Saturday, August 18, 2012

နိုင်ငံတော် ( နို့င်ငံရေးဒဿနအယူအဆများ ၁) အတွေးအမြင်မဂ္ဂဇင်း


by မင်းခက်ရဲ (Min Khet Ye) on Saturday, August 18, 2012 at 7:10pm ·

နိုင်ငံရေးဒဿနအယူအဆများ(၁)
နိုင်ငံတော်(The State)
            အရစ္စတိုတယ်လ်က သူ့ရဲ့ နိုင်ငံရေးကျမ်းမှာ နိုင်ငံတော်ဟာ လူသားဘ၀အတွက်လုပ်နေတယ်ဆိုတာထက် လူသားဘ၀ကောင်းမွန်မှုအကျိုးအတွက်လုပ်နေတာဖြစ်တယ်လို့ဆိုတယ် ။ နိုင်ငံတော်ဆိုတာဘာလဲ ။ ဘယ်အရာကို နိုင်ငံတော်လို့ ခေါ်သလဲ။ သမိုင်းကြောင်းအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်လောက်ကတည်းက အီဂျစ်၊ တရုတ် ၊ အိန္ဒယ နဲ့ မိုဆိုပိုတေးမီးယားမှာ နိုင်ငံတော်ဟာ ပုံစံတစ်မျိုးနဲ့ တည်ရှိခဲ့တယ်လို့ ဆိုတယ် ။ အဲဒီကာလတွေမှာ ဒီနိုင်ငံတွေ ဟာ မြို့ပြယဉ်ကျေးမှုမြင့်မား တာကို ထောက်ရှုကြည့် ရင်  နိုင်ငံတော်ဆိုတာ ယဉ်ကျေးပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တွေမှာ ဖွံ့ဖြိုးလာတဲ့ ပုံသဏ္ဌာန်တစ်မျိုးဆိုတာ ခန့်မှန်းခြေပြောနိုင်တယ် ။ ဒါအပြင် ဒီနိုင်ငံတွေ အတွင်း စနစ်တကျဖွံ့ဖြိုး တိုးတက်နေတဲ့ ကူးလူးဆက်ဆံရေးပုံစံတွေကြောင့်လည်း နိုင်ငံတော်မှာ “နိုင်ငံတကာလူ့အဖွဲ့စအည်း ”ကိုလုပ်ကိုင်ပေးရတဲ့ အပိုင်းတွေ ပါဝင်မယ်ဆိုတာကို တွေ့နိုင်တယ် ။ 
ကုန်သွယ်ရေး ၊ သံတမန်ရေး ၊ ဥပဒေ၊ ကိုယ်ကျင့်တရား နဲ့ သူတို့ရဲ့ ဆက်ဆံေ၇းကို ပုံဖော်ပေးမယ့် စစ်ပွဲ ဆိုတာပါ နိုင်ငံတော်ထဲမှာ ပါနေတယ် ။                                    ခေတ်သစ်နိုင်ငံတော် ပုံစံကိုတော့ ၁၆ရာစု အစောပိုင်ကာလ ဥရောပ ခရစ်ယန်လူ့အဖွဲ့အစည်း ပြိုကွဲမှုမှာ စတင်တယ်လို့ ခန့်မှန်ကြတယ် ။ ပရိုတက်စတင့်နဲ့ ကတ်သလစ်တို့ ဘာသာရေးစစ်ပွဲအပြီး ခေတ်သစ်နိုင်ငံတော် ပုံစံပေါ်လာတယ်။ အာဏာကို ဗဟိုကနေ ချုပ်ကိုင်ပြီး ဥပဒေပြုတာကိုရော ၊ ဥပဒေ အသက်ဝင်အောင်လက်တွေ့ ကျင့်သုံးတာကိုပါလုပ်ဆောင်တယ် ။ ၁၆၁၈နဲ့ ၄၈  နှစ်သုံးဆယ်စစ်အပြီး ၀က်စ်ဖေးလီယား သဘောတူစာချုပ်ကနေ ခေတ်သစ်နိုင်ငံတော် နဲ့ နိုင်ငံတော် ဖွဲ့စည်းပုံစနစ်ထွက်လာတယ် ။ နိုင်ငံတော် ရဲ့ အဓိက အရာက “အချုပ်အခြာ အာဏာ ” ရယ်လို့ စတင် သွပ်သွင်းလာတဲ့ ကာလပဲ။                                                                                                                      ၁၅၀၀ပတ်ဝန်းကျင်မှာ ဥရောပ က အမေရိကန် ၊ အာရှ နဲ့အာဖရိကတွေကို တဖြည်းဖြည်စတင်နယ်ချဲ့တယ် ။ ခေတ်သစ်နိုင်ငံတော် အယူအဆကလည်း တဖြည်းဖြည်းကျယ်ပြန့်လာတယ် ။ ဥရောပ နယ်ချဲ့စနစ်က ခေတ်သစ်နိုင်ငံတော် သဘောကို ကျယ်ပြန့်လာစေရုံသာမကဘူး၊ နိုင်ငံတော်အချင်းချင်းကြားက ပြိုင်ဆိုင်မှုကိုပါ တည်ဆောက်ပေးလိုက်သလိုဖြစ်နေတယ် ။  ကိုလိုနီလက်အောင်ခံနိုင်ငံတွေကလည်း သူတို့ဟာ ဘာကြောင့်  လက်အောက်ခံတွေဖြစ်ရသလဲ လေ့လာတယ် ။ ကိုလိုနီလက်အောက်ခံ နိုင်ငံတွေက ကိုလိုနီစနစ်ဆန့်ကျင်ရေး မျိုးချစ်ဝါဒီ တွေက ဥရောပရဲ့ အတွေးအခေါ်တွေဖြစ်တဲ့  လူသားအခွင့်အရေး ၊ လွတ်လပ်မှု ၊ ညီမျှမှု နဲ့ နိုင်ငံဟာ ကိုယ့် ကံကြမ္မာကိုယ် ပြဌာန်းပိုင်ခွင့်ဆိုတာတွေကို လွတ်လပ်ရေးကြိုးပမ်းမှုအဖြစ်ယူဆောင်လာတယ် ။                                                                    ကိုလိုနီလက်အောက်ခံကာလမှာ အနောက်တိုင်းအယူအဆတွေယူပြီး လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ နိုင်ငံတွေဟာ လွတ်လပ်ရေးရပြီးတဲ့ အခါ အနောက်တိုင်းဟန် ခေတ်သစ်နိုင်ငံတော်ကို ယူဆောင်လာတယ် ။ ၁၉၁၄မှာ  နိုင်ငံတော် ၂၆ခုပဲ ရှိသေးတယ် ။ ဗြိတိသျှနဲ့ ပြင်သစ်ကိုလိုနီလက်အောက်ကနေ ၁၈နဲ့ ၁၉ရာစုမှာ လွတ်မြောက်လာတဲ့ နိုင်ငံတွေပါပဲ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပကိုလိုနီအင်ပါယာ ပြိုကွဲသွားတော့ နိုင်ငံတော် ၁၆၀ကျော်ဖြစ်လာတယ် ။ ဆိုဗီယက် သမ္မတ နိုင်ငံပြိုကွဲတဲ့အခါ နိုင်ငံတော်ပေါင်း ၁၉၂နိုင်ဖြစ်လာတယ် ။ ဒါပေမယ် နိုင်ငံအတွင်းမှာ နေပြီး နိုင်ငံတော်မဲ့ နေတဲ့ လူတွေလည်းရှိနေတယ်ဆိုတာမမေ့အပ်ဘူး ။ နိုင်ငံတော်ကို နိုင်ငံ (nation)နဲ့ မရောဖို့လည်း အရေးကြီးတယ် ။နိုင်ငံတော် ဆိုတာဘာလဲရယ်လို့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုရခက်ခဲတယ် ။ အဓိပ္ပာယ်မဖွင့်ဆိုခင်မှာ နိုင်ငံတော်နဲ့ ရောယှက်နိုင်တဲ့ ပုံစံနှစ်ခုကို ဖော်ပြဖို့လည်းလိုပါတယ် ။
နိုင်ငံတော်နှင့် မတူသောအရာ
            နိုင်ငံတော်နဲ့ အစိုးရ (government) အတူတူမဟုတ်ဘူးဆိုတာကို နားလည်ထားဖို့ရာ လိုအပ်တယ်။ အစိုးရ ဆိုတာ နိုင်ငံတော်ရဲ့ ရုံးတွေကို ယာယီပိုင်ဆိုင်ထားသူတွေပဲ ။ ဒီမိုကရေစီအစိုးရဆိုရင် ရွေးကောက်ပွဲနဲ့ လေးနှစ်တစ်ကြိမ် ပြောင်းလဲနေတာ  အစိုးရဖြစ်တယ်။ နိုင်ငံတော်ရဲ့ အာဏာကို ခနကိုင်ဆောင်နိုင်တယ် ။ တနည်းထပ်ဆိုရရင်  အစိုးရဆို တာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ရပ်ကို ထင်သာမြင်သာအောင် ထုတ်ဖော်ပြသထားတဲ့ အရာတစ်ခုပဲ  ။ ၀န်ကြီးနဲ့ ၀န်ထမ်းတွေက နိုင်ငံတော်ရဲ့ အသွေးအသားတစ်ရပ်ပဲ ။  နိုင်ငံတော်ဆိုတာကတော့ ဒါဟာ နိုင်ငံတော်ပဲလို့ ကိုင်ပြ ၊ ထုတ်ပြလို့ ရတဲ့ အရာ မဟုတ်ဘူး ။ သူ့မှာ သီအိုရီဆိုင်ရာ အယူအဆတစ်ရပ်အနေနဲ့ပဲရှိတာဖြစ်တယ် ။ သူ့ရဲ့ တစ်ခုလုံး သဏ္ဍာန်ကို ထုတ်ပြနိုင်တဲ့ သွင်ပြင်ဖော်ထုတ်ချက်မရှိဘူး ။ ပုဂ္ဂလိကသဘောထက် ပုဂ္ဂလိကသဘောကင်းမဲ့တဲ့ အနေအထားတစ်၇ပ်အနေနဲ့ တည်ရှိတယ်။                                                                                                                   ဒုတိယတစ်ချက်ကတော့ နိုင်ငံတော်နဲ့ နိုင်ငံ(noation) ကြားထဲက ကွဲပြားခြားနားမှုပဲ ။ သူတို့ရဲ့ အသုံးနဲ့ အမြင်မှာကိုကွဲပြားခြာနာတယ် ။ ဥပမာ ဗြိတိန်ကို နိုင်ငံလို့ ခေါ်ဖို့ မဖြစ်နိုင်ဘူး ။ ဗြိတိန်က နိုင်ငံတွေအများကြီးစုထားတာ ၊ ဒါပေမယ့် ဗြိထိန်ကို နိုင်ငံတော်လို့ ခေါ်နိုင်တယ် ။ ကာ့ဒ်တွေက နိုင်ငံတစ်ခုဖြစ်တယ် ဒါပေမယ့် နိုင်ငံတော်ပေါင်းများစွာရဲ့ နယ်မြေတွေမှာ ပျံ့ကြဲနေထိုင်တဲ့ နိုင်ငံဖြစ်တယ်။ နိုင်ငံတော်များစွာရဲ့ နယ်မြေတွေမှာ ပျံ့ကြဲနေထိုင်ပေမယ့်လည်း အဲဒီလို လူတွေရဲ့ သီးခြားအမှတ်လက္ခာဏာကို စုပေါင်းပြီး နိုင်ငံလို့ သုံးနှုန်းခေါ်ဝေါ်နိုင်တယ် ။ အထူးသဖြင့် နိုင်ငံတော်ဆိုတာက ပါဝါအဆောက်အအုံကို အဓိပ္ပာယ်ဖွင့်ဆိုမှုပေးနိုင်တဲ့ ဥပဒေဆိုင်ရာ အယူအဆတစ်ခုပဲ  ။ နိုင်ငံဆိုတာက စရိုက်လက္ခဏာ တူသူတွေ၊ တူညီတဲ့ သမိုင်း ၊ ယဉ်ကျေးမှုနဲ့ လူမျိုးစု သဘာဝတူသူအစုအပေါင်းပဲ ။                                                                       နိုင်ငံတော်က သူ့ရဲ့ သတ်မှတ်နယ်နမိတ်ထဲမှာရှိတဲ့ လူတွေရဲ့ ထောက်ခံမှုနဲ့ သစ္စာတရားကိုတောင်းဆိုတယ် ။  ဒါမှမဟုတ် အနည်းဆုံး သူ့နယ်နမိတ်အတွင်းက လူအများစုရဲ့ ထောက်ခံမှုကို တောင်းတယ် ။  နိုင်ငံတော်အများစုဟာ သူတို့ကိုယ်သူတို့ သီးသန့် နိုင်ငံတစ်ခုလို မြင်ခိုင်းနေပေမယ့် လူနည်းစုလူမျိုးတွေရဲ့ နိုင်ငံတော်အပေါ် သူတို့နဲ့ တစ်ခုတည်း သောအရာလို တန်းဖိုးထားမှုကို ရယူထားတယ်  ။ ဒီလို လူနည်းစုတွေ လူမျိုး ဒါမှမဟုတ် နိုင်ငံတွေနဲ့ အပြန်အလှန်ဖွဲ့စည်း ထားမှုက နိုင်ငံတော်ရဲ့ အချုပ်အခြားအာဏာ လက်တွေ့အကောင်အထည်ဖော်မှုကို ပြိုကွဲသွားစေနိုင်တယ် ဆိုတဲ့ သဘောတွေကို ကြည့်ရင် နိုင်ငံတော်နဲ့ နိုင်ငံရဲ့ သဘာဝဟာ အတော်ကလေးကွဲပြားတယ်ဆိုတာတွေ့နိုင်တယ် ။ ဆိုဗီယက်ရဲ့ နိုင်ငံတော်အချုပ်အခြားအာဏာ ပြိုကွဲပြီး နိုင်ငံတွေ အများကြီးထွက်လာပုံကို ကြည့်ရင်သိနိုင်တယ် ။
နိုင်ငံတော်သီအိုရီများ
            နိုင်ငံတော်ဆိုတာ အကောင်အထည်ထုတ်ပြောလို့မရတဲ့ ပါဝါအဆောက်အအုံတစ်ခုဖြစ်နေပေမယ့် နိုင်ငံရေး သီအိုရီအတွက် အေ၇းပါတဲ့ အရာတစ်ခုပါပဲ ။ နိုင်ငံရေးလှုပ်ရှာဆောင်ရွက်မှုတိုင်းဟာ နိုင်ငံတော်ဆက်စပ်ပြီးသာ ဖြစ်ပေါ်နေတဲ့ အတွက် နိုင်ငံတော်အယူအဆဟာ အေ၇းကြီးနေရတာဖြစ်တယ် ။
၁။ အခွင့်အေ၇း ၊ လွတ်လပ်မှု ၊ ညီမျှမင ၊ နိုင်ငံ ၊ ပါဝါ စတဲ့ အယူအဆတွေရဲ့ လက်တွေ့ ပိုင်းမှာ လှုပ်ရှားသက်ဝင်နေသမျှ အရာတွေဟာ နိုင်ငံတော်နဲ့ ဆက်စပ်ပြီးမှသာ ဖြစ်ပေါ်နေရတာဖြစ်တယ် ။ နိုင်ငံတော်က လူ့အခွင့်အရေး ဘက်က ကာကွယ်သူဖြစ်နိုင်သလို ၊ လူအခွင့်အရေးအကြမ်းဖက်သူလည်း ဖြစ်နိုင်တယ် ။ အမျိုးသားရေး သီးခြားအမှတ်လက္ခဏာ ကို လည်း ဖန်တီးပေးတယ် ။ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးပါဝါကို ထိန်းချုပ်ရင် နိုင်ငံတော်ရဲ့ အဓိက အဆောက်အအုံ ဟာ ဖြစ်တည်နေတာလို့ သူ့ရဲ့သဘာဝကို တွေ့နိုင်တယ် ။
၂။ ကွန်ဆာဗေးတစ်ဝါဒ၊ လစ်ဘရယ်လစ်ဇင် ၊ ဆိုရှယ်လစ်ဇင် ၊ ဖက်ဆစ်ဝါဒ နဲ့ ဂေဟဗေဒတွေကို  နိုင်ငံတော်နဲ့ ဆက်စပ်နေတဲ့ ပါဝါကို ခွဲပြားစိတ်ဖြာနိုင်ဖို့ရာ မိုဒယ်တွေသာလျင်ဖြစ်တယ် ။ ဆိုလိုတာက ကွန်ဆာဗေးတစ်ဝါဒကို ကြည့်ပြီး နိုင်ငံတော်မှာ ဘယ်လိုပါဝါတွေရှိတယ် ။ ပါဝါဘယ်လောက်ရှိတယ် ။ ဘယ်လိုအလုပ်လုပ်နိုင်တယ် ဆိုတာ ခွဲခြားစိတ်ဖြာကြည့်နိုင်တယ် ။ နိုင်ငံရေးပါတီတွေက နိုင်ငံတော်ရဲ့ ပါဝါကိုရဖို့ ကြိုးစားပြီး နိုင်ငံတော်ရဲ့ပါဝါကို တိုက်ရိုက် မကိုင်တွယ်နိုင်တဲ့ အခါ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို လွှမ်းမိုးနိုင်အောင် ကြိုးစားလေ့ရှိတယ် ။
၃။ တစ်ချို့သော လှုပ်ရှားမှုတွေဟာ နိုင်ငံတော်ကို ထိန်းချုပ်နိုင်ဖို့ မရည်ရွယ်ဘူး၊ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုနဲ့ ပေါ်လစီတွေကို လွှမ်းမိုးနိုင်ဖို့တော့ ရည်ရွယ်တယ် ။ သူတို့ကို ဖိအားပေး အုပ်စု ဒါမှမဟုတ် အကျိုးအမြတ်တူအုပ်စုလို့ ခေါ် ကြပါတယ် ။  အလုပ်သမားသမဂ္ဂ၊ စီးပွားရေးအဖွဲ့အစည်းစတဲ့ အရာတွေလို စီးပွားရေး အကျိုးအမြတ်တူအုပ်စုတွေက လုပ်ခလစာနှုန်းထား ၊ အလုပ်သမားတွေရဲ့ ဘ၀အခြေအနေကို ကိုင်တွယ်ကြတယ် ။  နိုင်ငံတကာလွတ်ငြိမ်းချမ်းသားရေး အဖွဲ့အစည်းလို ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းလို အကြောင်းတရားအခြေခံ အကျိုးအမြတ်တူ အုပ်စုတေါကတော့ သူတို့အဖွဲ့ဝင်တွေက အရေးကြီးတယ်လို့ ထင်တဲ့ ပြဿနာတွေကိုကိုင်တွယ်လုပ်ဆောင်ကြတယ် ။ သူတို့ ဘာတွေပဲ လုပ်လုပ် နောက်ဆုံးမှာ အဓိကဦးတည်နေတာက နိုင်ငံတော်ရဲ့ ပါဝါကို ကိုင်စွဲထားသူတွေအပေါ် လွှမ်းမိုး နိုင်ဖို့ သာဖြစ်တယ် ။
နိုင်ငံတော်သီအိုရီတွေကို ချုံ့ပြောမယ်ဆိုရင် နိုင်ငံတော်ရဲ့ အခန်းဂဏ္ဍနဲ့ လုပ်ငန်းတွေကို သီအိုရီနည်းလမ်းကျ ရှုထောင့် အမျိုးမျိုးကနေလေ့လာကြည့်နိုင်တယ်။
  • လစ်ဘရယ်ဗဟုဝါဒ နိုင်ငံတော်
  • ဆိုရှယ် ဒီမိုကရက်တစ် နိုင်ငံတော်
  • မာ့က်စ်ဝါဒဆိုင်ရာ ခွဲခြားစိတ်ဖြာမှု
  • က္ကတ္ထိယ၀ါဒဆိုင်ရာ ခွဲခြားစိတ်ဖြာမှု
  • ကိုယ်ကျိုးကြည့်နိုင်ငံတော် ဆိုပြီး နိုင်ငံတော်ကို လေ့လာနိုင်တဲ့ ရှုထောင့် တစ်ချို့ ရှိတယ်။
လစ်ဘရယ်ရှုထောင့်
လစ်ဘရယ် ဗဟုဝါဒရှုထောင့်ကနေ နိုင်ငံတော်ရဲ့ အခန်းဂဏ္ဍနဲ့ တာဝန်ကို ကြည့်တဲ့ အမြင်ဟာ မာ့က်စ်ဝါအမြင် ကိုဆန့်ကျင်ပယ်ချတယ် ။ သူတို့က နိုင်ငံတော်ရဲ့တာဝန်ဟာ လူ့အဖွဲ့အစည်းမှာ တသီးပုဂ္ဂလလူသားနဲ့ ပုဂ္ဂလိက အုပ်စုတွေ ရဲ့ အခန်းဂဏ္ဍမြင့်မားလာဖို့ရာ ဖြစ်တယ်လို့ ရည်၇ွယ်တယ် ။ လစ်ဘရယ်တွေက လူ့အဖွဲ့အစည်းဟာ အပြိုင်အဆိုင် ဖြစ်နေတဲ့ တသီးပုဂ္ဂလလူသားတွေနဲ့ လူအုပ်စုတွေ စုပေါင်းဖွဲ့စည်းထားတာလို့ မြင်တယ် ။ တစ်ခါတစ်ရံမှာ နိုင်ငံတော် အင်စတီကျူးရှင်းတွေကို ထိန်းချုပ်ဖို့ ၊ လွှမ်းမိုးဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြတယ် ။ ဒီလိုလုပ်ဖို့ ပါဝါကို ယူရာမှာ နိုင်ငံတော်က အပြုသဘောရော ၊ အဖျက်သဘောရော မရှိတဲ့ ကြားကျတဲ့ အရာတစ်ခုပဲ ။ တစ်ချို့သော ပါဝါတွေကို ပြုစုပျိုးထောင်ပေးပြီးတစ်ချို့ပါဝါတွေကို တားဆီးလေ့ရှိတယ်  ။ နိုင်ငံတော်ရဲ့ အတွင်းပိုင်းသဏ္ဍာန်မှာကို အုပ်စိုတွေ ၊ အကျိုးအမြတ်တွေနဲ့ ဖွဲ့စည်းထားတာ။ တစ်ခါတစ်ရံမှာ
နိုင်ငံတော်အင်စတီကျူးရှင်းတွေနဲ့ သူတိုရဲ့ အကျိုးအမြတ်တွေဟာ လူမှုရေးအုပ်စုတွေနဲ့ အထက်အောက်ဖြစ်သွားတယ် ။ ဘယ်ပဲ ဖြစ်နေဖြစ်နေ နိုင်ငံတော်က လူမှုရေးအုပ်စုတွေရဲ့ ပါဝါရရှိဖို့ ကြိုးပမ်းဆောင်ရွက်မှုမှာ ဒိုင်လူကြီးလိုသာ ပြုမူလုပ်ဆောင်ကြရမှာ ဖြစ်တယ် ။                                                                                      လစ်ဘရယ်တွေအတွက် နိုင်ငံတော်ဟာ နိုင်ငံတစ်ခုလုံးမှာ ပြည်သူတွေအတွက် ကျွန်သဖွယ်ပြုမူလုပ်ဆောင်ရ မယ် ။ တသီးပုဂ္ဂလအခွင့်အရေးကို ဖိနှိပ်လာပြီဆိုရင် ပြည်တွင်းရော ၊ ပြည်ပမှာပါ ခုခံကာကွယ်ပေးရမယ် ။ နိုင်ငံတော်နဲ့ နိုင်ငံသားကြားက ဒီလိုမျိုး လူမှု ပဠိညဉ်အတိုင်း ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာလည်း တည်ဆောက်ပေးနိုင်အောင် ကြိုးစားရမယ် ။ နိုင်ငံတော်ပါဝါကို ကိုင်စွဲထားသူတွေဟာ ပြည်သူတွေရဲ့ အပြုအမူမှန်သမျှအတွက် တာဝန်ရှိပြီး တာဝန်ခံပေးရမယ် ။ တကယ်လို့ နိုင်ငံတော်က သူ့ရဲ့ ပါဝါကို အလွဲသုံးစားလုပ်ရင် ပြည်သူလူထုရဲ့ အခွင့်အရေးကို ချိုးဖောက်ရင်  နိုင်ငံတော်ပါဝါကို ကိုင်စွဲထားသူတွေဟာ သူတို့ရဲ့ ရုံးတွေကနေ ဖယ်ရှားခံရမယ် ။  တခြားသော ၀န်ထမ်းတွေ ယုံကြည်မှုကို ချိုးဖောက်တဲ့ အခါ အလုပ်ဖြုတ်ခံရသလို သူတို့လည်း အလုပ်ဖြုတ်ခံရမှာဖြစ်တယ်။ ဒီအမြင်ဟာ နိုင်ငံတော်ရဲ့ ဖောက်ပြန်မှုတွေအတွက် လစ်ဘရယ်တွေရဲ့ တရားမျှတမှုကို ပြန်လည်ရှာဖွေပုံပါပဲ ။ ဒါကို ကွန်ဆာဗေးတစ်တွေက အန္တာရယ်ရှိပြီး အစွန်းရောက်တယ် ၊ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တယ် လို့ ဝေဖန်တယ် ။                      နီယိုလစ်ဘရယ်တွေကတော့ အထက်ပါ ဂန္ထ၀င်လစ်ဘရယ်တွေရဲ့ အမြင်ဟာ  နိုင်ငံတော်ရဲ့ ပါဝါကို ကန့်သတ်သလို လိုနဲ့ တကယ်တမ်းကြမ်းတော့ နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်တွေကြီးမားလာအောင် ပြုစုပျိုးထောင်နေ တာပဲ လို့မြင်တယ် ။ ဒါကြောင့် သူတို့က နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်ကို လျော့ချကျတယ် ။သူတို့က နိုင်ငံတော်ဟာ သေးငယ်တဲ့ လုပ်ငန်းတွေကိုသာ လုပ်ဆောင်သင့်တယ် ။ အဓိကအားဖြင့် ပြည်တွင်းဥပဒေနဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးတာ၊ ပြင်ပက တိုက်ခိုက်မှုကို ခုခံကာကွယ်တာ ၊ တစ်သီးပုဂ္ဂလအခွင့်အရေးကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းပေးတာ၊ ဒီလိုလုပ်ငန်းတာဝန်သုံးရပ်အတွက် အခွန်ကို တိုးမြင့်ကောက်ခံတာတွေ လုပ်သင့်တယ် လို့ဆိုတယ် ။  အခြားသော ဂဏ္ဍတွေဖြစ်တဲ့ ပညာရေး ၊ ကျန်းမာရေး နဲ့ ၀ဲလ်ဖဲလ်၊ ပင်စင် တွေကို  ပုဂ္ဂလိက အဖွဲ့အစည်းတွေကို လွှဲအပ်သင့်တယ်လို့ဆိုတယ်။
ဆိုရှယ်ဒီမိုကရက် ရှုထောင့်
             ခေတ်သစ်အနောက်တိုင်း နိုင်ငံတော်ရဲ့ လက္ခဏာကို ဆိုရှယ်ဒီမိုကရက်တွေနိုင်ငံတော်ရဲ့ လက္ခဏာတွေ အများဆုံးပါဝင်နေတဲ့ အရာအဖြစ် မြင်ကြတယ်။ ဆိုရှယ် ဒီမိုကရက်တစ် နိုင်ငံတော်ဆိုတာ နိုင်ငံတော်ဟာ  စက်ရုံအလုပ်ရုံတွေ ၊ စီးပွားရေးဖွံ့ဖြိုးမှု၊ကျန်းမားရေး၊ ပညာရေ ၊ပင်စင်လစာ ၊ လူမှုရေး ထောက်ပံ့ငွေတွေအတွက် အဓိက တာဝန်ယူဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ပဲ ။  ဂျာမနီက ၁၉၀၀မတိုင်မှီကတည်း ကဖော်ဆောင်ခဲ့တယ် ။ ဆိုရှယ်ဒီမိုကရက် တစ်နိုင်ငံတော်တွေဟာ ၂၀ရာစုအလယ်ပိုင်းစီးပွားရေးအကြပ်အတည်းကို တုံ့ပြန်ဖို့ အတွက် ကြိုးစားခဲ့တယ် ။  သူတို့ဟာ အလုပ်သမားလှုပ်ရှားမှုတွေကအစ စီးပွားရေးနိုင်ငံရေးလှုပ်ရှားမှုနဲ့  စစ်ဆင်နွဲလိုမှုတွေအထိပါဝင်ပတ်သတ်ကြတယ် ။                       ပြန်ချုံ့ကြည့်ရင် ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံတော်ဆိုတာ နိုင်ငံတော် လူမှုရေးဆိုင်ရာပြဿနာတွေကိုပါဝင် ပတ်သတ်ဖို့အတွက်  လူ့အဖွဲ့အစည်းမှာကြီးမားတဲ့ အခန်းဂဏ္ဍကိုယူသင့်တယ်ဆိုတဲ့ တာဝန်ကို ခံယူထားတယ်။  ဒါကြောင့် အခြေခံလိုအပ်ချက်တွေ၊ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ၊ မကျန်းမာမှု ၊အသိပညာကင်းမဲ့မှု တွေအတွက် ဦးစားပေးလုပ်ဆောင်တယ် ။ နိုင်ငံတော်ဟာ လူမှုရေးတရားမျှတမှု ၊ မျှတမှု နဲ့ လွတ်လပ်မှုကို ရရှိဖို့၊် အင်းစတီကျူးရှင်းတွေဖွဲ့ပြီး ကျန်းမာရေးနဲ့ ပညာရေးကိုကိုင်တွယ်ဖို့အတွက် အဓိက လက်နက်ပဲ ။ တစ်ခါတစ်ရံဒီအရာမျိုး တွေကို ဖော်ဆောင်ဖို့အတွက်နိုင်ငံတော်က ပြည်သူပိုင်သိမ်းတာမျိုးအထိလုပ်တတ်တယ် ။
မာ့က်စ်ဝါဒနှင့် က္ကတ္ထိယ၀ါဒရှုထောင့်
            မာ့က်ဝါဒက နိုင်ငံတော်ကို ရှုမြင်တဲ့ အခါ လူတန်းရုန်းကန်းမှု ရှုထောင့်ကနေ ကြည့်တယ် ။  မာ့က်စ်ဝါဒရော က္ကတ္ထိယ၀ါဒပါ သူတို့လိုချင်တဲ့နိုင်ငံတော်ဆိုတာ ဘယ်လိုမျိုးဆိုတာထက် လက်ရှိအရင်းရှင်းလူ့အဖွဲ့အစည်းကြီးထဲမှာ နိုင်ငံတော်ဟာ ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာကိုပြောတယ် ။ အရင်းရှင်းလူ့အဖွဲ့အစည်းအောက်မှာ နိုင်ငံတော်က ကြားနေ အရာမျိုး မဟုတ်ဘူး ။  နိုင်ငံတော်ဆိုတာ အုပ်စိုးသူလူတန်းစားရဲ့ပါဝါနဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အတွက် လက်နက်ကိရိယာ တစ်ခုပဲ ။ နိုင်ငံတော်ဟာ အုပ်စိုးသူလူတန်းစားအမြတ်ထုတ်နိုင်ဖို့ ပါဝါအဆောက်တစ်ခုလည်းဖြစ်တယ် ။ အလုပ်သမားလူတန်းစားနဲ့ ကို သူတို့ရဲ့အကျိုးအမြတ်အတွက် ဖိနှိပ်တယ် ။ အရင်ရှင်လူတန်းစားနဲ့ အလုပ်သမားလူတန်း စားနှစ်ခုအကြားညှိပေးဖို့အတွက် နိုင်ငံတော်က ၀င်ရောက်စွက်ဖက်တဲ့ အခါမျိုးမှာတောင်မှာ အရင်းရှင်းလူတန်းစားရဲ့ အကျိုးအမြတ်နဲ့ လွှမ်းမိုးမှုကိုသာ အာမခံပေးလေ့ရှိတယ်လို့ယူတယ် ။ အလုပ်သမားလူတန်းစားက နိုင်ငံတော်ရဲ့ ထိနးချုပ်မှုကို ၀င်ရောက်သိမ်းပိုက်တဲ့ အခါကြမှသာ နိုင်ငံတော်ဟာ အလုပ်သမားလူတန်းစားနဲ့ လူတန်းစားအားလုံးရဲ့ အကျိုးအမြတ်အတွက် လုပ်ဆောင်ပေးလိမ့်မယ်လို့ ယူဆတယ် ။                                                                                             က္ကတ္ထိယ၀ါဒီတွေကတော့ နိုင်ငံတော်ဆိုတာ  လူ့အဖွဲ့အစည်းအတွင်း ယောက်ျားလွမ်းမိုးကြီးဆဲ့မှုရဲ့ လက်နက်ကိရိ ယာတွေဖြစ်တဲ့  ပါဝါအားအကြီးဆုံး အင်စတီးကျူးရှင်းတွေ အဖြစ်မြင်တယ် ။ နိုင်ငံတော်ကို အဓိကအားဖြင့်ယောက်ျားတွေ က သာဖော်ဆောင်လုပ်ကိုင်နေတယ် ။ သူတို့ရဲ့ အကျိုးအမြတ်အတွက်လုပ်ဆောင်တတယ် ။ ဥပဒေပြုဖော်ဆောင်ထားတဲ့ အခွင့်အရေးညီမျှမှု ၊ လုပ်ခလစာညီမျှမှုဆိုတာတွေဟာ  နိုင်ငံတော်ရဲ့ ယောက်ျားလွမ်းမိုးကြီးစိုးမှုသဘာဝကို မမြင်အောင်ဖုံးကွယ်ဖို့ တန်ဆာဆင်ထားခြင်းသက်သက်ပဲ ။ လက်တွေ့မှာ မိန်းမတွေဟာ လွှတ်တော်မှာ အမတ်နေရာအတွက် ရွေးချယ်ခံရမှု ရှားပါးနေတယ်။ အရွေးခံရတဲ့ မိန်းမအနည်းငယ်ဟာလည်းအစိုးရပါဝါအဆောက်အအုံ အတွင်းကနေ ဖယ်ထုတ်ခံနေရတယ် ။ ၀င်ခွင့်ရတဲ့ မိန်းမတွေဟာလည်း လစာနည်းပါးတဲ့နေရာ ၊ မိန်းမတွေနဲ့သာ ဆိုင်တယ်လို့ ယောက်ျားတွေ ကန့်သတ်ထားတဲ့ ကျန်းမာရေးနဲ့ပညာရေးလိုနေရာမှာ သာလျင်ခန့်အပ်ခံရတယ် ။ ပါဝါကို ဆုပ်ကိုင်နိုင်တဲ့ မြင့်မားတဲ့ နေရာတွေမှာ မရကြဘူး ။ မိန်းမတွေဟာ ယောက်ျားလွှမ်းမိုးကြီးစိုးဆဲ နေရာအတွင်းမှာ ပါဝါရဖို့ အတွက် ခက်ခက်ခဲခဲ ရုန်းကန်းကြိုးစားရတယ်။
ကိုယ့်ကျိုးကြည့်နိုင်ငံတော်
            ၁ဂရာစုဘုန်းတော်ကြီးအုပ်ချုပ်ရေး ကျဆုံးသွားတဲ့ အခါနိုင်ငံတော် အာဏာဟာ ဘုရင်ကနေ နိုင်ငံတော်ဆီကို လွဲပြောင်းလာတယ် ။ နိုင်ငံတော်ဟာ ဘုန်းတော်ကြီးတွေလို ကြီးမြတ်တဲ့အရာအဖြစ်မြင်ခံနေရဆဲပဲ ။ ဒီတော့ ဒီကာလမှာ နိုင်ငံတော်ကိုကြည့်တဲ့ အခါ ပြည်သူတွေပါဝင်ပေါင်းစပ် ဖွဲ့စည်ထားတဲ့ အရာဆိုတာထက်ပိုမိုတဲ့ နေရာတစ်ခုကိုရလာတယ် လို့ မြင်နိုင်တယ် ။ ပြည်သူတွေဟာ နိုင်ငံတော်ကို သူတို့အပေါ် အလုပ်အကျွေပြုနေတဲ့ အရာအဖြစ်မမြင်တော့ဘဲ ၊ နိုင်ငံတော် ဟာ တသီးပုဂ္ဂလပျော်ရွှင်မှုထက် ပိုမိုကြီးမားတဲ့ စုပေါင်းအကျိုးအမြတ်ကိုလုပ်နေရတဲ့ သခင်တွေလိုရှုမြင်လာခဲ့ တယ် ။ နှစ်ဆယ်ရာစုမှာ ဒီပုံဏ္ဌာန်ကို အခြေခံပြီးပေါ်ပေါက်လာတဲ့ နိုင်ငံတော်ပုံစံတစ်ခုက  ပါဝါယန္တရားကိုလည်းပတ်တဲ့ နေရာမှာ ကိုယ့်အကျိုးအမြတ်အတွက် ကိုယ့်ရဲ့ ပါဝါအဆောက်အအုံအတွက်သာ လည်ပတ်နေတဲ့ နိုင်ငံတော်မျိုးပေါ်ပေါက် လာတာပဲ ။  သူ့ရဲ့ အခန်းဂဏ္ဍတွေက အတိုက်အခံတွေကို အပြတ်သတ်ချေမှုန်းမယ်  ၊ လူမှုရေးအင်စတီကျူးရှင်း မှန်သမျှကို သူတို့ အကျိုးအမြတ်အတွက်သူတို့ စိတ်ကြိုက်လုပ်ဆောင်မယ် ။ ဒါကို တစ်ခါတစ်ရံမှာ လာဗီယာသန် နိုင်ငံတော်လို့ခေါ်တယ် ။လူမှုရေးဘ၀တိုင်းရဲ့ ရှုထောင့်တိုင်းကို ၀င်ရောက်စွက်ဖက်တယ်။ တစ်သီးပုဂ္ဂလအခွင့်အရေး နဲ့ သိမှုအတွက် ဘယ်လိုအခန်းဂဏ္ဍမျိုးကိုမှ မပေးအပ်တော့ဘူး  ။ လူမှုရေးနဲ့ နိုင်ငံရေးမှန်သမျှဟာ နိုင်ငံတော်ရဲ့ ၀န်ကိုသာ ထမ်းနေရတယ် ။ ဖက်ဆစ်၊ ကွန်မြူနစ် ၊ဘာသာရေး နဲ့ စစ်အာဏာရှင်နိုင်ငေံတော်တွေဖြစ်တယ် ။
နိုင်ငံတော်ရဲ့ အဓိကလက္ခဏာများ
            နိုင်ငံတော်အများစု ကိုယ်တွယ်ပတ်သတ်နေတဲ့ အပိုင်းလေးတွေရှိတယ် ။ ဒါကို နိုင်ငံရဲ့ လက္ခာဏာတွေ အဖြစ်လည်း မြင်ကြည့်နိုင်တယ် ။
  • လူဦးရေအပေါ် ထိန်းချုပ်ထားခြင်း
  • ပထ၀ီနယ်မြေအပေါ်ထိန်းချုပ်ခြင်း
  • အခြားသော လူမှုရေးအင်စတီကျုးရှင်းတွေနဲ့ နှိုင်းယှဉ်းလျင် ကြာရှည်ခံသော အဆင့်တွင် ရှိခြင်း                        
  • လူ့အဖွဲ့အစည်းအတွင်း ဥပဒေအဆောက်အအုံတစ်ခုအဖြစ် အလုပ်လုပ်ခြင်း                                                  
  • အချုပ်အခြားအာဏာရှိခြင်းဆိုတဲ့ အရာတွေပဲ ကျန်တဲ့ အချက်တွေက ထူးပြီးပြောစရာ မလိုပေမယ့်  နိုင်ငံတော် 
ရဲ့ အဓိက သော့ချက်တစ်ခုဖြစ်တဲ့ အချုပ်အခြားအာဏာ အကြောင်းကိုတော့  ဆွေးနွေးဖို့ လိုပါလိမ့်မယ် ။
နိုင်ငံတော်အချုပ်အခြာအာဏာ
နိုင်ငံတော်မှာရှိတဲ့ လက္ခဏာတွေထဲက အချုပ်အခြာအာဏာက လွဲလို့ အဖွဲ့အစည်းအများစုမှာ ကျန်အချက်တွေ ရှိကြတာ ချည်းပါပ။ ဥပမာ ကျောင်းတစ်ကျောင်းမှာဆို လူဦးရေ ၊ နယ်မြေ ၊ ပါဝါအဆောက်အအုံ နဲ့ သူတို့တွေတည်ရှိမှုက ကြာရှည်ခံ တည်ရှိကောင်းတည်ရှိတယ် ။ ကျောင်းအပေါ် သစ္စာရှိတဲ့ ၀န်ထမ်း၊  ကျောင်းသား စသဖြင့်လည်း ရှိကောင်းရှိနေနိုင်တယ် ။ ဒါပေမယ့် အချုပ်အခြာအာဏာ ဆိုတဲ့ အရာကတော့ဖြင့်သူတို့မှာ ရှိမနေဘူး ။ နိုင်ငံတော်အကြောင်းပြောရင် အချုပ်အခြာ အာဏာအကြောင်း ထည့်မပြောလို့ မဖြစ်နိုင်ဘူး ။                                                                                                    အချုပ်အခြာအာဏာကို အတွင်း ၊ အပြင်အချုပ်အခြာအာဏာဆိုပြီး ခွဲမြင်နိုင်တယ် ။ အမြင်အချုပ်အခြာအာဏာ မှာ  နိုင်ငံတော်မှာ နိုင်ငံတကာလူ့အဖွဲ့အစည်းအတွင်း  ဥပဒေအရညီမျှမှု ရှိတယ်ဆိုတဲ့ သဘောပါဝင်တယ် ။ အားနည်းတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ပဲ ဖြစ်ဖြစ် ၊ အားကြီးတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ပဲဖြစ်ဖြစ် နိုင်ငံတကာဥပဒေအရ ဥပဒေအားဖြင့် ညီမျှမှုရှိတယ် ။ အမေ၇ိကန်ပြည်ထောင်စုနဲ့ မောရီတီးယက်စ်နိုင်ငံနှစ်ခုဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံပဲ ။ တစ်ခုက  ကျန်တစ်ခုထက် နိုင်ငံတွင်းမှာရော ၊နိုင်ငံတကာမှာပါ ချမှတ်စရာ ပေါ်လစီအခွင့်အလမ်းများများစားစားရှိတယ် ။ ဒါပေမယ့် ကုလသမဂ္ဂမှာမဲပေးတဲ့ အခါ တစ်နိုင်ငံကို တစ်မဲသာပဲ ရမယ်ဆို တဲ့  ဥပဒေအရ ညီမျှမှုတော့ရှိတာပါပဲ ။                                                                                                                    အတွင်းအချုပ်အခြားအာဏာမှာတော့ ဥပဒေနဲ့ လက်တွေ့ကျတဲ့ အချုပ်အခြာအာဏာအချင်းအရာ နှစ်ရပ်ပါဝင်တယ် ။  ဥပဒေဆိုင်ရာ အချုပ်အခြာအာဏာက  နိုင်ငံတောရဲ့ အခွင့်အရေးဟာ လူထုအတွက် ဥပဒေတွေ ချမှတ်ပေးတဲ့ အလုပ်ကိုလုပ်တာပဲ ။ ဥပဒေအချုပ်အခြာအာဏာက ကိုယ့်နယ်မြေကို တခြားသော နိုင်ငံတော်တွေ ၀င်ရောက်စွက်ဖက်တာကနေကာကွယ်ပေးဖို့ ဥပဒေ ချမှတ်လုပ်ဆောင်ပေးနိုင်တယ်။ ဥပဒေ ချမှတ်ခြင်းသာမက ဥပဒေကို အသက်ဝင်အောင် ဖော်ဆောင်ပေးခြင်းအပိုင်းကိုပါ ထည့်တွက်တယ်။ နိုင်ငံတော်ရဲ့ နယ်ပယ်အတွင်းမှာ ရှိတဲ့ နိုင်ငံသားနဲ့ နေထိုင်သူတွေဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကိုလေးစားလိုက်နာရမယ် ။ တနည်း အားဖြင့် အဲဒီလို လေးစားလိုက်နေစေတာကလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်သဘာဝထဲမှာ ပါဝင်တယ်။ လေးစားလိုက်နာစေ တယ်ဆိုတဲ့သဘောက နိုင်ငံတော်အချုပ်အခြာအာဏာဟာ  ဥပဒေဆိုင်ရာအယူအဆတစ်ခုထဲမှာတင်မကဘူး လက်တွေ့ ကျတဲ့ ပါဝါကျင့်သုံးမှုတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို ပြတယ်။ စစ်ရှုံးတဲ့ နိုင်ငံတစ်နိုင်ငံဟာ သူရဲ့ ပြည်တွင်းနဲ နိုင်ငံခြားရေးပေါ်လစီကို အကောင်အထည်ဖော်နိုင်တဲ့ ပါဝါပျောက်ဆုံးသွားမယ် ။ ဒါဟာ သူ့ရဲ့ အချုပ်အခြားအာဏာ ပျောက်ဆုံးခြင်းပဲ ။ ပြည်တွင်းစစ်နဲ့ တော်လှန်ပြောင်းလဲမှုတွေမှာ လည်း အချုပ်အခြားအာဏာဟာ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်နိုင်တာကိုတွေ့ရမယ် ။
အချုပ်အခြာအာဏာကို စိန်ခေါ်ခြင်း
            လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာလောက်က ၀က်စ်ဖဲလီယန်းစာချုပ်နဲ့ အတူဖြစ်ပေါ်လာတဲ့ နိုင်ငံတော်ရဲ့ လက္ခဏာ တွေဟာ တဖြည်းဖြည်း စိန်ခေါ်ခံလာရတယ် ။ နိုင်ငံတကာ ပဠိညဉ်စာချုပ်စာတမ်းတွေက  နိုင်ငံတော်ရဲ့ ပြည်တွင်းဥပဒေ တွေ ပြဌာန်နိုင်ခွင့်ကို ထိန်းချုပ်ကန့်သတ်လာတယ် ။ တကယ်လို့ နိုင်ငံတော်တစ်ခုက လွတ်လပ်စွာပြောဆိုခွင့်ကို တစ်မျိုးမျိုးနဲ့ ကန့်သတ်မယ့် ဥပဒေကို ပြဌာန်းတာဟာ သူ့ဟာ သူ့ကိုယ်သူ ဒီမိုကရေစီလူ့အဖွဲ့အစည်းမဟုတ်ပါဘူးလို့ ပြောနေတာပါပဲ ။ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်စာတမ်းကို ချိုးဖောက်ရာကြမှာ ဖြစ်တဲ့ အတွက် ဘယ်လို ဒီမိုကရေစီ အစိုးရကမှ ပြည်တွင်းဥပဒေတွေကို ပြဌာန်းတဲ့ လူ့အခွင့်အေ၇းကို ချိုးဖောက်မယ့် ဥပဒေတွေကို မပြဌာန်းနိုင်တော့ဘူး ဆိုတဲ့ သဘောပဲ ။ နှစ်ဆယ်ရာစုမှာ လစ်ဘရယ်အယူအဆတိုးတက်လာတယ် ။ နိုင်ငံတော်ကို နိုင်ငံသားတွေ အပေါ် လွတ်လပ်စွာ အုပ်စိုမှုပေးထားတာ ကိုယ်ကျင့်တရားနဲ့ မညီညွတ်ဘူးဆိုတဲ့ ကိုယ်ကျင့်တရားအမြင်အထိ ဖွံ့ဖြိုးလာတယ် ။ နိုင်ငံတော်တွေအတွင်း လူမျိုးလိုက် မျိုးဖြုတ်သတ်ဖြတ်မှု တွေ ၊ လူ့အခွင့်အရေးအပေါ်ဖိနှိပ်မှုတွေ နဲ့ အာဏာရှင်တွေစနစ် ဖြစ်ပေါ်လာခြင်းတွေက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံဝင်ရောက် မစွပ်ဖက်ရေး ပေါ်လစီဟာ အန္တရာယ်ရှိတဲ့ ပေါ်လစီ တစ်ရပ် ဆိုတာကို ထုတ်ဖော်ပြသလာတယ် ။                                                                                                                                  ၂၁ရာစုအ၀င်မှာ နိုင်ငံတော်အချုပ်အခြားဆိုတာ ပိုပြီးရင်ဆိုင်လာရတယ။်  နိုင်ငံတကာအဖွဲ့အစည်းအသစ်တွေ ပေါ်ပေါက်လာတာ၊  လေထုညစ်ညမ်းတွေ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ကမ္ဘာလုံးဆိုင်ရာပေါင်းစည်း လုပ်ကိုင်တဲ့ နိုင်ငံရေး ပုံစံတစ်ရပ်ပေါ်ပေါက်လာတာတွေကြောင့်ပဲ ။ တစ်ဖက်မှာလည်း နိုင်ငံတော်အချုပ်အခြားက  သူတို့ရဲ့ အချုပ်အခြာအာဏာကိုဆက်လက်တည်မြဲစေမယ့် နိုင်ငံတကာညီလာခံတွေ စုပေါင်းကျင်းပပြီး သဘောတူစာ ချုပ်တွေ ချုပ်ဆိုကြတယ် ။ ၀င်ရောက်စွက်ဖက်မှုကို ယခင်ကထက်ပိုသဘောတူလာကြတယ် ။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကိုထိန်းတဲ့ ပုံစံက ပြောင်းသွားတယ် ။ နိုင်ငံတော်တွေဟာ သူတို့ သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေထဲက အချက်အလက်တွေကို အကောင်အထည်ဖော်ရမယ် ။ ဒီလို ဖော်ဆောင်ခြင်းဖြင့် သူတို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာဟာ နိုင်ငံတကာ ပဠိညဉ်စာချုပ် ချုပ်ချုပ်ဆိုမှု ပုံစံအဖြစ်ကျန်နေခဲ့သေးတယ် ။ ဒီတော့ ဥပဒေအားဖြင့်တော့ နိုင်ငံတော်အချုပ်အခြာအာဏာဟာ ရပ်တည်နိုင်သေးတယ်ဆိုတဲ့ သဘောဝင်လာတယ် ။                        နိုင်ငံတကာပြဿနာကို ဖြေရှင်းဖို့ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဖွဲ့စည်းတဲ့ အခါ နိုင်ငံတော်အခြေပြု ပုံစံတွေ ပြန်ဖြစ်လာတာကလည်း နိုင်ငံတော်အချုပ်အခြာအာဏာကို ပြန်အထောက်အပံ့ပေးလာတယ် ။   ကုလသမဂ္ဂနဲ့ အမ်ဂျီအို တွေက သူတို့ရဲ့ ပါဝါဆောက်အအုံကို နိုင်ငံတော်တွေရဲ့ ဖန်တီးမှုနဲ့ ထိန်းသိမ်းမှုအောက်မှာ ထည့်ထားတယ် ။နိုင်ငံတကာ အကူအညီတွေအတွက် နိုင်ငံတော်က အကူအညီပေးရတယ် ။ လူအခွင့်အေ၇းကြောင့် ဖက်ဆစ် ၊ကွန်မြူနစ် ၊အာဏာရှင် နိုင်ငံတော်တွေရဲ့ အချုပ်အခြာအာဏာဟာ စိန်ခေါ်ခံရပေမယ့်  နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ သဘောကတော့ ပျောက်သွားတာမျိုးမဟုတ်ဘူး ။ ပုံစံတစ်မျိုးနဲ့ ရပ်တည်နေသေးတယ်ဆိုရမယ် ။ အချုပ်အခြာအာဏာဟာ နိုင်ငံတော်ရဲ့ ဗဟိုချက်အယူအဆ အဖြစ်ကျန်နေသေးတယ် ။ ဥပဒေ အချုပ်အခြာအာဏာဟာ နိုင်ငံတော်ရဲ့ အခြေခံ အကျဆုံးအရာ အဖြစ်တည်ရှိနေသေးတယ် ။ လက်တွေ့ကျတဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကတော့ စိန်ခေါ်ခံနေရပြီ။ သူ့ကို အဓိက စိတ်ခေါ်နေတဲ့ အရာတွေကတော့
  • နိုင်ငံတကာလူ့အဖွဲ့အစည်း တည်ဆောက်ထားပုံ                                                            
  • ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အကျိုးသက်ရောက်မှု                                   
  • ပျက်ဆီးဆုံးရှုံးမှုကြီးမားတဲ့ စစ်လက်နက်ကြီးတွေ ကျယ်ကျယ်ပြန့်ပြန့်ပိုင်ဆိုင်လာကြခြင်း
  •  တရားမ၀င်မဟုတ်တဲ့ နိုင်ငံအချင်းချင်းချည်နှောင်မှုပုံစံ တိုးပွားလာခြင်း
  •  နိုင်ငံတကာ ကော်ပိုေ၇းရှင်းကြီးတွေလိုနိုင်ငံတကာ အက်တာအသစ်တွေပေါ်ပေါက်လာခြင်း
  • ကိုလိုနီဝါဒသစ်ထွက်ပေါ်လာခြင်း  တွေပဲ ။      

မင်းခက်ရဲ                                                                                         

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...