ်နှင့် အမေရိကန် ပါမောက္ခ အားနက်(စ်)ဆီမွန် တည်းဖြတ်သည့် အကျဉ်းချုပ် နှစ်မျိုးကိုသာ ဖတ်ဖူးသေးသည်။

သို့ဖြင့် နှစ်တွေ ကုန်လွန်သွားခဲ့သည်။ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို မြန်မာပြန်မည်ဟု စိတ်ကူးရုံသာ စိတ်ကူးမိသော်လည်း မပြန်ဖြစ်ခဲ့ပေ။  ထိုအတောအတွင်း ဆရာကြီးရွှေဥဒေါင်းက 'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးကို မြန်မာပြန်မည်ဟု ကြားရသောအခါ ကျွန်တော် ဝမ်းသာသွားသည်။  ထိုဝတ္ထုကြီးကို  ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်မျိုးက ပြန်မည်ဆိုလျှင် အသင့်လျော်ဆုံးဖြစ်သည်ဟု ကျွန်တော် ထင်သည်။ ဆရာကြီးရွှေဥဒေါင်းလို  ကျွန်တော့်ထက်ဝါရင့်သော  စာရေးဆရာကြီးတစ်ဦး ပညာဉာဏ်အရာတွင် သာလွန်သော စာရေးဆရာကြီးက ပြန်မည်ဆိုလျှင် ကျွန်တော် ပြန်စရာမလိုတော့။ မည်သူက ဘာသာပြန်သည် ဖြစ်စေ မြန်မာစာပေလောကတွင်  လစ်လပ်နေသော ကွက်လပ်ကြီးတစ်ခုကို ဖြည့်ပြီးသား ဖြစ်မည်ဟုတွေးကာ ဝမ်းသာခြင်း ဖြစ်ရလေသည်။

အကယ်၍  ဆရာကြီးရွှေဥဒေါင်း မပြန်ဖြစ်ဘဲ တစ်ယောက်ယောက်ပြန်သည်ဆိုလျှင်လည်း(မြန်မာပြန်ဆိုချက်သည် လေးစားလောက်သော  ပြန်ဆိုချက်ဖြစ်ပါက) နောက်ထပ် ပြန်စရာမလိုတော့ဟု ကျွန်တော် ယူဆသည်။

မှန်ပါသည်၊ စာရေးဆရာတစ်ယောက်၌  သူ ကြိုက်ရာကို ပြန်ဆိုပိုင်ခွင့် ရှိပါသည်။နိုင်ငံခြား စာအုပ်တစ်အုပ်ကို လူတိုင်းပြန်ဆိုခွင့် ရှိပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော  နိုင်ငံတကာမူပိုင်ခွင့် စာချုပ်စာတမ်းဖြစ်သည့် ဘန်းကွန်ဗင်းရှင်း (Bern Convention) ကို လက်မှတ်ရေးထိုးခြင်းမရှိသည့်နိုင်ငံများ၌ မူရင်းစာရေးဆရာ သို့မဟုတ် ပုံနှိပ်တိုက်ထံ ခွင့်တောင်းစရာမလိုဘဲ ပြန်ဆိုနိုင်ကြသည်။ ဘာမျှ ပြဿနာမပေါ်။

သို့ရာတွင်  အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို လိုက်စားနေကြသူများ၌  အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျင့်ဝတ်ဗေဒများ ရှိကြသည်။  ကျင့်ဝတ်ဗေဒ၏ စာရွက်ပေါ်တွင် ရေးဆွဲပြဌာန်းထားသော ဥပဒေတစ်ရပ်မဟုတ်ပေ။ ဖောက်ဖျက်လိုပါကလည်း ဖောက်ဖျက်နိုင်၏။ သို့ရာတွင် ဖောက်ဖျက်သင့်  မဖောက်ဖျက်သင့်ဆိုသည့် ကိစ္စမှာ ကျင့်ဝတ်ပြဿနာတစ်ရပ် ဖြစ်ပေသည်။

မုဆိုးသည်  တော၏စည်းကမ်းကို  စောင့်ထိန်းပေသည်။ အခြားသူ ပစ်မည်ဟု ချိန်ထားသောသားကောင်ကို ဝင်ရောက်ပစ်ခတ်ခြင်း မပြုချေ။  ခါးပိုက်နှိုက်သည်လည်း ၎င်း၏ကျင့်ဝတ်ကို ထိန်းသိမ်းပေသည်။ ဆရာဝန်သည်လည်းကောင်း၊ တရားဥပဒေပညာရှင်သည် လည်းကောင်း ၎င်းတို့၏ ကျင့်ဝတ်များကို စောင့်ထိန်းကြလေသည်။ ထို့အတူ ကျွန်တော်တို့သည်လည်း ကျွန်တော်တို့ ကျင့်ဝတ်ဗေဒများကို စောင့်ထိန်းရပေလိမ့်မည်။ စာရေးဆရာ၏  ကျင့်ဝတ်ဗေဒသည် စာရွက်ပေါ်တွင် ရေးသားပြဌာန်းထားခြင်း မဟုတ်ချေ။ စာရေးဆရာ၏ ဩတ္တပ္ပ စိတ်အတွင်း၌ ပြဌာန်းထားခြင်းသာ ဖြစ်လေသည်။ ထိုကျင့်ဝတ်ဗေဒကို မလိုက်နာလျှင်ကော ဘာဖြစ်သေးသနည်း။ ဘာမျှ မဖြစ်ချေ။ တရားဥပဒေအရလည်း ဘာမျှငြိစွန်းသည် မဟုတ်ချေ။  သို့ရာတွင် မိမိ၏ ဩတ္တပ္ပစိတ်ကား ညစ်နွမ်းရပေလိမ့်မည်။

ကုန်သည်၌  ကျင့်ဝတ်ဗေဒ မရှိချေ။ ကုန်သည်သည် ရသာလျှင် ဘနဖူးကို  သိုက်တူးမည့်လူစားမျိုး ဖြစ်သည်။  ကားလမတ်စ် ပြောခဲ့သကဲ့သို့ ရာခိုင်နှုန်း နှစ်ရာမြတ်လျှင် စက်တိုင်တက်ရစေတော့။ ထိုအမြတ်အစွန်းကို ရအောင်ယူလိမ့်မည် ဖြစ်ပေသည်။
သို့ရာတွင် စာရေးဆရာသည် ကုန်သည် မဟုတ်ချေ။

ထို့ကြောင့် ဆရာကြီးရွှေဥဒေါင်းက 'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးကို မြန်မာပြန်မည် ဆိုသောအခါ ကျွန်တော်သည် အကြောင်းနှစ်ကြောင်းကြောင့် ကျွန်တော် မြန်မာပြန်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

ပထမအကြောင်းမှာ ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်မျိုးက မြန်မာပြန်မည်ဆိုလျှင် ကျွန်တော့်ထက် ပို၍ သင့်လျော်မည်၊  ပို၍ ကောင်းမည်။  မြန်မာစာပေလောကအတွက် ပို၍အကျိုးများမည်ဟု ယူဆ၍ ဖြစ်သည်။

ဒုတိယအကြောင်းမှာ တစ်ဦးက မြန်မာပြန်မည်ဟု ရည်ရွယ်ထားသော စာအုပ်ကို ကျွန်တော် ပြန်ရန်မသင့်ဟု ယူဆ၍ ဖြစ်သည်။ အခြားသူပစ်ရန် ချိန်ထားသော ပစ်ကွင်းကို ဝင်လု၍ပစ်သော မုဆိုးဟူ၍မရှိ။  ရှိလျှင် ထိုမုဆိုးသည် မုဆိုးမပီသသော မုဆိုးသာ ဖြစ်လိမ့်မည်။

ဤအကြောင်း နှစ်ချက်ကြောင့် 'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးအား မြန်မာပြန်ရန် စိတ်ကူးကို ကျွန်တော် စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂  ခုနှစ် သင်္ကြန်တွင်  ကျွန်တော် မန္တလေးသို့ ရောက်သွားသည်။ ကျွန်တော်သည် ဆရာကြီးကို သွားရောက် ကန်တော့ကာ မာကြောင်း၊သာကြောင်း နှုတ်ဆက်သည်။ 'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးကိုလည်း ဆရာကြီးရွှေဥဒေါင်း ပြန်ရန် တိုက်တွန်း မေတ္တာရပ်ခံခဲ့သည်။ ကျွန်တော်တိုက်တွန်းသောအခါ ဆရာကြီးရွှေဥဒေါင်းသည် ခေတ္တမျှ စဉ်းစားနေ၏။ အတန်ကြာမှ
"ငါ အချိန်မရပါဘူးကွာ။ ငါ့မှာ ဒီထက် အရေးကြီးတဲ့  အလုပ်တွေ ရှိတယ်"

ဆရာကြီးရွှေဥဒေါင်းမှာ ထိုစဉ်က  သမထ  ဝိပဿနာ စသော လောကုတ္တရာ လုပ်ငန်းများကို အားထုတ်လျက် ရှိသည်။
ဆရာကြီးရွှေဥဒေါင်းနှင့် ကျွန်တော်တို့သည် ဘာထရန်ရပ်ဆယ်၏ "လူ၌ အနာဂတ် ရှိသလော" ဆိုသော စာအုပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ ဆရာကြီးက ဘာထရန်ရပ်ဆယ်၏ကျမ်းနှင့် ပတ်သက်၍ သူ၏ထင်မြင်ချက်များကို ပြောပြပေသည်။
"ငါ့မှာ လောကုတ္တရာ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်ကွ။ ဒီတော့ ဒီစာအုပ်ကို ဘာသာပြန်ဖို့ အချိန်မရှိဘူး" ဟုလည်း ထပ်လောင်းပြောကြားလိုက်သေးသည်။

ကျွန်တော်သည် ထိုအခါကျမှ 'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးကို မြန်မာပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

'စစ်နှင့်ငြိမ်းချမ်းရေး' လို ဝတ္ထုကြီးကို မြန်မာပြန်မည်ဟု ဆုံးဖြတ်သောအခါတွင် အခက်အခဲတွေ ပေါ်လာလေသည်။  'စစ်နှင့်ငြိမ်းချမ်းရေး' ဝတ္ထုကြီးမှာ ခေတ်အမျိုးမျိုး၌ စာရေးဆရာကြီးများက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ကြသည်။ မည်သည့်အင်္ဂလိပ်ဘာသာပြန်ကို မူတည်၍ ပြန်ဆိုခြင်း ပြုမည်နည်းဆိုသည့်  ပြဿနာ  ပေါ်လာသည်။

ကျွန်တော် သိသလောက် 'စစ်နှင့်ငြိမ်းချမ်းရေး' အင်္ဂလိပ်ဘာသာပြန် လေးမျိုးခန့် ရှိသည်။ အစောဆုံးမှာ ဘာဇေတယ်လီ၏ ဘာသာပြန်ဖြစ်သည်။ သို့ရာတွင် ထိုဘာသာပြန်မှာ အလွန်ညံ့သည်။ ဘာသာပြန် ညံ့သဖြင့် ထိုစာအုပ်ကို ထုတ်ဝေသော စာအုပ်တိုက်သည် ဒေဝါလီခံသွားရသည်။ ထိုဘာသာပြန်ကို ပုံနှိပ်ရန်အတွက် ပြုလုပ်ထားသည့် ဘလောက်ပြားများကို လေလံတင်ခံရသည်အထိ ဖြစ်သွားသည်။ ထို့ကြောင့် ထိုစာအုပ်ကို လက်ရင်းထား၍ မဖြစ်။ နောက်တစ်အုပ်မှာ ကွန်စတင့်ဂါးနက်၏ ဘာသာပြန် ဖြစ်သည်။ ၎င်း ဘာသာပြန်ကိုလည်း ကျွန်တော် မကြိုက်ပေ။  တတိယဘာသာပြန်မှာ အောက်စဖို့တက္ကသိုလ်မှ ထုတ်ဝေသော အိုင်လမာမော့ဒ်တို့ လင်မယား၏ ဘာသာပြန်ဖြစ်သည်။ စတုတ္ထ ဘာသာပြန်မှာ ပင်းဂွင်းစာအုပ်တိုက်မှ ထုတ်ဝေသော ရို့စ်မာရီအက်မွန်း၏  ဘာသာပြန်ဖြစ်သည်။

ဘာသာပြန်မည် ဆိုသောအခါ ထိုစာအုပ်လေးအုပ်ကို အကုန်ဖတ်ရလေသည်။ သာသာပြန်သူသည် မည်မျှလောက်  ကောင်းသည်ဆိုစေ မူရင်းနှင့် တူနိုင်မည် မဟုတ်။ ကျွန်တော် ပြန်ရမှာက ရုရှားဘာသာမှ မဟုတ်ဘဲ အင်္ဂလိပ်ဘာသာပြန်မှ တစ်ဆင့်ပြန်ရမည့် ကိစ္စဖြစ်သည်။ ထို့ကြောင့်  ခေတ်အမျိုးမျိုးက ပြန်ခဲ့ကြသော အင်္ဂလိပ်ဘာသာပြန် လေးအုပ်ကို ဖတ်ကြည့်ရသည်။ အိုင်လမာမော့ဒ် လင်မယားသည် မော်စကိုတွင် နှစ်ပေါင်း ၂၅  ခန့် နေခဲ့ကြသူများဖြစ်သည်။ ယာစနာပိုလျာနာရှိ တော်လ်စတွိုင်း၏ အိမ်တွင်လည်း အတော်ကြာကြာ နေခဲ့ဖူးကြသည်။  တော်လ်စတွိုင်း၏ ရင်းနှီးသော မိတ်ဆွေကြီးများလည်း ဖြစ်ကြသည်။ တော်လ်စတွိုင်နှင့် ပတ်သက်သည့် ကျမ်းများကိုလည်း ရေးသားပြုစုသူများ ဖြစ်ကြသည်။ထို့ကြောင့် ဘာသာပြန်လျှင် အောက်စဖို့တက္ကသိုလ်  တိုက်ထုတ်ကို လက်ရင်းထား၍ ပြန်မည်ဟု စဉ်းစားမိသည်။ ဘာသာပြန် ကိစ္စကတော့ ပြီးပြီ။

ထုတ်ဝေမည့်သူ မရှိသေး၊  ဤမျှရှည်လျား ထွေပြား၍ ဤမျှ ထူးကဲသော စာအုပ်ကြီးကို မည်သူက အမိုက်ခံ၍ ထုတ်မည်နည်း။ စာဖတ်ပရိသတ်ကလည်း ဝယ်ဖတ်မည် မဖတ်မည်ဟု မည်သူက  တာဝန်ခံနိုင်မည်နည်း။ ဤတွင် ကျွန်တော် စိတ်အား လျော့ရပြန်သည်။

သို့ရာတွင် သိပ်မကြာပါ။ ပုဂံစာအုပ်တိုက် မောင်ကိုဦးက သူ ထုတ်မည် ပြန်သာပြန်ပါဟု ဆိုလာသည်။ ကျွန်တော်က စိတ်ချလက်ချ မယုံနိုင်သေး၊ သာမန်ဝတ္ထုစာအုပ် အရွယ်ဖြင့် စာမျက်နှာ ၄၅၀၀ ခန့် ရှိမည့်  စာအုပ်ကြီးကို သူ ဘယ်လို ရိုက်မည်နည်းဟု စဉ်းစားမရအောင် ဖြစ်နေသည်။

မောင်ကိုဦးက သူ့အစီအစဉ်ကို ပြောပြသည်။ သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် ထိုစာအုပ်ကြီးကို ထုတ်ရန် သဘောတူကြသည်။ တစ်လတစ်အုပ်ဖြင့် ၁၂ အုပ် ခွဲထွက်မည်၊ တစ်တွဲလျှင် အုပ်ရေ ၂၀၀၀ သာ ကန့်သတ်၍ ရိုက်မည်။ ထုတ်ဝေသူက ရှုံးလျှင်လည်း အရှုံးခံမည်။ ရှုံးလျှင် စာရေးသူကလည်း စာမူခ မယူ။

စင်စစ် ပုဂံ မောင်ကိုဦး လုပ်ရသော အလုပ်သည် စွန့်စားမှုကြီးတစ်ခု ဖြစ်ပါသည်။ (မိုက်ရူးရဲဟူ၍လည်း ခေါ်ချင် ခေါ်နိုင်ပါသည်) အောင်မြင်က ကိစ္စမရှိ။ မအောင်မြင်လျှင် စီးပွားလည်း ပျက်မည်။ အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ရဦးမည်။ နောက်ဆုံး နှစ်ဖက်စလုံး စိတ်နှလုံးကို ဒုန်းဒုန်းချကာ 'စစ်နှင့် ငြိမ်းချမ်းရေး' ကို ကျွန်တော် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

'စစ်နှင့် ငြိမ်းချမ်းရေး' ကို ဘာသာပြန်ရသည်မှာ တာဝန်ကြီးသလောက် ပင်ပန်းလှပါသည်။ တောလ်စတွိုင်းသည် ထိုဝတ္ထုကြီးထဲ၌ ၎င်း၏ လောကအဘိဓမ္မာ၊ ရာဇဝင်အဘိဓမ္မာ၊  ဘာသာရေးခံယူချက်  စသည်တို့ အကျယ်တဝင့် ရေးသားထားရာ ထိုအချက်များကို ဘာသာပြန်သူက ရေရေလည်လည် လေ့လာထားမှသာ ဘာသာပြန်နိုင်ပါလိမ့်မည်။ သာမန်ဝတ္ထုတစ်ပုဒ်ကို ဘာသာပြန်ရသည်နှင့် မတူပါ။

ထို့ကြောင့် ကျွန်တော်သည် ဥရောပစစ်သမိုင်းကျမ်းများ၊ မြန်မာစစ်သမိုင်းကျမ်းများကို ရှာဖွေဖတ်ရသည်။ အနောက်တိုင်း ရာဇဝင်ကျမ်းများကို ဖတ်ရသည်။ ဘာသာရေးကျမ်းများကို ဖတ်ရသည်။ တော်လ်စတွိုင်း၏ ဝတ္ထုများ၊ ကျမ်းများ၊ ၎င်းနှင့်ပတ်သက်သော ဋီကာများကိုလည်း လက်လှမ်းမီသရွေ့ ရှာဖွေဖတ်ရသည်။ မြန်မာရာဇဝင်ကျမ်းကြီးများကိုလည်း ဖတ်ရသည်။ ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန်၏ အတ္ထုပ္ပတ္တိ ကျမ်းများကိုလည်း ဖတ်ရသည်။

သို့ကလို ဖတ်ရှုလေ့လာပြီးသောအခါ၌ 'စစ်နှင့် ငြိမ်းချမ်းရေး' ကို ကျွန်တော်  မြန်မာပြန်ခဲ့သည်။ တစ်နေ့လျှင် ပျမ်းမျှ ၈ နာရီနှုန်းဖြင့် ပြန်ခဲ့ရာ တစ်နှစ်နှင့် လေးလကြာမှ ပြီးပါသည်။

ပုဂံ မောင်ကိုဦးသည် အစက ၂,၀၀၀ သာ ရိုက်လိမ့်မည်ဟု  ခန့်မှန်းခဲ့သော်လည်း နောက်တွင် အခြေအနေကိုကြည့်၍ ၁၀,၀၀၀ ကျော်မျှ ရိုက်ခဲ့သည်။ ကျွန်တော့်စာအုပ်များထဲတွင် ၁၀,၀၀၀ ရိုက်ရသည့် စာအုပ်ဟူ၍တစ်အုပ်မျှ မရှိသေးဘူး။ ယခု 'စစ်နှင့် ငြိမ်းချမ်းရေး'  ကိုမူ တစ်တွဲလျှင် ၁၀,၀၀၀ ကျော်မျှ ရိုက်ရသဖြင့် ကျွန်တော်တို့ နှစ်ယောက် များစွာ အားရရွှင်လန်းခြင်း ဖြစ်ကြရပါသည်။

အားရရွှင်လန်း ဖြစ်ရခြင်းမှာ ကိုယ့်စာအုပ် ၁၀,၀၀၀ ကျော် ရိုက်ခြင်းကြောင့်ထက် ကျွန်တော်တို့ စာဖတ်ပရိသတ် ဤမျှ လိုလိုချင်ချင် ဖတ်ကြခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ စာဖတ်ပရိသတ်ကို အစက မယုံရဲဖြစ်ခဲ့ရာ ယခု ကျွန်တော်တို့ စိတ်ချလက်ချ ယုံသွားပါပြီ။ စာဖတ်ပရိသတ်သည် စာကောင်းပေကောင်းကို တကယ်လိုလားကြောင်း၊ စာကောင်းပေကောင်းကိုသာ ကျွန်တော်တို့က ရေးမည်ဆိုပါက စာဖတ်ပရိသတ်သည် လက်ခံရန် အဆင်သင့်ရှိကြောင်း ကျွန်တော်တို့ အလေးအနက် ယုံကြည်သွားပါပြီ။ စာဖတ်ပရိသတ်သည် သူ့တာဝန်ကို ကျေပွန်ပါသည်။ ကျွန်တော်တို့ကသာ ကျွန်တော်တို့ဘက်က တာဝန်ကျေဖို့ လိုပါတယ်။


'စစ်နှင့် ငြိမ်းချမ်းရေး' ဝတ္ထုကြီးကို သည်းခံစောင့်စား၍ ဖတ်ခဲ့ကြသော စာဖတ်ပရိသတ်ကြီးကို လည်းကောင်း၊ ဤဝတ္ထုကြီးကို မြန်မာပြန်ရာ၌ ကူညီကြသော မိတ်ဆွေများနှင့် ကျွန်တော့် ဇနီးကို လည်းကောင်း၊ ဤစာအုပ်ကြီးကို ပုံနှိပ်ထုတ်ဝေခဲ့သော ပုဂံစာအုပ်တိုက် (မောင်ကိုဦး)နှင့် တကွ ပုဂံစာအုပ်တိုက်မှ ရဲဘော်များအားလုံးကို လည်းကောင်း ကျေးဇူးတင်ပါသည်။

မြသန်းတင့်

(အပြာရောင်ညနေဆည်းဆာများ စာအုပ်မှ "စစ်နှင့်ငြိမ်းချမ်းရေး နှင့် ပတ်သက်၍" မှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...