“ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် (၂)”
by Soe Min on Monday, August 6, 2012 at 1:22am
မက်ပြန်ပါပြီ။ တကယ်လိုလို အိပ်မက်လိုလိုနဲ့။ ချောက်အိပ်မက် လို့ ခေါ်ရမယ့်ဟာမျိုးတွေ။ အိပ်မက်ယာမက် ကောင်းကောင်းမက်ချင် မေတ္တာပို့ရသတဲ့။ ဒါမှ နတ်တွေက ချစ်ခင်ပြီး သာယာနှစ်လိုဖွယ် အိပ်မက်တွေနဲ့ ကောင်းမွန်စွာ အိပ်စက်နိုးထရတယ် လို့ဆိုတယ်။ ခက်တာက သိတယ် မဟုတ်လား။ သည်အကောင်စာရေးပုံမျိုးနဲ့ဆို “သေချင်းဆိုး၊ ကာလနာ၊ မြွေပွေးကိုက်” လို့ မေတ္တာပို့နေမယ့် နတ်ဒေ၀တာ ပရိသတ်ကသာ တနေ့တခြား ဒီရေအလားကဲ့သို့ တိုးပွားလာစရာရှိတယ်။ လူက ကြီးလေမိုက်လေ ကြီးမိုက်ကြီးမို့လို့ ထင်ပါရဲ့။ အိပ်ယာဝင်တဲ့အခါ ကလေးတုန်းကလို ဘုရားရှိခိုးအမျိုးမျိုး ကျက်ထားသမျှ ကုန်အောင် ရွတ်ဆိုကန်တော့ပြီးမှ အိပ်ယာထဲမှာ လက်ကလေးချိုးကာချိုးကာ ပုတီးပတ်ရေပြည့်အောင် စိပ်အိပ်တဲ့အကျင့်ကောင်းကလေးလည်း ပျောက်ခဲ့တာကြာပေါ့။
ရုပ်မြင်သံကြားကြီး ပိတ်ကာနီးရင် စာတမ်းထိုးသလို နောက်တနေ့အစီအစဉ်တွေ တစ်ခုချင်းတွေးပြီး အိပ်ပျော်လေသတည်းတောင် မဟုတ်တော့ဘူး။ ဆေးကု၍မရပါ ရောဂါက သည်းသည်းလာတယ်။ တောင်တောင်အီအီ လျှောက်မတွေးကြနဲ့နော်။ နောက်တခါ ဘာအကြောင်း ရေးရရင် ကောင်းမလဲလို့ စဉ်းစားရင်း အိပ်ပျော်သွားတဲ့ ရောဂါကို ပြောတာဗျ။ ကြာရင်ရူးလိမ့်မယ်လို့တောင် စိတ်ပူစရာ မလိုတော့ဘူး။ အခုကို သွက်သွက်လည်စပြုနေပြီ။ ချစ်ပိတ်သတ်ကြီးအဖို့တော့ ကိုမင်းလူဝတ္ထုထဲက မလှထုံကလေး သူ့ယောင်္ကျားကို မြည်တွန်တောက်တီးသလို “ကိုကျော်ကွန့်။ ရှင်ဟာလေ..။ လုံလ၀ီရိယကို မရှိဘူး။ တနေကုန် အလုပ်တွေလုပ်နေဖို့ပဲ နားလည်တယ်။ ရှင် သည်လို လုပ်နေမှတော့ ဘယ်အချိန် ဘိုးတော်တွေက ဂဏန်းလာပေးရမတုန်း။ သူများတကာ ယောင်္ကျားတွေ နေ့ခင်းနေ့လည် တရေးတမောအိပ်နေကြတာ မမြင်ဘူးလား။ သွား.. အခုအိပ်ချေ။ နိုးလာလို့ ဘာဂဏန်းမှ ပါမလာရင် တော်နဲ့ ကျုပ်နဲ့အတွေ့ပဲ။” အဲလို အဲလို အားပေးကြလေမလား မပြောတတ်ပေါင်။ ကဲ အခုတော့ တရေးနိုးသော် အကြံပေါ် ပေါ်သည့်အကြံ စာရေးရန်က ဂလိုဗျ ဂလို။
သမီးလေးနဲ့ သားအဖနှစ်ယောက် မင်္ဂလာဆောင်လား အလှူလားမသိ သွားကြပါသတဲ့။ သူ့အမေတော့ မလိုက်ဘူး။ သူ့သမီးသူ လှလှပပ ဆင်မြန်းလို့ ဖအေကို မျက်လုံးဒေါက်ထောက်ကြည့်ဖို့ရာ ထည့်ပေးလိုက်တယ်။ မိုးတွင်းသမယ ၀ါခေါင်လဆိုတော့ သိကြတဲ့အတိုင်းပါပဲ။ ရန်ကုန်ကားလမ်းမပေါ် မိုးရေတက်ရေ တဖွေးဖွေးနဲ့မို့ စီးတော်ကား ပုတုကွေးကလေးက “ခရီးမတ်တပ် လမ်းခုလပ်တွင် စက်သပ်ခွဲခွာ နေခဲ့ပါ၍ အားနာခဲ့ကြောင်း ပြောပါလေ။” ဆို တာ့တာပြသွားတယ်။ လာပါကလေးရယ် ဘာမှ မဝေးဘူးဆိုပြီး သားအဖနှစ်ယောက် ကုန်းကြောင်းခြေကျင် ခရီးနှင်လေသတည်း။ ဟိုရှေ့ကဆူဆူညံညံ ဘာသံလဲမေးဆို တန်းစီတိုးဝှေ့နေကြတာကတော့ လူကူးမျဉ်းကျားကလေးမှာ လမ်းဖြတ်ကူးဖို့ရာပါပဲ။ လူတွေက အရင်လို မဟုတ်တော့ဘူး။ စည်းကမ်းရှိလာကြပြီလေ။ မရှိလို့လည်း ဘယ်ရမလဲ။ ဟိုမှာဘက်ကမ်း သည်မှာဘက်ကမ်းမှာ မောင်တော်ပီကယ်ကြီးတွေက ဖောင်တော်ဒီဇယ်ကြီးတွေနဲ့ “ဖိုးသာအောင်ရေ ဝေ ဝေ။ ကောက်စိုက်ဖို့ လိုက်မလား လိုက်မလား။” အသင့်ဖြစ်နေပြီ။ မျဉ်းကျားက လျှံကျလာလို့ကတော့ ပလိုင်းထဲ ဖားကောက်သလို စွေ့ကနဲ ကားပေါ်တင်တော့တာ။ စီးတော်ယာဉ်များကလည်း ရပ်မပေးဘူးလား။ သည်ဆီမှာ ၀ီစီခရာနဲ့ အ၀ါကဒ် အနီကဒ် သင့်ရာဖြတ်ဖို့ရာ ဘောက်ချာစာအုပ်များနဲ့ကို စောင့်နေကြလေရဲ့။ အာယိုယို မဟာရန်ကုန် မြို့တော်ကြီး စင်္ကာပူလို ဖြစ်လာစေရမယ်ဆိုတာ အိပ်မက်မှ မဟုတ်ပဲလား။ ဂယ်ကြီးပါကွဲ့ ဂယ်ကြီးပါကွဲ့။ သို့သော်လည်း အဲတဲ့။ အချက်ပြမီးပွိုင့်ကလေးတွေက စင်တင်တေးဂီတက ၀ါယာကြိုးတွေနဲ့များ ပူးနေသလား မသိပါဘူး။ ခု စာလေးကြော် ခု ဆီထမင်း လင်းကြတယ်။ လူတွေကလည်း လမ်းလည်ခေါင်မှာ ကူးရမလို ရပ်ရမလို၊ ကားတွေကလည်း လူလည်ခေါင်မှာ ဖြတ်ရမလို ရပ်ရမလို။ ပညာပေးဇာတ်လမ်းထဲက ဒေါ်ဂွက်ထော်ကြီး လမ်းဖြတ်ကူးသလို ဟိုဘက်သည်ဘက်တောင် မပြေးသာဘူး။ လူရောကားရော အတောင့်လိုက်ကြီး ပိတ်နေကြတာ။ လူအုပ်ကြီးနဲ့ပဲဟာ ဘာမှ ပူစရာမလိုပါဘူး။ လူစီးကြောင်းနဲ့ မျှောလိုက်သွားရင် သည်ဘက်ကကူး ဟိုဘက် မရောက်စရာလား။
ကလေးလက်ကိုဆွဲပြီး တိုးကာဝှေ့ကာ လမ်းကူးနေရင်းကမှ ကိုယ့်သမီးကိုယ်ပြန်ကြည့်ပြီး အရင်တခါလို ခေါင်းနားပန်းကြီးသွားပြန်ပါတယ်။ သူ့အမေက စိန်တွေရွှေတွေ ညွှတ်နေအောင် ဆင်ပေးလိုက်ပါကလား။ ဟိုးတခါ မင်္ဂလာဆောင်အခွေထဲမှာ တွေ့ဖူးထားတဲ့အတိုင်းပဲ။ (အိပ်မက်ထဲမှာပဲ ကိုယ့်သမီးကိုယ် ဆင်ဖူးရတဲ့ဘ၀မို့ ဆင်ပါရစေ သမီးရယ်) အဲဒါကြီးတွေနဲ့ လူအုပ်ထဲဝင်တိုးရမှာ ဒုက္ခပါပဲ။ မတော် ခါးပိုက်နှိုက်တွေဘာတွေ ပါလာရင် ကိုယ့်ဟာလည်း မဟုတ်ပဲနဲ့ စားစရာမရှိ လျှော်စရာရှိ။ အကျိုးနည်း။ ဥစ္စာချောက်လိုက်ရပုံများနော်။ ဟိုလူက သမီးလေး သည်ဘက်လာလာဆိုလည်း မယုံသင်္ကာ၊ သည်လူက ကလေး လက်ကလေး ဖေးကာကူကာတွဲလိုက်ရင်လည်း စိတ်မချနိုင်စွာ။ ကိုယ့်သမီးတောင် ကိုယ် အဲသည်လောက် အရိပ်တကြည့်ကြည့် မလုပ်ရပဲ သူဝတ်ထားတဲ့ ဥစ္စာကြီးတွေကျမှ မျက်စိအောက်က အပျောက်မခံဝံ့ ဖြစ်နေရပါလား။ အိမ်ပြန်ရောက်လို့ သူဆင်ထားတဲ့ဟာတွေ လျော့နေပါတယ်ဆို သမီးအမေက ကွိုင်ပူရင်လည်း ခက်ရချေရဲ့ဗျာ။ ဖြစ်သေးပါဘူး သမီးရယ်။ ဟိုကျမှ ပြန်ဝတ်ပါတော့။ လမ်းပေါ်မှာ အဖေပဲ ခနသိမ်းထားပါရစေ ဆို ဟိုဖြုတ်သည်ဖြုတ် အလုပ်ရှုပ်နေသခိုက် မိန်းမတစ်ယောက်ကလည်း ကိုယ့်နံဘေးတင် ကျားရှေ့မှောက်လျက်လဲပါလေရော။ မယ်မင်းကြီးမ ထူကာမကာ ကူလိုက်ကာမှ “ကျွန်မဆွဲကြိုးလေးတွေ ရှင့်ဆီမှာလေ” လို့ ဆိုလိုက်တော့ ဗုဒ္ဓွေါမြတ်စွာ ပြဿနာတွေ ရှင်းရပြန်ပါရော။ ရွှေငွေရတနာဆိုတာ မထိုက်တဲ့သူလက်ထဲရောက်ရင် အလိုလို လျှောကျပျောက်ကွယ်ရတဲ့ သဘောရှိလို့ထင်ပါရဲ့။ သူ့ဘာသူ ကလေးဆီမှာနေတဲ့ဟာတွေက ကိုယ့်လက်ထဲကျမှ ဟိုနားလွတ်ကျ၊ သည်နားထွက်ကျ။ တကောက်တည်း ကောက်နေရတယ်။ ကြောင့်ကျခြင်းဒုက္ခကို လှလှကြီး ခံစားဖူးသွားပါတော့တယ်။ ကိုယ့်ဆီမှာ ရွှေနဲ့ရိုးစရာ မိုးကြိုးတောင် မပါတဲ့အချိန်တုန်းကတော့ မိုးအောက်မြေပြင် ပူပင်စရာမရှိ၊ ပကတိ လွတ်လပ်ခြင်း နဲ့ တစ်ယောက်တည်းသွားသွား၊ လူကြားထဲတိုးတိုး တဂိုးတည်းဂိုးခဲ့ရတဲ့ အရသာဟာ ဘာနဲ့မှ မတူပါကလား။ ဒါမျိုးတွေပါမှ အထင်ကြီးပြီး ဒါကြီးတွေ မ၀တ်နိုင်ရင် အထင်သေးတတ်တဲ့လူတွေကို အဖေကတော့ ဂရုမစိုက်သင့်ဘူးလို့ မြင်တာပါပဲ။ သူတို့က မ၀တ်နိုင်လို့ တမျိုးအထင်သေးတတ်သလို ၀တ်နိုင်ပြန်တော့လည်း တမျိုးစကားတင်းဆိုတတ်ကြတယ်လေ။ ဘယ်သူတွေ ဘယ်လိုထင်ထင် ကိုယ်ကိုယ်တိုင်က အဲသဟာကြီးတွေနဲ့ သွားရလာရတာ ဘယ်လောက် မလွတ်လပ်သလဲဆိုတာ အခုတွေ့ပြီ မဟုတ်လား။ အိပ်မက်ထဲမို့ တော်တော့တယ်။
အိပ်မက်ရဲ့ပြင်ပ လက်တွေ့လောကမှာ ကိုယ့်လက်ထဲ အဲလိုဟာမျိုးတွေ မူးလို့တောင် ရှူစရာမရှိတဲ့ ဘ၀ပေးကုသိုလ်ကို အထူးပဲ ကြေနပ်လို့သွားမိပါတယ်။ အိပ်မက်က ဆက်မက်ရဦးမယ်။ မဆုံးသေးဘူး။ အိမ်ပြန်ရောက်တော့
(အမေ့အိမ်ကို ပြောတာဗျ) စိတ်မောလူမော အထုပ်ကလေးချထားတုန်း တူကလေးမောင်မျောက်ရှုံးလက်ထဲမှာ
ရွှေတ၀င်းတ၀င်းနဲ့ ဆော့ကစားနေတာတွေ့လိုက်ရတော့ စိတ်ကတော်တော်တိုသွားပါတယ်။ “ဟိတ်ကောင်၊ ဒါတွေက မင်းဆော့စရာမှ မဟုတ်တာ။” လို့ ဆူပူမာန်မဲလိုက်တော့ ကလေးက မျက်နှာကလေးပျက်လို့ ငိုပါလေရော။ စိတ်ထဲမှာတော့ သူများဟာတွေ ပျောက်ကုန်လို့ကတော့ ငါပဲ ပြဿနာတက်မှာဆိုတာက ထိပ်တက်ကပ်နေတာကိုး။ ဘဘဦးဥစ္စာချောက်ကြီးက သားသားလက်ထဲက ရွှေတွေကိုလည်း မဆင်မခြင် အတင်းသူ့အထုပ်ထဲ ထိုးထည့်ဖို့ကြည့်လိုက်တော့မှ ကလေးဆော့နေတာ ဒစ္စကိုရွှေတွေမှန်းသိပါတော့တယ်။ ရွှေငွေဥစ္စာဆိုတာ ရန်သူမျိုးငါးပါး ရန်ဘေးကသာ ပူပင်ကြောင့်ကျရတာ မဟုတ်ပဲကိုး။ သားချင်းဆွေမျိုးတွေ အကြားမှာလည်း အထင်အမြင်လွဲစရာ၊ သွေးကွဲစရာ၊ နောင်တရစရာ ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းကို ဖြစ်စေတတ်ပါလား လို့ စဉ်းစားမိလာတာကတော့ လန့်နိုးလာတဲ့အခါမှာပါ။
သည်အိပ်မက်နဲ့ပတ်သက်ပြီး အတိတ်နိမိတ်ကောက်စရာ၊ ချဲဂဏန်းတွက်စရာ၊ ထီထိုးဗေဒင်မေးစရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် သမီးလေးကိုတော့ စိတ်ပူစိုးရိမ်လွန်းလို့ သွန်သင်စရာလေးတွေ တွေးမိပါတယ်။ နံပါတ်တစ်ကတော့ “မိန်းကလေးဆိုတာ စိန်ရွှေဆင်လို့ မယဉ်ဘူး။ ဣနြေ္ဒဆင်မှ ယဉ်တယ်။” ဆိုတဲ့စကားကို အငြိမ့်ထဲမှာ လူပြက်ကြီးတွေ ပြက်တုန်းက ကြားခဲ့ဖူးပေမယ့် အဲသည်လောက် လေးနက်မှန်း အစက မသိပါဘူး။ နားသတဲ့မင်္ဂလာတုန်းက ၀တ်ကောင်းစားလှ၊ လက်ဝတ်ရတနာတွေ ဆင်မြန်းထားတဲ့သမီးကလေးကို အဖေက အမ်းကနေ တကူးတကပြန်လာပြီး ကြည့်မ၀ရှုမ၀ ဖြစ်နေတဲ့ကြားထဲ စင်ပေါ်မှာ အိုင်ဖုန်းတစ်လုံးနဲ့ ဂိမ်းကစားကောင်းနေတဲ့ သမီးကလေးခမျာ ကလေးပီပီ အနေအထိုင် မတော်တလျော် မတင့်မတယ်ဖြစ်ရလေတိုင်း ဖေ့တူမကလေး ပေါက်စီကွေးကို ခြေမြန်တော်လွှတ်ပြီး ဖုံးရဖိရတာ ခနခနမဟုတ်လား။ သမီးထက်အများကြီးကြီးတဲ့ မမတွေတောင် သင်္ကြန်တခါလည်လိုက်မိရင် လူကအိမ်ပြန်မရောက်သေးဘူး။ ပေါ်တော်မူဓါတ်ပုံတွေက အင်တာနက်ပေါ် အရင်ရောက်ကုန်တာ ကလေးရဲ့။ သူများသားသမီးကျတော့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေပြီး ကိုယ့်သားသမီးကျမှ အရွယ်တောင် မရောက်သေးဘူး သူများကြည့်မှာစိုးနေတာပေါ့လေ လို့ မထင်နဲ့ဦး။ တကယ်တော့ မိန်းမပျိုကလေးတစ်ယောက်အတွက် သူဝတ်ထားတဲ့ အဖိုးထိုက်အဖိုးတန် စိန်ရွှေရတနာတွေထက် သူခြုံထားတဲ့ ဣနြေ္ဒသမ္ပတ္တိကသာ လုံခြုယဉ်ကျေးစေနိုင်တယ်ဆိုတာ နားလည်အောင် ရှင်းပြချင်တာပါ။ ပြစ်မျိုးမှဲ့မတင် လှချင်တိုင်းလှပါတယ်ဆိုတဲ့ မိန်းကလေးတွေတောင် နေရာဌာနနဲ့ မအပ်မရာ လစ်လပ်စွာဝတ်ဆင်လာတဲ့အခါ အမြင်ရိုင်းတယ် မဟုတ်ဘူးလား။ များသောအားဖြင့် ကြွေရုပ်ကလေးလို စက်စက်ယိုလှနေတဲ့ နတ်မိမယ်ကလေးတွေလည်း အမှတ်တမဲ့နဲ့ လွှားကနဲ ကားကနဲ လှမ်းလိုက်ထိုင်လိုက်တဲ့အခါ ခုနက အလှတွေတောင် ပျောက်သွားတတ်တာ ကိုယ်တိုင်သူများကို မြင်ဖူးတော့ သိပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ကျ ပြန်မြင်ရတဲ့အရာမျိုး မဟုတ်တော့ သတိပေးရတာပေါ့။
နောက်ပြောချင်တဲ့ အကြောင်းအရာကတော့ ဣတ္တိရူပံ ဓနံ တဲ့။ မိန်းမသားတို့ရဲ့ အလှအပ ရုပ်ဆင်းအင်္ဂါဟာ သူတို့အတွက် ဥစ္စာပစ္စည်းပမာ တန်ဖိုးရှိပါသတဲ့။ ဟုတ်ပေလိမ့်မယ်။ ချောမောလှပတဲ့ မိန်းကလေးများဟာ အဲသည်ဂုဏ်ဒြပ်ကလေးအားကိုးနဲ့ စည်းစိမ်ဥစ္စာပွားများခြင်းကိုလည်း ဖြစ်စေနိုင်တယ်။ တန်ခိုးသြဇာထက်မြက်ခြင်းကိုလည်း ဆောင်စေနိုင်တယ်။ နောက်တဘက်က လှည့်တွေးပြန်တော့ ဓနအင်အား ကုံလုံတဲ့ မိန်းမပျိုကလေးများဟာလည်း ရုပ်ဆင်းသွင်ပြင်ကို တင့်တယ်သထက် တင့်တယ်အောင် ဖန်တီးဆောင်ကျဉ်းနိုင်ကြတယ်။ လူတွေရဲ့ စိတ်ထဲမှာကိုကလည်း နားဍောင်းအရောင်ကလေးကိုကြည့်ရင်း ပါးမို့မို့ကလေးကို ပြောင်ဝင်းနေတာပဲလို့ မြင်ကြတယ်။ ဆိုလိုတာက မိန်းကလေးတစ်ယောက်အတွက် အလှဆိုတာ ဥစ္စာဖြစ်သလို ဥစ္စာဆိုတာလည်း အလှပဲ။ ဒါပေမယ့် သူ့ချည့်သာလောဆိုရင်တော့ ဆားနဲ့ပါသမီးရေ။ ရုပ်ဘယ်လောက်ချောချော၊ ငွေဘယ်လောက်ချမ်းသာချမ်းသာ ထိုက်သင့်တဲ့ အသိဥာဏ်ကလေးပါမှသာလျှင် အဲသည် ရူပံတွေ ဓနံတွေက သူ့ကို ဘေးမဖြစ်ပဲ ဆေးဘက်ဝင်စေနိုင်တာကွဲ့။ အသိဥာဏ်နဲ့ ထိန်းသိမ်းမထားနိုင်ရင် အဆင်းလှဆန်း လူ့ပေါက်ပန်း လို့ ခေါ်တဲ့ ပေါက်ပန်းဈေးဘ၀ကို ရောက်သွားတတ်ပါတယ်။ သမီးကလေးငယ်ငယ် အသိမကြွယ်သေးခင် အိပ်မက်ထဲကလို စိန်တွေရွှေတွေနဲ့ ညွှတ်နေအောင်လှနေပြီဆိုရင် မသူတော် လောဘအိုးတွေရဲ့ တစ်ရက်မကောင်းကြံစည်ခြင်း၊ နှစ်ရက်မကောင်းကြံစည်ခြင်း၊ လစ်ရင်လစ်သလို မကောင်းကြံစည်ခြင်းတွေက ကင်းဝေးအောင် ဖေတို့မေတို့က သံကွန်ခြာ ခုနှစ်ထပ်နဲ့ အုပ်ထားလည်းပဲ သမီးတစ်ကောင် နွားတစ်ထောင် လုံအောင်အမြဲ စောင့်နိုင်ခဲသတဲ့။ သည်လိုပြောလိုက်လို့ သမီးစိတ်ထဲမှာ မိဘဘိုးဘွားကလွဲလို့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်အောင် သံသယတွေ ထားဖို့ရာ မဟုတ်ပါဘူး။ အဲလိုဆိုရင် သမီးဘ၀မှာ ဘယ်သောအခါမှ ဘယ်သူနဲ့မှ အဆင်ပြေစွာ ဆက်ဆံပေါင်းသင်းနိုင်မှာ မဟုတ်ဘူး။ ယုံကြည်မှုမှာ All or None Law က အလုပ်မဖြစ်ဘူး။ လူတိုင်းကို သေသေချာချာ ပေါင်းကြည့်ပြီးတဲ့အခါ သူ့အပေါ်မှာ ဘယ်လောက်ယုံလို့ရသလဲ ဆိုတာကတော့ ကိုယ့်ဘာသာကိုယ် အတိုင်းအဆတစ်ခုနဲ့ ဆုံးဖြတ်ယူရမယ့် အရာသာဖြစ်တယ်။ အပြန်အလှန်ပဲပေါ့။ ကိုယ်ကရော အဲသည်တဘက်သားအတွက် အမှန်တကယ် ယုံကြည်ကိုးစားထိုက်တဲ့သူ ဖြစ်ရဲ့လားဆိုတာလည်း ပြန်တွေးပေးရတယ်။ လူတစ်ဦးတစ်ယောက်ကို ယုံကြည်လိုက်လို့ ကိုယ့်မှာရှိတဲ့ စိန်တွေ ရွှေတွေ ဆုံးရှုံးသွားရတာကို မနှမြောပါဘူး။ ပစ္စည်းသင်္ခါရ လူသင်္ခါရပဲ။ အဲဒီလူနဲ့အတူ သူ့အပေါ်မှာ ကိုယ်ထားခဲ့တဲ့ယုံကြည်မှုတွေ နောက်ဘယ်တော့မှ ပြန်မရတော့တာကသာ နှမြောစရာကောင်းပါတယ်။
အညှီရှိရင် ယင်အုံစမြဲပဲတဲ့။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်နေတဲ့အခါ ကိုယ့်သမီးကလေးက ရုပ်ကလေးလည်း ကြည့်ပျော်ရှုပျော်။ သူ့အဖေထက်စာရင်တော့ ထယ်ထယ်ဝါ၀ါကလေးလည်း ရှိပေလိမ့်မယ် လို့ထင်တာပေါ့။ သဘာဝတရားအရ သမီးကလေးနံဘေးမှာ လူမသမာတွေရှိချင် ရှိလာနိုင်တယ်ဆိုတာကိုတော့ မိဘပီပီ ပူတာပေါ့။ သူများတွေးသလို တွေးလေ့မရှိတဲ့ အဖေကတော့ ကိုယ့်သမီးကလေးကို လူမသမာတွေက လိမ်လည် လှည့်ဖျားခံရမှာကို မကြောက်ပါဘူး။ ခနခန လှည့်စားခံရလွန်းလို့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့တဲ့သူဖြစ်သွားမှာ၊ ဒီအဖြစ်အပျက်မျိုးဟာ လောကဓမ္မတာပါလားလို့ အယူမှားပြီး ကိုယ်ကိုယ်တိုင်လည်း ရိုးဖြောင့်တဲ့စိတ်ရင်းအခံကလေး ပျက်စီးဆုံးရှုံးသွားမှာကိုတော့ အကြောက်ကြီး ကြောက်မိပါတယ်။ လမ်းလျှောက်တတ်စ အပျံသင်စ သမီးလူမမယ်ကို လဲမယ်နော်။ ကျမယ်နော်။ နောက်ကတကောက်ကောက် လိုက်မထူချင်ပါဘူး။ မတော်တဆများ လဲခဲ့ချော်ခဲ့သော် ဒဏ်ရာအနာတရ နည်းနည်းနဲ့ အမြန်ဆုံး လမ်းဆက်လျှောက်နိုင် ပျံသန်းနိုင်အောင်တော့ နည်းပေးလမ်းပြ သင်ထားခဲ့ချင်ပါတယ်။ မျှတသော တွေးခေါ်မှု၊ မှန်ကန်သောဆုံးဖြတ်မှု၊ သင့်တင့်သော နှလုံးသွင်းမှုတွေကို အခါခပ်သိမ်း ရရှိနိုင်ပါစေကြောင်း တောင်းဆုချွေလိုက်ပါတယ်။ အိပ်မက်လှလှမက်ပါစေ။
http://youtu.be/k0HxE-PpLnU
တိမ်နွယ်မြူးတဲ့လသာည၀ယ် စိန်ကြယ်တွေဖူးလဲ့ ပွင့်လာသည့်နှယ် ချစ်သူဘ၀လမ်း ချမ်းမြေ့စေချင်သူမယ် သြော် အိပ်မက်လှလှ မက်ပါစေကွယ်။ အိပ်မက်တွေ လှပစွာ မက်စေချင်တယ် ကိုယ့်ချစ်သူဝယ်။
တစ်ယောက်ဆိုတစ်ယောက်တည်း အသည်းမှာချစ်တတ်သူပါကွယ်။ ဆယ်ကမ္ဘာကုန်ဆုံးစေ မုန်းမေ့ရန်ဖြင့်မလွယ်။ ကိုယ့်အတွေးတွေကြွယ် ချစ်တဲ့သက်ထားနွယ်။ ထာဝစဉ်လန်းပန်းသဖွယ် ဘယ်ခါမညှိုးနွမ်းဖွယ်။ သင်းပျံ့စွာကြိုင်လှိုင်မွှေး ရနံ့မပြယ်ဘူး ကိုယ့်ရဲ့ရင်ထဲဝယ်။
တေးကဗျာတွေ အမြဲဖွဲ့ကာ ညွှန်းဆိုနေမယ်။ စံပယ်ပွင့်များနဲ့ ခင်းတဲ့ဘ၀လမ်းအလယ် အတူလျှောက်ကာလည် ချမ်းမြေ့စွာပဲတကယ် မငြိုငြင်ဆုံးတစ်သက်ဝယ် ချိုရွှင်ပြုံးဆက်သွယ်။ လှပကာ အစဉ်လိုအမြဲ တွေ့စေကြောင်း အသည်းကဆုတောင်းမယ်။
ကြည်လင်ပြာ စမ်းရေပမာသို့အေးလို့ကွယ်။ မေတ္တာအနုအလှ သီရင်းတကယ်။ မုန်တိုင်းရန် လှိုင်းထန်လေကြမ်းများရယ် မကြုံစေချင်ပါတယ် ကိုယ့်မှာဆန္ဒကြွယ်။ စေတနာများကရယ် အိပ်မက်များပင် ညညမှာ လှပစွာ မက်စေချင်တယ် ကိုယ့်ချစ်သူဝယ်။
0 comments:
Post a Comment