Tuesday, August 7, 2012

နတ်ဆိုးတွန်သံ


by Manor Hary on Tuesday, August 7, 2012 at 9:48am ·


(အစ)
တစ်စုံတစ်ရာ သိပ်ကိုသေချာသွားပြီဆိုတာ သိလိုက်ရချိန်မှာ သူ့အပေါ် ခပ်ငွေ့ငွေ့ ဖုံးလွှမ်းစ ပြုနေတဲ့ စိုးထိတ်မှုတွေ လွင့်စင်သွားရပြီး အေးစက်စက် ပြုံးလိုက်မိတယ် …။ သူ့အပြုံးတွေ သက်ဝင်နေပုံက အိုးစည်ဗုံမောင်းဆန်ဆန် အသံတချို့ ကပ်ပါလာသလိုလို …


(အလယ်)
မနေ့ညက ဖြူစင်ကြယ် ဆုံးတယ်။ ဘာလို့ ဆုံးလဲ ဆိုတာတော့ သူလည်း သေချာဂဃနဏ မသိဘူး။ သူသိခဲ့တဲ့ ဖြူစင်ကြယ်မှာ ပြင်းထန်ဆိုးရွားတဲ့ နှလုံးရောဂါတွေ ဘာတွေ ရှိတယ်လို့လည်း သူ တစ်ခါမှ သိမထားခဲ့ဖူးဘူး။ ဒါပေမယ့် ဖြူစင်ကြယ် ရုတ်တရက်ဆိုသလိုပဲ သေဆုံးသွားခဲ့တယ်။ အဲဒါကတော့ အသေအချာပါပဲ။
အမှန်က ဇာတ်လမ်းက မျိုးမင်းခေါင် ဆိုတဲ့လူကနေစတာ။ မျိုးမင်းခေါင် ဆိုတာက ဆရာဝန်။ ဖြူစင်ကြယ်နဲ့ ငယ်သူငယ်ချင်း။ ဆေးကျောင်းနဲ့  စီးပွားရေးတက္ကသိုလ် လိုင်းကွဲသွားကတည်းက သိပ်မတွေ့ဖြစ်ကြဘူး ဆိုပေမယ့် မျိုးမင်းခေါင်က ဖြူစင်ကြယ်ကို နှစ်ရှည်လများ စောင့်ခဲ့ ကြိုက်ခဲ့တယ်ဆိုတာ လူအတော်များများ သိသလို သူလည်းသိနေတယ်။
မနေ့က နေ့လည်က ရန်ကင်းစင်တာအဝင်မှာ ဖြူစင်ကြယ်နဲ့ မျိုးမင်းခေါင် အမှတ်တမဲ့ ဆုံကြတယ်။ သူတို့ ဝမ်းသာအားရနှုတ်ဆက်ပြီး  feel မှာ ထိုင်ကြတယ်။ စားပွဲတစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်ကြတာပါပဲ။ ဖြူစင်ကြယ်က ရယ်ရယ်မောမော စကားပြောတဲ့ခါပြောတယ်။ စိတ်ညစ်ညူးတဲ့ မျက်နှာလေးနဲ့ လေးလေးနက်နက် စကားတွေကို ဆိုချင်ဆိုတယ်။ ပုံမှန်ပါပဲလို့  ပြောလို့ရပေမယ့် ပုံမမှန်တာကသူ။ သူက အဲဒီအချိန်မှာ feel ရဲ့ ဟိုးဖက် ထောင့်စွန်းတစ်နေရာမှာ နှင်းအိဖြူနဲ့ အတူ ရှိနေတယ်။ သူ့ရင်ခွင်ထဲ ရောက်မတတ်မှီထိုင်နေတဲ့ နှင်းအိဖြူကို ကျော်ပြီး ဖြူစင်ကြယ်ကို ကြည့်နေမိတာ နှင်းအိဖြူလည်း သတိထားမိတယ်။ ဒါပေမယ့် နှင်းအိဖြူ မသိတာက သူကြည့်နေတဲ့ ဖြူစင်ကြယ်ဆိုတာ သူ့ရဲ့ တရားဝင် ဇနီး ဆိုတာပဲ ..။
နှင်းအိဖြူ သူ့ကို သိထားတာက လူပျို ..။ နှင်းအိဖြူတင် မကပါဘူး။ ကောင်မလေး တော်တော်များများ သူ့ကို လူပျိုလို့ပဲသိကြတယ်။ ဒီတော့ လောလောဆယ် ရင်ခွင်ထဲ ရောက်နေတဲ့ ကောင်မလေးကို ထားခဲ့ပြီး ဖြူစင်ကြယ်ဆီ သူထသွားလို့ မဖြစ်ဘူး။ သွားလည်းမသွားချင်ပါဘူး။ မျိုးမင်းခေါင်ဆိုတဲ့ လူကို လူကြီးလူကောင်း လူတော်လူမော်လို့ ထင်နေတဲ့ ဖြူစင်ကြယ်ကို သူက ဘာလို့ သွားခေါ်ရမှာလဲ။ နှင်းအိဖြူကတောင် အဲဒီ တစ်ယောက်က လှသားပဲ။ ကိုကိုသဘောကျနေတာလား လို့ မေးလို့ ခေါင်းကို ခပ်ကြမ်းကြမ်း ခါပြလိုက်သေးတယ်။ ဖြူစင်ကြယ်လှတာ သူသိတာပဲ။ မလှရင် သူ ဘယ်လို စိတ်ဝင်စားခဲ့မှာ တဲ့တုန်း။ ဒါပေမယ့် ဒါတွေက ကြာခဲ့ပြီ။
ပြဿနာက အိမ်ရောက်မှ စတာ။ သူအိမ်ပြန်ရောက်တော့ ဖြူစင်ကြယ်ရောက်နေပြီ။ ခါတိုင်းလို သူ့ကို လှမ်းပြီး နှုတ်မဆက်ဘူး။ သူ့ဘာသာသူ လုပ်လက်စ အလုပ်ကို ဆက်လုပ်နေတယ်။ သူ အဝတ်အစားလဲပြီး ထွက်လာမှ ညစာ စားပြီးပြီလားလို့ မေးတယ်။ လေသံက ဝတ်ကျေတန်းကျေ။ (သူ့စိတ်က ထင်နေတာလည်း ဖြစ်နိုင်တယ်ဆိုတာ သူ မတွေးမိဘူး ) သေချာတာက ဒါကို သူ မကြိုက်ဘူး။
“ စားပြီးပြီ ..”
သံပြတ်နဲ့ ဖြေလိုက်တာကို ဖြူစင်ကြယ်က ခါတိုင်းလို မျက်ရည်အဝဲသားနဲ့  မတုံ့ပြန်ဘူး။ အေးအေး ဆေးဆေးပဲ။ ထိုးလက်စ ပန်းအိုးကို ဆက်ထိုးနေတယ်။ သီချင်းလေးတောင် ညည်းလိုက်သေး ..။ ဘာတဲ့။ ပျိုပျိုမေ အလည်အပတ်ထွက်တယ် မော်တော်ကားလေးနဲ့ရယ် .. ဆိုတဲ့ ဂွမ်တီးဂွမ်တီးက သီချင်းဟောင်းကို ညည်းနေတာ။ သူ့မျက်စေ့ရှေ့ကနေ ဖြူစင်ကြယ်တို့ ထွက်သွားခဲ့ကြပေမယ့် အတူတူ ပြန်သွားလား။ ဖြူစင်ကြယ်က အိမ်က ဒရိုင်ဘာ ဦးလေးကြီးနဲ့ ပြန်လား။ မျိုးမင်းခေါင်ကားနဲ့ပဲ ပြန်လာတာလား သူ မသိဘူး။ မြင်မှ မမြင်လိုက်ပဲ။ သူက နှင်းအိဖြူကို ထားပြီး ထလိုက်မသွားနိုင်ခဲ့ဘူးလေ။
သီချင်းညည်းသံက သူ့ကို ဆွနေသလိုပဲ ..။
“ သိပ်ပျော်နေလား ”
မရည်ရွယ်ပါပဲ လွှတ်ကနဲ ထွက်သွားတဲ့ မေးခွန်းကြောင့် ကိုယ့်ကိုယ်ကို အံ့သြရသလို ဖြူစင်ကြယ်ကလည်း သူ့ကို တအံ့တသြကြည့်တယ်။
“ ဘာဖြစ်လို့လဲ .. ဘာလို့ ပျော်ရမှာလဲ”
အူလည်လည် အကြည့်လေးနဲ့ကြည့်ပြီး ပြန်မေးတယ်။ တကယ်လည်း ဖြူစင်ကြယ်ဆိုတာ အဲလို မအူ မလည်လေးပါပဲ။ ဒါပေမယ့် ဒီချိန်မှာ သူဒါတွေ မသိဘူး။ သတိမရဘူး။ သတိရတာက တစ်ခုတည်း။ အဲဒါ မျိုးမင်းခေါင်နဲ့ တွဲထိုင်ပြီး ရယ်မောနေတဲ့ ဖြူစင်ကြယ်။
“ အချစ်ဟောင်းနဲ့  တွေ့လာတာလေ ”
ဖြူစင်ကြယ် ဇဝေဇဝါ ဖြစ်သွားသေးတယ်။ နောက်မှ သဘောပေါက်သလိုနဲ့  ရယ်တယ်။ ရယ်ပုံက မမိုက်ဘူး။ ပြီးတော့ ဒီပုံစံက သိပ်ကို ရိုးစင်းလွန်းတဲ့ ဖြူစင်ကြယ်ရဲ့  မူရင်းပုံစံနဲ့ မတူဘူး။ တစ်ယောက်ယောက်က လက်ပူတိုက် သင်ပေးလိုက်သလိုပဲ။ ဘာလို့ သူ ဒီလိုတွေးလိုက်မိတယ် ဆိုတာလည်း သူ့ကိုယ်သူတောင် မသိဘူး။
“ ရှင်က ဘယ်ကနေ တွေ့လိုက်တာလဲ ”
“ ဘယ်ကတွေ့တွေ့ပေါ့ ..”
“ သေချာတာက ရှင့်လို ဖောက်ပြန်နေတာမဟုတ်ဘူး ဆိုတာပဲ။ လူလည်ခေါင်မှာ စားပွဲခုံခြားပြီး စကားထိုင်ပြောနေကြတာ ..”
“ စားပွဲခုံကြီး ခြားထားပေလို့ပဲ ..”
“ တကယ်တမ်းက ဖောက်ပြန်ချင်တဲ့စိတ်အတွက်က စားပွဲတစ်လုံးခြားလည်း အလကားပါပဲ။ တစ်ယောက် စိတ်ထဲ တစ်ယောက်ရှိနေမှတော့ စားပွဲခုံတစ်ခုံဆိုတာက စာမဖွဲ့လောက်ပါဘူး။ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ရောက်နေပြီး စိတ်ချင်းမဆက်သွယ်နိုင်တာကမှ ဝေးနေတာပါ ”
ကြည့်စမ်း။ ကြည့်စမ်း။ ဒီမိန်းမ … ဘယ်တုန်းက သူ့ကို ဒီလို ပြန်ပြောဖူးလို့လဲ။ ပြန်ပြောတတ်လို့လဲ။ ပြန်ပြောနိုင်စွမ်းလို့လဲ ..။ ဒီနေ့ကျကာမှ စကားလုံးတွေက အစွမ်းလာထက်နေလိုက်တာ။
“ မင်းကို ဟို လူကြီးလူကောင်းက စကားတွေ သင်ပေးလိုက်တာလား ဖြူစင်ကြယ် ”
“ ဘယ်သူမှ သင်မပေးလိုက်ဘူး … နဂိုတည်းက တတ်တယ်။ မပြောချင်လို့ မပြောတာ။ ကျွန်မစကားလုံးတွေ ရှင်နဲ့ တန်တယ် မထင်လို့ မပြောတာ။ ရှင်ကျ မိန်းမတကာနဲ့ မလွတ်တမ်း တွဲသွား တွဲလာယုံမကလုပ်နေပြီး ကျွန်မကျမှ ရိုးရိုးသားသား ငယ်သူငယ်ချင်းချင်း စကားထိုင်ပြောတာကို ကိုယ့်စိတ်နဲ့ ကိုယ်လာနှိုင်းပြီး ပြောနေတယ် .. သေချာတာက ကျွန်မ က ဖြူစင်ကြယ် .. လွယ်လွယ်ကူကူ စိတ်ယိုင်တတ်တဲ့ စစ်မင်းမိုရ် ဆိုတဲ့ ယောကျာ်းတစ်ယောက် မဟုတ်ဘူး ..”
စကားလုံးတွေတင်မကဘူး။ မျက်နှာပေးလေးကပါ အေးအေးဆေးဆေးလေးနဲ့  မထိတရီ ဖြစ်နေတာက အံ့သြစရာကောင်းနေတယ်။
“ ငါက လွယ်လွယ်ကူကူ စိတ်ယိုင်တတ်တယ်ပဲ ထားပါတော့ .. သေချာတာက မင်းကိုချစ်တယ်ပဲ ပြောခဲ့ဖူးတာ။ မင်းကို ချစ်သလို နောက်တစ်ယောက်ကို မချစ်ဘူးလို့ မပြောခဲ့ဖူးသလို ကတိလည်း မပေးခဲ့ဖူးဘူး ..”
သူ့စကားကြောင့် ဖျတ်ကနဲ ကြည့်လာတဲ့ ဖြူစင်ကြယ်ရဲ့  အကြည့်တွေက အေးစက်လွန်းတယ်။ ပြီးမှ တစ်ခွန်းတည်း ပြန်ပြောတယ်။
“ ကျွန်မလည်း လွယ်လွယ်ကူကူ စိတ်ယိုင်တတ်တဲ့ မိန်းမ တစ်ယောက်မဟုတ်ပေမယ့် ရှင်တစ်ယောက် တည်းနဲ့ပဲ ထိုင်စကားပြောပါမယ်လို့ ကတိပေးမထားဖူးဘူး .. ”
သူပြောလိုက်တဲ့ စကားက ဖြူစင်ကြယ် ပြန်ပြောတာထက် အများကြီး ရက်စက်ပါတယ်။ ဒါပေမယ့် သူ့ကို အဲလိုပြန်ပြောတာမျိုးကျ သူမခံနိုင်ပြန်ပါဘူး။ သူ့အတ္တက ဒါကို ခွင့်မပြုချင်ဘူး။ ဘာပြန်ပြောရမှန်းလည်း မသိတဲ့အတွက် စိတ်ထဲက ဒေါသကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ .. သေပစ်လိုက်စမ်းပါလား ဖြူစင်ကြယ် .. လို့ မိန်းမလို မိန်းမရ  စိတ်ထဲက ကျိန်ဆဲလိုက်တယ်။
အဲအချိန်မှာပဲ ဖြူစင်ကြယ် ပန်းအိုးတွေ ပန်းတွေဘေးတင် ခွေကနဲ အသက်ပျောက်သွားခဲ့တာ ..။ ပထမတော့ အသက်ပျောက်နေမှန်း သူမသိသေးဘူး။ မူယာ မာယာတွေလို့ စိတ်ထဲက တွေးပြီး အခန်းထဲ ပြန်ဝင်သွားလိုက်သေးတယ်။ အပြင်ပြန်ထွက်ဖို့ ကားသော့ယူ၊ အဝတ်အစားထပ်လဲပြီး ထွက်လာတဲ့ထိ ခွေနေတုန်းမို့ သွားကြည့်လိုက်တော့ .. မလှုပ်တော့ဘူး။ မသကာင်္တာနဲ့ နှာခေါင်းနား လက်ကပ်ကြည့်တော့ ထွက်သက် ဝင်သက်ကို မခံစားရဘူး။ ဒုတ်ကနဲ တုန်သွားတဲ့ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားလိုက်ရသလို လိုပဲ ..။ အသိကပျောက်မသွားတဲ့အတွက် လက်က သွေးခုန်နှုန်းကို ဖမ်းစမ်းလိုက်တယ်။ ဟုတ်တယ်။ သွေးမတိုးတော့ဘူး။
တကယ်ဆို စိုးရိမ်တကြီး ဆေးရုံပို့၊ ဖုန်းဆက် လုပ်ရမှာ ..။ ဒါပေမယ့် သူ အဲဒါတွေ တစ်ခုမှ မလုပ်ဖြစ်ဘူး။ သေတာသေချာတယ်ဆိုတာ စိတ်က အလိုလို သိနေပြီး သူ့ကြောင့်ဆိုတာလည်း စိတ်က သိနေသလိုပဲ။ အဲဒီခံစားချက်နဲ့  လူသတ်မိတဲ့ လူသတ်သမား တစ်ယောက်လို ဘာမှမလုပ်ရဲတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ အဲလိုကြီး ရုတ်တရက် သေသွားရတာလဲ။ ဖြူစင်ကြယ်မှာ နှလုံးရောဂါ အခံများ ရှိသလား စဉ်းစားတော့လည်း သူ တစ်ခါမှ ရိပ်ဖမ်းသံဖမ်းတောင် မကြားခဲ့ဖူးသလိုပဲ။ ဒါဆို ဘာလို့ သေသွားတာလဲ .. သေပစ်လိုက်စမ်းပါလား  ..ဖြူစင်ကြယ် …လို့ စိတ်ထဲက ကျိန်ဆဲမိလို့လား ..။ ဘာပဲဖြစ်ဖြစ် ဖြူစင်ကြယ် သေသွားတာကို ဝမ်းနည်းမနေတဲ့တိုင် အပြစ်ရှိသလို မသိုးမသန့်ကြီး ခံစားနေရတာတော့ အမှန်ပဲ။
ကားသော့ကို ပစ်ချလိုက်ပြီး ဘာလုပ်ရမလဲ ထိုင်စဉ်းစားနေလိုက်တယ်။ ဖြူစင်ကြယ်ကိုတော့ ဧည့်ခန်းကနေ အိပ်ခန်းထဲက သူ့ကုတင်ပေါ်ကို သွားတင်ပေးထားလိုက်တယ်။ ပွနေတဲ့ ပန်းတွေ ကတ်ကြေးတွေ၊ အရွက်တွေကိုလည်း သိမ်းပစ်လိုက်တယ်။
အဲအချိန်မှာပဲ ဖုန်းထမြည်တယ်။ ရုတ်တရက် သူမကိုင်ရဲဘူး။ မကိုင်ပဲ ထားလိုက်တာက ပိုကောင်းမယ်လို့ လည်းတွေးမိတယ်။ ဖြူစင်ကြယ့်အိမ်က ဒါမှမဟုတ် သူ့သူငယ်ချင်းတွေဆီက ဆက်တာဆိုရင် ဖြူစင်ကြယ် မရှိဘူးလို့ သူဘယ်လိုပြောမလဲ ..။ ဘယ်သွားတယ်လို့ ပြောမလဲ .. လောလောဆယ် ဖြေရှင်းဖို့ သူ့ခေါင်းထဲ ဘာမှရှိမနေဘူး။ ခဏနေကျ အိမ်ဖုန်းအသံက တိတ်သွားတယ်။ ဒါပေမယ့် လက်ကိုင်ဖုန်းအသံက မြည်လာတယ်။ ဒါနဲ့ သူ့လက်ကိုင်ဖုန်းသူ မကြည့်နိုင်သေးဘူး။ ဖြူစင်ကြယ့် လက်ကိုင်ဖုန်းကို ပြေးရှာရတယ်။ သူမ လက်ကိုင်အိတ်ထဲက လက်ကိုင်ဖုန်းကလေးက ပိတ်လျက်သား။ တော်သေးတာပေါ့ ..လို့ စိတ်ထဲကတွေးပြီး သက်ပြင်းကြီးလည်း ချလိုက်သေးတယ်။
သူ့ဖုန်းမှာ မီးလင်းပြီးပေါ်နေတဲ့  missed call ကို ကြည့်လိုက်တော့ သူ့အိမ်ကဖုန်း .. ။ ဒါဆို စောစောက အိမ်ဖုန်းကို ခေါ်တာရော သူ့အိမ်ကပဲလား ။ သိပ်တော့ မသေချာပါဘူး။ သူ့အိမ်က နောက်ထပ် ဖုန်းမခေါ်ရင် ကောင်းမှာပဲ လို့ ရေရွတ်လိုက်မိတယ်။ ဟုတ်တယ်လေ။ သူ့အမေက သိပ်ကို ရိုးစင်းဖြူစင်တဲ့ ဖြူစင်ကြယ်ကို သိပ်ချစ်တာ။ ဒါကြောင့်ပဲ သူတို့ လွယ်လွယ်ကူကူ လက်ထပ်ဖြစ်သွားတယ်လို့ သူက ခုထိထင်နေတုန်း။ အရင့်အရင် ကောင်မလေးတွေတုန်းက သူ့အမေက သဘောမကျဘူး။ အဲဒါနဲ့  အမေသဘောမကျတာကို အကြောင်းပြပြီး ကောင်မလေးတွေ တစ်ယောက်ပြီး တစ်ယောက် တွဲခဲ့တဲ့ လွတ်လပ်မှုဟာ ဖြူစင်ကြယ်နဲ့ကျမှ နိဌိတန်တော့တာပဲ။
တွေးရင်းနဲ့  အပြင်ပြန်ထွက်ချင်စိတ်က ပျောက်သွားတယ်။ တစ်ခုခု စားရရင်ကောင်းမှာပဲ လို့ တွေးပြီး ထိုင်ရာကအထ လှမ်းမြင်နေရတဲ့ ထမင်းစားခန်း စားပွဲပေါ်မှာ သူကြိုက်တတ်တဲ့  Saint က  အသားညှပ် ပေါင်မုန့်ဘူးတစ်ဘူးကို အသင့် တွေ့လိုက်ရတယ်။ ဒါ သူကြိုက်တတ်မှန်းသိလို့ ဖြူစင်ကြယ် ဝယ်လာတာ ဖြစ်နိုင်သလို သူ့အမေ လာဝင်ပေးသွားတာလည်း ဖြစ်နိုင်တာပဲ။ မုန့်ဘူးကို ဆွဲယူစားလိုက်ရင်း ရေခဲသေတ္တာ ကို ဖွင့်လိုက်တယ်။ အထဲမှာ သူသောက်နေကျ   Zero Cola က ကုန်နေတယ်။ ခုနေ  Zero တစ်ဗူးလောက် သောက်ရရင်ကောင်းမှာလို့ စိတ်ထဲက ဖြစ်မိတုန်း စောစောက မုန့်ဘူးဘေးမှာေးအစက်နေတဲ့ Zero တစ်ဗူးကို တွေ့လိုက်ရတယ်။ ဒီတစ်ခါတော့ သူ နည်းနည်းမက ထိတ်ထိတ်ပြာပြာ ဖြစ်သွားမိတာ အမှန်ပဲ။ စဉ်းစားကြည့်လေ .. စောစောက ဒီနေရာမှာ ဒီဗူး သူမတွေ့မိဘူးလို့  ထင်တာပဲ။ ကဲ .. ကြည့်။ ခုပဲ သူ ဇဝေဇဝါဖြစ်ကုန်ပြီ။ မတွေ့မိဘူး မဟုတ်တော့ဘူး။ မတွေ့မိဘူး ထင်တာပဲ တဲ့။ ရှိနေလျက်နဲ့ မတွေ့မိတာလား။ တကယ်ပဲမရှိခဲ့တာလား။ ခုကျမှ ဘယ်က ရောက်လာတာလဲ .. ။ စသဖြင့် တွေးမိရင်း သောက်ရမှာတောင် နည်းနည်း လက်တွန့်သလို ဖြစ်နေတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ အာသီသက သိပ်ကို ပြင်းပြနေတာမို့ သောက်ပစ်လိုက်တယ်။
ဗိုက်ပြည့်သွားတော့ ဘာလုပ်ရရင် ကောင်းမလဲ တွေးတယ်။ ဖြူစင်ကြယ့် အလောင်းကြီးနဲ့  သူ တစ်ညလုံး ဒီလိုပဲ နေရမှာလား။ ဖျတ်ကနဲ ဘာရယ်မဟုတ် ကြက်သီးထသလို ဖြစ်သွားသေးတယ်။ ဖြူစင်ကြယ်ကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ သူတင်ခဲ့တဲ့အတိုင်း အိပ်လျက် အနေအထား။ မျက်နှာဝင်းဝင်းလေးပေါ်မှာ မသေခင် တစ်စုံတရာ ပြင်းပြင်းထန်ထန် ခံစားသွားရပုံလည်း မတွေ့ရဘူး။ သက်သောင့်သက်သာလေး အသက်ထွက်သွားပုံပဲ။ ခက်တာက သူ ဘယ်လို သေသေ ကိုယ့်ပရောဂ မကင်းတဲ့ သေနည်းကြီးနဲ့ သေနေသလို ခံစားရတာမို့ ဒီအလောင်းကြီးနဲ့ တစ်ညလုံး သူ ဘယ်လို အိပ်မလဲပဲ တွေးနေမိတယ်။ အဲဒါမှ ပြဿနာပဲ ..။ ဒီအလောင်းကြီး သူ့အလိုလို ပျောက်သွားရင် ကောင်းမှာပဲလို့ ကလေးတွေးတွေးမိပြီး အလောင်းရှိရာ မရဲတရဲပြန်လှည့်လိုက်တော့ .. ဟားးး .. ဖြူစင်ကြယ် မရှိတော့ဘူး။ ဖြူစင်ကြယ့်အလောင်း မရှိတော့ဘူး။ အားး …. .. သူ တကယ်ပဲ နှုတ်ကနေတောင် ထုတ်အော်မိသလား မဆိုနိုင်ဘူး။ သရဲ ခြောက်တယ်ဆိုတာ အဲဒါလားမသိဘူး။ ခုမှပဲ တကယ့်ကို ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရာက သူ တစ်ခုသွားသတိထားမိတယ်။
မြတ်စွာဘုရား .. သူစိတ်ထဲက တစ်ခုခုတောင့်တလိုက်မိတာနဲ့  အဲဒီအရာက ဖြစ်လာသလိုပဲ …လို့ ..။ စောစောက တစ်ခုခုစားချင်တယ်ဆိုတော့ saint မုန့်ဘူးက အဆင်သင့်။ ဒါက ထားလိုက်ဦး။ ရေခဲသေတ္တာထဲ ကုန်နေတဲ့ Zero Cola က ချက်ချင်းကြီး ပေါ်လာတာ။ ခုလည်း အလိုလို ပျောက်သွားရင် ကောင်းမှာပဲ ဆိုတော့ တကယ်ပျောက်သွားတယ်။ ဟာ .. ဒါဆို ဖြူစင်ကြယ်သေတာလည်း သူ့ကြောင့်ပဲပေါ့။ သေပစ် လိုက်စမ်းပါလား ဖြူစင်ကြယ်လို့ စိတ်ထဲက ခပ်ပြင်းပြင်းလေး ရေရွတ်လိုက်မိတယ်လေ ..။
ဘာပဲဖြစ်ဖြစ် ဒါဟာ သေချာလား မသေချာလား ထပ်ပြီး စမ်းကြည့်ချင်စိတ်တွေ ပေါ်လာတယ်။ ဒါနဲ့ အရင်ဆုံး ရေတစ်ဘူးလောက် အခန်းထဲ ရောက်လာရင်ကောင်းမှာပဲ လို့ ဆန္ဒပြုလိုက်တယ်။ ချက်ချင်းဆိုသလို အခန်းထဲက bed side table လေးပေါ်မှာ ရေအေးအေး တစ်ဘူး ရောက်လာတယ်။ သေချာတယ်။ ဒီဘူး ခုနက လုံးဝ(လုံးဝ) မရှိဘူး။ ဒိထက် သေချာချင်တာနဲ့ နောက်ထပ်တစ်ခု ဆန္ဒပြုလိုက်တယ်။ ခက်ခက်ခဲခဲ လေးတစ်ခုပေါ့။ မန္တလေးက စိုးစိုးမုန့်တီ စားချင်တယ် လို့.. (တကယ်လည်း စားချင်နေတယ်။ သူ မန္တလေး ရောက်တိုင်းလည်းသွားစားတတ်တယ်။) တကယ်ပါပဲ .. ခုနက ရေဘူးဘေးကို မုန့်တီတစ်ပွဲရောက်နေတယ်။ စိုးစိုးမုန့်တီ ဟုတ်မဟုတ်က စားကြည့်ဖို့တောင် မလိုဘူး။ ပြင်ထားတာနဲ့သိတယ်။ သူစားနေကျအတိုင်းပဲ။ ရုတ်တရက်ကြီး သူ ထခုန်လိုက်မိတယ်။ စောစောက စိုးရိမ်ကြောင့်ကျမှုတွေ မသိုးမသန့်ခံစားရမှုတွေ တစ်ခုမှ ရှိမနေတော့ဘူး။ နတ်ကောင်းနတ်မြတ်တွေ မ’တာလား ။ နတ်ဆိုးတွေပဲ မတာလားမသိဘူး။ နတ်ကောင်းနတ်မြတ်တွေ မ’ရအောင်ကလည်း သူ့တစ်သက်နဲ့တစ်ကိုယ် ကောင်းမှုဆိုလို့ ဘာမှမှ မလုပ်ခဲ့ဖူးဘူးလေ ..။ နည်းနည်းမက ထူးဆန်းနေတာတော့ အမှန်ပဲ။ ကံဇာတာတွေ တက်လာတာလား။ အတိတ်ကံတွေ ခုကာမှ ကောက်ကာငင်ကာ အကျိုးလာပေးနေတာလား ။ ဘာမှန်းကို မသိတော့ပါဘူး။ စဉ်းစားမနေတာက အကောင်းဆုံးမဟုတ်လား။
ပထမဆုံး နှင်းအိဖြူ ရောက်လာရင်ကောင်းမယ်လို့ တောင့်တလိုက်တယ်။ နှင်းအိဖြူ ကားတစ်စင်းနဲ့ အိမ်ရှေ့ ရောက်လာတယ်။ ဒီအိမ်ဟာ သူ့အိမ်ဆိုတာ နှင်းအိဖြူ ဘယ်တုန်းကမှ မသိခဲ့ဘူး။ ခု ဘယ်လိုရောက်လာလဲ မသိဘူး။ နောက်တစ်ခုက အိမ်ထဲက ဖြူစင်ကြယ်နဲ့ပတ်သက်တဲ့ မိန်းမ အသုံးအဆောင်တွေကိုလည်း နှင်းအိဖြူ တွေ့သွားလို့မဖြစ်ဘူး။ နှင်းအိဖြူမှ မဟုတ်ပါဘူးလေ။ နောက် ရောက်လာနိုင်တဲ့ ဘယ်မိန်းမ မှလည်းတွေ့လို့မဖြစ်တာမို့ ဒါတွေကို ဖျောက်ဖျက် ခိုင်းလိုက်တယ်။ မျက်စိ တမှိတ်လျှပ်တပြက်အတွင်းမှာပဲ ဖိနပ်စင်ပေါ်က မိန်းမ ဖိနပ်တွေက အစ ပျောက်ကုန်တယ်။ တယ်လည်း ကောင်းပါလား …။ ကံဇာတာတွေ တက်လာတာလား။ ဆိုးဖို့ ဖြစ်လာတာလား သူ မတွေးအားဘူး။ လောလောဆယ် ဒီလိုတွေ ဖြစ်နေတာကို နှင်းအိဖြူသိလို့ မဖြစ်ဘူး လို့ တွေးမိတာမို့ သူမရှေ့ဘာမှ အထူးတဆန်းတွေ ဖြစ်မလာဖို့ သတိထားရလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို သတိပေးထားလိုက်တယ်။ လိုချင်တာတွေ ချက်ချင်း ရှေ့ရောက်လာပေမယ့် နှင်းအိဖြူ ရှေ့မှာတော့ မဖြစ်ရဘူးလို့  အကြိမ်ကြိမ် ရေရွတ်နေမိတယ်။
နှင်းအိဖြူ လိုသမျှ အကုန် ဖြည့်စွမ်းပေးပေမယ့် ဒါတွေ ဘယ်က ရတယ်ဆိုတာ နှင်းအိဖြူ မသိစေရဘူး။ ရွှေဆိုရွှေ၊ ငွေဆိုငွေ၊ ဘာဆိုဘာ ညာဆိုညာ .. အကုန် အခန်းထဲက ဝင်ဝင်ယူပေးနေတာ ဆိုတော့ ဟိုကပျော်လို့ ခုန်ဆွ ခုန်ဆွတောင် ဖြစ်နေတယ်။ သူလည်း ပျော်သလိုလိုပါပဲ။ ဒါပေမယ့် သိတယ် မဟုတ်လား။ သူ့ထုံးစံအတိုင်း နောက်တစ်နေ့မနက် စောစောမှာတင် အတော်လေး ပျင်းရိ ငြီးငွေ့စပြုလာပြီ။ နှင်းအိဖြူ ပြန်သွားရင် ကောင်းမှာပဲ လို့ တွေးလိုက်မိတယ် ဆိုရင်ပဲ နှင်းအိဖြူက ပြန်မှဖြစ်မယ်ထင်တယ်ကိုကို ဆိုပြီး လာတုန်းကလိုပဲ အိတ်ကလေး ဆွဲပြီး ပြန်သွားတယ်။ (ဘဝက လွယ်ကူလိုက်တာ )
နှင်းအိဖြူ ပြန်သွားတော့လည်း သူ ဘာလုပ်ရမှန်းမသိဘူး။ တောင့်တလိုက်လို့ ရလာတဲ့ LCD ၄၂လက်မ TV အသစ်စက်စက်ကြီး ရှေ့မှာ ကြည့်နေတာလည်း လိုင်းကိုစုံနေပြီ။ မြန်မာပြည်မှာ ကြည့်ရခဲတဲ့ လိုင်းတွေလည်း ကြည့်ပြီးပြီ။ သီချင်းတွေ အခွေတွေလည်း ပြန့်ကျဲလို့။ အားလုံးက အသစ်။ google ထဲ ရိုက်ရှာလိုက်၊ လိုချင်တယ်လို့ တောင့်တလိုက်၊ ရောက်လာလိုက် နဲ့ ။ ပစ္စည်းပစ္စတွေလည်း အတော်များနေပြီ။  စားစရာတွေကလည်း ရောက်လာလိုက် ပြန်ပျောက်သွားလိုက်၊ အဝတ်အစား အသစ်စက်စက် တွေလည်း အခန်းထဲ ပြန့်ကျဲလို့ ..။ ဖုန်းကလည်း အသံမမြည် တော့ဘူး။ ဘယ်မြည်မလဲ။ သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ၊ ဖြူစင်ကြယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဘယ်သူ့ဘယ်သူမှ သူ့ဆီ ဖုန်းမဆက်ကြရင် ကောင်းမယ်လို့ ဆန္ဒပြုထားမိတာကိုး။
အနည်းငယ်မက ပျင်းရိစပြုလာတာနဲ့ အပြင်ထွက်ဖို့ စဉ်းစားလိုက်တယ်။  အဝတ်အစားလဲပြီး ပြန်ထွက်လာတော့ ဆင်ဝင်အောက်မှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ ဒရိုင်ဘာကြီးကို တွေ့လိုက်ရတယ်။ အားးး ဟုတ်သားပဲ။ သူ့ကို မေ့နေတာ။ သူက ဒီအိမ်က ဒရိုင်ဘာ ဆိုတာထက် ဖြူစင်ကြယ့် ဒရိုင်ဘာဆို ပိုမှန်မယ်။ ဖြူစင်ကြယ်က ကားမမောင်းတတ်ဘူးလေ။ သူမဘယ်သွားသွား သူလည်း လိုက်မပို့တတ်တော့ ဒရိုင်ဘာပဲ ပို့တယ်။
ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ ဦးလေးကြီးက အိပ်ယာထ နောက်ကျကြတယ်နော် တဲ့။ သဘောက သူစောင့်နေတာကြာပြီ ဆိုတဲ့သဘော။ ဘုရား ဘုရား။ ဦးလေးကြီး ဘာတွေများ တွေ့သွားသေးလဲမသိ ။ နှင်းအိဖြူ ပြန်သွားတုန်းက သူရောက်နေပြီလား .. ။ သူခေါင်းနပမ်း ကြီးသွားတယ်။
“ ဦးလေး ဘယ်တုန်းတည်းက ရောက်နေတာလဲ ”
“ နာရီဝက်လောက်တော့ ရှိပြီ ကလေးရဲ့ .. ”
ဖေဖေတို့ လက်ထက်တည်းက ကားမောင်းလာတာမို့ သူ့ကို အရင်ကလိုပဲ ကလေးလို့ ခေါ်တယ်။ ပြီးမှ ဒီဦးလေးကြီးကို သူတို့အတွက် လက်ဖွဲ့အနေနဲ့  ထည့်ပေးလိုက်တာ။
“ ဘယ်သူတွေလာသေးလဲ ”
“ ဘယ်သူမှ မလာပါဘူး ”
“ မစောင့်နိုင်လို့ ပြန်သွားတာများ ရှိသလားလို့ ”
“ မရှိပါဘူး။ တစ်ခုပဲ ခြံတံခါးက သော့ခတ်မထားဘူး။ ဂိုထောင်တံခါးလည်း ပိတ်မထားဘူး။ ဒါကြောင့် ဦးလေးလည်း ဒီတိုင်း ဝင်လာတာ။ ကားတောင် ရေဆေးပြီးပြီ ”
“ အော် အော် .. ဖြူစင်ကြယ်ထွက်သွားတော့ ဦးလေး မရောက်သေးဘူးပေါ့”
ဖျတ်ကနဲ ပေါ်လာတဲ့ အတွေးကြောင့် အဲဒီလို အလိုလို နှုတ်က မေးမိသွားတယ်။
ဦးလေးကြီးက သူ့ကို လှည့်ပင်မကြည့်။ ကားသုတ်နေရင်းက ဖြေသည်။
“ မရောက်သေးဘူး။ ဖြူစင်ကြယ်ဘယ်သွားလို့လဲ ..”
“ မနက်စောစောကပဲ လေဆိပ်ဆင်းသွားတယ်လေ .. သူ့အစ်မဆီ ခဏသွားတာ”
“ အော် . ဒါကြောင့် မနေ့က ဈေးဝယ်နေတာကိုး ”
ဦးလေးကြီးက သူ့အတွေးနဲ့သူ မှတ်ချက်ချတယ်။ တိုက်ဆိုင်မှုကိုတောင် သူက ကျေးဇူးတင်ရတော့မလို။ မစပ်စုတတ်တဲ့ ဦးလေးကြီးက ဖြူစင်ကြယ့် အစ်မတွေထဲက တောင်ကြီးက အစ်မလား၊ စင်ကာပူက အစ်မလားတောင် မမေး။ သူ့ကိုလည်း လိုက်မပို့ဘူးလား ဘာလား မမေး။ ဒါလည်း တစ်မျိုး ကံကောင်းတာပဲ မဟုတ်လား။ ဦးလေးကြီးရဲ့စပ်စပ်စုစု မနိုင်မှုကိုပဲ ကျေးဇူးတင်ရတော့မယ်။
“ ကျွန်တော်ကလည်း ကိုယ့်ကား ကိုယ်မောင်းတာ ဆိုတော့ ဦးလေးကြီး တစ်ပတ်လောက်တော့ အသာလေး နားလို့ ရတယ် .. အားလပ်ရက်ပေါ့ ၊ မဟုတ်ဘူးလား ”
သူ့စကားကြောင့် လှည့်ကြည့်လာတဲ့ ဦးလေးကြီးရဲ့ မျက်ဝန်းတွေက လက်ကနဲ ဖြစ်သွားတာ သူ သတိထားလိုက်မိတယ်။
“ တကယ်ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဘုရားမတာ။ အိမ်က မင်းအဒေါ် ဆေးရုံတက်နေရတယ်လေ။ နားရမယ်ဆိုရင်တော့ သူ့နား နေပေးလို့ရတာပေါ့ .. ”
ချက်ချင်း လက်ငင်းဆိုသလို ဦးလေးကြီးမိန်းမက သူ့အဒေါ် ဖြစ်သွားရတာကို ကြိတ်ပြုံးမိသေးတယ်။ ဒါပေမယ့် ဒါ ဗမာလူမျိုးတွေရဲ့ သိပ်လှတဲ့ ဆိုရိုးလေး အတိုင်းပါပဲ။ ခင်ရင်ဆွေမျိုးလို့ ဆိုရိုးရှိတယ်မဟုတ်လား။  ဦးလေးကြီးကြည့်ရတာ သူသာ နားလို့ရတယ်မပြောရင် ပြောရမှာအားနာနေတာနဲ့  ဒီတိုင်းနေသွားမယ့်ပုံ။ သူ တစ်ခု နားမလည်တာကတော့ ပေါင်းလာတာ နှစ် ၂၀ကျော်မက ဖြစ်နေပြီဖြစ်တဲ့ အဒေါ်ကြီးကို ခုထိ အမယ်ကြီး အမယ်ကြီးနဲ့  ပါးစပ်ဖျားက မချတာပါပဲ။ ခုလည်း ဆေးရုံတောင် လိုက်စောင့်ပြီး အနားမှာ နေချင်သေးသတဲ့။ သူသာဆို … အင်း .. သူသာဆိုလို့ တွေးပြီးမှ ဖြူစင်ကြယ် မရှိတော့တာကို သတိရတယ်။ ဒါဆို သူက ဘာမှလုပ်စရာမှ မလိုတော့တာ။
“ ရော့ရော့ ဦးလေး။ ဒါက ဒေါ်ကြီး ဆေးရုံတက်နေုလို့ ဆေးကုဖို့ ကျွန်တော် ကုသိုလ်ယူတာ။ ဦးလေး တစ်ပတ် ဆယ်ရက်တော့ အသာလေး ဒေါ်ကြီးနား နေလို့ရတယ်။”
“ ကျေးဇူးတင်ပါတယ်ကွယ် .. ဒါဆို ဦးလေး သွားမယ်နော်။ ကားကို ဂိုထောင်ထဲ ထည့်ပေးခဲ့ရဦးမလား ”
“ ဟင့်အင်း ရတယ် .. ထားလိုက်။ သွားသွား ဦးလေး။ ဒေါ်ကြီးက အရေးကြီးတယ် ”
ပါးစပ်က လွှတ်ကနဲ ထွက်သွားတဲ့ စကားက သူ့ကျိုးလား ကိုယ့်ကျိုးလားတောင် သိပ်မသေချာဘူး။ သေချာတာက ဦးလေးကြီး ခပ်သွက်သွက် ထွက်သွားတာကို ရန်တစ်ခု အေးသွားသလို ထိုင်ကြည့်နေမိတာ ပါပဲ ..။
သူ့ကားက ဂိုထောင်ထဲမှာ။ သူ မသိမ်းနဲ့ ထားခဲ့လို့ ပြောတဲ့ကားက ဖြူစင်ကြယ် စီးနေကျကား။ ဒိထက်မှန်အောင် ပြောရရင် ဖြူစင်ကြယ် မိဘဘက်က လက်ဖွဲ့ထားတဲ့ကား။ ဖြူစင်ကြယ်က မိန်းကလေးပီပီ ကားဆို ခပ်သေးသေးပဲ ကြိုက်တာမို့ သူ့မိဘက bug ကလေး တစ်ကောင် ဝယ်ပေးထားတာ။ တကယ့် bug ကလေးလိုဖြစ်အောင် ဖြူစင်ကြယ်ကလည်း ဆေးတွေမှုတ် decoration တွေ ဆင်ထားသေးတာ။ သူဖြင့် ဘယ်လိုနည်းလေးနဲ့မှ ခံစားလို့မရဘူး။ သူက ကားဆို ခန့်ခန့်ညားညားကြီးတွေ၊ လူရှိန်တဲ့ကားကြီးတွေပဲ သဘောကျတာ။ ခပ်သေးသေးဆို ပြိုင်ကားလောက်ပဲစိတ်ဝင်စား … အဲ.. သူလိုချင်နေတဲ့ ပြိုင်ကားတစ်စင်း ကို ခုမှသတိရတယ်။ မော်ဒယ်လ် အတိအကျတွေ ဘာတွေ သူမသိဘူး။ သူသိတာက သူ့သူငယ်ချင်း တစ်ယောက်ဆီမှာရှိတယ်။ ငွေရောင်လေး။ ခပ်ပြားပြားလေး။ မြေမှာဝပ်နေတာပဲ။ တွေ့နေကျ ပုံလည်း မဟုတ်ဘူး။ အဲလိုလေး လိုချင်တာ ..
အတွေးမဆုံးခင် ကားက ရှေ့ကို အလိုလို ရောက်လာတယ်။ ဘေးဘီက ကြည့်နေတဲ့သူများ ရှိရင်ပြဿနာပဲ လို့ တွေးမိပြီး အမေရိကန် မင်းသားကြီးတွေလို ပုခုံးတောင် တွန့်လိုက်မိသေးတယ်။ ဒေးဗစ်ကော့ပါးဖီးလ် လိုလို ဘာလိုလို .. ထင်သွားနိုင်တယ်။ ဒါမှမဟုတ်လည်း မှော်ပညာပဲ တတ်ထား သလိုလိုပေါ့ .. သူပြုံးလိုက်ပြီး ကားကို လှည့်ပတ် ကြည့်လိုက်တယ်။ ကားသော့က ကားမှာပဲ တန်းလန်း ပါလာတယ်။ နံပါတ်က မတပ်ရသေးဘူး။ ခုတလော မြို့ထဲမှာ နံပါတ်မတပ်ရသေးတဲ့ ကားတွေ ဥဒဟို သွားနေကြတာပဲ။ သူလည်း မောင်းလို့ရတာပေါ့ လို့ တွေးပြီး ကားပေါ် တက်ထိုင်လိုက်တယ်။
စက်နှိုးပြီး မောင်းကြည့်လိုက်တယ်။ အားပါး။ တယ်မိုက်ပါလား။ ခပ်တည်တည် မောင်းထွက်လာပြီးမှ သတိရတယ်။ ခြံတံခါး ပိတ်ရဦးမယ်။ ဘယ်သူမှမရှိတော့ ခြံတံခါးကို ကိုယ်တိုင် ပိတ်ရတော့မှာပါလားလို့ တွေးလိုက်မိပြီးကာမှ ငါ့နှယ့် အ,ရန်ကော လို့ သူ့ကိုယ်သူ အပြစ်တင်မိပါတယ်။ ဟုတ်တယ်လေ။ စိတ်ရဲ့ remote control နဲ့ပိတ်ပစ်လိုက်ရုံကို။ ခုချိန်မှာ သူ့ စိတ်က တောင့်တတိုင်း အလိုလိုဖြစ်နေပြီပဲ။
ခြံတံခါးကို စိတ်နဲ့ပိတ်ပစ်လိုက်ပြီးမှ သူကားကို ခပ်သွက်သွက်လေး မောင်းထွက်လာခဲ့လိုက်တယ်။ ဟုတ်တယ်လေ။ တကယ်ဆို ကားကို စိတ်နဲ့မောင်းခိုင်းလိုက်လည်း ရတာပဲ။ ဒါပေမယ့် သူက ကားမောင်းရတာကိုတော့ သဘောကျတယ်။ ကိုယ်တိုင် အလုပ်ချင်ဆုံး အလုပ်ကိုပြပါဆိုရင်လည်း ဒါပဲ ရှိတယ်။ ကျန်တာကတော့ ဘာမဆို ထလုပ်ဖို့ ပျင်းနေတတ်တယ်။
ဘယ်သွားရရင်ကောင်းမလဲ .. ဒီလိုကားမျိုး မောင်းလို့ ကောင်းမယ့်နေရာကို တွေးတော့ ပြည်လမ်းမကြီးနဲ့  နေပြည်တော် အမြန်လမ်းပဲ သွားမြင်တာမို့ အဲဒီဘက်ကို မောင်းထွက်ခဲ့လိုက်တယ်။  ၁၁၅မိုင်ထိ မောင်းမယ်။ အဲဒိမှာ ထမင်းစားမယ်ပေါ့။ စိတ်ကူးတာက အဲလို။ ခါတိုင်းလည်း သူ့ဘာသာသူ ဒီလိုပဲ မောင်းလာနေကျ။ တစ်ခါတစ်ခါကျ ဖြူစင်ကြယ်ပါတယ်။ ဒါလည်း ဟိုး long long ago ကပါ ..။ နောက်ပိုင်းကျ သူနဲ့ ဘယ်ကိုမှ သိပ်သွားသွားလာလာ မရှိတော့ဘူး။ ဖြူစင်ကြယ်က ကားသေးသေးလေးတွေကို သဘောကျတယ်။ ခုလို ပြိုင်ကားလေးဆို သိပ်သဘောကျမှာပဲ။ အင်း သူ့ခမျာ ဒီလိုကားမျိုးလေးဆို စီးချင်ရှာမှာပဲ …
” ကျွီ …”
ကားကို ကဗျာကယာ လမ်းဘေး ချရပ်လိုက်ရတယ်။ လူက တကယ့်ကို ဒိန်းကနဲပဲ .. ။ နှလုံးခုန် ရပ်တော့ မလားတောင် မှတ်လိုက်ရတယ်။ မရပ်ခံနိုင်မလား။ အတွေးတောင် မဆုံးလိုက်ဘူး။ ဘေးက ခုံမှာ ဖြူစင်ကြယ်က ငုတ်တုတ်ကြီး။ သူမ သေသွားတုန်းက အဝတ်အစားနဲ့ပဲ .. ။ သူမကတော့ အဲလို ကမူးရှူးတိုး ကားကို လမ်းဘေး ထိုးရပ်လိုက်တာကို နားမလည်သလို ကြည့်တယ်။ မျက်မှောင်လေးတောင်ကြုတ်လို့။
“ ဘာဖြစ်တာလဲ ” တဲ့။
ဘာဖြစ်ရမလဲ။ နင်က ဘယ်က ပါလာမှန်းမှ မသိတာလို့ ပြောမိမလို ဖြစ်ပြီးမှ သွားသတိရတယ်။ ဖြူစင်ကြယ်က သူ့ဘာသာသူတောင် သေပြီးလို့ သေပြီးမှန်း သိမှာမဟုတ်သေးဘူး။ ဒါတွေကို သိတာ သူတစ်ယောက်ပဲ ရှိတာ မဟုတ်လား။ အသက်ကို မနည်းမှန်အောင် ပြန်ရှူရတယ်။ သေမယ့်ဟာ သေတာမဟုတ်ဘူး ။ ပြန်လာသေးတယ်။ သေပါ့လား ဖြူစင်ကြယ်ရယ် ..လို့ စိတ်ထဲက ရွတ်လိုက်မိတယ် ဆိုရင်ပဲ ဘေးက ခုံမှာ ဖြူစင်ကြယ်က ခွေကနဲ .. ..
ဟော .. လုပ်ပြန်ပြီ။ သေသွားပြန်ပြိ။
အင်းလေ။ သေမှာပေါ့။  သေပါ့လား ဖြူစင်ကြယ်ရယ်လို့ ပြောမိတာကိုး …။
သူခေါင်းက ဆံပင်တွေကို ဆွဲဖွရင်းက ဝမ်းသာလို့ ရယ်ချင်သလိုလို၊ စိတ်ညစ်လို့ ငိုချင်သလိုလိုတွေ ဖြစ်လာတယ်။ ဒုတိယမ္ဗိ ဒီအလောင်းကောင်ကြီးနဲ့ နှစ်ပါးသွားရဦးမှာလား။ ဒါလည်း ပထမတစ်ခါလိုပဲ ပျောက်သွားရင် ကောင်းမှာပဲ လို့ တွေးလိုက်မိတယ် ဆိုရင်ပဲ ဖြူစင်ကြယ်ပြန်ပျောက်သွားတယ်။ အမလေး။ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း ။ ကားထဲမှာတောင် ထခုန်ချင်သလို ဖြစ်သွားတယ်။
မဖြစ်ဘူး။ မဖြစ်ဘူး။ ခုကနေစပြီး အတွေးအခေါ် ၊ စိတ်ကူးစိတ်သန်း ၊ အပြောအဆို အားလုံး ဆင်ခြင် ရတော့မယ်။ သတိထားစမ်း။ သတိထားစမ်း ..။ ခုချိန်မှာ ဘာလုပ်နေတာက ကောင်းမလဲ။ တစ်ယောက်တည်း နေတာက ကောင်းမလား။ သူများတွေနဲ့ နေတာက ကောင်းမလား တွေးကြည့်တော့ တစ်ယောက်တည်း နေတာက ပိုကောင်းမယ်လို့ ရွေးချယ်လိုက်တယ်။ ဟုတ်တယ်လေ။ ဘေးနား တစ်ယောက်ယောက် ရှိနေရင် ခုလို ဖြစ်ချင်တာတွေ ဖြစ်နေပုံနဲ့က မဖြစ်ဘူးရယ်မှ မဖြစ်ဘူးပါပဲ။ အကောင်းဆုံးက ခုလို ကားမောင်းနေတာပေါ့။ လမ်းပေါ်ပဲ အာရုံထား။ ကားကိုပဲ အာရုံစိုက်မောင်း။ ဘာကိုမှ မစဉ်းစားနဲ့ လို့ ကိုယ့်ကိုယ်ကို ဆုံးမရင်း ကားကို ဆက်မောင်းခဲ့လိုက်တယ်။
၁၁၅ မိုင်ကို ရောက်တယ်။ အေးဆေးပဲ။ ထမင်းစားတယ်။ လက်ဘက်ရည်သောက်တယ်။ မက်မန်းသီးတွေ ဝယ်တယ်။ ရေဘူးတွေဝယ်တယ်။ တခြားမုန့် သုံးလေးမျိုးလည်း ကောက်ထည့်လိုက်သေးတယ်။ ပြီးတာနဲ့  ၁၁၅မိုင်ကနေ ရန်ကုန်ဘက် လှည့်ပြန်မောင်းလာခဲ့လိုက်တယ်။
အကောင်းဆုံးကတော့ အိမ်ပြန်တာပဲပေါ့။ အိမ်မှာ တစ်ယောက်တည်း လုပ်ချင်တာတွေ လုပ်နေတာက ပိုကောင်းမယ် လို့ တွေးပြီး အိမ်ပဲ တန်းမောင်းလာလိုက်တယ်။ ဒီလောက် အဝေးကြီးကို ကားမောင်းရတာ မပင်ပမ်းပါဘူး။ ခြံရှေ့ပြန်ရောက်မှ လူက အမောဆို့တော့တာ။ ခြံဝမှာက ဘယ်လိုမှ မျှော်လင့်မထားတဲ့ မျိုးမင်းခေါင်ကို တွေ့လိုက်ရတာကိုး။ သူက ခြံဝကနေ လူခေါ်ခေါင်းလောင်းကို တီးနေတယ်။ အဆက်မပြတ်။ နောက်က ဝင်လာတဲ့ သူ့ကားသံကြောင့် လှည့်ကြည့်တယ်။ ပြိုင်ကားက နည်းနည်းဝပ်တော့ သူ ခေါင်းနည်းနည်း ငုံ့ပြီး ကားထဲကို ကြည့်တယ်။ သူ့ကို မြင်တယ်ဆိုရင်ပဲ နောက်ဆုတ်ပြီး ရပ်ပေးတယ်။ သဘောက ဖွင့်ပေါ့။ ခြံတံခါးဖွင့်ပေါ့။
ဒီလူကို ကြည့်မရပါဘူးဆိုမှ .. ။
ဒါပေမယ့် လူကတော့ စိတ်ထိန်းမှ ဖြစ်မယ်။ တစ်ခုပြီးတစ်ခု အမှားတွေ ဆက်ဖြစ်လို့ မကောင်းဘူး။ အရာရာ သတိရှိမှကိုဖြစ်မယ်လို့ တွေးပြီး ကားပေါ်က ဆင်းလိုက်တယ်။ ခြံတံခါးကို ကိုယ်တိုင် လက်နဲ့ ဖွင့်ဖို့ ..။ စိတ်နဲ့ ဖွင့်ရင် ရရဲ့သားနဲ့ ဒင်းရှိနေတော့ လူက ကားပေါ်က ဆင်းရပြီ။ အဲဒီအတွက် တိုချင်လာတဲ့ စိတ်ကို မနည်း ဆွဲဆန့်ထားလိုက်ရတယ်။ ကားပေါ်က ဆင်းလိုက်တယ်ဆိုရင်ပဲ ဒင်းက လှမ်းမေးတယ်။
“ ဖြူစင်ကြယ် အိမ်ထဲမှာလား ” တဲ့
“ မရှိဘူး .. ခရီးသွားတယ် ”
သူ့ရဲ့ ခပ်ပြတ်ပြတ် အဖြေကြောင့် မျိုးမင်းခေါင် ဆိုတဲ့လူ မျက်မှောင်ကြုတ်သွားတယ်။
“ မဖြစ်နိုင်တာ ” လို့လည်း ဆက်ပြီး ရေရွတ်နေသေးတယ်။
“ ဘာ မဖြစ်နိုင်တာလဲ ”
“ ဖြူစင်ကြယ် ခရီးသွားတယ် ဆိုတာ ..”
“ ဘာလို့ မဖြစ်နိုင်တာလဲ ”
“ မနေ့ကပဲ ကျွန်တော်လာမယ်လို့ ပြောထားတယ်။ ဒီအချိန်ပဲ သူနဲ့ ချိန်းထားတာ”
ပြောပုံကိုက ကြည့်။ သူများ မိန်းမနဲ့ ချိန်းထားတာကိုများ အဲဒီမိန်းမရဲ့  ယောကျာ်းရှေ့ လာပြောနေသေးတယ်။ အတော် သတ္တိကောင်းတဲ့ကောင်ပဲ လို့ တွေးလိုက်မိပြိးမှ ဘာမှ ဆက်မတွေးမိအောင်၊ ဒေါသတွေ ထွက်မလာအောင် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရတယ်။
“ ဟုတ်တယ်။ မနက်ကပဲ ထွက်သွားတာ။ အရေးကြီးတဲ့ကိစ္စနဲ့ ”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...