Tuesday, August 21, 2012

သံသရာတခဏ ဘဝခရီးသည်


by Wai Maw on Monday, August 20, 2012 at 11:52pm ·

ကားလေးကို ဂရုတစိုက်မောင်းနှင်လာရင်း မိမိခရီးမည်မျှပေါက်လာပြီလဲ သိလိုစိတ်ဖြင့် လမ်းဘေးဝဲယာကို သတိမူကြည့်ရှုလာခိုက် “မိုင်တိုင်အမှတ်(၄၄)” ဟူသော စာတမ်းတခု ဖျတ်ခနဲ တွေ့လိုက်ရသည်။
မိမိနှင်လာခဲ့သော ခရီးတာ (၄၄) မိုင် ရောက်ခဲ့ပြီကိုး….
မော်တော်ကားဖြင့် ခရီးထွက်လာခဲ့သည်ဆိုသော်လည်း ခရီးအစတာထွက်မှာ ကိုယ်တိုင်မောင်းနှင့်ခဲ့ရသည် မဟုတ်။ ကျွမ်းကျင်သော ယာဉ်မောင်းနှစ်ဦး ခြံရံလျက် ကားပေါ်မှာ ငြိမ့်ငြိမ့်လေး ထိုင်လိုက်ခဲ့ရုံမျှသာ….

သူတို့နှစ်ဦးက မိမိအတွက် စားစရာတွေ စီစဉ်ပေးသည်။ လုံခြုံနွေးထွေးမှုအပြည့်ဖြင့် ယုယပိုက်ထွေး ထားခဲ့ ပေသည်။ လမ်းခရီးတလျှောက် မြင်ကွင်းတွေရဲ့ အလှအပကို ကြည့်တတ်၊ မြင်တတ်၊ ခံစားတတ်အောင် လမ်းညွှန်သင်ပြပေးသည်။ လမ်းမြေအနေအထားနှင့် ကားမောင်းနည်းကိုလည်း လက်တွေ့သင်ကြားပြသပေး ခဲ့သည်။
မိမိကိုယ်မိမိ အတော်အတန် ယုံကြည်စိတ်ချမှု ရှိလာချိန်-
ခရီးတာ မိုင်တိုင်(၁၉) ရောက်ရှိချိန်မှာ.. ကားကို မိမိကိုယ်တိုင် မောင်းနှင်ခရီးဆက်ဖို့ ဆုံးဖြတ်ချက်ချလိုက် တော့သည်။ ကျွမ်းကျင်ယာဉ်မောင်းနှစ်ဦးက မိမိအစွမ်းအစအပေါ် စိတ်ချလှသည်မဟုတ်သော်လည်း မိမိဆန္ဒကို အဟန့်အတားမပြုလိုသဖြင့် ကိုယ်တိုင်မောင်နှင်ခွင့်ပြုလိုက်သည်။
ရှေ့ဆက်မယ့်ခရီးမှာ အခက်အခဲကြုံတွေလာတိုင်း သူတို့ထံ ဆက်သွယ်အကြံဥာဏ်ရယူဖို့ တဖွဖွမှာကြား လိုက်သည်။
သူတို့ကိုယ်စား မိမိကဲ့သို့ အတွေ့အကြုံမနူးမနပ် ယာဉ်မောင်းအဖော်တဦးတော့ ကားပေါ်ပါလာသည်။ မတတ်နိုင်တော့.. မပြည့်စုံသူနှစ်ဦး အတွေ့အကြုံချင်း မျှဝေဖလှယ်ရင်း အပြန်အလှန်ဖေးမ,ကူညီရင်း ရှေ့ခရီးဆက်ရပါတော့မည်…….
 တရိပ်ရိပ်မောင်းနှင်လာသောကားလေး မိုင်တိုင်အမှတ်(၂၂) အရောက်မှာ ကားကြုံစီးသူတဦး လက်ပြ တားသဖြင့် ခေါ်လာခဲ့ရ၏။ ဟော… မိုင်တိုင်အမှတ်(၂၇) မှာ နောက်တဦး…။ ခရီးသွားဖော် (၄) ဦး လမ်းခရီးမှာ ကြုံလာသမျှ ဒုက္ခသုက္ခတွေကို မျှဝေခံစားကြရသည်။
စီးလာသည့်ကားက အကောင်းစားဇိမ်ခံကားမဟုတ်သည့်အပြင် မညီမညာ ချိုင့်တွေ၊ ကျင်းတွေ ပြည့်နှက် နေသော တောလမ်းလေးပေါ် မောင်းနှင်နေရသဖြင့် ကားပေါ်ပါသူအားလုံး သက်တောင့်သက်သာမရှိလှ.. နှလုံးစိတ်ဝမ်း ကြည်သာရွှင်လန်းမှု မဖြစ်လှ…
သည်လိုနှင့် သတိကြီးစွာ မောင်းနှင်ခရီးဆက်လာနေတုန်း (၃၂) မိုင် ခရီးပေါက်လာချိန်မှာ နောက်ထပ် ကားကြုံစီးမည့်သူတဦး ပေါ်လာပြန်သည်။ လိုရာခရီးအရောက် သွားလိုသူချင်း စာနာစိတ်ဖြင့် သူ့ကိုလည်း ငြင်းပယ်ချန်ထားရစ်ဖို့ မကြိုးစားဖြစ်ခဲ့ပါ.. မျှတနေရာပေး၍ ခေါ်ဆောင်လာခဲ့ရသည်။
မနိုင်ဝန်ထမ်းလာရ၍လားမသိ ကားကိုယ်ထည်လေး ဘယ်ညာယိမ်းနွဲ့လှုပ်ရမ်းလာတာ သတိပြုမိသည်.. အင်ဂျင်စက်သံလည်း အမောဖောက်သံနှောလာသည်။ အရင်ထက်ပိုပြီး သတိဝိရိယထားကာ မောင်းနှင်နေရ၏။ လမ်းအချိုးအကွေ့တွေရောက်တိုင်း အန္တရာယ်ကင်းဂါထာရွတ်ဆိုသံလေးတွေ လျှံကျလာသည်။ သတိတချက် လွတ်သွားသည်နှင့် လမ်းဘေးတဖက်တချက်မှာ အသူရာချောက်ကမ်းပါးတို့က အရံသင့် ဆီးကြိုလျက်။
အင်း…. ခရီးကတော့ ဆက်နှင်နေဆဲ… ဘယ်မှတ်တိုင်အရောက်မှာ ဘယ်ခရီးသည် ဆင်းမည်မသိ.. မိမိကိုယ်တိုင်ကရော အဘယ်မျှ ခရီးပေါက်အောင် ဆက်သွားနိုင်ဦးမည် မသိ။
ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို လှမ်းမျှော်ကြည့်လိုက်တော့ ဆီးနှင်းမြူခိုးဝေဝေ… ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။
တောတောင်လျှိုမြှောင်လမ်းကြောမှာ ပင်ပန်းခက်ခဲကြီးစွာမောင်းနှင်ရင်း ခရီးဆုံးသွားမှာလား….
မြေပြန့်လွင်ပြင် လမ်းချောလေးတွေ ဖြတ်သန်းခွင့်ရပါဦးမည်လော….
မှန်းဆရခက်တဲ့ စိတ်ကူးအတွေးနယ်ကြောမှာ နစ်မြောနေဆဲ…..
ရွှံ့နွံချိုင့်ခွက်နက်နက်တခုထဲသို့ ကားဘီး အိခနဲ လိမ့်ဆင်းနစ်ဝင်သွားသည်။
နားပေဦးတော့… ခရီးတထောက်…………………..


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...