by ရင် နင့် အောင် on Tuesday, August 21, 2012 at 9:12pm 

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါပဲ
ငါ့ပုံအတိုင်း ပြောင်းပြန်စီးဆင်းနေတဲ့ မြစ်တစ်စင်း
အလင်းကို သူတစ်ခါတစ်ခါ သိလေရဲ့
တုန့်ပြန်မှုက သိပ်တော့လည်း နောက်မကျလှဘူး

ဒရောသောပါး အတည်လုပ်ထားတဲ့ မျက်နှာနဲ့
နတ်အလို လူကော လိုက်နိုင်လို့လား ပြန်မေးမယ့်သူ
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါပဲ
ပုံပါအတိုင်းဆို ရည်ညွှန်းပြောဆိုမှုဟာ နိမိတ်ပုံထက်ကြီး
မာလ်တီပယ်ချွိုင့်စ် ရွေးခိုင်းမယ့် မေးခွန်းလိုလို
သံသရာနှစ်ခုကြားမှာ တိုးညှင်းစွာ ထထအော်နေတဲ့ဇာတ်
အမဲလိုက်နေတဲ့ သတ်သတ်လွတ်သမား မုဆိုးတစ်ယောက်လိုပဲ
လေနေတယ် ကြွေနေတယ် ရယ်လိုက်ငိုလိုက်
တစ်ဖက်ကမ်းက လေချွန်သံကို ကီးညှိရင်း
ဂီတဟာ သူ့အတွက် ဆေးလိပ်မီးခိုး မျက်နှာပေါ် စီးကျ
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါပဲ
ခေတ်ကောင်းတုန်း တူတူပုန်းတမ်းကစားရင်း
ခေတ်ပျက်ချိန် စိုက်ပျိုးဖူးတဲ့ သစ်ခေါက်တွေကို ဈေးကြီးကြီးနဲ့ ထုတ်ရောင်း
အမှောင်ကို ရမ်းသမ်းပြီး ဘုရားသခင်ဆီ ပြန်တမ်းဝင် ဆက်သ
တည်တည်ငြိမ်ငြိမ်နဲ့ ပြာယာခတ်သွားတာပဲ 
ဇယားကွက်တွေထဲ တဖြည်းဖြည်း ဆင်းနေတဲ့ အီကိုနောမစ်
လစ်ရင်လစ်သလို သူ့နှလုံးသွေးတွေ မည်းညစ်ခဲ့
အပျက်အပျက်နဲ့ သူ့လျှာတွေ အရိုးထွက်ခဲ့
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါပဲ
အရှင်းကြီး ရှုပ်ထွေးကြည့်တယ်
မတတ်သာလို့သာ သူမတတ်ခဲ့တာမျိုး
တက်လိုက်ဆင်းလိုက် အိမ်ကို တာ့တာပြရင်း
ကလေးတစ်ယောက်လိုပဲ ကိုယ်လုံးတီး သီချင်းဆိုတယ်
ဖြေရှင်းချက်ဟာ မလုံလောက်တဲ့ သံသယရဲ့ ထီးတစ်ချောင်း
တစ်ယောက်ပေါင်းပြီး လောင်းကျော်ခဲ့ပါရဲ့
မလင်း တလင်းနဲ့ ပြန်ပြန်မှိန်နေတဲ့သူ
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါပဲ
သမာဓိအကြီးစားနဲ့ သူရူးနေတယ်
ကွက်လပ်တိုင်းမှာ ပျော့ပျောင်းလွယ် သတ္တ၀ါဖြစ်လာတယ်
အလွမ်းကို အချိန်ဇယားနဲ့ မီးညှိရှိုက်ဖွာတယ်
ပျံတယ် သန်းတယ်
ရူး
တယ်
တစ်ခေတ်တစ်ခါက ဆေးဖေါ်ကြောဖက်များနဲ့အတူ
ခက်ဆစ်ကို အက်ဆစ်မိုးနဲ့ စစ်ဖြစ်မယ့်သူ
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါပဲ ။       ။

ရင်နင့်အောင်