နားလည်ပေးပါ အဖေ
ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲပြည့်နှက်နေသလို တခါတရံမှာ ထင်မှတ်မထားတဲ့ တိုက်ဆိုင်မှုလေးတွေ ကလည်း နှလုံးသားကို ရည်ရွယ်ချက်ရှိရှိနဲ့ ခလုတ်တိုက်သွားတတ်ကြတယ်။
တနေ့ပေါ့.. အိမ်သူဇနီးက ကလေးတွေဆိုတဲ့သီချင်းကို ကြည့်ချင်လို့ သွားငှားပေးပါ ဆိုတာနဲ့ အခွေဆိုင်မှာ သွားငှားပေးဖြစ်ခဲ့ပါတယ်။ ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်တော့ “ကြယ်ကလေးတွေရဲ့ ကောင်းကင်” တဲ့..။
အိမ်ပြန်ရောက်တော့ ဖွင့်ပြီးနားထောင်ကြည့်လိုက်မိ တယ်။ ကလေးတွေရဲ့ ဆိုဟန်အမူအယာနဲ့ အသံနေ အသံထားတွေက ဆွဲဆောင်မှု အားကောင်းလွန်းနေခဲ့တယ်။ ဒုတိယ အပုဒ်အရောက်မှာတော့ ရှစ်နှစ်အရွယ် သမီးငယ်လေး မြင့်မြတ်သူ ရဲ့ ‘ဖေဖေ သာဓုခေါ်ပါ’ ဆိုတဲ့ သီချင်းလေး မသီဆိုမီ Presenter တွေနဲ့ မိတ်ဆက် စကားပြောဆိုရာမှာ သူရဲ့လိပ်စာကို ကြားလိုက်ရတော့ ကိုယ့်နားကိုယ်မယုံနိုင်အောင် ဖြစ်သွားလို့ ဒုတိယ၊ တတိယ တကြိမ်ပြီးတကြိမ် ပြန်ရစ်ပြီး သေသေချာချာနားထောင်ကြည့်တော့လည်း ဒီအတိုင်းပါပဲ။
သူက ကျနော်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်တဲ့ ရန်ကုန်မြို့ကြီးနဲ့ ပန်းလှိုင်မြစ်တခုသာခြားတဲ့ ‘အေးရွာ’ က တဲ့ဗျာ..။ ပြီးတော့ ရွာအနောက်ပိုင်းမှာ နေတာချင်းလည်း တူနေသလို ဖခင်မဲ့နေရတဲ့ သမီးလေးနဲ့ ကျနော့် ဘဝကလည်း ခပ်ဆင်ဆင်။ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမှာပေါ့..။
ကျနော်ကတော့ ရွာကထွက်လာတာ နှစ်ပေါင်း ၂၀ ကျော် ၃၀ အတွင်း ရှိခဲ့ပြီ။ ရွာအခြေအနေတွေ ဘယ်လို ရှိသလဲဆိုတာ ဘယ်သိနိုင်ပါတော့မလဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘဝကို ခပ်ကြမ်းကြမ်းနဲ့ ခရီးဆက် နေရတဲ့ ခရီးသည်တယောက်။
သမီးလေး မြင့်မြတ်သူ ရဲ့ သံစဉ်နင့်နင့်လေးဟာ ဘယ်လောက်ထိ ဆွဲဆောင်မှုရှိသွားလဲ ဆိုတာ ပြောမပြတတ် အောင်ပါပဲ။ အမှတ်ပေးဒိုင်တွေ၊ ပရိသတ်တွေ မျက်ရည်မဆည်နိုင်အောင် ခံစားနားထောင်နေကြတာကို တွေ့ရ ပါတယ်။ သမီးလေးရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေ ပြည့်လျှမ်းလို့ နေတယ်။ ကြည်နူး ဝမ်းသာ ဝမ်းနည်းမှု ကတော့ ကျနော့်ကိုယ် ခန္ဓာကိုယ် သွေးကြောအနှံ့ ပြန့်ဝင်စီးမျောပြီး နှလုံးသားကတဆင့် ခုန်ထွက်လာတဲ့ မျက်ရည်တွေက အတိုင်းမဲ့စွာ ပြိုကျစီးဆင်းလာခဲ့ပြီ။
အသက်ကြီးမှ ကျရတဲ့မျက်ရည်ပေါ့.. ဇနီးနဲ့ သားသမီးတွေမမြင်အောင် ခန္ဓာကိုယ်တဖက်လှည့်ပြီး မသုတ်ရက် ခဲ့ဘူး။ သူတို့ကိုလည်း မမြင်စေချင်ဘူးလေ..။ ဘာလို့လဲဆိုတော့ ဇနီးသည်ကလည်း ကံတူအကျိုးပေး.. မိဘနှစ်ပါးလုံး ခေါ်စရာမရှိတော့တဲ့ မိဘမဲ့တွေပဲ မဟုတ်လား…။
မွန်းကျပ်လာတဲ့ နှလုံးသားကို ဖြေလျှော့ဖို့အတွက် လမ်းစတခုကို ရှာလိုက်မိတယ်။ ဆက်ပြီးနားထောင်ဖို့ ကလည်း ခွန်အားတွေ ကုန်ဆုံးသွားပြီ။ ဒါကြောင့် ‘ကွမ်းသွားဝယ်အုံးမယ်’ လို့ အကြောင်းပြပြီး အိမ်အောက်ကို အပြေးကလေးဆင်း… မျက်ရည်သုတ်ပြီး ကျိတ်မှိတ်နေလိုက်ရတယ်။
အိပ်ရာဝင်တော့ အဖေ့ကိုပြန်ပြီး သတိရမိတယ်။ အဖေလည်း ကျနော့်ကိုချစ်မှာပါ လို့……
ကျနော့်ဘဝကလည်း ဝဋ်ကျွေးများခဲ့တယ်လို့ ဆိုရမလား.. ကံကြမ္မာရဟတ်ရဲ့ မူးမတတ်လှည့်စားခြင်းကို ခါးစည်းခံခဲ့ရဖူးတယ်။ အမေက ကျနော့်ကိုမွေးပြီး လူ့လောကကြီးထဲက ထွက်သွားခဲ့တယ်။ မိဘမဲ့နေတဲ့ အချိန်မှာ ‘အမေလုံးရီ’ ရဲ့ ကျွေးမွေးစောင့်ရှောက်မှုကြောင့် သာ ယနေ့ချိန်အထိ အသက်ရှင်ရပ်တည် နေနိုင် ခဲ့တာပါ။
အဖေဆိုတာ အသက် ၉ နှစ်ကျော် ၁၀ အတွင်းရောက်မှ စတင်တွေ့ဖူးတာ။ တွေ့တွေ့ချင်း ‘အဖေ’ လို့ ခေါ်ဖို့ အတွက် အတော့်ကို ဆွံ့အ နေခဲ့တာ… နှလုံးသားက လက်မခံနိုင်ဘူး ထင်ပါရဲ့… ကျောက်မြောင်းနဲ့ အေးရွာ မှာရှိတဲ့ နှစ်ဘက် ဘိုးဘွားတွေက သားရဲ့အဖေအစစ်ပါလို့ အကြိမ်ကြိမ် နားချလွန်းလို့ နောက်ဆုံးမှာ ‘အဖေ’ လို့ ခေါ်ထွက်ခဲ့တာ။
အမေဆုံးလို့ မြေချပြီးတာနဲ့ အဖေ အေးရွာကပျောက်သွားခဲ့တာ…. အခုမှ ပြန်တွေ့ကြရတဲ့အချိန်မှာ အဖေက နောက်အိမ်ထောင်နဲ့.. သားသမီး နှစ်ယောက်တောင် ရှိနေပြီတဲ့..။ ဒီလိုနဲ့အဖေက သူနဲ့အတူ လိုက်နေဖို့အတွက် တာဝန်ကျရာ ရှမ်းပြည်နယ် အောင်ပန်းမြို့ကို ခေါ်သွားခဲ့ပါတယ်။ အောင်ပန်းရောက်တော့ သူ့ဇနီး၊ သားသမီး တွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။ အောင်ပန်းမှာ ၂ နှစ်လောက် နေခဲ့ရတယ်။ အဖေနဲ့နေရတဲ့ နေ့ရက်တွေက ဘဝ အပူဟပ်ခံရဆုံး အချိန်တွေ။ ဘာလို့လဲဆိုတော့ အမိမဲ့တဲ့ ကျနော့်ကို ဘယ်တော့မှ မျက်နှာသာ မပေးခဲ့ပါဘူး။ ကြင်နာယုယ နွေးထွေးမှုဆိုတာ ဝေးလေစွ။
အကြိမ်းအမောင်း အရိုက်အပုတ်တွေကြားမှာ နေ့စဉ်နီးပါး မြေလူး နေခဲ့ရလို့ပေါ့။ အဖေ့ကို သိပ်ကြောက် နေမိတယ်။ တွေ့လည်း မတွေ့ချင်တော့ဘူး။ ထွက်ပြေးဖို့လည်း အကြိမ်ကြိမ်ကြိုးစားရင်း ပြေးလိုက် ပြန်မိလိုက်နဲ့ ရိုက်တဲ့ အရိုက်ကလည်း မနက်ရုံးသွားခါနီးတကြိမ် ရုံးပြန်တော့လည်း အစကနေပြန်ပြီး ရိုက်တတ်ပြန်တယ်။ အဖေခရီးထွက်တဲ့အခါမျိုးမှာ အရမ်းပျော်နေမိတယ်။ အဖေ့ကို ဘယ်လိုချစ်ရမလဲလို့ စဉ်းစားလို့ကို မရခဲ့ရိုး အမှန်။
နောက်ပိုင်းမှာ အဖေက တာဝန်နဲ့ ကျိုင်းတုံကိုပြောင်းဖို့ စီစဉ်ကြရပြန်တယ်။ ၁၉၈၀ ဆိုတော့ ရှမ်းပြည်နယ်မြေ က အရမ်းကြမ်းတယ်။ သွားရမယ့်ခရီးက ဝေးသလို ယာဉ်တန်းရှိမှ သွားလို့ရတာ။ တောင်ကြီး၊ နမ္မဆန်၊ လွယ်လင်၊ ကွမ်ဟိန်း၊ တာကော်၊ တုံတာ၊ မိုင်းပြင်း၊ ကျိုင်းတုံ စသဖြင့် မြို့ရွာပေါင်းများစွာကို ဖြတ်သန်း သွားရတာပါ။ လမ်းကလည်း ကြမ်းသလို စပယ်ရှယ်တောင်တို့ ကိုးထပ်ကွေ့တို့ကျရင် ကားစီးလို့မရတော့ဘူး။ လူတွေက လမ်းဆင်းလျှောက်ကြရတယ်။ ကားဆွဲသူဆွဲ တွန်းသူတွန်းပေါ့။ အချို့နေရာတွေမှာ တောတွင်း လက်နက်ကိုင်တွေက ချောင်းမြောင်းပစ်ခတ်တာတွေလည်း ခံရတယ်။ ခရီးလမ်းတလျှောက် လောင်းကစား ပေါင်းစုံကလည်း ကြိုဆိုနေလေရဲ့။ ၃၆ ကောင်၊ ၄ ကောင်ဂျင်၊ အံကလုံ၊ ဖဲဝိုင်းတွေက ယာဉ်တန်းခရီး တလျှောက် မလွတ်တမ်းတွေ့နေရတယ်။ တလနီးပါး ခရီးနှင်ခဲ့ရပြီး နောက်ဆုံး အဖေတာဝန်ကျရာ ကျိုင်းတုံ မြို့ကို ရောက်ရှိခဲ့ပါတယ်။
အဖေက ကားပြင်တဲ့ဘက်မှာ ထူးချွန်သလို ကားမောင်းလည်း ကျွမ်းကျင်လှပါတယ်။ ကိုယ်ခံပညာရပ်မှာလည်း ခါးပတ်နက်ရတဲ့အထိ စွမ်းဆောင်ထားနိုင်သူ။ ရှူးရှူးဒိုင်းဒိုင်းဆို လက်ပါတတ်တဲ့အကျင့်က ရှိနေတော့ အခံရဆုံး သူက ကျနော်။ အဖေ့ရဲ့လက်သီး ကန်ချက်တွေကြောင့် အိမ်ထောင့်မှာ ပုံလျက်သား မထနိုင်အောင် လဲကျခဲ့ရ တာလည်း အကြိမ်ကြိမ် အလီလီရယ်။
အဖေက သူတတ်ကျွမ်းတဲ့ ပညာရပ်တွေထဲက တခုကိုမှ ကျနော့်ကို သင်မပေးခဲ့ပါဘူး။ နောက်အိမ်ထောင်နဲ့ ရတဲ့ ကလေးတွေကို သင်ပြပေးနေတာ ချောင်းကြည့်ရင်း အံကြိတ်ငိုခဲ့ရတဲ့ ဘဝပါ။ အရွယ်လေးရောက်လာ တော့ အဖေကျနော့်ကို သိပ်မရိုက်တော့ဘူး။ စကားလည်း မပြောဖြစ်ကြဘူး ဆိုပါတော့။ ကျနော်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ်လို့ ဆုံးဖြတ်ပြီး အိမ်ကထွက်ခွာဖို့ကြိုးစားလိုက် တယ်။ အခွင့်ကောင်းကို လည်း စောင့်နေခဲ့တယ်။
တနေ့ တောင်ကြီးကို ပြန်မယ့် ယာဉ်တန်းရှိတာနဲ့ အဝတ်အစားအိတ်ကို ဆွဲပြီး အဖေ့ရဲ့ ဇနီးကို ‘ကျနော်ရန်ကုန်ပြန်တော့မယ် အဖေ့ကိုပြောလိုက်ပါ’ လို့ ပြောပြီး ကားပေါ်တက် ခရီးဆက်ခဲ့ တယ်။ ဖြစ်ချင်တော့ ကျိုင်းတုံမြို့အထွက် ရွှေညောင်ပင်နားမှာ အဖေနဲ့ သူ့ကားကို တွေ့လိုက်ရတယ်။ အဖေလည်း ကျနော့်ကိုမြင်သွားတယ်။ ဘာမှမပြောဘဲ ကြည့်နေတယ်။ မျက်နှာတော့ မကောင်းဘူး ထင်ပါရဲ့။ သူ့မျက်ဝန်းမှာလည်း မျက်ရည်တွေ စို့နေတယ်။ ကျနော်က ဘာခံစားချက်မှ မရှိခဲ့။ အဖေနဲ့ ဝေးသွားဖို့ပဲ ဆန္ဒ ရှိနေတာလေ။
‘အဖေ သားသွားပြီ’ လို့တောင် မနှုတ်ဆက်ဖြစ်လိုက်ပါဘူး။ ဘဝမှာ ဒီအကြိမ်ဟာ အဖေနဲ့ကျနော အပြီးတိုင် ခွဲခွာဖို့ နောက်ဆုံးတွေ့ဆုံရခြင်းဆိုတာ အဖေရော ကျနော်ပါ သိခဲ့ကြမှာမဟုတ်။ ရန်ကုန်ကျောက်မြောင်းကို ပြန်ရောက်ပြီး မကြာခင် ကြေးနန်းတစောင်ဝင်လာခဲ့တယ်။ ‘အဖေ ဆုံးပြီ’ တဲ့..။
ဆုံးပြီဆိုတဲ့ အသိကြောင့် ဝမ်းနည်းပူဆွေးမှုနဲ့အတူ ဝမ်းသာစိတ်ကလည်း နှလုံးအိမ်မှာ အားပြိုင်မှုအဖြစ် လာရောက်ဖြစ်ပေါ် ခဲ့ပါသေးတယ်။ ဘာကြောင့်ရယ်တော့ မသိ။
ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ပေမဲ့ မဖြစ်ချင်တာတွေကိုလည်း တားဆီးခွင့်မရခဲ့။ လောကဓံကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းလာခဲ့ရတာ ယနေ့အထိဆိုပါတော့..။ အခုတော့ ကျနော့်မှာလည်း သားသမီးတွေနဲ့ သူတို့ရဲ့ဘဝမှာ အဖေဆိုတာ မုန်းစရာကြီးပါလား ဆိုတဲ့ အသိလေးတခုဝင်သွားမှာကို ကျနော်အလွန်ကြောက်နေမိတယ်။ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲ အမြဲကြိုးစားနေမိတယ်။ ကျနော့်အပေါ်လွှမ်းမိုးခဲ့တဲ့ ဒုက္ခဆိုးကြီးကို မျိုးဆက်သစ်တို့ကို ဘယ်လိုလက်ဆင့်ကမ်းရက်ပါ့ မလဲ။ ဘဝနဲ့ရင်းပြီးရခဲ့တဲ့ ဒဏ်ရာတွေက ကျနော့်ကို နေ့စဉ် ချောက်လှန့်နေတုန်း။
ဘာတွေပဲဖြစ်ပါစေတော့…။ တရွာတည်းသူ သမီးလေး မြင့်မြတ်သူက သူ့အဖေရဲ့အချစ်တွေကို ပုံဖော်ပြီး ဖမ်းစားနိုင်ခဲ့တယ်။ ဝမ်းသာဂုဏ်ယူမိပါတယ် သမီးရယ်…..
အဖေရဲ့အချစ်ကို ရရှိပုံချင်း တူညီကြမှာတော့ မဟုတ်။ မည်သို့ပင်ဆိုစေ အဖေတိုင်းက သားသမီးတွေကို မေတ္တာမပျက် ချစ်လျက်ဆိုတာ ကောင်းစွာနားလည် လိုက်မိသောအခါ……..!!!!
အဖေ ကောင်းရာသုဂတိ လားပါစေ……
အုပ်ကြီးဖေ
၂၅-၈-၂၀၁၂
0 comments:
Post a Comment